ထိုမျက်နှာဖုံးစွပ်နှင့် ဝတ်စုံနက်က သိုင်းကွက် သိုင်းဟန်မျှကိုသာ ဖြည်းနှေးစွာ လှုပ်ရှားပြနေသည်။ သိုင်းစွမ်းအားကို မဖော်ထုတ်ခဲ့ပါ။ ထို့အပြင် ထိုသိုင်းကွက်၏ အလှည့်အပြောင်းများကိုလည်း မဖော်ထုတ်ပြခဲ့ပါ။
ထို့ကြောင့် ထိုသိုင်းကွက်က စွမ်းအားကင်းမဲ့နေသည်။ “ဘာသိုင်းကွက်လဲ”ဟူသော မေးခွန်းက အရိပ်ကိုသာ ကြည့်ခိုင်းပြီး အကောင်အထည်ကို မှန်းဆခိုင်းနေသည်နှင့် တူနေသည်။ “အားနည်းချက်က ဘာလဲ၊ အားသာချက်က ဘာလဲ”ဟု ထပ်မေးထားခြင်းက အရိပ်သာမြင်ရသော ထိုအကောင်က ဘယ်လောက် အားကြီးသလဲ။ ဘယ်လောက်အားနည်းသလဲဟု မေးနေသည်နှင့် တူနေသည်။
ကျားရိပ်ကို မြင်ရုံနှင့် ကျားဟု အတပ်ပြောရန်ခက်သည်။ ကြောင်လည်း ဖြစ်နေနိုင်သလို တခြားကျားမျိုးစိတ်တစ်ခုခုလည်း ဖြစ်နေနိုင်သည် မဟုတ်ပါလား။
မမြင်ဖူးသော တစ်ကောင်ကောင်၏ အရိပ်ကို ပြပြီး မေးလာခဲ့လျှင်ကား အဖြေပေးရန် အလွန်ခက်သွားပေလိမ့်မည်။
ယခုလည်း ဤသို့ ဖြစ်နေသည်။ မမြင်ဖူးသော သိုင်းကွက်တစ်ကွက်ကို သိုင်းကွက်သိုင်းဟန်မျှသာ ပြပေးပြီး မည်သည့်သိုင်းကွက်ဟု မေးနေသည်။ အားသာချက် အားနည်းချက်ကို မေးနေသည်။
ရှောင်လုံက အသာပြုံး၍ စိတ်ထဲက ချီးမွမ်းလိုက်သည်။
‘ကောင်းလိုက်တဲ့ သိုင်းကွက်ပုံစံ။ ခံစစ်ကို အားယူပြီး တိုက်စစ်ပြန်ဖွင့်မယ့် သိုင်းကွက်ကောင်းတစ်ခုပဲ’
ထို့နောက် ရှောင်လုံက သူ့မမကို ကြည့်လိုက်သည်။
နှင်းပန်းက မျက်လုံးမှိတ်ပြီး စဉ်းစားဆင်ခြင်နေခဲ့သည်။
ရှောင်လုံက သူ့မမ၏ သိုင်းပညာ ဗဟုသုတနှင့် သိုင်းပညာအပေါ် သိမြင်နားလည်နိုင်စွမ်းကို သံသယမရှိပေ။ ထိုမေးခွန်းက တခြားလူများအတွက် ခက်ခဲနိုင်သော်လည်း သူ့မမအတွက် မခက်ခဲနိုင်ပေ။
ဖန်းချင်းက ခေါင်းကုတ်နေသည်။
“ဒီမေးခွန်းက ဖြေဖို့ မလွယ်ဘူး”
ကျန်းရှီကလည်း ခေါင်းညိတ်သည်။
“ဟုတ်တယ်။ ဟိုနှစ်ယောက် ဘယ်လို ဖြေသွားတာလဲ မသိဘူး”
ကျန်းရှီက သူ့ဘေးနားက သိုင်းလူရွယ်များကို လိုက်ကြည့်ပြီး မေးကြည့်ချင်နေသည်။ သို့သော် အားလုံးက ဝတ်စုံနက်၏ သိုင်းကွက်ကို အလေးနက် စဉ်းစားသုံးသပ်နေကြသဖြင့် မေးကြည့်ရန် ခက်နေသည်။ အနှောက်ယှက်ပေးသလို ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
ထိုစဉ်
နှင်းပန်းက မျက်လုံးပြန်ပွင့်လာသည်။ သူမ၏ မျက်လုံးများက ကြည်လင်ရှင်းလင်းနေပြီး အပြုံးရိပ်လေးတစ်ခုပင် ထင်ဟပ်နေသည်။
“သိသွားပြီလား”
နှင်းပန်းက အသာခေါင်းညိတ်ပြသည်။ ထို့နောက်သူမက လှေထဲက မျက်နှာဖုံးစွတ်နှင့် ဝတ်စုံနက်သိုင်းသမားကို လှမ်းကြည့်ပြီးနောက် ရှောင်လုံကို လျှို့ဝှက်အသံဖြင့် ပြောသည်။
~~လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်က သိုင်းလောကမှာ ဒုက္ခိတဂိုဏ်းဆိုတာ ပေါ်ခဲ့ဖူးတယ်။ ဂိုဏ်းသက်တမ်းက သိပ်မကြာခဲ့ဘူး။ ပေါ်ပေါက်ပြီး ပြန်ပျောက်ကွယ်သွားခဲ့တယ်~~
ရှောင်လုံလည်း စိတ်ဝင်စားသွားသည်။
~~ဘာလို့ ပျောက်ကွယ်သွားတာလဲ မမ~~
~~အဲဒါတော့ မမလည်း မသိဘူး။ ဒုက္ခိတဂိုဏ်းနဲ့ ပတ်သက်ပြီး မှတ်တမ်းတွေ တော်တော် နည်းတယ်။ အပိုင်းအစလေးတွေလောက်ပဲ တွေ့ရတယ်။ စစ်ပြန် ဒုက္ခိတစစ်သည်တွေကို စုပေါင်းပြီး ဖွဲ့စည်းထားတာတဲ့။ သိုင်းပညာတွေက တမူထူးခြားပြီး အရမ်းအားကောင်းကြတယ်တဲ့~~
