“ဟေး…၊ ဝူချန်အန်း”
ရှောင်လုံက လှမ်းနှုတ်ဆက်လိုက်သည်။
ဝူချန်အန်းကလည်း ရှောင်လုံကို မြင်လျှင် ဖော်ရွှေစွာ ပြုံးသည်။
“ရှောင်လုံ၊ မင်းပါလား။ ငါ မင်းကို နန်ကျင်းမှာ ရှာနေခဲ့သေးတယ်။ မင်းက ဒီရောက်နေတာကိုး။ ငါလည်း ထင်တော့ ထင်လိုက်မိသား။ ဟန်ကျိုးက ဒီလောက် လှုပ်ခတ်နေတာဆိုတော့ မင်းလည်း ဒီရောက်လာလောက်တယ်လို့ပေါ့”
“ဟုတ်တယ်။ ငါ အဲဒီညကတည်းက ဟန်ကျိုးကို လာခဲ့တာ”
ဝူချန်အန်းက ခေါင်းညိတ်ပြပြီး လှေထဲက အဘိုးအိုကို လှမ်းကြည့်လိုက်သည်။
အဘိုးအိုက ဝူချန်အန်းကို ကြည့်နေခဲ့သည်။
“ကောင်လေး၊ မင်းက အဲဒီ ဝူချန်အန်းလား”
“ဆရာကြီးက ကျွန်တော့်ကို သိနေတာလား”
“မင်းနာမည်ကို စာပေလောကသားတိုင်း ကြားဖူးကြတာပဲလေ”
“ဆရာကြီးက ချီးမွမ်းလွန်းနေပါပြီ”
လူငယ်များကလည်း ဝူချန်အန်းကို အာရုံစိုက်လာကြသည်။
“ဝူချန်အန်း၊ ဟုတ်သားပဲ၊ အဲဒီနာမည်ကို ငါလည်း ကြားဖူးတယ်။ ဒီခေတ်ရဲ့ အငယ်ဆုံး စာပေပညာရှင်ဆိုတဲ့ ဝူချန်အန်းလေ”
“ငါလည်း မှတ်မိပြီ။ ငါ့ဆရာက အဲဒီနာမည်ကို ပြောဖူးတယ်”
“သူက တကယ်ကို ငယ်သေးတာပဲ”
စာပေလောကအသိုင်းအဝိုင်းနှင့် ထိတွေ့နီးစပ်မှုရှိသော လူငယ်သိုင်းသမားများက ဝူချန်အန်းကို စိတ်ဝင်တစား ကြည့်နေကြသည်။
ဝူချန်အန်းက လှေထဲက အဘိုးအိုကို လှမ်းပြောသည်။
“ကျွန်တော် လှေပေါ်တက်လို့ ရလား”
“ငါ့မေးခွန်းကို အရင်ဖြေကြည့်ပါဦး”
အဘိုးအိုက အလံပေါ်က စာလုံးကို ညွှန်ပြပြီး မေးသည်။
“စာပေဆိုတာ ဘာလဲ”
ဝူချန်အန်းက အလံပေါ်က စာလုံးကို ကြည့်၍ တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ တစ်ခါတည်း ဖြေလိုက်သည်။
“စာပေဆိုတာ အတိတ်သမိုင်းရဲ့ ပုံရိပ်၊ ပစ္စုပ္ပန်ရဲ့ ပုံစံ၊ အနာဂါတ်ရဲ့ အုတ်မြစ်”
အဘိုးအိုက ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။
“ကျွန်းပေါ်မှာ ဘာအကြောင်း ဆွေးနွေးမှာလဲ”
“အနာဂါတ်မှာ သမိုင်းဖြစ်သွားစေမယ့် ပစ္စုပ္ပန်အကြောင်း ဆွေးနွေးမယ်”
အဘိုးအိုက ပြုံးသည်။
“မင်းက မင်းနာမည်နဲ့ တကယ်ထိုက်တန်တဲ့ ကောင်လေးပါပဲ။ လှေပေါ် ကြွပါ”
လီကျီးကလည်း ဝူချန်အန်းကို စိတ်ဝင်စားသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
ဝူချန်အန်းက လှေပေါ်မတက်သေးဘဲ ရှောင်လုံကို လှမ်းကြည့်သည်။
“ရှောင်လုံ…၊ မင်းရော မလိုက်ဘူးလား။ လာလေ။ ငါတို့ အတူသွားကြမယ်။ ငါ့မှာ မင်းနဲ့ ဆွေးနွေးစရာတွေ ရှိနေတယ်”
ဝူချန်အန်း၏ လှမ်းခေါ်မှုကြောင့် လူတိုင်းက ရှောင်လုံကို ကြည့်လိုက်ကြသည်။
ထိုသူတောင်းစားလေးကလည်း လူငယ်မျိုးဆက်သစ်စာပေပါရမီရှင်တစ်ယောက်လားဟုလည်း တွေးနေကြသည်။
လှေထဲက အဘိုးအိုနှင့် လီကျီးလည်း ရှောင်လုံကို လှမ်းကြည့်နေကြသည်။
ရှောင်လုံမှာ အားလုံးက ဝိုင်းကြည့်နေကြသဖြင့် ခေါင်းကုတ်နေရတော့သည်။ သူက အဘယ်မှာ စာပေပညာကို သိပါမည်နည်း။ စာရေးတတ်ဖတ်တတ်အောင်ပင် မနည်းလေ့ကျင့်ထားရသည်လေ။ သူ မကြိုက်ဆုံးကလည်း စာပေပညာပင် မဟုတ်ပါလား။
