လှေပေါ်မှ လူသန်ကြီးများမှာ အဆင့်မြင့် သိုင်းသမားကြီးများ ဖြစ်ကြသလို အတွင်းအားလည်း အတော်ကောင်းကြသည်။ သန်မာသော ပင်ကိုယ်ခွန်အားလည်း ရှိနေပြန်သေးသဖြင့် သူတို့ ပစ်လွှတ်ထိုးစိုက်ခဲ့သော ဝါးလုံးများက အဆင့်မြင့်သိုင်းသမားချင်း တူနေလျှင်ပင် နုတ်ယူရန် မလွယ်ပေ။
“ယိ…”
“အိ…”
အဆင့်မြင့်သိုင်းသမား လူရွယ်များအတွက်ပင် ခက်ခဲနေလေရာ အလယ်လတ်အဆင့် သိုင်းသမားလူငယ်များအတွက်ကား ဆိုဖွယ်ရာ မရှိပါပြီ။ ဝါးလုံးကိုးလုံးက တစ်လက်မပင် မထွက်လာခဲ့ပေ။
တစ်ယောက်ပြီးတစ်ယောက် နုတ်ကြည့်နေကြသော်လည်း တစ်ယောက်မှ မနုတ်ယူနိုင်ခဲ့ပေ။ အဆင့်မြင့်သိုင်းသမား လူရွယ်များပင် မနုတ်ယူနိုင်ကြပေ။
သိုင်းသမားလူငယ်တစ်ယောက်က ဝါးလုံးကို တွန်းထိုး လှုပ်ခါ၍ နှဲ့ရန် လုပ်သည်။ သူက လှုပ်၍ နှဲ့၍ ဆွဲနုတ်ချင်ပုံရသည်။
“မလှုပ်မနှဲ့ဘဲ ဆွဲထုတ်ရမှာပါ”
လူသန်ကြီးက လှမ်းပြောသည်။
သိုင်းသမားလူငယ်များလည်း စဉ်းစားလာကြတော့သည်။
“ဟုတ်တယ်လေ။ လှုပ်နှဲ့ပြီး ဆွဲနုတ်နေမှတော့ ဘယ်မှာ သိုင်းပညာစမ်းသပ်မှုတစ်ခု ဖြစ်တော့မှာလဲ။ သာမန်အတိုင်း ဝါးလုံးနုတ်တာပဲ ဖြစ်နေတော့မှာပေါ့”
“ဒါပေမဲ့ မလှုပ်မနှဲ့ကလည်း ဆွဲထုတ်လို့မှ မထွက်တာ”
“ဒါပေါ့၊ ဘယ်လိုလုပ်ပြီး ဒီလောက် ရိုးရှင်မှာလဲ”
ရှောင်လုံ၊ နှင်းပန်းနှင့် နာရာကီလေယာတို့လည်း အခြေနေကို ကြည့်နေကြသည်။
“ကျွန်တော်တို့ သွားစမ်းကြည့်ကြမလား”
ရှောင်လုံက ပြောလိုက်ရာ နှင်းပန်းက ရှောင်လုံကို ကြည့်လာသည်။
“ဘယ်လို ဆွဲနုတ်ရမလဲ သိပြီလား”
“စမ်းကြည့်ကြတာပေါ့။ ဝါးလုံးကို ဒီအတိုင်း နုတ်လို့ မထွက်ဘူးဆိုမှတော့ တစ်ခုခုတော့ လုပ်မှ ရမှာပဲလေ”
“ဝါးလုံးကို မလှုပ်မနှဲ့ရဘူးတဲ့”
“ဟုတ်တယ်။ မလှုပ်ရဘူး မနှဲ့ရဘူးဆိုလည်း မလှုပ်ဘူး မနှဲ့ဘူးပေါ့။ လာကြ။ သွားစမ်းကြည့်ကြမယ်”
နှင်းပန်းနှင့် နာရာကီလေယာလည်း ရှောင်လုံနှင့်အတူ လိုက်သွားကြသည်။
သိုင်းသမားလူငယ်များက တစ်ယောက်ပြီးတစ်ယောက် စမ်းနုတ်ပြီးကြပြီးနောက် မနုတ်နိုင်ကြသည့် အဆုံးတွင် မည်သို့ နုတ်ရမည်ကို စဉ်းစားနေကြသည်။
ရှောင်လုံတို့ သုံးယောက် ဝါးလုံးများကို စစ်ဆေးကြည့်နေသည်ကို တခြားသိုင်းသမားများက အာရုံမစိုက်ကြတော့ပေ။ ရှေ့တွင် အဆင့်မြင်သိုင်းသမားများရော အလယ်လတ်သိုင်းသမားများပါ လူအားလုံး အစွမ်းကုန်ဆွဲနုတ်ပြီးကြပြီ ဖြစ်၍ ရှောင်လုံတို့လို အခြေခံသိုင်းအဆင့်သာ ရှိသည် သူတောင်းစားလေးများကို သူတို့က အာရုံမစိုက်ကြခြင်းပင် ဖြစ်သည်။