နှင်းပန်းက ဒုက္ခိတဂိုဏ်းအကြောင်းကို ချယ်ရီဂိုဏ်း၏ စာကြည့်ဆောင်တွင် ဖတ်ခဲ့ဖူးခြင်း ဖြစ်သည်။
ဂိုဏ်းကြီးကိုးဂိုဏ်းက ပူးပေါင်းတည်ထောင်ထားပြီး စာကြည့်ဆောင်မှူးဖြစ်ခဲ့ဖူးသူ ချယ်ရီဂိုဏ်းချုပ်၏ ဦးစီးမှုဖြင့် တည်ဆောက်ထားသော ချယ်ရီဂိုဏ်း၏ စာကြည့်တိုက်က သာမန် မဟုတ်ပေ။ ထို့ကြောင့်လည်း သာမန်ဂိုဏ်းများ သာမန်စာကြည့်တိုက်များတွင် မရှိသော ရှားပါးမှတ်တမ်းမျိုး ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့တိုင် ဒုက္ခိတဂိုဏ်းလို သမိုင်းတွင် ထင်ရှားခဲ့သော ဂိုဏ်းကြီးတစ်ခု၏ မှတ်တမ်းက အပိုင်းအစအနည်းငယ်သာ ရှိနေခဲ့သည်။
~~သူတောင်းစားဂိုဏ်းလိုမျိုးထင်တယ်နော် မမ~~
သူတောင်းစားဂိုဏ်းက အင်ပါယာစစ်ပွဲများကြောင့် လူအများ ဆင်းရဲမွဲတေပြီး အတိဒုက္ခရောက်ကြရသည်။ တချို့လူများမှာ သူတောင်းစား ဖြစ်ကုန်ကြသည်။ တစ်နေ့ထက်တစ်နေ့ သူတောင်းစားများ တိုးပွားလာခဲ့ရာက သူတောင်းစားအင်အားစုကြီးတစ်ခု ဖြစ်လာခဲ့သည်။ ထိုသူတောင်းစားများကို စုစည်းပြီး ဂိုဏ်းတစ်ခုအဖြစ် တည်ထောင်ခဲ့သည်ဟု ရှောင်လုံက ကြားဖူးထားသည်။ သို့ဖြစ်၍ ထို ဒုက္ခိတဂိုဏ်းမှာလည်း စစ်ပွဲများကြောင့် ဒုက္ခိတဖြစ်ခဲ့ရသော စစ်သည်တော်များကို စုစည်းပြီး တည်ထောင်ထားခြင်း ဖြစ်လိမ့်မည်ဟု ရှောင်လုံက တွေးလိုက်မိသည်။
~~အင်း…၊ အဲဒီလို ဖြစ်ဖို့များတယ်။ အဲဒီဒုက္ခိတဂိုဏ်းနဲ့ တစ်ချိန်တည်းမှာ နောက်ထပ် ဂိုဏ်းတစ်ခုလည်း ပေါ်ခဲ့သေးတယ်။ အဲဒီဂိုဏ်းက ဒုက္ခိတဂိုဏ်းလောက် အားမကောင်းပေမဲ့ သိုင်းပညာအမျိုးအစား အများကြီးကို တတ်ကြတယ်တဲ့~~
~~သိုင်းပညာ အမျိုးအစားအများကြီးကို တတ်တယ်ဆိုတာက ဘယ်လိုမျိုးလဲ မမ။ လူတစ်ယောက် မပြောနဲ့ ဂိုဏ်းတစ်ခုမှာတောင် မူပိုင်သိုင်းပညာ နည်းနည်းပဲ လေ့ကျင့်တတ်မြောက်ကြတာ မဟုတ်ဘူးလား။ အမျိုးအစား အများကြီး ဘယ်လို တတ်တာလဲ~~
~~အဲဒါကြောင့် ထူးဆန်းတယ် မဟုတ်လား။ အဲဒီလို အမျိုးစားအများကြီး တတ်တာက အဲဒီဂိုဏ်းရဲ့ ထူးခြားတဲ့ နည်းစနစ်တစ်ခုကြောင့်ပဲ~~
ရှောင်လုံက ပို၍ စိတ်ဝင်စားလာသည်။ သူက သိုင်းပညာနှင့်ပတ်သက်လျှင် အားလုံးကို စိတ်ဝင်စားသည်လေ။
~~ဘယ်လို နည်းစနစ်လဲ မမ~~
~~သူတို့ရဲ့ နည်းစနစ်က တခြားသိုင်းပညာတွေကို အတုခိုးတယ်၊ အားသာချက် အားနည်းချက်တွေကို ရှာဖွေပြီး ပြန်ပြုပြင်တယ်။ ပြီးတော့ သူတို့ဂိုဏ်းရဲ့ သိုင်းပညာအဖြစ် အသုံးပြုလိုက်တယ်~~
~~ဒါက…၊ အဲဒီလိုဆိုမှတော့ သိုင်းလောကထဲက သိုင်းပညာတွေ လိုက်အတုခိုးလို့ ရနေပြီ မဟုတ်ဘူးလား~~
~~ဟုတ်တယ်။ အဲဒီဂိုဏ်းက အဲဒီလို လုပ်ခဲ့တယ်။ သိုင်းလောကထဲက သိုင်းပညာတွေကို လိုက်အတုခိုးပြီး အားသာချက် အားနည်းချက်တွေ ပြန်ရှာထုတ်ပြီး အပြောင်းအလဲတွေ လုပ်တယ်။ သူတို့ဂိုဏ်းရဲ့ သိုင်းပညာအဖြစ် လုပ်လိုက်ကြတယ်~~
~~တော်တော်ဆိုးတာပဲ။ အခိုးယူခံရတဲ့ သိုင်းသမားတွေ သိုင်းဂိုဏ်းတွေကတော့ တော်တော် စိတ်ဆင်းရဲကုန်ကြမှာ~~
