လုချွမ်းက ကွက်လပ်ဘေးသို့ လျှောက်သွားပြီး ပိုင်ဖေးယိနှင့် ယဲ့ကျုံးကို ကြည့်လိုက်သည်။
ယဲ့ကျုံးက သူ့ပုံစံအတိုင်း အေးတိအေးစက်နှင့်သာ ရပ်နေခဲ့သည်။
ပိုင်ဖေးယိကတော့ လုချွမ်းကို အသိမှတ်ပြုဟန်ဖြင့် အသာခေါင်းညိတ်ပြသည်။
လုချွမ်းကလည်း ပိုင်ဖေးယိကို ခေါင်းညိတ်ပြပြီး သိုင်းလောကယဉ်ကျေးမှုဖြင့် နှုတ်ဆက်ကာ သူတို့ဘေးတွင် ရပ်နေလိုက်သည်။
“သုံးယောက် ရှိသွားပြီ။ လှေက မသွားသေးဘူးလား။ လှေက လူငါးယောက်ထက် ပိုမပါလောက်ဘူး မဟုတ်လား”
“ဟုတ်တယ်။ ဟိုဘက်က လှေတွေ လူတစ်ယောက်နှစ်ယောက် ရတာနဲ့တင် ထွက်သွားခဲ့တာ”
“ကြည့်ရတာ သိုင်းပညာဘက်မှာ လူသုံးယောက်ထက်မက ခေါ်မှာထင်တယ်”
“ဖြစ်နိုင်တယ်”
သိုင်းသမားလူငယ်များ ပြောကြဆိုကြရင်း အခြေနေကို ဆွေးနွေးနေကြသည်။
ထိုစဉ်
မျက်နှာဖုံးစွပ်နှင့် ဝတ်စုံနက်သိုင်းသမားက ပြောလာသည်။
“အခုနကအထိ သိုင်းကွက်တွေ ထုတ်ပြပြီး သိုင်းကွက်နာမည်နဲ့ အားသာချက် အားနည်းချက်တွေကို မေးခဲ့တယ်။ သိုင်းကွက်နာမည်ကို မပြောနိုင်ရင်တောင် သိုင်းကွက်တွေရဲ့ အားသာချက် အားနည်းချက်ကို ပြောနိုင်ရင် ကျွန်းပေါ်သွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သိုင်းကွက်တွေဆိုတာ နာမည်က အဓိကမဟုတ်လို့ပဲ။ သိုင်းကွက်တစ်ခုရဲ့ တည်ရှိမှုဟာ နာမည်အပေါ်မှာ အခြေခံနေတာ အဟုတ်လို့ပဲ။ နာမည်မရှိတဲ့ သိုင်းကွက်တွေတောင် ရှိနေတတ်သေးတာ မဟုတ်လား။ ဒါကြောင့် မေးခွန်းက သိုင်းကွက်နာမည်၊ အားသာချက်နဲ့ အားနည်းချက်လို့ သုံးခုဖြစ်ပေမဲ့ အားသာချက်နဲ့ အားနည်းချက်ကို ဖြေနိုင်ရင် လုံလောက်ပါတယ်”
မျက်နှာဖုံးစွပ်နှင့် ဝတ်စုံနက်သိုင်းသမား၏ စကားကြောင့် တချို့လူငယ်သိုင်းသမားများက သဘောကျဟန်ဖြင့် ခေါင်းညိတ်ကြသည်။
“အဲဒါက ယုတ္တိရှိတယ်။ မေးခွန်းသုံးခု မေးထားပေမဲ့ အဓိကကျတဲ့ မေးခွန်းနှစ်ခုကို ဖြေနိုင်ရင် အဖြေကို လက်ခံပေးတာ ကောင်းတာပဲ”
တချို့လူငယ်သိုင်းသမားများကတော့ သဘောမကျဟန်ဖြင့် ပြောဆိုလာကြသည်။
“ဒါဆိုရင် ဘာလို့ သိုင်းကွက်နာမည်ကို မေးနေသေးတာလဲ။ ငါ့မှာ စဉ်းစားလိုက်ရတာ ခေါင်းတောင် ပူသွားတယ်”
“အေးလေ။ သိုင်းကွက်နာမည် ဖြေဖို့ မလိုဘူးဆိုရင် အစကတည်းက မမေးနေနဲ့တော့လေ”
မျက်နှာဖုံးစွတ်ဝတ်စုံနက်သိုင်းသမားက ပြုံးယောင်သန်းသော မျက်လုံးများဖြင့် လူငယ်သိုင်းသမားများ အားလုံးကို ခြုံကြည့်၍ ပြောလိုက်သည်။
“ဘာဖြစ်လို့ မေးခွန်းသုံးခုမှာ မဖြေလည်းရတဲ့ သိုင်းကွက်နာမည်ကို ထည့်မေးထားတာလဲဆိုတာ တစ်ယောက်ယောက် ပြောပြနိုင်မလား”
လူငယ်သိုင်းသမားများ သူ့ငါကြည့် ငါ့သူကြည့်နှင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကုန်ကြသည်။
“ဒါကို ပြောနိုင်ရင် ကျွန်းပေါ် လိုက်နိုင်ပြီလား”
“ကျွန်းပေါ် လိုက်ခွင့်ရတယ်ဆိုရင် စဉ်းစားပြီး ဖြေမယ်။ အလကား လျှောက်စဉ်းစားနေရမယ်ဆိုရင် မပြောနေတော့ဘူး”
“ဒါက သိုင်းပညာအသိမြင်ဆွေးနွေးဖို့ မဟုတ်ဘူးလား။ ဘာလို့ အဓိပ္ပါယ်မရှိတာတွေ မေးနေတာလဲ”
လူငယ်သိုင်းသမားများထံမှ တစ်ယောက်တစ်မျိုး တုံ့ပြန်လာကြသည်။