“အစ်ကိုရှောင်ယွမ် နည်းလမ်းတစ်ခုခု တွေ့လား”
“မတွေ့ဘူး။ မြေထဲ ဒီလောက် ဝင်နေရင် မလှုပ်မနှဲ့ဘဲ ဒီအတိုင်း ဆွဲနုတ်ဖို့က မလွယ်ဘူး။ အဆင့်မြင့်အတွင်းအားလောက်နဲ့ နုတ်လို့ ထွက်မှာ မဟုတ်ဘူး”
နှင်းပန်းက သူမ၏ သိုင်းအကျော်မော်အဆင့် အတွင်းအားကို ထုတ်မသုံးဘဲ မနုတ်နိုင်ဘူးဟု ပြောခြင်း ဖြစ်သည်။ သူမ၏ သိုင်းအကျော်မော်အဆင့်ကလည်း ဖုံးကွယ်ထားရမည်ဖြစ်၍ ထုတ်ပြနေ၍ မဖြစ်ပေ။
“နာရာကီလေယာရော နည်းလမ်း ရှိလား”
နာရာကီလေယာကလည်း ခေါင်းခါသည်။ အစ်ကိုကြီးရှောင်ယွမ်ပင် ဆွဲမနုတ်နိုင်လျှင် သူမက မည်သို့ နုတ်နိုင်ပါမည်နည်း။
“ဒါဆို ငါ စမ်းကြည့်မယ်”
ရှောင်လုံက ဝါးလုံးကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်သည်။ အနည်းငယ် ဆွဲနုတ်ကြည့်သည်။ တုတ်တုတ်မျှ မလှုပ်သွားပါ။
သို့သော် ရှောင်လုံက ပြုံးလိုက်သည်။ သူ အနည်းငယ် ဆွဲနုတ်ကြည့်ခြင်းက ဝါးလုံး ထွက်လာရန် မရည်ရွယ်ပေ။ ဝါးလုံးတစ်လျှောက် အာရုံခံကြည့်ရန်သာ ရည်ရွယ်ခဲ့သည်။ အခု သူ အာရုံခံမိခဲ့သည်။ ထို့ကြောင့် သူ ပြုံးလိုက်သည်။
ဝါးလုံး၌ မြေကြီးအတွင်း စိုက်ဝင်နေ၍ မြေကြီး၏ ဖိကပ်ကျပ်တင်းမှုနှင့် ကမ်းစပ်မြေ၏ စိုစွတ်စေးကပ်မှုအပြင် မြေကြီးထဲက စုပ်ဆွဲထားသော လေအားတစ်ခုလည်း သက်ရောက်နေသည်ကို အာရုံခံမိခဲ့သည်။
၎င်းမှာ ပြီးပြည့်စုံသော ဖမ်းချုပ်မှုဟုပင် ဆိုနိုင်ပေသည်။
ဖမ်းချုပ်မှု။ ဖမ်းချုပ်သိုင်း။
ဖမ်းချုပ်သိုင်းဟူသည်ကား အဘယ်နည်း။
သိုင်းပညာတို့၏ ရှေးဦးမူလအစသည် သားရဲတိရိစ္ဆာန်များ၏ သဘာဝလှုပ်ရှားမှုများကို လေ့လာမှတ်သား၍ သိုင်းကွက်သိုင်းဟန်များ တီထွင်ဖန်တီးခဲ့ကြသည်ဟု ရှေးစကားများ ရှိသည်မဟုတ်ပါလား။ ထိုမှတစ်ဆင့် သဘာဝဥပဒေသများနှင့် စိတ်၏ စွမ်းအားများကို လေးလေးနက်နက် ပိုသိမြင်လာကြပြီး အစွမ်းထက်သော သိုင်းပညာရပ်များ သိုင်းကျင့်စဉ်များ တီထွင်ဖန်တီးနိုင်ခဲ့ကြသည် မဟုတ်ပါလား။
ဖမ်းချုပ်သိုင်း။ ဖမ်းချုပ်မှုတွင် အသန်မာဆုံးနှင့် အကျွမ်းကျင်ဆုံးမှာ မြွေ၊ နဂါး၊ ရေဘဝဲ စသည့် သားရဲတိရစ္ဆာန်များ မဟုတ်ပါလား။ ပျော့ပျောင်း၍ သန်မာသည်။ လူးလွန့်၍ လှုပ်ရှားတတ်သည်။ ရစ်ပတ်၍ ချုပ်နှောင်တတ်သည်။ ဖိညှစ်၍ ဖျက်ဆီးနိုင်သည်။ ဤအချက်များကား ထိုသားရဲတိရစ္ဆာန်များ၏ သဘာဝဖမ်းချုပ်စွမ်းရည်များပင် ဖြစ်သည်။