“ငါ… မလိုက်တော့ဘူး”
ဝူချန်အန်းက ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ကျွန်းပေါ်မှာ ပြန်တွေ့ကြမယ်”
“အင်း…၊ တွေ့ကြမယ်လေ”
လူတိုင်းက ပို၍ စိတ်ဝင်စားလာကြသည်။ ရှောင်လုံ ပြောနေပုံက ကျွန်းပေါ်သွားဖို့က သူ့အတွက် အလွန်သေချာနေသလို ဖြစ်နေ၍ပင်။
ဝူချန်အန်းက လှေပေါ်တက်လိုက်သည်။
အဘိုးအိုက ခပ်တိုးတိုး မေးသည်။
“အဲဒီတစ်ယောက်က ဘယ်သူလဲ”
ဝူချန်အန်းကပင် ဖိတ်ခေါ်နေသဖြင့် ထိုသူတောင်းစားလေးက ထင်ရှားသော စာပေလောကသားတစ်ယောက်လေလားဟု အဘိုးအိုက သိချင်နေပုံရသည်။
“ရှောင်လုံတဲ့၊ သူ့အမြင်တွေက သာမန်မဟုတ်ဘူး။ ဆရာကြီး သူ့က်ို မေးကြည့်ပါလား။ သူဘယ်လိုဖြေမလဲဆိုတာ ကျွန်တော်လည်း သိချင်တယ်”
အဘိုးအိုက ခေါင်းညိတ်လိုက်ပြီး ရှောင်လုံကို လှမ်းပေးလိုက်သည်။
“ကောင်လေး…၊ စာပေဆိုတာ ဘာလဲ”
ရှောင်လုံမှာ ကြောင်သွားသည်။ သူက ထိုလှေနှင့် လိုက်မည်ဟု မပြောပါဘဲနှင့် သူကို မေးခွန်းမေးလာ၍ ဖြစ်သည်။
အားလုံးက ရှောင်လုံကို ဝိုင်းကြည့်လာကြပြန်သည်။
ရှောင်လုံလည်း ခေါင်းကုတ်၍ စဉ်းစားရင်း သူလေ့ကျင့်ခဲ့သော အက္ခရာဓားသိုင်းထဲက အက္ခရာရေးဆွဲမှုများက သူ့အာရုံထဲ တဖျတ်ဖျတ်ပေါ်လာသည်။ စာပေပညာကို သူ မသိပေ။ စာပေနှင့် ဆက်စပ်နေသော အက္ခရာဓားသိုင်းကိုသာ သူသိသည်။ ရှေးဟောင်းအက္ခရာများရော ယနေ့ခေတ် အက္ခရာများကိုပါ သူ လေ့ကျင့်ခဲ့ဖူးသည်။
“စာပေဆိုတာ ဆင့်ကဲပြောင်းလဲတိုးတက်နေတဲ့ အက္ခရာတွေရဲ့ တည်နေရာပဲ မဟုတ်လား”
ရှောင်လုံ၏ အဖြေကို ကြားလျှင် ဝူချန်အန်းက အားရကျေနပ်စွာ ပြုံးလိုက်ပြီး လက်မထောင်ပြသည်။
လီကျီးကလည်း ပြုံး၍ လှမ်းကြည့်နေခဲ့သည်။
အဘိုးအိုက ခေါင်းညိတ်လိုက်သည်။
“သူ့အဖြေကလည်း ငြင်းပယ်မရတဲ့ အမှန်တရားတွေ ပါနေတာပဲ။ အပေါ်ယံတွေးရင် ရိုးရှင်းတယ်။ အလေးနက်တွေးရင် ပိုရိုးရှင်းသွားတယ်။ ကျွန်းပေါ်မှာ အက္ခရာရေစီးကြောင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးရင် စိတ်ဝင်စားဖို့ ကောင်းမှာပဲ”
အဘိုးအိုက လှမ်းပြောသည်။
“ကောင်းလေး မင်း လိုက်ချင်ရင် လိုက်ခဲ့လို့ ရပါတယ်”
“ကျွန်တော် တခြားလှေနဲ့ပဲ လိုက်လာခဲ့ပါ့မယ် ဆရာကြီး”
အဘိုးအိုက ပြုံး၍ “စိတ်ဝင်စားဖ်ို့ကောင်းတဲ့ လူငယ်လေးပဲ”ဟု တီးတိုးရေရွတ်ပြီး လူသန်ကြီးကို လှေထွက်ခိုင်းလိုက်သည်။
“သွားကြစို့”
လူသန်ကြီးလည်း လှေကို ကမ်းမှ ခွာ၍ ထွက်သွားခဲ့သည်။
ကမ်းပေါ်မှ လူများက လှမ်းအော်မေးကြသည်။
“လှေက ပြန်လာမှာလား ဆရာကြီး”
“ပြန်မလာဘူး”
“ဒါဆို ကျွန်တော်တို့က ဘယ်လို လာရမှာလဲ”
အဘိုးအိုက ချက်ချင်း ပြန်မပြောပေ။ ခဏကြာမှ ပြန်ပြောသည်။
“ဘယ်လိုလာရမှန်းတောင် မသိရင် ကျွန်းပေါ်ကို ဘာလာလုပ်နေမှာလဲ”
အဘိုးအို၏ စကားကြောင့် ကမ်းပေါ်မှ လူငယ်လူရွယ် သိုင်းလောကသားများမှာ ပါးစပ်ပိတ်သွားကြသည်။
ဟန်ကောင်းရှင်းက သူ့လူများကို ပြောသည်။