မျက်နှာဖုံးစွပ်နှင့် ဝတ်စုံနက်သိုင်းသမားက လူငယ်သိုင်းသမားများ၏ တုံ့ပြန်မှုကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ အဲဒါကို ပြောနိုင်ရင် ကျွန်းပေါ်ကို လှေနဲ့ ခေါ်သွားမယ်”
လူငယ်သိုင်းသမားများ ငြိမ်ကျသွားသည်။ သိုင်းကွက်နာမည်ကို မဖြေလည်း ရပါလျက် အဘယ်ကြောင့် မေးခဲ့သည်ကို အားလုံး စဉ်းစားကုန်ကြသည်။
ထိုစဉ် လူငယ်သိုင်းသမားတစ်ယောက်က ပြောလိုက်သည်။
“မေးခွန်းထဲမှာ ထည့်မေးထားတယ်ဆိုမှတော့ ထည့်မေးဖို့ လိုအပ်လို့ပဲပေါ့။ မဟုတ်ဘူးလား”
မျက်နှာဖုံးစွပ်ဝတ်စုံနက်သိုင်းသမားက ခေါင်းခါသည်။
“မဟုတ်ဘူး။ မဖြေလည်း ရတယ်ဆိုတဲ့ မေးခွန်းကို ထည့်မေးနေဖို့ လိုအပ်ဦးမှာလား”
“ဒါက…”
ထွက်ပြောသော ဘူငယ်သိုင်းသမားလည်း ထိုမေးခွန်းထည့်ထားသည်က ထိုမျှ မရိုးရှင်းကြောင်း နားလည်သွားသည်။
နောက်တစ်ယောက် ထွက်ပြောပြန်သည်။
“မေးခွန်းဆိုတာ မေးခွန်းမေးသူရဲ့ အတွေးနဲ့ လက်ခံမှုအပေါ်မှာပဲ မူတည်တာဆိုတော့ အဲဒီမေးခွန်းကို ထည့်မေးထားတာက ထည့်မေးချင်လို့ မေးထားတာပဲ မဟုတ်လား”
မျက်နှာဖုံးစွပ်ဝတ်စုံနက်သိုင်းသမားက ခေါင်းသာ ခါပြလိုက်သည်။
ထိုသို့ လူငယ်သိုင်းသမားများ စဉ်းစားသူက စဉ်းစား၊ သူတို့အတွေးကို ထွက်ပြောသူက ထွက်ပြောနေကြသော်လည်း ဝတ်စုံနက်က အသိမှတ်မပြုခဲ့ပေ။
ကျန်းရှီနှင့် ဖန်းချင်းက အပြန်အလှန်ကြည့်လိုက်ကြသည်။ သူတို့လည်း ဖြေကြည့်ချင်နေကြသည်။
ရှောင်လုံက မေးလိုက်သည်။
“မင်းတို့တွေ အဖြေကို စဉ်းစားမိသွားပြီလား”
“ဟင့်အင်း…၊ ဒီအတိုင်း လျှောက်စဉ်းစားထားရုံပဲ။ သူများတွေ ဝင်ဖြေနေတာဆိုတော့ ငါတို့လည်း ဝင်ဖြေကြည့်လိုက်မလားလို့။ မှန်လိုမှန်ငြားပေါ့”
“ဟုတ်တယ်။ အဲဒီမေးခွန်းက ဖြေဖို့ မလွယ်ဘူးဆိုတော့ ဒီလိုဘဲ ဖြေရမှာပေါ့”
ရှောင်လုံက ပြုံးလိုက်ပြီး
“မင်းတို့နှစ်ယောက် ကျွန်းပေါ် လိုက်ချင်လို့လား”
ကျန်းရှီရော ဖန်းချင်းရော မဆိုင်းမတွ ခေါင်းညိတ်လိုက်ကြသည်။
“အင်း…”
“လိုက်ချင်တယ်”
“ဒါဆို…”
ရှောင်လုံက ကျိတ်ပြုံးလိုက်ပြီး ဖန်းချင်းကို အနားတိုးရန် မျက်ရိပ်ပြပြီး တီးတိုး ပြောပြလိုက်သည်။
“အဲဒီလို သွားပြောကြည့်လိုက်။ အဲဒါက လျှောက်ဖြေတာထက် ကောင်းတယ်”
ဖန်းချင်းကလည်း စိတ်တက်ကြွဟန်ဖြင့် ခေါင်းညိတ်ပြီး ရှေ့က လူများကြားထဲ တိုးဝင်၍ ရှေ့တက်သွားသည်။
ကျန်းရှီက…
“ရှောင်လုံ…၊ ဘာပြောခိုင်းလိုက်တာလဲ”
ရှောင်လုံက မပြောပြဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။
နှင်းပန်းကလည်း ရှောင်လုံကို ကြည့်နေသည်။
“ဟီးဟီး…၊ စောင့်ကြည့်လိုက်လေ”
ဖန်းချင်းက လူများရှေ့သို့ ရောက်သွားသည်။ သူက ဝတ်စုံနက်ကို ပြောလိုက်သည်။
“အဲဒီ မေးခွန်းကို ဘာလို့ ထည့်မေးတာလဲဆိုတော့ ဒါက အဖြေပါပဲ”
ဖန်ချင်းက သူ့ လက်နှစ်ဖက်ကို လက်သီးဆုပ်ပြီး မြှောက်ပြလိုက်သည်။
မျက်နှာဖုံးစွပ်ဝတ်စုံနက်သိုင်းသမားက ဖန်းချင်းကို ကြည့်နေခဲ့သည်။ ခေါင်းလည်း မခါသလို ခေါင်းလည်း မညိတ်ခဲ့ပေ။
ကြည့်နေကြသော လူငယ်သိုင်းသမားများကလည်း ကြည့်နေကြသည်။
“အဲဒါက အဖြေလား။ လက်သီးဆုပ်ပြတာက အဖြေတဲ့လား။ သူက ဘာပြောချင်တာလဲ”