~~ဟုတ်တယ်။ ဒါကြောင့် အဲဒီဂိုဏ်းက လျှို့လျှို့ဝှက်ဝှက်ပဲ နေခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်က ဖြစ်ပွားနေတဲ့ သိုင်းလောကပြဿနာတွေထဲ ဝင်ပါရင်းက သူတို့ဂိုဏ်းရဲ့ သိုင်းပညာကို သိုင်းလောကသားတွေ သတိထားမိကုန်ကြတယ်လေ။ ဟိုသိုင်းပညာနဲ့ ဆင်သလိုလို၊ ဒီသိုင်းပညာနဲ့ တူသလိုလို၊ ဟိုဂိုဏ်းဒီဂိုဏ်းက မူပိုင်သိုင်းတွေလိုလို ဖြစ်နေတော့ အားလုံးရဲ့ အာရုံစိုက်တာ ခံရတော့တာပေါ့~~
~~ဟီးဟီး…၊ အဲဒါကြောင့် သူတို့က လျှို့လျှို့ဝှက်ဝှက်နေကြတာကိုး။ အဲဒီလို နည်းစနစ်ကြီးကို သိုင်းလောကသားတွေက ဘယ်လက်ခံချင်မှာလဲ~~
~~ဟုတ်တယ်။ သူများဆီက လေ့လာသင်ယူတာက ပြဿနာမဟုတ်ဘူး။ လေ့လာသင်ယူပြီး ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ပုံစံနဲ့ တီထွင်ဖန်တီးထားတဲ့ သိုင်းပညာဆိုရင် အားလုံးက လက်ခံပေးလို့ ရတယ်။ သိုင်းလောက သမိုင်းက ရှည်ကြာနေခဲ့ပြီပဲလေ။ ဝူတန်ဂိုဏ်းလို အော်မေ့ဂိုဏ်းလို ဂိုဏ်းကြီးတွေတောင် ရှောင်လင်ကျောင်းတော်ရဲ့ သိုင်းအငွေ့အသက်တွေ မကင်းခဲ့ဘူး မဟုတ်လား။ ဒါပေမဲ့ သူ့ဂိုဏ်းမှာ သူ့ကိုယ်ပိုင်မူ သူ့ကိုယ်ပိုင်ဟန်တွေ ရှိနေတော့ ဘာပြဿနာမှ မရှိခဲ့ဘူးပေါ့။ အဲဒီဂိုဏ်းကတော့ အဲဒီလို မဟုတ်ခဲ့ဘူး။ ပုံတူကူးချထားတာမျိုးဆိုတော့ ဘယ်ဂိုဏ်း၊ ဘယ်သိုင်းမိသားစု၊ ဘယ်သိုင်းသမားက လက်ခံချင်မှာလဲ~~
~~ဟုတ်တာပဲဟာ။ ရိုက်ချင်စရာကြီး~~
~~ခစ်ခစ်…၊ ဟုတ်တယ်။ နောက်ဆုံးတော့ ဝိုင်းရိုက်တာ ခံရပြီး သိုင်းလောကထဲကနေ ပျောက်ကွယ်သွားတော့တာပဲ~~
နှင်းပန်းက သူမစကားကို အဆုံးသတ်ပြီး မျက်နှာဖုံးစွပ်နှင့် ဝတ်စုံနက်သိုင်းသမားကို ကြည့်သည်။
~~အဲဒီလူရဲ့ နည်းစနစ်ကလည်း အဲဒီလျှို့ဝှက်ဂိုဏ်းရဲ့ သိုင်းနည်းစနစ်နဲ့ တူနေတယ်~~
~~ဟုတ်လား မမ။ ဒါဆို သူ ထုတ်ပြနေတဲ့ သိုင်းကွက်က…~~
နှင်းပန်းက အသာခေါင်းညိတ်ကာ ပြောပြသည်။
~~ဝူထိုက်တောင်တွေထဲ သိုင်းပညာလေ့ကျင့်ကြပေမဲ့ သိုင်းလောကအရှုပ်အထွေးတွေထဲ ဝင်ပါလေ့မရှိတဲ့ ရသေ့ဂိုဏ်းတစ်ခု ရှိတယ်။ အဲဒီ ရသေ့ဂိုဏ်းရဲ့ သိုင်းပညာက ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာဖို့ကိုပဲ ရည်ရွယ်ထားလို့ တိုက်ခိုက်ရေး သိုင်းပညာတစ်ခု မဟုတ်ဘူး။ ဒါပေမဲ့ ခုခံမှုနဲ့ ကာကွယ်မှုမှာတော့ အရမ်းအားကောင်းတယ်တဲ့။ အခု ဒီလူက အဲဒီရသေ့ဂိုဏ်းက သိုင်းနည်းစနစ်ကို အပြောင်းလဲနည်းနည်း လုပ်ထားပြီး အားသာချက် အားနည်းချက်တွေကို ပြင်ထားတယ်~~
ရှောင်လုံကလည်း ထိုဝတ်စုံနက်သိုင်းသမား၏ သိုင်းကွက်ကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီးဖြစ်သည်။ ခံစစ်က အလွန်အားကောင်းပြီး ခံစစ်ကို အားယူ၍ တိုက်စစ်ပြန်ဖွင့်နိုင်သော သိုင်းကွက်တစ်ခု ဖြစ်နေသည်ကို သတိပြုမိခဲ့သည်။
~~ဒါဆို မမ၊ အဲဒီလူက အဲဒီဂိုဏ်းနဲ့ ပတ်သက်နေနိုင်လား~~
နှင်းပန်းက ခေါင်းခါသည်။
~~အဲဒီဂိုဏ်းနဲ့ ပတ်သက်နေတဲ့လူဆိုရင် ဒီလိုနေရာမျိုးမှာ ပေါ်ထွက်လာလို့ မရဘူးလေ။ မမပြောတာက သူ့နည်းစနစ်က ဟိုတုန်းက အဲဒီဂိုဏ်းရဲ့ နည်းစနစ်နဲ့ တူတယ်လို့ပဲ ပြောတာပါ။ သူ့ကို အဲဒီဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ ပြောလို့ မရဘူး~~