“ငါတို့လည်း တခြားဘက် သွားကြည့်ကြရအောင်”
“ဘယ်ဘက် သွားကြမလဲ အစ်ကိုဟန်”
ဟန်ကောင်းရှင်းက ညင်သာသော ဂီတသံစဉ် ခပ်သဲ့သဲ့ ထွက်ပေါ်နေသော ဘက်ကို လှမ်းကြည့်သည်။
“အဲဒီဘက် သွားရအောင်”
“ဟုတ်ကဲ့”
ရှောင်လုံတို့အားလုံး ဟန်ကောင်းရှင်းနောက်မှ လိုက်သွားကြသည်။
ဂီတသံစဉ် ထွက်ပေါ်နေသော နေရာတွင်လည်း လှေတစ်စင်း ရှိနေပြီး လူသန်ကြီးတစ်ယောက်က လှေဦးတွင် ထိုင်နေသည်။
အဖြူရောင်ဝတ်စုံနှင့် ဝါးခမောက်တွင် အဖြူရောင် မျက်နှာကာဇာပဝါချထားသော လူတစ်ယောက်က လှေဝမ်းထဲတွင် ထိုင်လျက် သူ့ပေါင်ပေါ်က ကုချင်းကို ညင်သာစွာ တီးခတ်နေသည်။ ထိုလူ၏ ရှည်သွယ်သော လက်ချောင်းများက ကုချင်းကြိုးများပေါ်တွင် ညင်သာစွာ ကခုန်နေဘိသကဲ့သို့ လှုပ်ရှားနေ၏။
ကုချင်းတေးသံက ဆောင်ဦးလေညင်းလို ညင်သာငြိမ့်ညောင်းလှသည်။ ကန်ရေပြင်မှ ဖြတ်တိုက်လာသော လေပြေနှင့်အတူ ညင်သာစွာ လွင့်မျောနေခဲ့သည်။
ကမ်းပေါ်မှ လူငယ်သိုင်းသမားများမှာ မျက်လုံးများမှိတ်၍ ကုချင်းဂီတသံစဉ်ကို နားထောင်နေကြသည်။ ရုတ်တရက်ကြည့်လိုက်လျှင် မတ်တပ်ရပ်ပြီး အိပ်ပျော်နေကြသလိုပင်။ ဂီတသံစဉ်ထဲတွင် စီးမျောနေကြသည်လား အိပ်မက်ထဲ ရောက်နေကြသည်လား မသဲကွဲပေ။
ရှောင်လုံက နားမလည်ဟန်ဖြင့် သူ့မမနှင့် ဟန်ကောင်းရှင်းကို မေးရန် ကြည့်လိုက်သည်။
“ဟင်…”
သူ့မမရော၊ ဟန်ကောင်းရှင်းရော၊ ဝမ်ယောက်ရှီး၊ ကျန်းရှီ၊ ဖန်းချင်းနှင့် နာရာကီလေယာတို့အားလုံး မျက်လုံးမှိတ်ကာ ငြိမ်သက်နေကြသည်။
ရှောင်လုံတစ်ယောက် ကြောင်တက်တက်နှင့် ရပ်ကြည့်နေမိသည်။
‘သူတို့အားလုံး ရုတ်တရက်ကြီး ဘာဖြစ်သွားကြတာလဲ’
ထိုနေရာရှိ လူအားလုံးက မျက်လုံးမှိတ်ကာ ငြိမ်သက်နေကြသည်ကို သူက နားမလည်နိုင်အောင် ဖြစ်နေတော့သည်။
‘ငါလည်း မှိတ်ထားလိုက်မယ်လေ…’
ရှောင်လုံလည်း အများနည်းတူ မျက်လုံးမှိတ်၍ ငြိမ်နေလိုက်သည်။ သို့သော် တခြားလူများက အိပ်ပျော်နေသလို မျက်လွှာများ ငြိမ်သက်နေပြီး ရှောင်လုံတစ်ယောက်မှာတော့ မျက်လွှာက တလှုပ်လှုပ်နှင့် ဖြစ်နေသည်။
သူက ဂီတသံစဉ်နှင့် ပတ်သက်၍ စိမ်းသစ်နေသူတော့ မဟုတ်ပေ။ သူ့မမ၏ လောကမာယာတေးကဗျာ သံစဉ်များကို နားထောင်ခဲ့ဖူးသည်သာ။ သဘောလည်း ကျခဲ့ဖူးသည်သာ။ သူကိုယ်တိုင်လည်း တချို့ဂီတသံစဉ်ကို လေ့ကျင့်တီးမှုတ်ခဲ့ဖူးသည်သာ။
သို့သော် ယခုကြားနေရသော ကုချင်းဂီတသံစဉ်ကိုတော့ သူက မည်သို့မျှ မခံစားရပေ။ နားထဲတွင် သာယာငြိမ့်ညောင်းသော်လည်း သာမန်ဆန်လွန်းနေသည်ဟု ထင်နေမိသည်။ အထူးသဖြင့် တစ်ချက်တစ်ချက် ထွက်ပေါ်လာသော ကုချင်းကြိုးကို လက်နဲ့ ပွတ်ဆွဲလိုက်သည့် ကြိုးပွတ်သံကို သူက မကြိုက်ဘဲ ဖြစ်နေသည်။ အိပ်ချင်နေသူကို လှုပ်နိုးနေသကဲ့သို့ ဖြစ်နေသည်။
ကျောပုတ်၍ ချော့သိပ်နေသည်လား။ ကျောပုတ်၍ လှုပ်နှိုးနေသည်လား။
ထို့ကြောင့်လည်း မှိတ်ထားသော သူ့မျက်လွှာက မငြိမ်နိုင်ဘဲ တဖျတ်ဖျတ် လှုပ်နေခဲ့သည်။