“မသိဘူး။ တစ်ခုခုတော့ တစ်ခုခုပဲ”
“အဲဒီကောင်ကို ကြည့်ရတာတော့ အူကြောင်ကြောင်နဲ့ပါ”
ဖန်ချင်းက မျက်နှာဖုံးစွပ်ဝတ်စုံနက်သိုင်းသမားနှင့် လူငယ်သိုင်းသမားများကို လှည့်ပတ်ကြည့်ပြီး ပြောလိုက်သည်။
“ဒါက လက်သီးဆုပ်ပဲ။ ဘာလို့ လက်သီးကို ဆုပ်ထားတာလဲ သိကြလား”
ဖန်းချင်း၏ မေးခွန်းကြောင့် လူငယ်များလည်း တစ်ခုခုကို အနည်းငယ် ရိပ်မိသလို ဖြစ်သွားကြသည်။ ထိုမေးခွန်းက ဝတ်စုံနက်သိုင်းသမား၏ မေးခွန်းနှင့် ဆင်တူနေသည် မဟုတ်ပါလား။
ဖန်းချင်းက အားလုံး၏ အာရုံစိုက်မှုက ရအောင် လုပ်ပြီးနောက် ဘယ်ဖက်လက်သီးကို ဖြေပြလိုက်သည်။
“ဒါက လက်သီးဆုပ်သက်သက်ပဲ။ လက်သီးဆုပ်က လက်သီးဆုပ်ထက် မပိုဘူး”
မျက်နှာဖုံးစွပ်ဝတ်စုံနက်သိုင်းသမားက ပြုံးရိပ်သန်းသော မျက်လုံးဖြင့် ကြည့်လာသည်။
“ကောင်လေး၊ မင်းပြောတာ မဆိုးပါဘူး။ ဒါပေမဲ့ အဲဒါက အဖြေတော့ မဟုတ်သေးဘူး”
ဖန်းချင်းကလည်း ပြုံးလိုက်သည်။
“အဖြေက ဒီလက်သီးပါ”
ဖန်းချင်းက ပြောရင်း ညာဘက်လက်သီးဆုပ်ကို ဖြေပြလိုက်သည်။
“ကြေးပြားလား”
“ကြေးပြားနဲ့ ဟိုမေးခွန်းနဲ့ ဘာဆိုင်လို့လဲဟ”
ဟုတ်သည်။ ဖန်းချင်း၏ ညာဖက်လက်သီးဆုပ်ထဲတွင် ကြေးပြားတစ်ပြားကို ဆုပ်ကိုင်ထားခဲ့ခြင်း ဖြစ်သည်။
ဖန်းချင်းက မျက်နှာဖုံးစွပ်ဝတ်စုံနက်သိုင်းသမားကို ကြည့်လိုက်သည်။
ဝတ်စုံနက်သိုင်းသမား၏ မျက်နှာဖုံးအောက်မှ မျက်လုံးထဲတွင် အပြုံးရိပ်က ပိုထင်ဟပ်လာသည်။
“မင်းမှာ ဆက်ပြောစရာ ရှိသေးလား။ ပြောလို့ရပါတယ်”
ဖန်းချင်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ သူက ဘယ်လက်သီးကို ပြန်ဆုပ်ပြပြီး ပြောသည်။
“အဲဒီ မေးခွန်းကို ထည့်မေးတာက ဒီဘယ်ဖက် လက်သီးဆုပ်လို ဘာမှ မရှိတဲ့ လက်သီးဆုပ်သက်သက် မဟုတ်ဘူး။ အဲဒီ မေးခွန်းကလည်း မေးခွန်းတစ်ခု သက်သက် မဟုတ်ဘူး။ မေးချင်လို့ ထည့်မေးထားတာလည်း မဟုတ်ဘူး။ ညာဘက်လက်သီးဆုပ်ထဲမှာ ကြေးပြားကို ဆုပ်ကိုင်ထားသလိုမျိုး အဲဒီမေးခွန်းထဲမှာလည်း တိကျသေချာတဲ့ တစ်စုံတစ်ခုကို ထည့်ဝှက်ထားတယ်”
မျက်နှာဖုံးစွပ်ဝတ်စုံနက်သိုင်းသမားက ခေါင်းညိတ်လိုက်သည်။
“မဆိုးပါဘူး။ ဒါဆိုရင် မေးခွန်းထဲမှာ ဘာကို ဝှက်ထားတာလဲ”
ဖန်းချင်းက မဖြေပေ။ ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။
“အဲဒါက နောက်ထပ် မေးခွန်းတစ်ခု ဖြစ်သွားပြီ။ ကျွန်တော်က ခုနက မေးခွန်းကိုပဲ ဖြေဖို့ လိုတာ မဟုတ်လား”
“ဟားဟား…၊ ဟုတ်တာပေါ့။ ဟုတ်တာပေါ့”
မျက်နှာဖုံးစွပ်ဝတ်စုံနက်သိုင်းသမားက သဘောကျသွားပြီး ရယ်သည်။
“ကျွန်တော် ကျွန်းပေါ်လိုက်လို့ ရပြီလား”
မျက်နှာဖုံးစွပ်ဝတ်စုံနက်သိုင်းသမားက ခေါင်းညိတ်လိုက်ပြီး လုချွမ်းတို့ဘက်သို့ လက်ဟန်ဖြင့် ညွှန်ပြသည်။
“သူတို့နဲ့ ပူးပေါင်းလိုက်ပါ”
ဖန်းချင်းလည်း အလွန်ပျော်သွားပြီး လုချွမ်းတို့နားသို့ သွားလိုက်ပြီး သုံးယောက်လုံးကို အပြုံးဖြင့် နှုတ်ဆက်ကာ ရပ်နေလိုက်သည်။
ပိုင်ဖေးယိနှင့် လုချွမ်းကလည်း ပြန်ပြုံးပြကြသည်။ ယဲ့ကျုံးကတော့ မျက်လုံးပင် မဖွင့်ဘဲ ရပ်နေခဲ့သည်။
‘တော်တော် အေးစက်တဲ့ လူပဲ’
