ရှောင်လုံ၊ နှင်းပန်းနှင့် နာရာကီလေယာတို့ကလည်း ချန်မင်နှင့် ယန်ကျန်းကို လှမ်းကြည့်နေကြသည်။
~~မမ…၊ အဲဒီ ချန်မင်ရဲ့ သိုင်းကွက်က မဆိုးဘူးနော်~~
~~ဟုတ်တယ်၊ မဆိုးဘူး။ အလှည့်အပြောင်းလေးတွေက တကယ် ပြေပြစ်ချောမွေ့တယ်။ ကြည့်ရတာ သူက အဲဒီအပိုင်းကို အလေးထားပုံရတယ်~~
~~ဟုတ်တယ်။ ကျွန်တော်လည်း အဲဒါကို သတိထားမိတယ်။ သူ့ပုံစံကလည်း သွက်လက်တဲ့ ပုံစံဆိုတော့ သူ့သိုင်းကွက်ကို သူနဲ့လိုက်ဖက်အောင် အမြန်နှုန်းတစ်ခု ရလာအောင်လို့ အလှည့်အပြောင်းကို ချောမွေ့နေအောင် ဂရုစိုက်ထားတာ ဖြစ်မယ်~~
ရှောင်လုံနှင့် နှင်းပန်းက ချန်မင်၏ သိုင်းကွက်ကို သုံးသပ်နေကြရင်း ယန်ကျန်း၏ လှုပ်ရှားမှုကိုလည်း စောင့်ကြည့်နေကြသည်။
~~မမ…၊ အဲဒီ ချန်မင်နဲ့ ယန်ကျန်းကို ကြည့်ရတာ ပြိုင်ဘက်တွေလိုပဲနော်~~
~~ဟုတ်လောက်တယ်။ ဒီဟန်ကျိုးမြို့က စီးပွားရေးအရရော စစ်ရေးအရပါ အချက်အချာကျတဲ့ မြို့လေ။ လူဦးရေလည်း များတယ်။ မြို့ပြအနေထားကလည်း မောင်လေး မြင်တဲ့အတိုင်းပဲ တော်တော် ထွန်းကားတဲ့ မြို့ကြီးတစ်မြို့ လေ။ အကျဉ်းသားတွေကို ဒီဟန်ကျိုးမှာ လာစီရင်တာကိုပဲ ကြည့်ပေါ့~~
~~ဟုတ်တယ်နော် မမ~~
~~ဒီဟန်ကျိုးမှာ တောင်နဲ့မြစ် လက်သီးသိုင်းသင်တန်းကျောင်းလိုမျိုးလည်း ရှိသလို ရှောင်လင်ကျောင်းရဲ့ သိုင်းအမွေခံ သိုင်းကျောင်းတော်လည်း ရှိတယ်တဲ့။ ပြီးတော့ အဲဒီ ချန်မင်နဲ့ ယန်ကျန်းတို့ရဲ့ နောက်ခံမိသားစုတွေကလည်း ဒီဟန်ကျိုးမှာ ထင်ရှားတဲ့ သိုင်းမိသားစုတွေပဲ။ ဒီတော့ မိသားစုတွေကြားက ပြိုင်ဆိုင်မှုတွေ ရှိတာက ပုံမှန်ပဲပေါ့~~
~~ဟုတ်တယ်နော် မမ၊ သူတို့ကို ကြည့်ရတာ အပြန်အလှန် နားလည်နေတဲ့ ပြိုင်ဘက်တွေနဲ့ တူတယ်။ အဲဒီ ကျန်းမင်က ချန်မင်ရဲ့ သိုင်းကွက်တွေကို နားလည်နေပုံပဲ~~
~~ဟုတ်တယ်။ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန်နားလည်မှုက မိတ်ဆွေတွေကြားမှာပဲ ရှိတတ်တာ မဟုတ်ဘူး။ ပြိုင်ဘက်တွေကြားမှာလည်း ရှိတယ်။ ရန်သူတွေကြားမှာလည်း ရှိတယ်~~
နှင်းပန်း၏ စကားကြောင့် ရှောင်လုံက ချန်မင်နှင့် ယန်ကျန်းကို ကြည့်မိသည်။ အပြန်အလှန်နားလည်နေကြသော ပြိုင်ဘက်များ။ သူလည်း ထိုကဲ့သို့ ပြိုင်ဘက်ကောင်းမျိုး လိုချင်မိသည်။
~~ဒီဟန်ကျိုးမှာက အဲဒီလို အားကောင်းတဲ့ သိုင်းလောက အင်အားစုတွေအပြင် စီးပွားရေး လုပ်ငန်းရှင် သူဌေးသူကြွယ်တွေလည်း ပေါတယ်။ အာမခံဌာနမှူးကျိုးလို ပုဂ္ဂိုလ်မျိုးကတောင် ဒီဟန်ကျိုးမှာ လုပ်ငန်းရှင် သူဌေးသူကြွယ်စာရင်းထဲ မပါသေးဘူး။ တကယ်ကို ချမ်းသာကြွယ်ဝတဲ့ သူကြွယ်မိသားစုတွေ ရှိတယ်။ အာမခံဌာနမှူးကျိုးက အဲဒီ မိသားစုတွေနဲ့ လက်တွဲပြီး အာမခံပိုးဆောင်ရေး လုပ်နေတဲ့ လုပ်ငန်းလေးတစ်ခုထက် မပိုဘူး~~
~~ဝါး…၊ အဲဒီလောက်အထိ ချမ်းသာကြတာလား မမ။ ဒါဆို သူတို့မှာ ငွေတုံးတွေ အများကြီး ရှိမှာပဲနော်~~
~~ခစ်ခစ်...၊ သူဌေးသူကြွယ်တွေပဲလေ ငွေတုံးတွေ ပေါတာက သာမန်ပဲပေါ့။ သူတို့အတွက် ငွေတုံးတွေက တန်ဖိုးမရှိဘူးလို့တောင် သတ်မှတ်နေမလား မသိဘူး~~
ရှောင်လုံက နားမလည်ဟန်ဖြင့် ခေါင်းကုတ်သည်။ ခုနကလည်း ငွေတုံးများကို အမှိုက်ဟု ပြောနေခဲ့သော သိုင်းလူငယ်တစ်ဖွဲ့ကို တွေ့ခဲ့သေးသည် မဟုတ်ပါလား။