ထိုအခိုက်တန့်မှာပင် ဂီတသံစဉ်က ပြောင်းလဲသွားသည်။ ညင်သာငြိမ့်ညောင်းနေရာက အနည်းငယ် သွက်လက်ကာ အားမာန်တစ်ခု ပါလာသည်။ သံစဉ်အနိမ့်အမြင့်အတက်အကျ အတိုးအကျယ် အပြောင်းလဲများ ပါဝင်လာသည်။ ကြိုးပွတ်ဆွဲသံကလည်း ပိုပြင်းရှလာသည်။
ထိုအခါတွင်တော့ ရှောင်လုံတစ်ယောက် ကြက်သီးများ တဖြန်းဖြန်းထသွားပြီး ငြိမ့်ကျသွားခဲ့သည်။ အေးအေးစိမ့်စိမ့် ရှိလှသော ဆောင်းဦးလေညင်း ခပ်ပြင်းပြင်း တိုက်ခတ်လိုက်သလို စိမ့်သွားငြိမ့်သွားသည်။
ကုချင်းဂီတသံစဉ်က သူ့စိတ်ဝိညာဉ်ဟင်းလင်းပြင်နယ်မြေထဲအထိ ပဲ့တင်ထပ်ကာ လွင့်မျောလာခဲ့သည်။
ဂီတသံစဉ်က တစ်စုံတစ်ခုကို သယ်ဆောင်လာသလိုလို တစ်စုံတစ်ခုကို ပြောနေသလိုလိုပင်။
အနိမ့်အမြင့် အတက်အကျများနှင့် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသော သံစဉ်များနှင့်အတူ ရုတ်တရက်ဆန်စွာ ပေါ်ထွက်လာသော ကြိုးပွတ်ဆွဲသံများက ရှောင်လုံကို ကြက်သီးများ ထစေလျက် စိမ့်ငြိမ့်နေစေသည်။
ကြိုးပွတ်သံ။
ထိုအသံကို ကြားလိုက်တိုင်း ရှောင်လုံမှာ ဓားအိမ်ထဲက ဓားကို ဆွဲထုတ်လိုက်သံကဲ့သို့ ထင်ယောင်ကြားယောင်လာသည်။ သူလည်း ဓားထုတ်ချင်စိတ်မျိုး ဖြစ်လာသည်။ သူရှေ့၌ ရှိသော အရာအားလုံးကို ဓားတစ်ချက်တည်းဖြင့် ဖြတ်တောက်လိုက်ချင်သလိုလည်း ခံစားနေရသည်။
ဖြတ်တောက်ခြင်း၊ အဆုံးမဲ့ဓားကျင့်စဉ်။
ရှောင်လုံ၏ စိတ်အာရုံက အဆုံးမဲ့ဓားကျင့်စဉ်အတွင်း သူ့အလိုလျောက် ဝင်ရောက်မိသွားခဲ့သည်။
ကျောက်ဖြတ်ဓားချက်။ ခုတ်ဖြတ်ချင်သည်။ ခုတ်ဖြတ်ချင်သည်။
ကုချင်းသံစဉ် မြင့်တက်လာသည်နှင့်အတူ ရှောင်လုံ၏ ဓားစိတ်ဆန္ဒက မြင့်တက်လာသည်။
“ကျွီ…”
“ရွှစ်…”
ကုချင်းကြိုးပွတ်ဆွဲသံ ထွက်ပေါ်လာသည်နှင့် သူ့စိတ်ဝိညာဉ်အာရုံထဲတွင် ဓားတစ်ချက် ထွက်ပေါ်လာခဲ့သည်။
ကုချင်းသံစဉ်က သူ့ထံသို့ တစ်ခုခု ယူဆောင်လာသည်။ တစ်ခုခု ပြောနေသည်။
ထိုအရာကို သူ မသိပါ။ သူ့ ဓားစိတ်ဆန္ဒများ မြင့်တက်လာပြီး ဓားဆွဲထုတ်ကာ ခုတ်ဖြတ်ခြင်းတစ်ခုကိုသာ သူသိနေသည်။
ခုတ်ဖြတ်…၊ ပိုင်းဖြတ်…၊ ဖြတ်တောက်…။
ကုချင်းသံစဉ်က သယ်ဆောင်လာသော အရာကိုရော ကုချင်းသံစဉ်က ပြောချင်နေသော အကြောင်းရာကိုရော သူက ခုတ်ဖြတ်ချင်နေသည်။ ဖြတ်တောက်ရန်သာ သူ သိတော့သည်။
ဓားစိတ်ဆန္ဒက ဓားအသိအထိ မြင့်တက်လာခြင်းပင်။
ကုချင်းသံစဉ်ကလည်း အနိမ့်အမြင့်အတက်အကျများနှင့် ပိုမြန်လာသည်။ ပိုကျယ်လာသည်။ ကြက်သီးထစရာကောင်းသော ကြိုးပွတ်သံကလည်း စူးစူးရှရှ ထွက်ပေါ်နေသည်။
ခုတ်ဖြတ်…၊
ပိုင်းဖြတ်…၊
ဖြတ်…
ရှောင်လုံ၏ ဖြတ်တောက်ခြင်းဓားအသိကလည်း တစ်ဟုန်ထိုး မြင့်တက်လာသည်။ ဓားချက်များက အင်အားကြီးမားလာသည်။ ဓားချက်များက ဓားဖြတ်သန်းသွားရာ လမ်းကြောင်းထက် ကျော်လွန်၍ ပြတ်တောက်ကုန်သည်။
ဓားအား…။
ဓားအား ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။
ရှောင်လုံ နားလည်ထားသော ဓားလမ်းစဉ်က တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာနေသည်။