ဖန်ချင်းက ယဲ့ကျုံးကို ကြည့်ပြီး စိတ်ထဲ တစ်ချက် တွေးလိုက်မိသည်။
သိုင်းသမားလူငယ်များကတော့ ဖန်းချင်း ဖြေသွားသည့် ဖြေပုံဖြေနည်းကို ပြောကုန်ကြသည်။
“အဲဒီလို ဖြေလို့လည်း ရတာလားဟ”
“အေးလေ။ သူ့အဖြေက အဖြေလို့သာ ပြောတယ်။ အဖြေနဲ့လည်း မတူဘူး။ အဲဒီမေးခွန်းက ဘာလို့ ထည့်မေးတာလဲဆိုတာ ဖြေရမှာ မဟုတ်ဘူးလား”
“မင်းကလည်း…၊ သူဖြေသွားတာကလည်း အဲဒီမေးခွန်းကို ဘာလို့ ထည့်မေးထားတယ်ဆိုတာကိုပဲ ဖြေသွားတာပဲလေ။ မင်းကသာ နားမလည်လိုက်တာ။ ဒါမှမဟုတ် မင်း ကြားချင်တဲ့ အဖြေမျိုး မဟုတ်ဖြစ်သွားတာ။ သူ့အဖြေက လက်ခံလို့ရတဲ့ အဖြေပါပဲ။ ဒါကြောင့် ဟိုလူက အသိမှတ်ပြုလိုက်တာပေါ့”
“ရှုပ်နေတာပဲ”
ကျန်းရှီက ဖန်းချင်းကို လှမ်းကြည့်ပြီးနောက် ရှောင်လုံကို ပြန်ကြည့်လိုက်သည်။
နှင်းပန်းကလည်း ရှောင်လုံကို ကြည့်ကာ ပြုံးနေသည်။
“ဟီးဟီး…၊ အဲဒီလို ပြောလို့များ ရမလားဆိုပြီး ပြောကြည့်ခိုင်းလိုက်တာ။ အဆင်ပြေသွားတယ်”
“ရှောင်လုံ ရှောင်လုံ…”
ကျန်းရှီက မျှော်လင့်ချက် မျက်လုံးများဖြင့် ရှောင်လုံအနား တိုးလာသည်။
“ဘာလဲ…၊ မင်းက ဖန်းချင်းထက် ဉာဏ်ကောင်းတာပဲလေ”
“ငါကလား…၊ ငါ အဲဒီ မေးခွန်းကို စဉ်းစားလို့ မရဘူး။ လုပ်စမ်းပါ။ မင်းမှာ နောက်ထပ် ရှိသေးလား”
“ဟီးဟီး…”
ရှောင်လုံက ရယ်ပြီး ခေါင်းညိတ်ပြသည်။
ထိုအခါ ကျန်းရှီလည်း အနားသို့ ပိုတိုးလာသည်။
“ဒီကောင်ကတော့…”
ရှောင်လုံလည်း ရယ်ရင်းနှင့်ပင် ကျန်းရှီကို တီးတိုး ပြောပြလိုက်သည်။
ရှောင်လုံ၏ စကားကို နားထောင်ရင်း ကျန်းရှီ၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်သွားတယ်။ အဆုံးတွင် သူက မအံ့ဩဘဲ မနေနိုင်ဟန်ဖြင့် ရှောင်လုံကို ကြည့်သည်။
“အဲဒီ မေးခွန်းလေးက အဲဒီလောက်တောင် လေးနက်တဲ့ အဓိပ္ပါယ်တွေ ရှိနေတာလား”
“ဖြစ်သင့်တာပဲလေ။ ဒါက လူငယ်တွေကြားက သိုင်းပညာအသိမြင်ဖလှယ်ပွဲပဲဟာ။ ဒီလောက်တော့ လေးနက်သင့်တာပေါ့”
“ဟုတ်တယ်။ ငါ သွားပြောမယ်”
“အင်း…၊ မြန်မြန်သွားပြောလိုက်။ တခြားလူ ဦးသွားမယ်။ ဖန်းချင်းက အဲဒီလို ပြောထားတာဆိုတော့ တချို့လူတွေလည်း အဖြေမှန်ကို တွေးမိနေလောက်ပြီ”
“ဒါဆို ငါသွားပြီ”
ကျန်းရှီလည်း လူကြားထဲသို့ အမြန်တိုးဝင်သွားသည်။ တစ်ဆက်တည်း သူက အော်ပြောသွားသေးသည်။
“ကျွန်တော် ဖြေမယ်။ ကျွန်တော် ဖြေမယ်”
ကျန်းရှီကို ကြည့်ပြီး ရှောင်လုံမှ ရယ်နေမိသည်။
~~မောင်လေးက ဘာပြောပြလိုက်တာလဲ~~
~~ရိုးရိုးလေးပါပဲ။ အဲဒီမေးခွန်းသုံးခုက သိုင်းပညာရဲ့ ရိုးရှင်းတဲ့ မူလပုံစံပေါ်မှာ အခြေခံပြီး မေးထားတာဖြစ်မှာပါ။ အဲဒီလိုသာ တကယ်ဆိုရင် ဒီသိုင်းပညာအသိမြင်ဖလှယ်ပွဲက စိတ်ဝင်စားဖို့ ကောင်းလောက်တယ်။ မဟုတ်ရင်တော့ စိတ်ဝင်စားဖို့ ကောင်းမှာ မဟုတ်ဘူး~~
နှင်းပန်းက ရှောင်လုံစကားကြောင့် တစ်ခုခုကို ရိပ်မိသွားသည်။
~~အဲဒီလိုပေါ့…၊ မမတောင် အဲဒါကို မတွေးလိုက်မိဘူး။ ဟုတ်သားဘဲ။ အဲဒီရည်ရွယ်ချက်နဲ့ အဲဒီလို မေးခွန်းမျိုး မေးတယ်ဆိုရင်တော့ ဒီသိုင်းပညာအသိမြင်ဖလှယ်ပွဲကို စီစဉ်တဲ့ ဝမ်ကောင်လေးက မဆိုးဘူးပြောရမယ်~~