~~ဟီးဟီး…၊ ဟုတ်သားပဲနော်~~
နှင်းပန်းက အသာခေါင်းညိတ်ပြီး ရှောင်လုံကို ကြည့်နေသည်။ ကြည့်နေရင်းက တစ်ခုခု တွေးမိသွားပုံရပြီး သူမ၏ မျက်လုံးထဲ ဖျတ်ကနဲ လင်းလက်သွားသည်။
~~ဘာတွေးမိတာသွားလဲ မမ~~
ရှောင်လုံက သူမမ တစ်ခုခု တွေးမိသွားမှန်း သိလိုက်သည်။
~~မောင်လေး ငယ်ငယ်က မမသိုင်းလေ့ကျင့်တာကို ကြည့်ပြီး သိုင်းကွက်တွေကို မှတ်မိခဲ့တယ် မဟုတ်လား။ ပြီးတော့ မောင်လေးက မမလို လိုက်လေ့ကျင့်တယ်လေ။ သိုင်းကွက်စွမ်းအားတွေ မထုတ်ဖော်နိုင်ပေမဲ့ သိုင်းကွက်သိုင်းဟန်တွေတော့ တူအောင် လိုက်လေ့ကျင့်နိုင်တယ်လေ~~
~~မမ ပြောချင်တာက အဲဒီလူက အဲဒီ ရသေ့ဂိုဏ်းသိုင်းကွက်ကို မြင်ဖူးပြီး မှတ်မိနေတာလို့ ပြောချင်တာလား။ ဒါဆို သူ့သိုင်းကွက်တွေက အဲဒီရသေ့ဂိုဏ်းရဲ့ သိုင်းကွက်တွေနဲ့ တူနေရမယ်လေ။ အားသာချက် အားနည်းချက်တွေ ပြုပြင်ထားတာမျိုး မဟုတ်နေရဘူးလေ~~
နှင်းပန်းက သဘောကျဟန်ဖြင့် ရှောင်လုံကို ပြုံးပြလိုက်သည်။
~~အဲဒီလိုဆိုပေမဲ့ လူဆိုးလေးတစ်ယောက်ကတောင် သူ့မမ သိုင်းကွက်တွေကို ကပျက်ကချော် သိုင်းကွက်တွေဖြစ်အောင် လျှောက်လုပ်တတ်သေးတာ မဟုတ်လား။ အဲဒီလူကလည်း အဲဒီရသေ့ဂိုဏ်းရဲ့ သိုင်းကွက်ကို အပြောင်းလဲ လုပ်နိုင်တာပဲပေါ့~~
~~ဟီးဟီး…၊ ဟုတ်သားပဲနော်။ ဒါနဲ့ မမ၊ အဲဒီ လူဆိုးလေးက ဘယ်သူလဲဟင်။ သူ့မမရဲ့ သိုင်းကွက်တွေကို ကပျက်ကချော် လျှောက်လုပ်တာက တော်တော် ဆိုးတာပဲနော်။ ဒါပေမဲ့ ကျွန်တော်ထင်တာတော့ သူက သူ့မမကို ချစ်လို့ ပျော်အောင် စတာနေမှာပါ။ ချစ်ဖို့ကောင်းတဲ့ လူဆိုးလေး ထင်ပါတယ် မမရဲ့~~
~~ခစ်ခစ်…၊ ဪ မောင်လေးက အဲဒီ လူဆိုးလေးအကြောင်း တော်တော်သိနေတာပဲ။ မသိရင် တစ်ယောက်နဲ့တစ်ယောက် တော်တော်ကို ရင်းနှီးနေသလားတောင် ထင်ရတယ်~~
~~သိဆို တစ်ယောက်တည်းကို မမရဲ့။ ဟီးဟီး…~~
~~ခစ်ခစ်…~~
ထိုစဉ်မှာပင် လူတစ်ယောက် သိုင်းသမားများနှင့် လှေငယ်ကြားက နေရာလွတ်ကွက်လပ်သို့ ထွက်လာသည်။
အိတ်လေးလုံးအဆင့် သူတောင်းစားဂိုဏ်းသားတစ်ယောက် ဖြစ်သည်။ အသက်က နှစ်ဆယ်ခန့်တော့ ရှိလိမ့်မည်။ သူ့ပုံစံက အသက်ကို ခန့်မှန်းဖို့ပင် အနည်းငယ် ခက်နေသည်။ အကြောင်းမှာ သူ့မျက်နှာအပါအဝင် တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ရထားပြီး အညိုအမည်းစွဲနေ၍ ဖြစ်သည်။ ဝိုင်းရိုက်ခံထားသလိုပင်။ သို့သော် သူက ထိုဒဏ်ရာများကို ဂရုစိုက်ပုံ မရပေ။
“နာမည်က လုချွမ်း၊ သူတောင်းစားဂိုဏ်းက အိတ်လေးလုံးအဆင့်။ အဲဒီ သိုင်းကွက်ရဲ့ နာမည်ကိုတော့ မပြောပြတတ်ဘူး။ ဒါပေမဲ့ အားသာချက်အနေနဲ့ ခံစားအားကောင်းပြီး တိုက်စစ်ပြန်ဖွင့်နိုင်တဲ့ သိုင်းကွက်ဆိုတာသိတယ်။ အားနည်းချက်ကတော့ ခံစစ်ကို အသားပေးလွန်းနေတာပါပဲ”
လုချွမ်းဟု ပြောသံကြားသည်နှင့် အပြန်အလှန် စနှောက်နေကြသော ရှောင်လုံနှင့် နှင်းပန်းလည်း ကွက်လပ်ထဲက သူတောင်းစားဂိုဏ်းသားကို ကြည့်လိုက်မိကြသည်။
~~လုချွမ်းဆိုတော့ အဲဒီ လုချွမ်းထင်တယ်~~