ကုချင်းသံက ဆွဲခေါ်ရာနောက် လိုက်ပါမိသွားသည်လား။ ကုချင်းသံနှင့် လိုက်လျောညီထွေဖြစ်ကာ မျောပါနေသည်လား။ ကုချင်းသံကို ဆန့်ကျင်နေသည်လား။ မသဲကွဲပေ။
ကုချင်းသံက အမြင့်ဆုံးထိ ရောက်သွားသည်။
ရှောင်လုံ၏ စိတ်ဝိညာဉ်ဟင်းလင်းပြင်ထဲတွင်လည်း ဓားအားက သိပ်သည်းလာပြီး အလွန်မြန်လာသည်၊ အလင်းတန်းတစ်ခုအဖြစ် လက်ကနဲ တောက်ပသွားသည်။ လင်းလက်သော ဓားချက်တစ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထဲ တိုးဝင်ပျံသန်းသွားခဲ့သည်။
ဓားအလင်း ထွက်ပေါ်လာခြင်းပင်။
ဓားစိတ်ဆန္ဒ၊ ဓားအသိ၊ ဓားအား၊ ဓားအလင်း ရှောင်လုံ နားလည်ထားသော ဓားလမ်းစဉ်အားလုံး တစ်ဆင့်ပြီးတစ်ဆင့် ထွက်ပေါ်သွားခဲ့သည်။
ယခု ကုချင်းသံက ပြန်လည် ညင်သာသွားခဲ့ပြီ ဖြစ်သည်။ သံစဉ် အတက်အကျအနိမ့်အမြင့် မပြင်းထန်တော့ဘဲ ဆောင်းဦးလေညင်းလို ပြန်လည် ညင်သာသွားခဲ့သည်။ သို့သော် အစောပိုင်းနှင့်တော့ မတူနေပါ။ တစ်စုံတစ်ခု ကျန်ရစ်ခဲ့သလို လစ်ဟာမှုတစ်ခု ပါဝင်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် သံစဉ် ထပ်ပြောင်းလဲသွားဦးလေမလားဟု မျှော်လင့်မိနေသည်။
လစ်ဟာမှု၊ ညင်သာမှုနှင့် မျှော်လင့်မှုတို့ ပေါင်းစပ်နေသော ကုချင်းသံစဉ်က လေထဲတွင် ဆက်၍ လွင့်မျောနေခဲ့သည်။
ရှောင်လုံက မျက်လုံး ပြန်ပွင့်လာသည်။ သူ မျက်လုံး ဆက်မမှိတ်ထားချင်တော့သောကြောင့်ပင်။
‘ဟင်…၊ ဒီလူတွေ ဘာဖြစ်နေကြတာလဲ’
ဤနေရာရှိ လူတိုင်းမှာ တချို့က မျက်ရည်ကျနေကြသည်။ တချို့က တသိမ့်သိမ့်နှင့် တုန်ခါပြီး ကျိတ်ငိုနေကြသည်။ တချို့က လေတိုက်၍ ယိမ်းထိုးနေသော မြက်ရိုင်းများလို ယိမ်းထိုးနေကြသည်။ တချို့က မတ်တပ် ရပ်မနေနိုင်ကြဘဲ ပျော့ခွေကာ ထိုင်သူကထိုင်၊ လဲသူကလဲ ဖြစ်နေကြသည်။
‘ဘာဖြစ်နေကြတာလဲ’
ရှောင်လုံက သူ့မမကို ကြည့်လိုက်သည်။
‘မမကရော ဘာလို့ မျက်ရည်ကျနေတာလဲ’
နှင်းပန်းသည်လည်း မျက်ရည်များ ကျလျက် ငြိမ်သက်နေခဲ့သည်။
တည်ငြိမ်နေသူဟူ၍ ဟန်ကောင်းရှင်းတစ်ယောက်သာ ရှိသည်။ ဝမ်ယောက်ရှီးပင် မျက်ရည်ကျနေခဲ့သည်။ ကျန်လူများမှာ တစ်ယောက်မှ အခြေနေမကောင်းကြပေ။ မျက်ရည်နှင့် မျက်ခွက်၊ နှာရည်များ တစ်လစ်ကျသူက ကျနှင့် ဖြစ်နေကြသည်။
နာရာကီလေယာမှာ တသိမ့်သိမ့်တုန်ခါနေရှာသည်။
‘မဟုတ်သေးဘူးထင်တယ်’
ရှောင်လုံတစ်ယောက် သူလူများကို လိုက်ကြည့်နေစဉ်မှာပင် ကုချင်းသံက တိုးလျပျောက်ကွယ်ကာ ပြီးဆုံးသွားခဲ့သည်။
ကုချင်းသံ ပြီးဆုံးသွားသည့်တိုင် လူများမှာ မျက်လုံးများ မှိတ်နေကြသေးသည်။
ပထမဆုံး မျက်လုံးပွင့်လာသူက ဟန်ကောင်းရှင်း ဖြစ်သည်။ သူ့မျက်လုံးများက ကြည်လင်နေခဲ့သည်။
“ဒါက သိပ်ကို သာယာတဲ့ သံစဉ်ကောင်းတစ်ခုပဲ”
ဟန်ကောင်းရှင်းက တီးတိုးပြောရင်း လှေထဲက ကုချင်းတီးသူကို လှမ်းကြည့်ကြီး ခါးညွှတ်ကာ လေးစားမှုကို ဖော်ပြသည်။
ဒုတိယ မျက်လုံးပွင့်လာသူမှာ ဝမ်ယောက်ရှီး ဖြစ်သည်။
“ဘယ်လောက်တောင် ညှို့ငင်ဆွဲခေါ်နိုင်အားကြီးတဲ့ သံစဉ်လဲလို့”