~~ဟုတ်တယ်။ အဲဒီ ဝမ်ကောင်စုတ်လေးက စကားတင် နားထောင်ကောင်းအောင် ပြောတတ်ရုံမကဘူး ဒီလို အစီစဉ်တွေလည်း လုပ်နိုင်တာပဲ~~
~~ခစ်ခစ်…၊ မောင်လေးက အဲဒီ ဝမ်ကောင်လေးကို ဘာလို့ ကောင်စုတ်လေးလို့ ခေါ်နေတာလဲ~~
~~သူ့ပုံစံက ကောင်စုတ်လေးနဲ့ တူတယ်လေ မမရဲ့။ အဖြူရောင်ဝတ်ရုံကြီးနဲ့ လှံလားဘာလား မသိတဲ့ လက်နက်ရှည်ကြီးနဲ့။ လူကဖြင့် ကလေးရုပ်နဲ့။ ဟိတ်ဟန်က ကြီးနေသေး။ သူက ကျွန်တော်ကို သိုင်းရောင်းရင်းတဲ့။ ဟီးဟီး…၊ မိတ်ဆက်တော့လည်း နာမည်ကိုတောင် မပြောဘူး။ မျိုးရိုးနာမည်လောက်ပဲ ပြောသွားတယ်။ အခုလည်း သူ့အရိပ်ကိုတောင် မမြင်ရဘူး မဟုတ်လား။ အရမ်းတွေ လျှို့ဝှက်ပြနေတာ။ တကယ့်ကောင်စုတ်လေးပါပဲ~~
နှင်းပန်းမှာ ရှောင်လုံ၏ စကားကြောင့် ကျိတ်ရယ်နေရတော့သည်။
~~ခစ်ခစ်~~
ထိုအချိန်တွင် ကျန်းရှီက လူများကို ကျော်ဖြတ်ပြီး ကွက်လပ်သို့ ရောက်သွားသည်။ ရောက်သည်နှင့် သူက လက်သီးနှစ်ဖက်ကို မြှောက်ပြလိုက်သည်။
“ဘာလဲဟ။ လက်သီးဆုပ်နဲ့ နောက်တစ်ယောက် လာပြန်ပြီလား”
“အေးလေ။ ဘယ်လက်မှာ ဘာမှ မရှိဘူး။ ညာဘက်မှာ ကြေးပြား။ ဒါမှမဟုတ် လက်သီးထဲမှာ တစ်ခုခု ထည့်ဆုပ်ထားတယ်။ အဲဒါပဲ ပြောမှာ မဟုတ်လား”
“ဟိုကောင် လုပ်သလို လိုက်လုပ်နေတယ်။ အဲဒီလို လိုက်လုပ်လို့ ရမှာတဲ့လား”
လူငယ်သိုင်းသမားများထံမှ တစ်ယောက်တစ်ခွန်းနှင့် ပြောလာကြသည်။
မျက်နှာဖုံးစွပ်ဝတ်စုံနက်သိုင်းသမားက ကျန်းရှီကို ဘာမှ မပြောခဲ့ပါ။ စောင့်ကြည့်ရုံသာ ကြည့်နေခဲ့သည်။
ကျန်းရှီက ဘယ်လက်သီးဆုပ်ကို ဖြေပြလိုက်သည်။
“ဘာမှ မရှိဘူး။ ဒါက လက်သီးဆုပ်သက်သက်ပဲ”
ထို့နောက် ညာလက်သီးဆုပ်ကို မဖြေသေးဘဲ အသာလှုပ်ယမ်းပြသည်။
“ဒီလက်ထဲမှာ ကြေးပြား ရှိတယ်၊ မဟုတ်ရင်လည်း တစ်ခုခု ရှိတယ်လို့ ထင်နေကြတာ မဟုတ်လား”
ကျန်းရှီက လက်သီးဆုပ်ကို ဖြေပြသည်။ လက်ထဲတွင် ဘာမှ မရှိနေပေ။
“ဘာမှ မရှိဘူးလားဟ”
“ဒါဆိုရင် ဟိုမေးခွန်းနဲ့ မကိုက်ညီတော့ဘူးလေ”
“နေဦး…၊ ဆက်ကြည့်လိုက်ဦး။ ငါ တစ်ခုခု ရိပ်မိလိုက်သလိုပဲ”
သိုင်းလူငယ်များက စကားဆက်မပြောကြတော့ဘဲ ကျန်းရှီကို ကြည့်နေကြသည်။
မျက်နှာဖုံးစွပ်သိုင်းသမားက ကျန်းရှီကို ကြည့်နေခဲ့သည်။ သူကလည်း ကျန်းရှီ ဆက်ပြောလာမည့်စကားကို စောင့်ကြည့်နေသည်။
ကျန်းရှီက
“အားလုံး ထင်နေကြတာက ညာလက်ထဲမှာ ကြေးပြား ဒါမှမဟုတ် တစ်ခုခု ရှိနေတယ်လို့ ထင်နေကြတာ မဟုတ်လား။ အဲဒါက ပထမမေးခွန်းရဲ့ ရည်ရွယ်ချက်ပဲ”
ကျန်းရှီက အားလုံးကို လှည့်ပတ်ကြည့်ပြီး ဆက်ပြောသည်။
“ခုနက လက်သီးဆုပ်ထဲမှာ ကြေးပြားထည့်ထားတာကို မြင်ခဲ့ကြလို့ အခုလည်း လက်ထဲမှာ ကြေးပြားရှိလိမ့်မယ်လို့ တွေးလိုက်ကြတယ် မဟုတ်လား။ အဲဒါဟာ စိတ်ရဲ့ တွေးတောစဉ်းစားတတ်တဲ့ ပုံစံပါပဲ”
လူငယ်သိုင်းသမားတစ်ယောက်က ကျန်းရှီ၏ ပြောလိုရင်းကို နားမလည်သဖြင့် စိတ်မရှည်ဟန်ဖြင့် ထမေးသည်။
“အဲဒါက အဲဒီ မေးခွန်းနဲ့ ဘယ်လို ဆက်စပ်နေလဲ”
“ပထမဆုံးမေးခွန်းက သိုင်းကွက်နာမည်ကို မေးထားတယ်။ အားလုံးလိုလိုကလည်း သိုင်းကွက်နာမည်ကိုပဲ စဉ်းစားကြတယ်။ ဒုတိယမေးခွန်း အားသာချက်ဆိုတာနဲ့ တတိယမေးခွန်း အားနည်းချက်ဆိုတာကို ချက်ချင်း မစဉ်းစားဖြစ်ကြဘူး။ ပြောချင်တာက ပထမမေးခွန်းကို ထည့်မေးထားတာက သိုင်းကွက်နာမည်ကို မေးဖို့လိုရင်း မဟုတ်ဘူး။ နောက်မေးခွန်းတွေကို ဆက်မစဉ်းစားဖြစ်အောင် ရှေ့က ကာထားလိုက်တဲ့ လှည့်ကွက်ပဲ”