~~ဘာဖြစ်လို့ သူဌေးသူကြွယ်တွေက ငွေတုံးကို အမှိုက်လို ထင်နေကြတာလဲ~~
~~သူတို့ဆီမှာ အများကြီး ရှိလို့ နေမှာပေါ့။ ဒါမှမဟုတ်လည်း ငွေတုံးထက် တန်ဖိုးကြီးတဲ့ ရတနာတွေကို ပိုသဘောကျလို့ နေမှာပေါ့~~
~~အဲဒီလို ရတနာလည်း ရှိတာလား မမ~~
~~ရှိတာပေါ့ မောင်လေးရဲ့။ အသက်က ငွေထက် တန်ဖိုးရှိတယ်။ တချို့လူတွေကတော့ ရတနာကို ရဖို့ အသက်သေမှာကိုတောင် ဂရုမစိုက်ကြတာမျိုးတွေ ရှိတယ်။ ရတနာက သူတို့အတွက် အသက်ထက်တောင် တန်ဖိုးရှိလို့ နေမယ်~~
နှင်းပန်း၏ စကားကို ရှောင်လုံက တွေးနေခဲ့သည်။
~~ဒီဟန်ကျိုးမှာ အဲဒီလို သူဌေးသူကြွယ်တွေ ရှိသလို စစ်ဘက်ဆိုင်ရာ အစဉ်လာကြီးတဲ့ မိသားစုတွေလည်း ရှိတယ်။ စစ်ဘက်ဆိုင်ရာ အစဉ်လာကြီးတဲ့ စစ်ပညာရှင် ယွဲ့မိသားစုနဲ့ စစ်သည်တော် ချီးမိသားစုလည်း ဒီဟန်ကျိုးမြို့မှာ ရှိတယ်~~
ယွဲ့မိသားစုဆိုသည်ကား သမိုင်းထဲတွင် ထင်ရှားကျော်ကြားခဲ့တဲ့ စစ်ပညာရှိ ယွဲ့ဖေး၏ မျိုးဆက် ဖြစ်သည်။ ယွဲ့မိသားစုက စစ်ရေးစစ်ရာ စစ်ဗျူဟာ စစ်ပညာရှင်များ ပေါ်ထွက်သည့် မိသားစုလည်း ဖြစ်သည်။ ဟန်ကျိုးမြို့၏ စစ်အင်အားသည်လည်း ထိုယွဲ့မိသားစု ရှိနေ၍ ပိုအားကောင်းနေခဲ့သည်ဟုပင် ဆိုရပေမည်။
အခြားတစ်ဖက်တွင် ချီးမိသားစုကား စစ်တိုက်အလွန်တော်ပြီး စစ်မျက်နှာစာတွင် ရဲစွမ်းသတ္တိနှင့် လက်ရုံးရည်နှလုံးရည် ပြည့်ဝသော စစ်သည်တော်မိသားစု ဖြစ်သည်။
ရှောင်လုံက စစ်ရေးစစ်ရာများ စစ်ပွဲများကို စိတ်မဝင်စားသော်လည်း သူ့မမ ပြောပြနေသဖြင့် နားထောင်ကာ မှတ်သားထားလိုက်သည်။
ရှောင်လုံနှင့် နှင်းပန်းတို့ လျှို့ဝှက်အသံဖြင့် ပြောဆိုနေကြစဉ်မှာပင် ယန်ကျန်းက ကွက်လပ်သို့ ထွက်လာပြီး ချန်မင်ကို လှည့်ပတ်ကာ လျှောက်နေခဲ့သည်။ သူက ချန်မင် ဖော်ထုတ်ပြခဲ့သော သိုင်းကွက်ကို ဆင်ခြင်သုံးသပ်နေပုံပင်။
အားလုံးကလည်း ချန်မိသားစုမှ ချန်မင်နှင့် ယန်မိသားစုမှ ယန်ကျန်းတို့ ထိပ်တိုက်တွေ့နေကြသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
ယန်ကျန်းက လှည့်ပတ်လျှောက်ရင်း ချန်မင်၏ ခက်ထန်နေပုံကို ကြည့်ပြီး ပြုံးသည်။
“ညီလေးချန်မင်၊ တောင်ပေါ်မှာ သွားလေ့ကျင့်တာက သိုင်းပညာပဲ တိုးတက်လာတာ မဟုတ်ဘူးပဲ၊ စိတ်ကလည်း ပိုကြီးလာတယ်။ ဟားဟား”
ချန်မင်က ယန်ကျန်းကို အဖက်မလုပ်နေတော့ဘဲ တစ်ဖက်သို့ လှည့်သွားတော့သည်။ စကားလုံးများဖြင့် ပြောဆိုနေရမှာကို သူက ဆက်မလုပ်ချင်ပုံပင်။
ယန်ကျန်းကလည်း အသာပြုံးလိုက်ပြီး ဆက်မပြောတော့ပေ။ ထိုအစား သူက ချန်မင်၏ သိုင်းကွက်ကိုသာ သုံးသပ်နေသည်။ တခြားလူများအတွက် ချန်မင်၏ သိုင်းကွက်က အလွန်လျင်မြန်ပြီး အပြောင်းအလဲ ညက်ညောနေသဖြင့် အားသာချက်အားနည်းချက်ကို မြင်နိုင်ရန် ခက်သော်လည်း ယန်ကျန်းအတွက်ကတော့ မခက်ပေ။ ယန်မိသားစုနှင့် ချန်မိသားစုက ပြိုင်ဘက်များ မဟုတ်ပါလား၊ နှစ်ပေါင်းများစွာ ယှဉ်ပြိုင်လာခဲ့ပြီး မိသားစုနှစ်ခုကြားက သိုင်းပြိုင်ပွဲများစွာကို ကျင်းပခဲ့ဖူးသည် မဟုတ်ပါလား။