ဝမ်ယောက်ရှီးက ချီးမွမ်းစကားဆိုရင်း လှေထဲက ကုချင်းသမားကိို စူးရှသော မျက်လုံးဖြင့် လှမ်းကြည့်နေခဲ့သည်။ ကုချင်းသံစဉ်ကို ထိုမျှအထိ တီးခတ်နိုင်စွမ်းရှိသူက သာမန်လူတော့ မဖြစ်နိုင်ဟုလည်း ခန့်မှန်းမိခဲ့သည်။
‘အပြင်သိုင်းလောကမှာ ဒီလို ကုချင်းပညာရှင်မျိုး ရှိသေးတာပဲလား။ စိတ်ဝင်စားစရာပဲ’
ထို့နောက် နှင်းပန်း မျက်လုံးဖွင့်လာသည်။
“အဆင်ပြေရဲ့လား”
ရှောင်လုံက စိုးရိမ်စွာ မေးသည်။
“အဆင်ပြေပါတယ်”
နှင်းပန်းက ခေါင်းအသာငုံ့ချပြီး မျက်ရည်သုတ်လိုက်သည်။ တစ်ဆက်တည်း မျက်နှာကို လက်ဖြင့် မသိမသာ ပွတ်လိုက်သည်။ မျက်ရည်သုတ်မိရာက ရုပ်ဖျက်ဆေးများပါ ပျက်ပါသွားမည်စိုး၍ ခေါင်းငုံ့၍ မျက်ရည်သုတ်ရင်း ရုပ်ဖျက်ဆေးကိုပါ တစ်ခါတည်း ပြန်လိမ်းလိုက်ခြင်း ဖြစ်သည်။
ရှောင်လုံလည်း သူ့မမ အဆင်ပြေနေ၍ စိတ်သက်သာသွားသည်။
ထိုစဉ်
“ပထမဆုံး နိုးထလာနိုင်တဲ့ သုံးယောက် လှေပေါ် တက်လာနိုင်ပါပြီ”
လှေပေါ် ဖိတ်ခေါ်သူက ကုချင်းသမား မဟုတ်ခဲ့ပေ။ လူသန်ကြီးက ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ကုချင်းသမားက ကုချင်းကြိုးပေါ် လက်တင်၍ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
ပထမဆုံး နိုးထလာသူ သုံးယောက်လော။
ရှောင်လုံက ဟန်ကောင်းရှင်းကို ကြည့်လိုက်မိသည်။ ထို့နောက် ဝမ်ယောက်ရှီးနှင့် သူ့မမကို ကြည့်လိုက်သည်။
“အစ်ကိုဟန်က ပထမ၊ အစ်ကိုကြီးဝမ်ယောက်ရှီးက ဒုတိယ။ အစ်ကိုရှောင်ယွမ်က တတိယ”
ဟန်ကောင်းရှင်းက ရှောင်လုံကို ကြည့်လာသည်။
“အစ်ကိုက ပထမ မဟုတ်ဘူးလေ။ အစ်ကို နိုးထလာတော့ ညီလေးရှောင်လုံက နိုးထနေပြီပဲ”
“ကျွန်တော်က ပထမဆုံး နိုးထတာလား။ ကျွန်တော်က ဘာမှ မဖြစ်သွားသလိုပါပဲ”
“ညီလေးရှောင်လုံက ဘာမှ မဖြစ်ဘူးလား”
“အဲဒီလိုမျိုးပဲ။ အစ်ကိုဟန်တို့ မိန်းမောနေသလိုမျိုး ကျွန်တော် မဖြစ်သွားဘူး။ ကုချင်းသံစဉ်ကို ကျွန်တော် မခံစားတတ်လို့ ဖြစ်မယ်ထင်တယ်”
ရှောင်လုံ ဖြစ်သွားသည်ကလည်း တခြားလူများလို ကုချင်းသံစဉ်ထဲ မိန်းမောနစ်မျောသွားခြင်း မဟုတ်ဘဲ သူ့ဓားလမ်းစဉ်ထဲ ဝင်ရောက်သွားခြင်းသာ ဖြစ်သည်။ ကုချင်းသံက သယ်ဆောင်လာသော အရာကို သူ့ဓားလမ်းစဉ်ဖြင့် ခုခံချေဖျက်နေခဲ့ခြင်း ဖြစ်သည်။
ဝမ်ယောက်ရှီးက ဟန်ကောင်းရှင်းနှင့် နှင်းပန်းကို ကြည့်ကာ ပြောသည်။
“ဒါဆို ငါတို့ သုံးယောက်ပေါ့”
ဟန်ကောင်းရှင်းက
“ကျွန်တော် ရှေ့ကို သွားကြည့်ချင်သေးတယ်။ ဆေးပညာနဲ့ ပတ်သက်တာမျိုး အကဲဖြတ်တဲ့ လှေလည်း ရှိလောက်တယ်”
နှင်းပန်းကလည်း
“ကျွန်တော်လည်း ရှေ့ဆက်သွားချင်သေးတယ်”
ဝမ်ယောက်ရှီးက လှေထဲက ကုချင်းသမားကို တစ်ချက်လှမ်းကြည့်သည်။ သူက ထိုကုချင်းသမားကို စိတ်ဝင်စားနေသည်။
“ဒါဆို ငါ ဒီလှေနဲ့ သွားလိုက်မယ်”
“ဟုတ်ကဲ့ ဂိုဏ်းတူအစ်ကို”
“အင်း…၊ ကျွန်းပေါ်မှာ ပြန်တွေ့ကြမယ်”