“အဲဒီလိုကိုး…၊ ဟုတ်သားပဲ။ ငါ့မှာတော့ အဲဒီ သိုင်းကွက်နာမည်ကို စဉ်းစားလိုက်ရတာ။ လက်စသတ်တော့ အဲဒါက လှည့်ကွက်ဖြစ်နေတာကိုး”
“ဟုတ်တယ်ဟ။ ငါဆို အဲဒီသိုင်းကွက်က နာမည်မရှိသေးတဲ့ သိုင်းကွက်မို့ သင့်တော်မယ့် နာမည် ပေးခိုင်းတယ်ထင်ပြီး သိုင်းကွက်နာမည်ပေးဖို့ လိုက်စဉ်းစားနေခဲ့တာ”
သိုင်းလူငယ်များ၏ စကားကို ကြားလျှင် ကျန်းရှီးလည်း ကျိတ်၍ ပြုံးမိသည်။ သူကိုယ်တိုင်လည်း ပထမမေးခွန်း သိုင်းကွက်နာမည်ကို စဉ်းစားရင်းနှင့် အချိန်ကုန်နေခဲ့သည် မဟုတ်ပါလား။
ကျန်းရှီက ဆက်ပြောသည်။
“ဒုတိယမေးခွန်းက သိုင်းကွက်ရဲ့ အားသာချက်ကို မေးတယ်။ အဲဒီသိုင်းကွက်ရဲ့ အားသာချက်က ခံစစ်ဆိုတာ အားလုံး မြင်ခဲ့ပြီးပြီ။ တတိယမေးခွန်းက သိုင်းကွက်ရဲ့ အားနည်းချက်ကို မေးတယ်။ အဲဒီသိုင်းကွက်ရဲ့ အားနည်းချက်က ခံစစ်ကို အသားပေးလွန်းနေတာပါပဲ။ ဒါပေမဲ့ အဲဒါက အစစ်မှန် အားနည်းချက် မဟုတ်ဘူး။ အစစ်မှန်အားနည်းချက်က တန်ပြန်တိုက်စစ် ထုတ်ဖော်ချိန်ပဲ။ အဲဒီအချိန်မှာ အားသာချက်ဖြစ်တဲ့ ခံစစ် မရှိတော့ဘူး။ ဒါကို ခုနက သိုင်းရောင်းရင်း လုချွမ်းက လက်တွေ့ ပြသွားပြီးပါပြီ။ ဒီတော့ ပထမမေးခွန်းက လှည့်ကွက်။ အယောင်ပြထားတဲ့ လှည့်ကွက်။ သိုင်းကွက်တစ်ကွက်မှာ ခံစစ်နဲ့ တိုက်စစ်ပဲ ရှိရတာ မဟုတ်ဘဲလေ။ လှည့်ကွက်လည်း ရှိတယ် မဟုတ်လား”
ကျန်းရှီ၏ ဆုံးသည်နှင့်
“ငါ သိပြီ။ လက်စသတ်တော့ ဒီလိုကိုး။ မေးခွန်းသုံးခုက သိုင်းကွက်တစ်ကွက်ရဲ့ လှည့်စားမှု ပရိယာယ်၊ ခုခံမှုနဲ့ တိုက်ခိုက်မှု သုံးခုလုံးကို ရည်ညွှန်းထားတာပဲဟ။ ဟားဟား…”
“စိတ်ဝင်စားဖို့ ကောင်းတယ်။ အဲဒီလိုဆိုတော့ တော်တော်လေး အဓိပ္ပါယ်ရှိသွားတယ်”
“ဟုတ်တယ်။ ဒီလိုမေးခွန်းကို ဖြေနိုင်တာ အဲဒီတစ်ယောက်က တကယ်မဆိုးဘူး။ သူ့သိုင်းအဆင့်က အလယ်လတ်အဆင့်လောက်ပဲ ရှိသေးပေမဲ့ စဉ်းစားတာကတော့ တကယ်မဆိုးဘူး”
လူအုပ်ထဲမှ အဆင့်မြင့်သိုင်းသမားလူရွယ်များကပါ ပြောဆိုလာကြသည်။
ထို့ကြောင့် ကျန်းရှီမှာ ကျိတ်ပြီး သက်ပြင်းချရင်း ပြုံးနေလိုက်ရသည်။
မျက်နှာဖုံးစွတ်ဝတ်စုံနက်သိုင်းသမားက ခေါင်းတညိတ်ညိတ်နှင့် လက်ခုပ်တီးသည်။
“ကောင်းတယ်။ ကောင်းတယ်။ ဒီမေးခွန်းကို တကယ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့တာပဲ”
“ဖြောင်း ဖြောင်း ဖြောင်း…”
“ကျေးဇူးတင်ပါတယ်”
“ကောင်းပြီ ကောင်လေး၊ ဟိုနားမှာ ခဏ စောင့်နေပေး”
ကျန်းရှီလည်း ဖန်းချင်းနားသို့ သွားကာ ရပ်နေလိုက်သည်။ သူ့မျက်နှာကတော့ ကျေနပ်စွာ ပြုံးနေလေ၏။
ဖန်းချင်းကလည်း ကျန်းရှီကို ကြည့်ပြီး ကျိတ်၍ ပြုံးနေခဲ့သည်။ သူက ဘာမှတော့ မပြောပေ။ ဘာမှလည်း မမေးပေ။ ထိုစကားများက ရှောင်လုံသင်ပေးလိုက်မှန်း သူက သိနေ၍ ဖြစ်သည်။
ထိုစဉ် ဝတ်စုံနက်သိုင်းသမားက ပြောလာသည်။