ထို့ကြောင့် ချန်မိသားစု၏ သိုင်းပညာကို ယန်မိသားစုက သိသလို ယန်မိသားစု၏ သိုင်းပညာကိုလည်း ချန်မိသားစုက နားလည်သည်။ မိသားစု ခေါင်းဆောင်များ၏ လက်ထဲက ဝှက်ဖဲများက လွဲလျှင် လူငယ်မျိုးဆက်များကြားက သိုင်းကွက်များကိုကား မိသားစုနှစ်ခုလုံးက အပြန်အလှန် နားလည်ထားကြသည်။
ယန်ကျန်းက စဉ်းစားပြီးနောက် ချန်မင်၏ သိုင်းကွက်ကို နားလည်သွားဟန်ဖြင့် ပြုံးလိုက်သည်။ ထို့နောက် သူက သိုင်းလောကလူငယ်သိုင်းသမားများကို လှည့်ပတ်ကြည့်လိုက်သည်။
“ညီလေးချန်မင်ရဲ့ သိုင်းကွက်ကို တစ်ယောက်ယောက် သုံးသပ်ချင်လား”
အားလုံးက တိတ်တဆိတ်သာ ကြည့်နေလိုက်ကြသည်။ တချို့က အသာခေါင်းခါပြသည်။ သူတို့က ချန်မင်နှင့် ယန်ကျန်း၏ ပြိုင်ဆိုင်မှုကို ပိုကြည့်ချင်နေကြသည်။
မည်သူမှ မသုံးသပ်ချင်မှန်း သိလျှင် ယန်ကျန်းက ချန်မင်ကို လှမ်းပြောသည်။
“ညီလေးချန်မင်ရဲ့ အဲဒီ တစ်ကွက်ကို ဒီအစ်ကိုကြီး မြင်သလောက်လေး ပြောကြည့်လို့ ရလား။ ညီလေးချန်မင်ကို ကျော်နင်းပြီး တက်လှမ်းမိသလို ဖြစ်သွားမှာလည်း စိုးတယ်”
“အဟမ့်…၊ ဘယ်သူက ဂရုစိုက်နေလို့လဲ။ တကယ်မြင်ရင် အခု ပြောလိုက်လေ။ မင်းကပဲ ကျော်နင်းပြီး တက်လှမ်းနိုင်မလား၊ ငါကပဲ မင်းအရှေ့မှာ ရောက်နေမလား သိရတာပေါ့”
ချန်မင်ကလည်း သူ့ကိုယ်သူ ယုံကြည်မှုဖြင့် ပြန်ပြောသည်။ သူ၏ ထိုသိုင်းကွက်က တောင်ပေါ်တွင် သုံးနှစ်တာ လေ့ကျင့်မှု၏ ရလဒ်ဖြစ်၍ ယခင်ကနှင့် မတူပေ။ ၎င်းကို သူကိုယ်တိုင် ကောင်းစွာ သိထားသည်။
ယန်ကျန်းက ချန်မင်ကို တစ်ချက်စိုက်ကြည့်ပြီး ထပ်ပြောသည်။
“တကယ်တော့ ဒီအစ်ကိုကြီးက ညီလေးချန်မင်ကို ကျော်နင်းပြီး တက်လှမ်းချင်တာ မဟုတ်ပါဘူး။ တောင်ပေါ်မှာ သုံးနှစ်လောက် အပင်ပန်းခံပြီး လေ့ကျင့်ထားတဲ့ ရလာဘ်လေးကို ကျေနပ်ဂုဏ်ယူဖို့ အချိန်လေးတစ်ခု ပေးချင်ပါတယ်။ ဒါပေမဲ့ ညီလေးချန်မင်က ဒီအစ်ကိုကြီးဆီက လေ့လာသင်ယူချင်နေတာဆိုတော့ သင်ပြပေးပါ့မယ်။ သုံးနှစ်လောက် လေ့ကျင့်ထားတာတောင် ညီလေးချန်မင်ရဲ့သိုင်းကွက်တွေက ဒီအစ်ကိုကြီးရဲ့ အမြင်ကို မကျော်နိုင်ပါလားဆိုပြီး ဝမ်းနည်းသွားမှာလည်း စိုးတယ်။ ဝမ်းနည်းပြီး ငိုချရင် ဒီအစ်ကိုကြီးက ပြန်မချော့တတ်ဘူးနော်။ ဟားဟား…”
ယန်ကျန်းက စနှောက်ရင်း ကွက်လပ်အလယ်တွင် နေရာယူသည်။ ထို့နောက်သူက သိုင်းကွက်တစ်ကွက်ကို ဖြည်းညင်းစွာ လှုပ်ရှားပြသည်။
“ဒီလိုလေး စမယ်၊ ပြီးတော့ ဒီနေရာကနေ ဒီနေရာကို ဒီလို အလှည့်အပြောင်း လုပ်မယ်။ အလှည့်အပြောင်း ပြေပြစ်ညက်ညောသွားအောင် အားကို လျှော့ပြီး ပေါ့ပါးလျင်မြန်စေမယ်၊ ဟောဒီနေရာရောက်မှ အားကို ပြန်မြှင့်မယ်၊ ပြီးတော့တစ်ခါ ဟောဒီလိုလေး တိုးသာဆုတ်သာ ဖြစ်အောင် အဆုံးသတ်မယ်”
ယန်ကျန်းက သိုင်းကွက်ကို လှုပ်ရှားပြရင်း သိုင်းကွက်၏ အလှည့်အပြောင်းများကိုလည်း တစ်ခုချင်း ပြောပြသွားသည်။
“ဒါက…”
ကြည့်နေကြသော လူငယ်သိုင်းသမားတချို့ထံမှ အံဩသံများ ထွက်လာသည်။ အဘယ်ကြောင့်ဆိုသော် ယန်ကျန်းလှုပ်ရှားပြသော ထိုသိုင်းကွက်က ခုနက ချန်မင် အရှိန်အဟုန်ဖြင့် အမြန်လှုပ်ရှားပြခဲ့သော သိုင်းကွက် ဖြစ်နေ၍ပင်။
ယန်ကျန်းက သိုင်းကွက်ကို လှုပ်ရှားပြပြီးနောက် ချန်မင်ကို ကြည့်၍ ပြုံးပြသည်။