ပထမဆုံး နိုးထသူ ဟန်ကောင်းကောင်းရှင်းနှင့် တတိယနိုးထသူ နှင်းပန်းတို့က ထိုလှေနှင့် မလိုက်ခဲ့ဘဲ ဒုတိယနိုးထသူ ဝမ်ယောက်ရှီးတစ်ယောက်သာ ထိုလှေနှင့် လိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။
ကျန်လူများမှာ အခုထိ မိန်းမောနေကြတုန်းပင် ရှိသေးသည်။
“လှေပေါ်ကို ကြွပါ”
လူသန်ကြီးက တလေးတစား ဖိတ်ခေါ်သည်။
ဝမ်ယောက်ရှီးလည်း အသာအယာ လှုပ်ရှားပြီး ခုန်ပျံလိုက်သည်။ လေထဲ ရိပ်ကနဲ ရောက်သွားပြီး လှေထဲသို့ ပေါ့ပါးညင်သာစွာ ရောက်သွားခဲ့သည်။
“ဝှစ်…”
“ဖျတ်…”
“ကောင်းလိုက်တဲ့ ကိုယ်ဖော့ပညာ”
လူသန်ကြီးက ချီးမွမ်းသည်။ ကုချင်းသမားကတော့ ဝမ်ယောက်ရှီးကို မမြင်သကဲ့သို့ ငြိမ်သက်စွာ ထိုင်နေသည်။
လူသန်ကြီးက ဟန်ကောင်းရှင်းနှင့် နှင်းပန်းကို တစ်ချက်ကြည့်ပြီး မလိုက်လိုမှန်း သိသည်နှင့် ထပ်မခေါ်တော့ဘဲ လှေကို ခွာ၍ ထွက်သွားခဲ့သည်။
လှေငယ်လေးက ကန်ရေပြင်ကို ဖြတ်၍ ရေလယ်က ကျွန်းဆီသို့ ဦးတည်သွားနေခဲ့သည်။
“ဒေါင်…”
ငြိမ့်ညောင်းသော ကုချင်းသံတစ်ချက် လှေငယ်ဆီမှ ထွက်ပေါ် လွင့်ပျံလာသည်။
ထိုအခါ ကမ်းပေါ်တွင် မိန်းမောနေကြသော သိုင်းသမားလူငယ်များ တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြသည်။
“ငါ ဘာဖြစ်သွားတာလဲ”
“ငါ ဘာလို့ ငိုနေတာလဲ”
သူတို့အဖြစ်ကို သူတို့ နားမလည်ဖြစ်လျက် ပဟေဠိဖြစ်နေကြသည်။
“လှေရော…”
“လှေမရှိတော့ဘူး”
“ဒါက ဂီတပညာနဲ့ စစ်ဆေးအကဲဖြတ်တဲ့ နေရာဖြစ်လိမ့်မယ်။ ငါတို့နဲ့ မသင့်တော်ဘူး။ ရှေ့ဆက်သွားကြည့်ကြမယ်။ သိုင်းပညာ စစ်ဆေးအကဲဖြတ်တဲ့ နေရာ ရှိလိမ့်မယ်”
သိုင်းသမား လူငယ်လူရွယ်များအားလုံး ထွက်သွားကြသည်။
“ငါတို့လည်း ရှေ့ဆက်သွားကြည့်ကြတာပေါ့။ လှေတွေ ထွက်သွားရင် မလိုက်ရဘဲ နေဦးမယ်”
ထို့နောက် ဟန်ကောင်းရှင်းက သူ့အဖွဲ့ကို ခေါ်၍ ဆက်သွားသည်။ မကြာခင်မှာပင် နောက်တစ်နေရာသို့ ရောက်လာခဲ့ကြသည်။ ထိုနေရာတွင်တော့ လူများစွာ စုရုံးနေကြ၏။
“ဒီမှာ လူတွေ အများကြီးပါလား”
“သိုင်းပညာနဲ့ ပတ်သက်ပြီး အကဲဖြတ်စစ်ဆေးနေတာတဲ့”
“ဪ…၊ ဒါကြောင့် လူများနေတာ ဖြစ်မယ်”
“ဟိုအရှေ့မှာက ဘာပညာ အကဲဖြတ်စစ်ဆေးနေတာလဲ”
“အဲဒီမှာက ဆေးပညာထင်တယ်။ ဟုတ်တယ်။ ခုနက အဲဒီလို ပြောသံကြားလိုက်တယ်”
လူများ၏ အပြန်အလှန် ပြောနေသံများကို နားထောင်ပြီး ဟန်ကောင်းရှင်းက ရှောင်လုံတို့ကို လှည့်ကြည့်သည်။
“ညီလေးရှောင်လုံတို့ အစ်ကိုနဲ့ ဆက်လိုက်ဦးမလား။ ဒီမှာပဲ ကျန်ခဲ့ကြမလား”
ရှောင်လုံက နှင်းပန်းကို ကြည့်သည်။ သူက ဆေးပညာနှင့် ပတ်သက်၍ ဘာမှ သိပ်မသိပေ။ အရေးပေါ် ထိခိုက်ဒဏ်ရာများကို ကုသသည်နှင့် တချို့ဆေးပင်ဆေးမြစ်များကို သိထားရုံမျှသာ ဖြစ်၍ ဆေးပညာဖြင့် အကဲဖြတ်စစ်ဆေးသည့်နေရာကို သွားလည်း စိတ်ဝင်စားဖို့ မကောင်းလောက်ပေ။
“ကျွန်တော် ဒီမှာပဲ နေခဲ့တော့မယ် အစ်ကိုဟန်”
နှင်းပန်းက ခဏ စဉ်းစားနေသည်။ သူမက ဆေးပညာတွင် သိပ်မသိသော်လည်း အဆိပ်ပညာတွင်တော့ အတော်လေး သိထားသည်။ သို့သော် သူမ၏ အဆိပ်ပညာက သူမ၏ လျှို့ဝှက်ချက်လည်း ဖြစ်နေ၍ ဤလိုနေရာမျိုးတွင် ဖော်ထုတ်နေမည် မဟုတ်ပေ။