“ကောင်းပြီ။ အခု နောက်ထပ် နည်းလမ်းတစ်မျိုးနဲ့ စစ်ဆေးကြည့်မယ်။ ခုနကတော့ တခြားလူရဲ့ သိုင်းကွက်ကို ကြည့်ပြီး အားသာချက် အားနည်းချက်ကို ရှာခဲ့တာ။ အဲဒါက တခြားလူရဲ့ သိုင်းကွက်ကို သိအောင် လုပ်ရတာဆိုလည်း ဟုတ်တယ်။ အခုက ကိုယ့်လေ့ကျင့်ထားတဲ့ သိုင်းကွက်ရဲ့ အားသာချက် အားနည်းချက်တွေကို ကိုယ်တိုင် ဘယ်လောက်သိထားလဲဆိုတာ ထုတ်ပြကြည့်ပါ။ ကိုယ့်သိုင်းကွက်ရဲ့ အားသာချက် အားနည်းချက်ကို ကိုယ်တိုင် သိတာက ကိုယ့်ကိုယ်ကိုယ် သိတာနဲ့ တူတယ်။ ‘ပြိုင်ဖက်ကိုလည်း သိမယ်၊ ကိုယ်ကိုယ်ကိုယ်လည်း သိမယ်ဆိုရင် တိုက်ပွဲ အရာ အထောင်လည်း နိုင်နိုင်တယ်’ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား”
သိုင်းလူငယ်တစ်ယောက်က ပြန်မေးသည်။
“အဲဒီလို ထုတ်ပြတာက ကျွန်းပေါ် သွားရတာနဲ့ ဘယ်လို ပတ်သက်လဲ”
ဝတ်စုံနက်သိုင်းသမားက ပြန်ပြောပြသည်။
“ဒီမှာ မျိုးဆက်သစ် သိုင်းလောကလူငယ်တွေ အများကြီး ရှိတယ်။ ဘယ်သူက ကိုယ့်သိုင်းကွက်ကို ကိုယ့်ထက် ပိုသိနိုင်မလဲဆိုတာ စစ်ဆေးကြရမှာပါ။ ကိုယ့်သိုင်းကွက်ရဲ့ ပရိယာယ်၊ အားနည်းချက်နဲ့ အားသာချက်ကို ကိုယ်က သူများထက် ပိုသိနေတယ်ဆိုရင် ကျွန်ပေါ်ကို သွားနိုင်ပါတယ်။ အဲဒီလိုပဲ ရှေ့ထွက် သိုင်းကွက်ပြတဲ့သူထက် အားသာချက် အားနည်းချက်ကို ပိုမြင်နိုင်တဲ့သူရှိရင်လည်း ကျွန်းပေါ်ကို သွားလို့ ရတယ်”
သိုင်းလူရွယ်တစ်ယောက်က တက်ကြွစွာ ပြောသည်။
“ကိုယ့်သိုင်းကွက်ရဲ့ အားသာချက် အားနည်းချက်ကို ကိုယ့်ထက် ဘယ်သူက ပိုသိနိုင်မှာလဲ။ မဟုတ်ဘူးလား”
ဝတ်စုံနက်သိုင်းသမားက ခေါင်းညိတ်ပြသည်။
“စမ်းကြည့်ချင်တယ်ဆို
ရင် ထွက်လာပြီး သိုင်းကွက်ကို ထုတ်ဖော်ပြလို့ ရပါတယ်”
“သိုင်းကွက်ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဖော်ထုတ်ရမှာလား။ ဒါမှမဟုတ် စိတ်ကြိုက် ထုတ်ဖော်ပြရင်ရော ရလား”
“ကိုယ့်သိုင်းကွက်ကို ကိုယ်စိတ်တိုင်းကျ ဖော်ထုတ်ပြလို့ ရပါတယ်။ ရှင်းရှင်းလင်းလင်း ဖြစ်စေ၊ လျှပ်တစ်ပြက် ဖြစ်စေ၊ အစွမ်းကုန်ဖြစ်စေ ကြိုက်သလို ဖော်ထုတ်ပြသနိုင်ပါတယ်”
“ကျွန်တော် လာမယ်”
ခုနက တက်ကြွနေသော သိုင်းသမားလူရွယ်က ရှေ့ထွက်လာသည်။ သူက အနီရောင်ပိုးသား သိုင်းဝတ်စုံနှင့် ဖြစ်သည်။ သူ့တွင် တောက်ပသော မျက်လုံးများရှိပြီး ကျစ်လျစ်သန်မာ၍ သွက်လက် လှုပ်ရှားမှုများ ရှိသည်။ အသက်က နှစ်ဆယ်ခန့်သာ ရှိသေး၏။
ထိုသိုင်းလူရွယ် ရှေ့ထွက်လာသည်နှင့် တချို့လူများ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ကြည့်ရသည်မှာ သူတို့က ထိုလူရွယ်ကို သိကြပုံပင်။
“အားလုံးပဲ ကျွန်တော့်နာမည်က ချန်မင်ပါ”
ချန်မင်ဆိုသူ သိုင်းလူရွယ်က အားလုံးကို သိုင်းလောကယဉ်ကျေးမှုဖြင့် နှုတ်ဆက်သည်။
“သူက တကယ်ပဲ ချန်မိသားစုရဲ့ သခင်လေး ချန်မင်ကိုး။ သူ့ကို မတွေ့ရတာ သုံးနှစ်လောက်ရှိပြီ။ ပြောကြတာက အဲဒီ ချန်မင်က သူ့ဆရာနဲ့အတူ တောင်ပေါ်မှာ သွားလေ့ကျင့်နေခဲ့တာတဲ့။ အခု ပြန်ပေါ်လာတာဆိုတော့ သူကလည်း ဒီပွဲကို စိတ်ဝင်စားတဲ့ပုံပဲ”
တချို့သိုင်းလူငယ်များက ချန်မင်ကို လေးစားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
“ချန်မိသားစုက ဘယ်ကလဲ”