~~ဟုတ်လိမ့်မယ်။ သူ့တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့။ ပြီးတော့ ဒဏ်ရာတွေက တုတ်ချက်တွေကြောင့် ရထားတဲ့ ဒဏ်ရာတွေဆိုတော့ ထူးချွန်းဂိုဏ်းသားအဆင့်ရောက်အောင် ကျော်ဖြတ်လာလို့ ဒဏ်ရာတွေ ရခဲ့တာဖြစ်မယ်~~
~~ဟုတ်လိမ့်မယ် မမ၊ သူက အဲဒီသိုင်းကွက်ရဲ့ အားသာချက် အားနည်းချက်တွေကို မြင်နိုင်တာဆိုတော် မဆိုးဘူးပဲ။ အဲဒီလို ပြောနိုင်ရင် လှေစီးလို့ ရပြီလား မသိဘူး~~
~~ဆက်စောင့်ကြည့်မယ်လေ~~
ရှောင်လုံတို့နှစ်ယောက် ပြောနေကြသလို တချို့သိုင်းသမားလူရွယ်များကလည်း ထုတ်ဖော် ပြောဆိုလာကြသည်။
“အဲဒီ သူတောင်းစားဂိုဏ်းသားက မဆိုးဘူးပဲဟ။ ငါက အဲဒီ သိုင်းကွက် ခံစစ်တအားကောင်းတာကိုပဲ မြင်နိုင်တာ။ တိုက်စစ်ပြန်ဖွင့်နိုင်တာကို မမြင်ခဲ့ဘူး”
“ငါက တိုက်စစ်ပြန်ဖွင့်နိုင်တာကိုလည်း မြင်တယ်။ ခံစစ်ကောင်းလွန်းတာရော တိုက်စစ်ပြန်ဖွင့်နိုင်တာရောက အဲဒီသိုင်းကွက်ရဲ့ အားသာချက်ဖြစ်နေတယ်လေ။ အားနည်းချက်ကို ရှာမတွေ့ခဲ့ဘူး။ သူပြောမှပဲ ခံစစ်ကို အသားပေးလွန်းတာက အားနည်းချက် ဖြစ်နေတယ်”
“ဟုတ်တယ်ဟ။ အဲဒီသိုင်းကွက်က စပြီး တိုက်ခိုက်နိုင်တဲ့ သိုင်းကွက် မဟုတ်နေဘူးပဲ”
“ဒါပေမဲ့ သူပြောတာက ခံစစ်အသားပေးလွန်းနေတာက အားနည်းချက်တဲ့။ အဲဒီခံစစ်ကို ဘယ်လို ချိုးဖျက်မှာလဲ။ ငါ သုံးသပ်ရသလောက်တော့ အဲဒီသိုင်းကွက်ရဲ့ ခံစစ်က တအားလုံနေတယ်။ ချိုးဖျက်ဖို့ အကွက်ကို ငါ မမြင်ဘူး”
“ဟုတ်တယ်။ အဲဒီသိုင်းကွက်က တိုက်စစ် စမဖွင့်နိုင်ပေမဲ့ အတိုက်ခံလိုက်ရတာနဲ့ ခံစစ်ကို အားယူပြီး ချက်ချင်းတန်ပြန်တိုက်ခိုက်လာလိမ့်မယ်။ ခံစစ်ကို မချိုးဖျက်နိုင်ရင် စတိုက်သူပဲ တန်ပြန်အတိုက်ခံရလိမ့်မယ်”
“ဒါဆိုရင် သူပြောတဲ့ သိုင်းကွက်ရဲ့ အားသာချက် အားနည်းချက်တွေဆိုတာက သုံးသပ်ချက်အနေနဲ့ပဲ ရှိနေလိမ့်မယ်။ တကယ်တိုက်ခိုက်တဲ့အခါ အားနည်းချက်ဖြစ်တဲ့ ခံစစ်ကို မချိုးဖျက်နိုင်ရင် ဘာမှ ထူးခြားမသွားနိုင်ဘူး”
“ဟုတ်တယ်။ သူ သုံးသပ်တကတော့ ကောင်းပါတယ်။ လက်တွေ့ကတော့ အသုံးမဝင်လောက်ဘူး”
သိုင်းသမားလူရွယ်များက သူတို့ အမြင်များကို ပြောလာကြသည်။
နှင်းပန်းက လုချွမ်း၏ တည်ငြိမ်နေသော ပုံစံကိုကြည့်ပြီး ခေါင်းအသာညိတ်သည်။
~~သူ့ကိုကြည့်ရတာ အဲဒီသိုင်းကွက်ကို ချိုးဖျက်ဖို့ နည်းလမ်းရှိထားပြီးသား ဖြစ်လိမ့်မယ်~~
~~ဟုတ်တယ် မမ၊ သူ့မှာ နည်းလမ်း ရှိတယ်~~
~~အိုး…၊ မောင်လေးက သူ ဘယ်လို ချိုးဖျက်မလဲဆိုတာ သိနေတာလား~~
~~နည်းနည်း သိတယ်။ မမလည်း သူတောင်းစားဂိုဏ်းရဲ့ ဝါးစိမ်းတုတ်သိုင်းနဲ့ တေလေခြေသိုင်းကို သိရင် လုချွမ်း ဘယ်လို ချိုးဖျက်မလဲဆိုတာ ခန့်မှန်းကြည့်လို့ ရတယ်~~
နှင်းပန်းက ခေါင်းအသာညိတ်သည်။ သူမက သူတောင်းစားဂိုဏ်း၏ သိုင်းပညာများကို မသိပေ။ မောင်လေးကတော့ သိမှန်း သူမ သိထားသည်။
~~မမကို မပြောပြနဲ့။ အဲဒီ လုချွမ်း ဘယ်လို ချိုးဖျက်မလဲဆိုတာ မမ သိချင်လို့~~
~~ဟီးဟီး…၊ ဟုတ်ကဲ့ မမ၊ ကျွန်တော်လည်း သူ ဘယ်လို ချိုးဖျက်မလဲ သိချင်နေတယ်~~
ရှောင်လုံတို့ အကဲခတ်နေတုန်းမှာပင် လှေထဲက ဝတ်စုံနက်က ပြောလာသည်။