“မဆိုးဘူး၊ မဆိုးဘူး။ အရင်ကထက် အများကြီး ချောမွေ့လာတယ်။ ခွန်အားနဲ့ အမြန်နှုန်းကို အဆင်ပြေပြေ ပေါင်းစပ်ထားနိုင်တယ်။ အရင်ကထက် အများကြီး ပိုတိုးတက်လာတယ်”
ယန်ကျန်းက ချန်မင်ကို ချီးမွမ်းပြောဆိုရင်း ပြုံးစစနှင့် ကြည့်နေခဲ့သည်။
ချန်မင်မှာတော့ အလွန်ခံရခက်နေဟန်ဖြင့် မပြုံးနိုင်မရယ်နိုင် ဖြစ်နေခဲ့သည်။ သူ၏ သိုင်းကွက်ကို ယန်ကျန်းက ပါးစပ်နှင့် မပြောနေဘဲ လက်တွေ့ သရုပ်ပြ၍ အားသာချက် အားတည်းချက်များကို ဖော်ထုတ်ပြလိုက်ခြင်း ဖြစ်နေ၍ပင်။ သူ၏ ထိုသိုင်းကွက်ကို ယန်ကျန်းက ထိုမျှအထိ ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည့်အပေါ် ချန်မင်တစ်ယောက် အလွန်ခံရခက်နေခဲ့သည်။
သူ့ကို ကျော်နင်း၍ တက်လှမ်းသွားခဲ့သည့်အတွက်လည်း မခံချင် ဖြစ်နေသည်။
“ဖြောင်းဖြောင်းဖြောင်း…”
“အရမ်းကောင်းတယ် သခင်လေးယန်”
“သခင်လေးယန်ရဲ့ အမြင်က တကယ်စူးရှတယ်။ တစ်ချက်ကြည့်ရုံနဲ့ သိုင်းကွက်ရဲ့ အားသားချက်အားနည်းချက်ကို မြင်နိုင်တယ်”
“အဲဒါကို ချက်ချင်း လက်တွေ့ ထုတ်ဖော်ပြနိုင်တာကလည်း တကယ်ချီးကျူးဖို့ကောင်းတယ်”
ယန်ကျန်းဘက်မှ အပေါင်းဖော်များက လက်ခုပ်တီး၍ အားပေးပြောဆိုကြရင်း ချန်မင်ဘက်မှ အပေါင်းပါများကို အသာယူပြကြသည်။
“မင်းတို့ ယန်အိမ်က သခင်လေးကလည်း သတ္တိရှိရင် သိုင်းကွက်ထုတ်ပြလိုက်လေ။ ငါတို့ သခင်လေးချန်က မမြင်နိုင်ဘူး ထင်နေတာလား”
သခင်လေးနှစ်ယောက်၏ ယှဉ်ပြိုင်မှုက နောက်လိုက်များကြား အားပြိုင်မှု ဆက်ဖြစ်သွား၍ အခြေနေက စည်ကားလာသည်။
ယန်ကျန်းက ချန်မင်ကို ကြည့်၍ ပြုံးစစနှင့် ပြောသည်။
“ညီလေးချန်မင်ရော…၊ ဒီအစ်ကိုကြီးရဲ့ သိုင်းကွက်အသစ်အဆန်းလေးကို မကြည့်ချင်ဘူးလား။ ညီလေးချန်မင် တောင်ပေါ်သွားလေ့ကျင့်နေတော့ ဒီအစ်ကိုကြီးလည်း ဒီအတိုင်းနေရတာ ပျင်းပျင်းရှိတာနဲ့ သိုင်းကွက်လေး နည်းနည်း လေ့ကျင့်ထားမိတယ်။ တိုးတက်မှုကတော့ သိပ်မရှိပါဘူး”
“ကျန်းမင်…၊ ဟမ့်…၊ နေ့မနား ညမနား လေ့ကျင့်နေခဲ့တယ်ဆိုတာကို ဘာလို့ အမှန်တိုင်း မပြောရဲတာလဲ။ ဘာလဲ အဒီလောက် ကြိုစားလေ့ကျင့်ထားလျက်သားနဲ့ ဒီသခင်လေးက တစ်ချက်ကြည့်ရုံနဲ့ နားလည်သွားရင် အရှက်ရနေမှာ စိုးရိမ်နေတာလား။ မိန်းမငယ်လေးလို အရှက်ပိုမနေစမ်းပါနဲ့။ လာပါ မင်းရဲ့ သိုင်းကွက်ကို ထုတ်ပြလိုက်။ ဒီသခင်လေးက ကြည့်ပေးမယ်။ ဟားဟား…”
ချန်မင် ပြောလိုက်သော မိန်းမငယ်လေးလို အရှက်ပိုမနေစမ်းနှင့်ဟူသော စကားကို ကြားလျှင် ကျန်းမင်၏ မျက်နှာပေါ်က အပြုံးများ ပျောက်ကွယ်သွားသည်။
သူတို့က တစ်ယောက်၏ သိုင်းပညာကို တစ်ယောက်က နားလည်သလို တစ်ယောက်၏ အပြုံးကို ပျောက်သွားစေနိုင်သည် စကားလုံးများကိုလည်း သိနေကြပုံရသည်။
“ဟားဟား…”
ကျန်းမင်၏ မျက်နှာ တည်သွားသည်ကို ကြည့်ပြီး ချန်မင်က ရယ်ရင်း လက်ပိုက်၍ ရပ်ကြည့်နေလိုက်သည်။
“မင်းရဲ့ မျက်လုံးတွေနဲ့ သေချာကြည့်ထားလိုက်”
ကျန်းမင်က ပြောပြီးသည်နှင့် သိုင်းကွက်တစ်ခုကို လျှပ်တစ်ပြက် လှုပ်ရှားပြသည်။
“ဟိတ်…”
“ဟူး…ဟူး…”
“ဝှိ ဝှစ်…”
အဆင့်မြင့်သိုင်းသမားတစ်ယောက်၏ အတွင်းအားအရှိန်အဟုန်နှင့်အတူ လေထဲတွင် ခြေရိပ်လက်ရိပ်များ တရိပ်ရိပ် ထွက်ပေါ်လာသည်။