တခြားဒေသမှ ရောက်လာသော သိုင်းလူငယ်တစ်ယောက်က သိချင်ဟန်ဖြင့် မေးသည်။
“ဒီဟန်ကျိုးမှာ ချန်မိသားစုနဲ့ ယန်မိသားစုက နာမည်ကြီး သိုင်းမိသားစုတွေပဲလေ။ ပြိုင်ဘက်ကောင်းတွေဆိုလည်း ဟုတ်တယ်။ သူတို့ မိသားစုနှစ်ခုကြားက သိုင်းပြိုင်ပွဲတွေကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်”
“ဪ…”
မေးသော လူငယ်သိုင်းသမားက သူသိချင်သည်ကို သိလိုက်ရသဖြင့် စိတ်ကျေနပ်သွားသည်။
ထိုအချိန်တွင် ချန်မင်က ခြေလက်များကို တဖျတ်ဖျတ် လှုပ်ရှားပြီး သွေးပူအောင် လုပ်ရင်းနှင့် ကြည့်နေသူများကို ပြောသည်။
“ကျွန်တော့်သိုင်းကွက်ကို ကြည့်ပေးကြပါဦး။ လိုအပ်ချက်တွေကို ထောက်ပြလို့ ရပါတယ်”
ချန်မင်က ပြောရင်း သိုင်းကွက်တစ်ခုကို အားမာန်အပြည့်ဖြင့် လှုပ်ရှားပြလိုက်သည်။
“ဟိတ်…”
“ဝှစ် ဝှစ်…”
“ဟူး…ဟူး…”
ချန်မင်၏ လှုပ်ရှားမှုက လျင်မြန်သည်။ ပေါ့ပါးသည်။ သိုင်းကွက်အစမှ အဆုံးထိ ညက်ညောချောမွေ့စွာ ထွက်ပေါ်လာသည်။
“ဒါက…၊ ချန်မိသားစုရဲ့ သိုင်းက ပျော့ပျောင်းသိမ်မွေ့မှုမှာ နာမည်ကြီးတာပါ။ ဒါပေမဲ့ အခု သူ ထုတ်ပြတဲ့ သိုင်းက ပျော့ပျောင်းသိမ်မွေ့မှုကို မမြရသလောက်ပဲ”
“ဟုတ်တယ်။ သူ ဖော်ထုတ်လိုက်တာက ချန်မိသားစု သိုင်းတော့ ဟုတ်နေတယ်”
ချန်မင်က သူ့သိုင်းကွက်ကို ဖော်ထုတ်ပြပြီး အားလုံးကို ခပ်ပြုံးပြုံးနှင့် ကြည့်လိုက်သည်။
“အားလုံးပဲ၊ လိုအပ်ချက်ကို သုံးသပ်ထောက်ပြပေးကြပါဦး”
ကြည့်နေကြသူများလည်း တစ်ခုခု ပြောနိုင်ရန် ချန်မင်၏ သိုင်းကွက်ကို ပြန်စဉ်းစားကြည့်နေကြသည်။ ချန်မင်၏ လှုပ်ရှားမှုက အလွန်လျင်မြန်ပြီး ညက်ညောနေသဖြင့် ပြန်စဉ်းစား၍ ပုံဖော်ကာ လိုအပ်ချက်ကို ရှာဖွေနေကြသည်။ သို့မဟုတ် အားသာချက်နှင့် အားနည်းချက်ကို ရှာဖွေနေကြသည်။ သူတို့ထဲက တစ်ယောက်ယောက်က သိုင်းကွက်၏ အားသာချက်အားနည်းချက်ကို ချန်မင်ထက် ပိုမြင်နိုင်လျှင် ကျွန်းပေါ်သို့ သွားရမည် မဟုတ်ပါလား။
အကယ်၍ သူတို့သာ ချန်မင်ထက် ပိုသိမြင်ခဲ့လျှင် ဟန်ကျိုးမြို့၏ လူငယ်ပါရမီရှင်ဆိုသူထက်လည်း ပိုသာသွားမည် မဟုတ်ပါလား။
“ဟားဟား…၊ ညီလေးချန်မင်၊ တောင်ပေါ်က ပြန်ဆင်းလာတာဝောာင် ဒီအစ်ကိုကြီးကို အသိပေးဖော် မရဘူးနော်။ ဒီအစ်ကိုကြီးသာ သိရင် ညီလေးကို ကြိုဆိုဖို့ စားသောက်ပွဲလေး ကျင်းပပေးမှာပေါ့။ တောင်ပေါ်မှာ ပင်ပန်းခဲ့တာတွေအတွက် ဆိုပါတော့”
စကားသံနှင့်အတူ အနက်ရောင်ပိုးသားသိုင်းဝတ်စုံနှင့် လူရွယ်တစ်ယောက် ရှေ့ထွက်လာသည်။ သူကလည်း အသက်နှစ်ဆယ်ခန့်သာ ရှိသေးသည်။ သို့သော် ကိုယ်လုံးကိုယ်ပေါက်နှင့် အရပ်မောင်းက အတော်မြင့်သည်။ ချန်မင်နှင့် ယှဉ်လျှင် အစ်ကိုကြီးနှင့် ညီလေးလို ဖြစ်နေသည်။
ချန်မင်က ထိုလူရွယ်ကို မြင်လျှင် ကြည်လင်တောက်ပနေသော သူ့မျက်လုံးများက သုန်မုန်သွားသည်။ သူ့မျက်နှာပေါ်က အပြုံးများလည်း ပျောက်ကွယ်သွားသည်။
ချန်မင်က ထိုဝတ်စုံနက်နှင့် သိုင်းလူရွယ်ကို စူးစူးရဲရဲ ကြည့်နေခဲ့သည်။
“ယန်ကျန်း…၊ ဘယ်သူက မင်းရဲ့ ညီလေးလဲ။ မင်းကရော ဘယ်သူ့ အစ်ကိုကြီးလဲ။ ငါ့ကို အဲဒီလို ပုံစံနဲ့ လာမပြောစမ်းနဲ့”
အခန်း(၃၂၁)ပြီး
***