“မှန်တယ်။ ဒီသိုင်းကွက်ရဲ့ အားသာချက်က ခံစစ် အားကောင်းပြီးတော့ တန်ပြန်တိုက်စစ် ဖွင့်နိုင်တာပဲ။ အားနည်းချက်က ခံစစ်ကို အဓိကထားပြီး တိုက်ခိုက်ဖို့ အသားမပေးထားတဲ့ အားနည်းချက်ပါပဲ။ ဒါပေမဲ့ အဲဒီ အားနည်းချက်ကပဲ အားသာချက် ဖြစ်နေတယ်။ ခံစစ်ကို မချိုးဖျက်နိုင်ရင် တိုက်ခိုက်တဲ့သူပဲ တန်ပြန်တိုက်ခိုက်ခံရလိမ့်မယ်”
လုချွမ်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။
“အဲဒီ ခံစစ်ကို ဘယ်လို ချိုးဖျက်ရမလဲဆိုတာ ကျွန်တော် သိတယ်”
“အို…၊ စိတ်ဝင်စားစရာပဲ။ ခုနက မင်းပြောသလောက် ဒီသိုင်းကွက်ရဲ့ အားသာချက် အားနည်းချက်ကို မြင်နိုင်ရုံနဲ့တင် လှေပေါ်တက်လို့ ရနေပါပြီ။ ဒါပေမဲ့ ငါက အခု မင်းပြောတဲ့ ဒီသိုင်းကွက်ကို ဘယ်လို ချိုးဖျက်ရမလဲ သိတယ်ဆိုတဲ့ စကားကို ဟုတ်မဟုတ် သိချင်နေတယ်။ အဲဒါကို မင်း လုပ်ပြနိုင်မလား”
ဝတ်စုံနက်၏ ကမ်းလှမ်းမှုကို လုချွမ်းက ချက်ချင်း မဖြေပေ။ သူက လှေပေါ် တက်နိုင်နေပြီဖြစ်၍ ထိုသိုင်းကွက်ကို ချိုးဖျက်ပြနေရန် မလိုပေ။ သို့သော် သူက သူတောင်းစားဂိုဏ်း၏ သာလွန်ထူးချွန်ဂိုဏ်းသား မဟုတ်ပါလား။ သူတောင်းစားဂိုဏ်းက သိမ်ငယ်အောက်ကျနေရာမှ ဂုဏ်ထူးဆောင်အပြင်အကြီးကဲကြောင့် ပြန်ခေါင်းမော့လာသည် မဟုတ်ပါလား။ သူကလည်း လူငယ်ဂိုဏ်းသားများ ခေါင်းမော့နိုင်အောင် လုပ်ချင်သည်။
လုချွမ်းက လူအုပ်ထဲသို့ လှည့်ကြည့်လိုက်သည်။
လူအုပ်ထဲတွင် သူတောင်းစားဂိုဏ်းသား သုံးယောက် ရှိနေသည်။ ထိုသုံးယောက်သည်လည်း ဒဏ်ရာကိုယ်စီနှင့် ဖြစ်သည်။
ထိုသူတောင်းစားဂိုဏ်းသား သုံးယောက်က လုချွမ်းကို တောက်ပသော မျက်လုံးများဖြင့် ဝံ့ဝံ့စားစား ကြည့်နေကြသည်။
လုချွမ်း အသာပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
“ကိစ္စမရှိဘူး။ ကျွန်တော် ချိုးဖျက်ပြမယ်”
“ကောင်းတယ်”
“ကောင်းတယ်ဟေ့၊ လုချွမ်းကွ”
“လုချွမ်း လုချွမ်း…”
“ဖြောင်းဖြောင်းဖြောင်း…”
လူအုပ်ထံမှ အားပေးသံများ လက်ခုပ်သံများ ဆူညံသွားသည်။
အားလုံးက ဝတ်စုံနက်သိုင်းသမား၏ သိုင်းကွက်ကစားပြပြီး အမေးအဖြေလုပ်နေသည်ကို အားမလိုအားမရ ဖြစ်နေကြသည် မဟုတ်ပါလား။ ယခုလို အမှန်တကယ် တိုက်ခိုက်မှုမျိုး မြင်ချင်နေကြသည်ဖြစ်၍ လုချွမ်းကို အားပေးလိုက်ကြသည်။
ဝတ်စုံနက်သိုင်းသမားက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်ရာ လှေပေါ်မှ ရိပ်ကနဲ မြောက်တက်လာပြီး လေထဲတွင် ဂျွမ်းပစ်ကာ လုချွမ်းရှေ့နားသို့ ဖျတ်ကနဲ ပေါ့ပါးစွာ ရောက်လာခဲ့သည်။
“ဝှစ်…ဖတ်…”
ကြည့်နေသော လူရွယ်သိုင်းသမားများက လက်ခုပ်တီး၍ အားပေးကြသည်။
“ကြည့်ကောင်းတယ်ဗျို့”
“အခုမှ ပျော်ဖို့ ကောင်းလာတယ်”
“ငါလည်း ဒါမျိုးမှ ကြိုက်တာ”
ဝတ်စုံနက်သိုင်းသမားက လုချွမ်းကို ကြည့်ပြီး ခေါင်းညိတ်ပြသည်။
“မင်း အဆင်သင့် ဖြစ်ပြီလား”
“အဆင်သင့်ပါပဲ။ သိုင်းကွက်ကို ခင်းလိုက်ပါ”
“ကောင်းပြီ မင်းဆန္ဒအတိုင်းပဲ။ ငါ့အတွင်းအားကို မင်းနဲ့ အဆင့်တူမှာ ထားပေးမယ်”