“ကျွန်တော်လည်း ဒီမှာပဲ နေခဲ့လိုက်တော့မယ် ဆရာလေးဟန်”
ဟန်ကောင်းရှင်းက ခေါင်းအသာညိတ်ပြီး အားလုံးကို ကြည့်သည်။
“ဒါဆို အစ်ကို သွားလိုက်တော့မယ်။ ကျွန်းပေါ်မှာ ပြန်တွေ့ကြမယ်”
ဟန်ကောင်းရှင်းက ပြောပြောဆိုဆိုနှင့် ထွက်သွားခဲ့သည်။
ရှောင်လုံက လူအုပ်ထဲ ကြည့်ပြီး
“ဒီမှာ ဘယ်လို အကဲဖြတ်နေလဲဆိုတာ သွားကြည့်ရအောင်”
“အင်း…”
ထိုနေရာ၌ လှေငယ်တစ်စင်း ရှိနေသည်။ လှေဦးပေါ်တွင် လူသန်ကြီးတစ်ဦး ထိုင်နေပြီး လှေဝမ်းထဲတွင် မျက်နှာဖုံးစွပ်နှင့် ဝတ်စုံနက် သိုင်းသမားတစ်ယောက် ရှိနေသည်။
ကမ်းပေါ်မှ လူများ ထိုလှေငယ်ကို လခြမ်းလို ဝိုင်း၍ ကြည့်နေကြသည်။ လှေငယ်ကို ကြည့်နေကြခြင်းတော့ မဟုတ်ပါ။ လှေပေါ်မှ မျက်နှာဖုံးစွပ်ဝတ်စုံနက် သိုင်းသမားကို ကြည့်နေကြခြင်း ဖြစ်သည်။
ဝိုင်းကြည့်နေကြသော လူများနှင့် လှေငယ်ကြားတွင်လည်း ဝါးတစ်ပြန်ခန့် ကျယ်သော နေရာလွတ်တစ်ခု ရှိနေသည်။ ထိုနေရာလွတ်ကို တကူးတက ဖန်တီးထားကြပုံရသည်။
ထိုနေရာလွတ်တွင် လူရွယ်နှစ်ယောက် ရပ်နေခဲ့သည်။ တစ်ယောက်က မီးခိုးရောင် သိုင်းဝတ်စုံနှင့် အသက်နှစ်ဆယ်ခန့်ရှိသည့် လူရွယ်တစ်ယောက်ဖြစ်ပြီး သူ့ပုံစံကအေးတိအေးစက်နိုင်လှသည်။
နောက်တစ်ယောက်က အဖြူရောင်ဝတ်စုံနှင့် အသက်နှစ်ဆယ့်ငါးနှစ်ခန့်ရှိပြီး တည်ငြိမ်သော ဟန်ပန်ရှိသည်။
“အဲဒီနှစ်ယောက်က…”
ကျန်းရှီက ထိုလူရွယ်နှစ်ယောက်ကို မြင်လျှင် ချက်ချင်း မှတ်မိသွားသည်။
ယဲ့ကျုံးနှင့် ပိုင်ဖေးယိ။
မီးခိုးရောင်ဝတ်စုံနှင့် လူငယ်မှာ ယဲ့ကျုံးဖြစ်ပြီး ပီကင်းဓားသိုင်းပြိုင်ပွဲတွင် အေးစိမ့်အဆိပ်ဓားကို ထုတ်သုံးခဲ့သူ ဖြစ်သည်။
အဖြူရောင်ဝတ်စုံနှင့် လူရွယ်က မိုးဓားမြေဓားအမွှာဓားကို ထုတ်သုံးခဲ့သော သိုင်းတောင်ကုန်းမှ ပိုင်ဖေးယိဆိုသူ ဖြစ်သည်။
“ပီကင်းဓားသိုင်းပြိုင်ပွဲက လူတွေလည်း ဒီရောက်လာကြတာပဲ”
“ဟုတ်တယ်။ တခြားဓားသမားတွေလည်း ရောက်ချင် ရောက်နေနိုင်တယ်”
“သူတို့က အဲဒီမှာ ဘာလို့ ထွက်ရပ်နေကြတာလဲ”
“မသိဘူးလေ။ ဆက်စောင့်ကြည့်ကြတာပေါ့”
ထိုစဉ် လှေထဲက မျက်နှာဖုံးစွပ်လူက ငြိမ်သက်စွာ ရပ်နေရာမှ သိုင်းကွက်တစ်ခုကို ဖြည်းနှေးညင်သာစွာ လှုပ်ရှားပြလာသည်။
“ဒါက ဘာသိုင်းကွက်လဲ။ ဒီသိုင်းကွက်ရဲ့ အားသာချက်က ဘာလဲ။ အားနည်းချက်က ဘာလဲ”
မျက်နှာဖုံးစွပ်နှင့် ဝတ်စုံနက်က သိုင်းကွက်ကို လှုပ်ရှားပြရင်း မေးခွန်းထုတ်သည်။
ထိုအခါ ကမ်းပေါ်မှ ရပ်ကြည့်နေကြသော သိုင်းသမားများထံ တီးတိုးဝေဖန်သံများ ထွက်လာသည်။
ရှောင်လုံက နှင်းပန်းကို ပြောလိုက်သည်။
“သိုင်းကွက်တွေ ဖော်ပြပြီး သုံးသပ်ခိုင်းတာက ဒီနေရာရဲ့အကဲဖြတ်စစ်ဆေးတဲ့ နည်းထင်တယ်”
“ဟုတ်လိမ့်မယ်”
နှင်းပန်းက ပြန်ဖြေရင်း ထိုဝတ်စုံနက်လူ၏ သိုင်းကွက်ကို စဉ်းစားသုံးသပ်ကြည့်နေသည်။
အခန်း(၃၁၉) ပြီး
***