လျင်မြန်သည်။ အားမာန်ပါသည်။ ပြင်းထန်သည်။
“အဲဒါ ယန်မိသားစုရဲ့ သိုင်းပဲ။ လျင်မြန်တယ်။ ပြင်းထန်တယ်။ မာကျောတဲ့ဘက် ရောက်တယ်”
“ချန်နဲ့ ယန် မိသားစုနှစ်ခုက ဘာလို့ ပြိုင်ဘက်တွေ ဖြစ်နေလဲဆိုတာ သူတို့ သိုင်းပညာမှာ ဖော်ပြနေတာပဲ။ ချန်မိသားစုက ပြေပြစ်မှုနဲ့ ပျော့ပြောင်းမှုကို အလေးထားတယ်။ ယန်မိသားစုက အရှိန်အဟုန်၊ လျင်မြန်မှုနဲ့ မာကျောမှုကို အလေးထားတယ်”
“ဟုတ်တယ်။ သိုင်းပညာခံယူချက်တွေက တစ်ဘက်စီဖြစ်နေတော့ ပြိင်ဘက်တွေ ဖြစ်နေကြတာ မဆန်းတော့ဘူး”
ချန်မိသားစုနှင့် ယန်မိသားစုအကြောင်း သိထားသူများက ပြောဆိုသုံးသပ်နေသလို မသိဖူးသူများကလည်း နားထောင်ပြီး ယန်ကျန်း၏ သိုင်းကွက်ကို ကြည့်ရှုသုံးသပ်နေကြသည်။
ယန်ကျန်းက သူ့သိုင်းကွက်ကို အဆုံးသတ်လိုက်သည်။ ထိုနောက် သိုင်းလူငယ်များဘက်သို့ သိုင်းလောကထုံးစံဖြင့် လေးစားမှုကို ဖော်ပြသည်။
“အားလုံးပဲ…၊ ကျွန်တော် ယန်ကျန်းရဲ့ သိုင်းကွက်လေးကို အကဲခတ်သုံးသပ်ပေးကြပါဦး”
ယန်ကျန်းက သိုင်းလူငယ်များကို ပြောပြီးနောက် ချန်မင်ကို အပြုံးဖြင့် လှည့်ကြည့်သည်။
“ဘယ်လိုလဲ ညီလေးချန်မင်၊ ဒီအစ်ကိုကြီး နောက်တစ်ခေါက် ထပ်ပြပေးဖို့ လိုသေးလား”
“ဟမ့်…၊ ဒါက ဘာလဲ။ ငါ စဉ်းစားနေတာကို နှောက်ယှက်ချင်လို့လား”
“မင်း…”
ချန်မင်၏ စကားက သူစဉ်းစားနေသည်ကို စကားလုံးများဖြင့် လာနှောက်ယှက်နေခြင်းက မိန်းမဉာဏ်နှင့် တူသည်ဟု ပြောလိုက်သကဲ့သို့ ဖြစ်၍ ယန်ကျန်းမှာ စကားဆက်မပြောနိုင်တော့ဘဲ မျက်နှာကြီး တည်တင်းလျက် မျက်လုံးပြူးကာ ကြည့်နေခဲ့သည်။
ချန်မင်ကတော့ ဂရုမစိုက်နေတော့ဘဲ မျက်လုံးကို အသာမှိတ်၍ ယန်ကျန်း၏ သိုင်းကွက်ကိုသာ ဆင်ခြင်သုံးသပ်နေလိုက်သည်။
ရှောင်လုံက နာရာကီလေယာကို လှည့်ကြည့်ကာ မေးကြည့်သည်။
“နင်ရော…၊ ဘယ်လို မြင်လဲ။ တစ်ခုခု မြင်နိုင်လား။ ဒီလို သိုင်းကွက်တွေကို လေ့လာပြီး သုံးသပ်ဆင်ခြင်တာက မဆိုးဘူး မဟုတ်လား”
နာရာကီလေယာက ခေါင်းကုတ်၍ ရယ်သည်။
“ခစ်ခစ်…၊ ညီမက ဘာမှ သိပ်မမြင်ပါဘူး ရှောင်အစ်ကို။ တစ်ခု နှစ်ခုလောက်ပဲ မြင်တာပါ”
နှင်းပန်းကလည်း နာရာကီလေယာကို လှည့်ကြည့်သည်။ ထိုမိန်းကလေးက ရှောင်လုံအနောက်တွင်သာ တစ်ချိန်လုံး ရပ်နေသည် မဟုတ်ပါလား။ အားလုံးက လူငယ်သိုင်းသမားများကြားက သိုင်းပညာ ဖော်ထုတ်ပြသနေမှုကို စိတ်ဝင်တစား စောင့်ကြည့်ကာ လေ့လာသုံးသပ်နေကြသော်လည်း ထိုမိန်းကလေးကတော့ ရှောင်လုံ၏ နောက်တွင်သာ ရပ်နေခဲ့သည်။
အမှန်တကယ်တွင်လည်း နာရာကီလေယာက ဟန်ကျိုးသို့ လာခဲ့ခြင်းမှာ ရှောင်လုံကို ရှာရန်သာ ဖြစ်သည်။
“တစ်ခုနှစ်ခုလောက် သိနိုင်တာလည်း မဆိုးပါဘူး။ နင် ဘာသိလိုက်လဲဆိုတာ ပြောကြည့်လေ”
နာရာကီလေယာက ယန်ကျန်းကို လှမ်းကြည့်ကာ ပြောသည်။
“သူ့လှုပ်ရှားမှုတွေကို ကြည့်ပြီး လှုပ်ရှားနေတဲ့ ပစ်မှတ်လို့ သိတယ်။ အခုဆိုရင်တော့ ငြိမ်နေတဲ့ ပစ်မှတ်ပေါ့။ လှုပ်ရှားလာနိုင်တဲ့ ပစ်မှတ်အနေနဲ့လည်း သိတယ်။ ညီမ အဲဒါပဲ သိပါတယ် ရှောင်အစ်ကို”
နာရာကီလေယာ၏ စကားကြောင့် နှင်းပန်းရော ရှောင်လုံရောက နာရာကီလေယာ၏ နောက်ကျောက လောက်လေးကို ကြည့်လိုက်မိကြသည်။