ဝတ်စုံနက်က ပြောပြီး လုချွမ်းနှင့် အဆင့်တူ အလယ်လတ်အဆင့်အတွင်းအားကို ထုတ်ဖော်လိုက်သည်။ ထို့နောက်ထား ခုနက သိုင်းကွက်သိုင်းဟန်ဖြင့်သာ လှုပ်ရှားပြသော သိုင်းကွက်ကို ပြန်ထုတ်ဖော်လိုက်သည်။
ယခုတော့ ထိုသိုင်းကွက်က အတွင်းအားနှင့် ပေါင်းစပ်ပြီး ထုတ်ဖော်ထားသဖြင့် ခံစစ်အားကောင်းမှုကို ပိုမြင်သာလာသည်။
“တကယ်ကို ခံစစ်အားကောင်းလွန်းတယ်။ ဒီခံစစ်ကို ဘယ်လို ချိုးဖျက်နိုင်မှာလဲ။ အဆင့်တူချင်းမှာ ဒီသိုင်းကွက်ကို ချိုးဖျက်နိုင်တဲ့လူ ရှိပါ့မလား”
“ဟုတ်တယ်ကွ။ အတွင်းအားအဆင့် သာလွန်နေရင်တောင် ဒီခံစစ်ကို ချိုးဖျက်ဖို့ သိပ်မလွယ်ဘူး”
လူအုပ်ထဲတွင် အဆင့်မြင့်သိုင်းသမားလူရွယ်များလည်း ရှိနေသဖြင့် သူတို့က ထိုသိုင်းကွက်ကို ချိုးဖျက်ဖို့ ခက်ခဲကြောင်း ခေါင်းညိတ်ပြကြသည်။
လုချွမ်းက တည်ငြိမ်နေဆဲပင်။ သူက ဝတ်စုံနက်၏ သိုင်းကွက်ကို ကြည့်ပြီး မေးလိုက်သည်။
“အဆင်သင့်ဖြစ်ပြီလား”
“အဆင်သင့်ပဲ”
“ဒါဆိုရင် သိုင်းကွက်ကို ကြည့်”
လုချွမ်းက အလွန်ရိုးစင်းသော ခြေလှမ်းဖြင့် ဖျတ်ကနဲ ရှေ့တိုးသွားပြီး ဝါးစိမ်းတုတ်ဖြင့် ရိုက်ချလိုက်သည်။
“ဖျတ်…”
“ဝှီး…”
ခြေကွက်ရော တုတ်ရိုက်ချက်ရောက လူတိုင်း မျက်မှန်းတန်းမိနေသော သူတောင်းစားဂိုဏ်း၏ တေလေခြေလှမ်းနှင့် ဝါးစိမ်းတုတ် ရိုက်ချက်သာ ဖြစ်သည်။ အဆန်းတကြယ်လည်း မဟုတ်သလို အဆင့်မြင့်လည်း မဟုတ်ပေ။ ထိုခြေလှမ်းနှင့် ထိုရိုက်ချက်က သူတောင်းစားဂိုဏ်း အခြေခံသိုင်းကွက်များ ဖြစ်နေသည်။
“ကောင်လေး မင်း ငါ့ကို လာနှောက်နေတာလား”
လုချွမ်း၏ ချဉ်းကပ်တိုက်ခိုက်မှုက အမြန်နှုန်းတစ်ခုနှင့် အင်အားတစ်ခုအထိ ပါဝင်နေသော်လည်း ထိုခံစစ်ကို ချိုးဖျက်ရန်တော့ လုံးဝ မလုံလောက်နေခဲ့ပေ။
ဝတ်စုံနက်လူ ပြောသကဲ့သို့ပင် အားလုံးကလည်း မြင်နိုင်နေကြသည်။
“ဖြောင်း…”
ဝတ်စုံနက်က လုချွမ်း၏ တုတ်ချက်ကို အသာယာ ခုခံထားလိုက်သည်။ တစ်ဆက်တည်းမှပင် တန်ပြန်တိုက်စစ်ကို ထုတ်ဖော်သည်။
ဝတ်စုံနက်၏ လှုပ်ရှားမှုက မြန်သည်။ လုချွမ်းထံ ရိပ်ကနဲ ရောက်သွားပြီး အားပြင်းသော တန်ပြန်တိုက်စစ် လက်သီးချက်ကို လုချွမ်း၏ ရင်ဝသို့ ပစ်သွင်းသည်။
“ဝှစ်…”
“ဘုန်း…”
ဝတ်စုံနက်၏ တန်ပြန်တိုက်စစ် လက်သီးချက်က လူချွမ်း၏ ရင်ဝသို့ ထိထိမိမိ ဝင်ရောက်သွားခဲ့သည်။
ထိုအချိန်မှာပင် လုချွမ်း၏ ဝါးစိမ်းတုတ်က ရိပ်ကနဲ တစ်ပတ်လည်ပြီး ဝတ်စုံနက်၏ တံတောင်ဆစ်ပေါ် ကျလာခဲ့သည်။
တုတ်ချက်က ပြင်းထန်သည်။ မြန်ဆန်သည်။ တိကျသည်။ ပြတ်လည်း ပြတ်သားလှသည်။ တံတောင်ဆစ်ကို ကျိုးကြေသွားစေနိုင်သည့် ရိုက်ချက်ဖြစ်သည်။ အလှပြနေသော ရိုက်ချက်နှင့် မတူသလို ယှဉ်ပြိုင်တိုက်ခိုက်နေသော ရိုက်ချက်နှင့်လည်း မဟုတ်ပေ။
တကယ့်စစ်မှန်သော တိုက်ပွဲဝင် ရိုက်ချက်မျိုးဖြစ်သည်။ လျှိုထားခြင်း မရှိသလို လျှော့ထားခြင်း မရှိပေ။ ညှာတာခြင်းလည်း မရှိနေခဲ့ပေ။
ထိုလှုပ်ရှားမှုနှစ်ခုက လျှပ်တစ်ပြက်အတွင်း ဖြစ်ပေါ်သွားခဲ့၍ ကြည့်နေသူများမှာ ရိပ်ကနဲသာ မြင်လိုက်ရသည်။