နာရာကီလေယာကား သိုင်းသမား မဟုတ်ပေ။ လေးသမား ဖြစ်နေသည် မဟုတ်ပါလား။
“နင့် လောက်လေးပညာက ဘယ်လိုနေလဲ။ ဂိုဏ်းချုပ်ကတော်ရဲ့ လောက်လေးပညာကတော့ တကယ်ကောင်းတယ်”
“ညီမက မေမေ့လောက်တော့ မရသေးပါဘူး။ ဒါကြောင့် သိုင်းလောကထဲ လာခဲ့တာ။ သိုင်းလောကအတွေ့ကြုံ ရှာရင်း၊ ရှောင်အစ်ကိုကိုလည်း ရှာရင်း လောက်လေးပညာကိုလည်း တိုးတက်အောင် လုပ်မလို့ပါ”
“ကောင်းတယ်”
“မေမေကပြောပြတယ်။ သူ့လောက်လေးပစ်ချက်တွေကို ရှောင်အစ်ကို ဘယ်လို ခုခံသွားခဲ့တယ်ဆိုတာကိုပေါ့။ ရှောင်အစ်ကို အဆင်ပြေတဲ့အချိန် ညီမကို အဖေါ်လုပ်ပြီး လေ့ကျင့်ပေးလို့ ရလား”
“ငါက လောက်လေးပညာကို မသိဘူးလေ။ နင့်ကို ဘယ်လို ကူပြီး လေ့ကျင့်ပေးနိုင်မှာလဲ”
“ဟိုလေ…၊ ပစ်မှတ်နေရာမှာ နေပေးဖို့ပါ။ ခစ်ခစ်…၊ ညီမရဲ့ ပစ်ချက်တွေကို ခုခံရှောင်တိမ်းပေးရင် ညီမကို ကူပြီး လေ့ကျင့်ပေးတာပါပဲ”
“အဲဒီလို လေ့ကျင့်ရတာလား။ ပစ်မှတ်တွေ ထောင်ထားပြီး အပစ်လေ့ကျင့်တာ မဟုတ်ဘူးလား”
“ခစ်ခစ်…၊ အဲဒီလိုက ကလေးအရွယ်တုန်းကပဲ လေ့ကျင့်တာလေ။ အခုက အဲဒီလို မလေ့ကျင့်တော့ပါဘူး”
ရှောင်လုံက သိပ်နားမလည်ဟန်ဖြင့် ခေါင်းကုတ်နေခဲ့သည်။
နှင်းပန်းကတော့ စိတ်ဝင်စားနေခဲ့သည်။ သူမက လေးပညာကို မလေ့ကျင့်သော်လည်း လက်နက်ပုန်းပညာကိုတော့ လေ့ကျင့်သည်။ သူမတို့၏ ကိုယ်ယံတော်အဖွဲ့ခေါင်းဆောင်ကလည်း လေးပညာရှင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမက လေးသမားများ၏ လေ့ကျင့်မှုကို ရင်းနှီးသည်။
ပစ်မှတ်အသေများ ထောင်၍ ပစ်ခတ်လေ့ကျင့်ခြင်း၊ လွှဲခါ လှုပ်ရှားနေသော ပစ်မှတ်အရှင်များကို ပစ်ခတ်လေ့ကျင့်ခြင်းက လေးသမားများ၏ အခြေခံလေ့ကျင့်မှုများသာ ဖြစ်သည်။
အဆင့်မြင့် လေးသမားများက ထိုကဲ့သို့ ပစ်မှတ်များအစား သားကောင် တောကောင် စသည့် သက်ရှိပစ်မှတ်များကို ပစ်ခတ်၍ လေ့ကျင့်ကြသည်။ လွှဲယမ်းလှုပ်ခါနေသော ပစ်မှတ်အရှင်များကား လှုပ်ရှားနေသည်မှာ မှန်သော်လည်း ထိုလှုပ်ရှားမှုများကို ခန့်မှန်းတွက်ချက်ရသည်က လွယ်ကူသည်။ သားကောင်များက ထိုသို့ မလွယ်ကူပေ။ သားကောင်များ၏ အသိစိတ်၊ တုံ့ပြန်မှု၊ လှုပ်ရှားမှုများက ခန့်မှန်းရန် ခက်ခဲသည်။ တချို့သားကောင်များထံမှ တန်ပြန်တိုက်ခိုက်မှုများလည်း ရှိနိုင်သည်။
ထို့ကြောင့် အဆင့်မြင့်လေးသမားများက သက်မဲ့ ပစ်မှတ်များအစား သက်ရှိပစ်မှတ်များဖြင့် လေ့ကျင့်ကြသည်။
ထိုထက် ပို၍ အဆင့်မြင့်သော လေးသည်တော်များက သားကောင်များဖြင့် မလေ့ကျင့်ကြတော့ပေ။ သားကောင်များထက် ပို၍ အသိဉာဏ်ရှိသော၊ ခုခံမှု၊ ရှောင်တိမ်းမှုနှင့် တန်ပြန်တိုက်ခိုက်မှုများ လုပ်နိုင်သော လူများ၊ တစ်နည်းအားဖြင့် သိုင်းသမားများနှင့် လေ့ကျင့်ကြသည်။
ယခု နာရာကီလေယာက ရှောင်လုံကို လေ့ကျင့်ဖော်အဖြစ် ဖိတ်ခေါ်သည်။ ထိုအချင်းရာကို ကြည့်ခြင်းအားဖြင့် ထိုနာရာကီလေယာ၏ လေးပညာအဆင့်အတန်းကို ခန့်မှန်းနိုင်ခဲ့သည်။
ခုနက နာရာကီလေယာ ပြောခဲ့သော ယန်ကျန်း၏ လှုပ်ရှားမှုများကို လှုပ်ရှားနေသော ပစ်မှတ်ဟုသာ သိသည်ဟူသော စကားကိုလည်း ပို၍ နားလည်သွားသည်။