ဝတ်စုံနက်မှာ တန်ပြန်တိုက်စစ် ထုတ်ဖော်ရင်းတန်းလန်းနှင့် တံတောင်ဆစ်ရိုက်ချိုးမခံရအောင် ထုတ်ဖော်ထားသော လက်သီးမှ အားကို ချက်ချင်းပြန်ရုတ်သိမ်းပြီး လက်မောင်းတွင် စုစည်းလိုက်ရသည်။ ထို့နောက် လက်ကို ပုံစံပြောင်းကာ တုတ်ချက်ကို လက်မောင်းဖြင့် ခံယူလိုက်သည်။
“အာ့…”
ဝတ်စုံနက်သိုင်းသမားတွင် ရှောင်တိမ်းဖို့ရော ခုခံဖို့ရော အချိန် မရှိခဲ့ပေ။ ဒဏ်ရာမရအောင် အားစုစည်း၍ ခံယူလိုက်ရုံသာ တတ်နိုင်ခဲ့သည်။ သူ့နေရာတွင် တခြားအလယ်လတ်သိုင်းသမားဆိုပါက ထိုရိုက်ချက်ကြောင့် တံတောင်ဆစ် ကျိုးကြေသွားပေလိမ့်မည်။
ဝတ်စုံနက်လည်း နောက်သို့ ဒယိမ်းဒယိုင်နှင့် ပြန်နောက်ဆုတ်သွားရသည်။
လုချွမ်းလည်း နောက်ပြန်ဆုတ်သွားသည်။ သူက တည်တည်ငြိမ်ငြိမ်ပင်။ ဝတ်စုံနက်၏ လက်သီးချက်က သူကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
ဝတ်စုံနက်က သူ့လက်ကို အသာလှုပ်ခါရင်း နာကျင်မှုကို ဖြေလျှော့သည်။ ရိုက်ချက်က တံတောင်ဆစ်ပေါ်မကျဘဲ လက်မောင်းပေါ် ကျသွား၍သာ တော်တော့သည်။
“ဒါက မင်းရဲ့ ချိုးဖျက်တဲ့ နည်းလမ်းပေါ့”
“ဟုတ်တယ်”
“ကောင်းတယ်။ မင်းက မင်းရဲ့ သန်မာတဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်း အသုံးချခဲ့တာပဲ။ ငါ့ရဲ့ တန်ပြန်တိုက်စစ်ကို မင်းက မမှုဘူး။ ပြီးတော့ ဒီတိုက်ကွက်ရဲ့ အားအနည်းဆုံးအချိန်ကလည်း တန်ပြန်တိုက်စစ် ထုတ်ဖော်ချိန်ဆိုတော့ မင်းရဲ့ အနာခံပြီး ချက်ချင်းတုံ့ပြန်နိုင်စွမ်းက ဒီသိုင်းကွက်ကို ကောင်းကောင်းကြီး ချိုးဖျက်နိုင်သွားတာပေါ့”
“ကျေးဇူးတင်ပါတယ်”
“ကောင်းတယ်၊ ကောင်းတယ်”
ဝတ်စုံနက်က ပြောရင်း လက်ခုပ်တီးလိုက်သည်။
ထိုအခါ ကြည့်နေကြသော သူတောင်းစားဂိုဏ်းသားများရော တခြားသိုင်းလောကသား လူငယ်များကပါ လက်ခုပ်တီးကြသည်။
“လုချွမ်း…၊ ကောင်းတယ်ဟေ့”
“တကယ်ကောင်းတယ်”
“သူမို့သာပဲ။ ငါသာဆို အဲဒီ တန်ပြန်လက်သီးချက်နဲ့ မြေကြီးကို ကုန်းနမ်းနေရလောက်ပြီ”
“ဟားဟား…၊ ဟုတ်ပါ့ကွာ။ ဒီလုချမ်းက တော်တော် မာတာပဲ”
လက်ခုပ်သံများနှင့် ပြောဆိုသုံးသပ်သံများ ဆူညံသွားခဲ့သည်။
နှင်းပန်းနှင့် ရှောင်လုံလည်း ကြည့်၍ ပြုံးနေခဲ့ကြသည်။
~~ဒီလုချွမ်းက တကယ်မဆိုးဘူးနော် မမ။ ဒါကြောင့်လည်း ထူးချွန်ဂိုဏ်းသား ဖြစ်လာတာနေမှာ~~
~~သူ့ခန္ဓာကိုယ်ကလည်း တော်တော် ခံနိုင်ရည် မြင့်မားတယ်နော်~~
~~ဟုတ်တယ်။ ကျွန်တော် အဲဒါကို ခုနကတည်းက သတိထားမိတယ်။ ဒါကြောင့် သူ ဘယ်လို ချိုးဖျက်မလဲဆိုတာ ခန့်မှန်းမိထားတာ။ ဝတ်စုံနက်ရဲ့ ခံစစ်က အဆင့်တူချင်း ချိုးဖျက်ဖို့ ခက်လောက်အောင် အားကောင်းသလို လုချွမ်းကလည်း အဆင့်တူချင်း မမှုတဲ့ ခံနိုင်အားကောင်းတဲ့လူ။ ဒီတော့ ဟိုတိုက်ရဲ့ တန်ပြန်တိုက်စစ်ထွက်ချိန် အားအနည်းဆုံး အချိန်မှာ လျှပ်တစ်ပြက် တုံ့ပြန်နိုင်ရင် ပြီးသွားပြီ။ လုချွမ်းလို လူအတွက် အဲဒီသိုင်းကွက်ကို ချိုးဖျက်ဖို့က လွယ်သွားတာပေါ့~~
~~ဟုတ်တယ်နော်~~
ဝတ်စုံနက်က လုချွမ်းကို ခေါင်းညိတ်ပြပြီး လက်ဟန်ဖြင့် နေရာယူပေးရန် ပိုင်ဖေးယိတို့ဘက်သို့ ညွှန်ပြသည်။
“သူတို့နဲ့ ခဏ စောင့်နေပေးပါ”
လုချွမ်းလည်း ပိုင်ဖေးယိနှင့် ယဲ့ကျုံးတို့နားတွင် သွားရပ်နေလိုက်လေ၏။
အခန်း(၃၂၀)ပြီး
***