သိုင်းကွက်များ၊ လှုပ်ရှားမှုများနှင့် သိုင်းသမားဟူသော တည်ရှိမှုကို ကျော်လွန်၍ လှုပ်ရှားနေသော ပစ်မှတ်တစ်ခုဟုသာ မြင်ခြင်းက အမှန်ပင် လေးနက်နေခဲ့သည်။
နှင်းပန်းက နာရာကီလေယာကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။
“အဆင်ပြေရင် အစ်ကိုလည်း ကူပြီး လေ့ကျင့်ပေးမယ်။ လေးသမားတွေကိုတော့ မြင်ဖူးတယ်။ ညီမလေးလို လောက်လေးသမားကိုတော့ မမြင်ဖူးသေးဘူး”
“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ရှောင်ယွမ်”
နာရာကီလေယာက ပျော်သွားသည်။ ထိုအစ်ကိုကြီးရှောင်ယွမ်တွင်လည်း ရှောင်အစ်ကိုနှင့် တူသော အလွန်တည်ငြိမ်သည့် အငွေ့သက်မျိုးမျိုး ရှိသည်။ ထို့ကြောင့် ထိုအစ်ကိုကြီးရှောင်ယွမ်ကလည်း ရှောင်အစ်ကိုကဲ့သို့ပင် သိုင်းပညာတွင် အလွန်ထူးချွန်လိမ့်မည်ဟု နာရာကီလေယာက တွေးထားလိုက်သည်။
ထိုအချိန်တွင်
“ဟားဟား…၊ ယန်ကျန်း၊ ယန်ကျန်း…၊ ဒါက မင်း နေ့မနားညမနား လေ့ကျင့်ထားတဲ့ သိုင်းကွက်တဲ့လား”
ချန်မင်က ရယ်မောရင်း ယန်ကျန်းကို ပြောသည်။ ထို့နောက် သူက ကွက်လပ်အလယ်သို့ ဝင်လာသည်။
“ဒီသခင်လေးက ဉာဏ်သိပ်မကောင်းပေမဲ့ အဲဒီလောက်တော့ မြင်နိုင်ပါသေးတယ်”
ချန်မင်က ကြည့်နေကြသော လူငယ်သိုင်းသမားများဘက်သို့ တစ်ချက်လှည့်ကြည့်သည်။ မည်သူမှ ယန်ကျန်း၏ သိုင်းကွက်ကို ထွက်မဖြေရှင်းလိုကြမှန်း သိသဖြင့် အသာပြုံးလိုက်ပြီး စတင်လှုပ်ရှားပြသည်။
“အတွင်းအားကို ယန်အိမ်ရဲ့ နည်းစနစ်အတိုင်း ဒီလို စုစည်းပြီး ခြေကွက်ကို ဒီလို ခင်းမယ်။ ဒါဆို ရင်းနှီးပြီးသား သိုင်းကွက် ထွက်ပေါ်လာမယ်ဆိုတာ တန်းသိနေပြီ။ ဒါပေမဲ့ ဒါက အယောင်ပြဖို့ သက်သက်ပဲ။ နောက်တစ်ဆင့် ဒီလို အယောင်ပြတိုက်ကွက် ထုတ်ရင်း အတွင်းအားကို ခြေထောက်ကနေ ခါးကို ပို့ပြီး ဖုံးကွယ်ထားမယ်။ ပြီးတော့မှ ဒီလက်ဝါးကို လှည့်ရိုက်မယ်။ မဆိုးပါဘူး။ သိုင်းကွက်နှစ်ခုကို ပေါင်းစပ်ထားတာလေး လှပါတယ်။ တစ်ကွက်ကို အယောင်ပြအဖြစ် သုံးထားပြီး တစ်ကွက်ကို အစစ်မှန်အဖြစ် သုံးထားတာက ယန်အိမ်သားတွေရဲ့ လှည့်ကွက်တွေနဲ့ ပျော်ရွှင်မှု ပုံစံဟောင်းပါပဲ။ ဟားဟား…”
ချန်မင်က ပြောဆိုရယ်မောရင်း ယန်ကန်း၏ သိုင်းကွက်ကို ခွဲခြမ်းစိတ်ဖြာ၍ လှုပ်ရှားပြခဲ့သည်။
တကယ်ကို တစ်ယောက်ကိုတစ်ယောက် သိနေကြသော ပြိုင်ဘက်များပင်။ တစ်ယောက်၏ အားသာချက်ကိုလည်း သိသလို တစ်ယောက်၏ အားနည်းချက်ကိုလည်း သိသည်။ လှည့်ကွက်များနှင့် ပရိယ်များကိုလည်း နားလည်သည်။ ပြိုင်ဘက်၏ စဉ်းစားတွေးခေါ်တတ်ပုံကိုလည်း မှန်းဆနိုင်သည်။
“ယန်ကျန်း…၊ မင်းက တကယ်မဆိုးပါဘူး။ ဒီနှစ်တွေ သေချာ ကြိုးစားထားတာပဲ။ သိုင်းကွက်တွေကို ပေါင်းစည်းတဲ့ အဆင့်ထိတောင် ရောက်နေခဲ့ပြီ။ ဒါပေမဲ့ ဒီသခင်လေးရဲ့ အမြင်ကိုတော့ မကျော်နိုင်သေးတာ စိတ်မကောင်းပါဘူး။ ဟားဟား…”
ယန်ကျန်းက မျက်နှာ မသာမယာနှင့် ကြည့်နေခဲ့သည်။
“ဟားဟားဟား…”
“အဲဒါမှ သခင်လေး ချန်မင်ကွ။ ဟမ့်…”
“ဟုတ်တယ်။ ချန်သခင်လေးရဲ့ အမြင်က ဘယ်လောက်တောင် ကောင်းလိုက်လဲ”
“သုံးသပ်ပြသွားတာများကွာ ဘာမှကို ဖုံးကွယ်ထားလို့ မရအောင်ဘဲ။ ရှင်းလင်းနားလည်အောင် ဘယ်လောက် ပြောနိုင်လဲဆိုတာက ကိုယ်တိုင် ဘယ်လောက် ရှင်းရှင်းလင်းလင်း နားလည်ထားလဲဆိုတာအပေါ်မှာ အများကြီး မူတည်တယ်တဲ့”
“သခင်လေး ချန်…”
ချန်မင်ဘက်မှ အပေါင်းပါများက လက်ခုပ်လက်ဝါးတီးပြီး ယန်ကျန်း၏ နောက်လိုက်များကို အသာယူကြတော့သည်။
ထိုစဉ် ရှောင်လုံက ကန်ရေပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
“လှေတွေ ထပ်ရောက်လာတယ်”
နှင်းပန်းကလည်း လှမ်းကြည့်သည်။
ဟုတ်သည်။ လှေငယ်လေးစင်းက သိုင်းပညာဖြင့် အကဲဖြတ်စစ်ဆေးနေသည့် ဘက်သို့ လာနေကြသည်။ လူသန်ကြီးများက လှော်ခတ်လာကြသည်။
“လှေက ငါးစင်းတောင်ဆိုတော့ ခေါ်မယ့် လူလည်း များနေမှာပဲ”
မျက်နှာဖုံးစွပ်ဝတ်စုံနက်သိုင်းသမားကလည်း လှေများ လာနေသည်ကို သိသည်။
လှေလေးစင်းထဲမှ တစ်စင်းက ကမ်းသို့ ကပ်လာခဲ့သည်။ ကျန်သုံးစင်းက မကပ်ခဲ့ပေ။ ကမ်းနှင့် ဝါးတစ်ပြန်ခန့်အကွာတွင် ရပ်ထားလိုက်ကြသည်။ ကမ်းကပ်လာသော လှေပေါ်မှ လူသန်ကြီးက ဝတ်စုံနက်သိုင်းသမားကို တီးတိုး ပြောလိုက်သည်။
ဝတ်စုံနက်သိုင်းသမားက ခေါင်းညိတ်လိုက်ပြီး
“အားလုံးပဲ…၊ လှေပေါ်ကို ကြွကြပါ”
ချန်မင်နှင့် ယန်ကျန်းကို လည်းကောင်း၊ ပိုင်ဖေးယိ၊ ယဲ့ကျုံး၊ ကျန်းရှီနှင့် ဖန်းချင်းတို့ကိုလည်းကောင်း တလေးတစား ဖိတ်ခေါ်သည်။
လူငယ် ခြောက်ယောက်က သုံးယောက်စီခွဲ၍ လှေပေါ် တက်လိုက်ကြသည်။ ချန်မင်၊ ယန်ကျင်းနှင့် ယဲ့ကျုံးက တစ်စီး၊ ပိုင်ဖေးယိ၊ ကျန်းရှီနှင့် ဖန်းချင်းတို့က တစ်စီး ဖြစ်သည်။
“ဟိုလှေတွေက ဘာလို့ ကမ်းမကပ်တာလဲ”
“ကျွန်တော်တို့ကရော မလိုက်ရဘူးလား”
“လှေတွေ ရှိနေတာဆိုတော့ လူခေါ်ဖို့ပဲ ဖြစ်မှာပါ။ ဒါပေမဲ့ သိပ်တော့ မရိုးရှင်းလောက်ဘူး”
လူငယ်သိုင်းသမားများက မေးသူကမေး ပြောသူက ပြောနှင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ထိုစဉ် ရေပြင်တွင် ရပ်နေကြသော လှေများဆီမှ အရာဝတ္ထုများ တဝှီးဝှီးနှင့် ပျံသန်းလာသည်။
“ဝှီး… ဝှီး… ဝှီး…”
“ဒုတ် ဒုတ် ဒုတ်…”
လှေထိုးဝါး ကိုးလုံး။
လူသန်ကြီးများက ဝါးလုံးများကို လှံတံများလို ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။
ဝါးလုံး ကိုးလုံးက ကမ်းစပ်တွင် တန်းစီပြီး ထိုးစိုက်နေခဲ့သည်။ မြေကြီးထဲ မည်မျှအနက်ထိ စူးစိုက်ဝင်သွားမှန်း မသိရသော်လည်း ဝါးလုံးထိပ်ဖျားများကတော့ လှုပ်ယမ်းနေခဲ့သည်။
“ဝါးလုံးကို ဆွဲနုတ်ပြီး ယူလာပေးတဲ့ သူတွေကို လှေနဲ့ ခေါ်သွားပေးပါ့မယ်”
လူသန်ကြီးက ပြောရင်း လှေထဲမှ ရပ်ကြည့်နေကြသည်။
“လှေထိုးဝါးကို ဆွဲနုတ်ပြီး ယူလာပေးရမှာတဲ့”
“ဒါက စမ်းသပ်မှုလား။ မလွယ်လွန်းနေဘူးလား”
သိုင်းသမားလူငယ်တစ်ယောက်က ပြောပြောဆိုဆိုနှင့် ရှေ့ထွက်လာပြီး ကမ်းစပ်တွေ စိုက်ဝင်နေသော လှေထိုးဝါးလုံးကို ပေါ့ပေါ့ပါးပါးပုံစံဖြင့် ဆွဲနှုတ်သည်။
သိုင်းသမားလူငယ်၏ မျက်နှာက လေးနက်သွားသည်။ ထိုးစိုက်နေသော ဝါးလုံးက အနည်းငယ်ပင် မလှုပ်သွားသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် ဝါးလုံးက ရေစိုပြီး ချောနေသေးသည်။
ထိုအခြေနေကို ကြည့်ပြီး တခြားလူငယ်သိုင်းသမားများလည်း ရှေ့ထွက်လာကြပြီး ဝါးလုံးများကို ဆွဲနုတ်ကြည့်ကြတော့သည်။
အခန်း(၃၂၂)ပြီး
***