ထို့အတူ အခြားတစ်ဖက်တွင်လည်း ထိုသားရဲတိရစ္ဆာန်များက ဖမ်းချုပ်မှုမှ လွတ်မြောက်အောင် ရုန်းထွက်ရာ၌ အလွန်ကျွမ်းကျင်ကြသေးသည်။ ခန္ဓာကိုယ်ကို ကျုံ့ဆန့်၍၊ လူးလွန့်၍၊ လှည့်ပတ်၍ ရုန်းထွက်သွားတတ်ကြသည် မဟုတ်ပါလား။
ထိုသားရဲတိရစ္ဆာန်များ၏ နည်းစနစ်များကို လေ့လာ၍ ဖန်တီးတီထွင်ထားသော ဖမ်းချုပ်သိုင်းနည်းစနစ်နှင့် ဖမ်းချုပ်သိုင်းပညာတွင် ခြေလက်များဖြင့် ရစ်ပတ်ခြင်း၊ ဖိကပ်ချုပ်နှောင်ခြင်း၊ ဆုပ်ကိုင်ဖျစ်ညှစ်ခြင်း နည်းစနစ်များ ပါဝင်နေသည်သာ။ ထို့အတူ ရုန်းထွက်ခြင်း အချုပ်ဖြေခြင်း နည်းစနစ်တွင်လည်း တွန့်လှိမ်ခြင်း၊ ကျုံ့ဆန့်ခြင်း၊ လှည့်ပတ်ခြင်း နည်းစနစ်များ ပါဝင်နေသည်သာ။
ဝါးလုံးက ကျုံ့နိုင်ဆန့်နိုင်သော အရာတော့ မဟုတ်ပေ။ တွန်းထိုးရုန်ကန်ခြင်းနှင့် အလားတူသော လှုပ်ခါမှုနှင့် နှဲ့မှုကိုလည်း ခွင့်မပြုထားပေ။ ထို့ကြောင့် လှည့်ပတ်လူးလွန့်၍ ရုန်းထွက်ခြင်းကိုသာ အသုံးပြုရန် ရှိတော့သည်။
လှည့်ပတ်လူးလွန့်၍ ရုန်းထွက်ခြင်း သို့မဟုတ် လှည့်၍ ဆွဲနုတ်ခြင်း။
“ဒီလိုဆိုတော့…”
ရှောင်လုံက ဝါးလုံးကို သူ၏ သန်မာအားကောင်းသော လိပ်မိကျောင်းပါးစပ်လက်ဟန်ဖြင့် တင်းတင်းဆုပ်ကိုင်ပြီး အနည်းငယ် လှည့်ကြည့်လိုက်သည်။ ဆွဲမနုတ်ဘဲ လှည့်ရုံသာ လှည့်ကြည့်လိုက်သည်။
ထိုအခါ ဝါးလုံးက အနည်းငယ် လှုပ်သွားသည်။ လည်သွားသည်။
ရှောင်လုံလည်း ကျေနပ်စွာ ပြုံးလိုက်သည်။ ရှောင်လုံနှင့် အတူပင် နှင်းပန်းနှင့် နာရာကီလေယာတို့လည်း တောက်ပစွာ ပြုံးလိုက်ကြသည်။
ရှောင်လုံက ဝါးလုံးကို လှည့်၍လှည့်၍ ဆွဲနုတ်ကြည့်သည်။
သိပ်မသိသာသော်လည်း ဝါးလုံးက နည်းနည်း ထွက်လာသည်။
“ဟီးဟီး…”
ရှောင်လုံက ရယ်ပြီး နှင်းပန်းနှင့် နာရာကီလေယာတို့ကို ပြုံးပြလိုက်သည်။
နှင်းပန်းနှင့် နာရာကီလေယာကလည်း ပြုံးလိုက်ကြပြီး သူတို့လည်း ဝါးလုံးတစ်လုံးစီကို ရှောင်လုံ လုပ်ပြခဲ့သည့်အတိုင်း အားနှင့် တင်းတင်းဆုပ်ကိုင်၍ ဆွဲလှည့်သည်။ တစ်ဆက်တည်း ဆွဲလည်း နုတ်သည်။
မသိသာသော်လည်း ဝါးလုံးက အနည်းငယ် ထွက်လာသည်သာ။
ထို့နောက် သုံးယောက်သားက ကျိတ်ပြုံး၍ ဝါးလုံးများကို လှည့်ကာလှည့်ကာနှင့် ဆွဲနုတ်နေလိုက်ကြသည်။
သူတို့၏ လှုပ်ရှားမှုသည်လည်းကောင်း ဝါးလုံး ထွက်လာမှုသည်လည်းကောင်း မသိသာသောကြောင့် တခြားသိုင်းသမားလူငယ်များက သတိမထားမိကြပေ။ သူတို့က သူတို့အတွေးနှင့် သူတို့ အာရုံနစ်မျောနေကြသည်။
အချိန်အနည်းငယ်ကြာသော် ရှောင်လုံတို့၏ ဝါးလုံးသုံးလုံးက တခြားဝါးလုံးများထက် သိသိသာသာ မြင့်တက်လာခဲ့သည်။ အတော်လေး ထွက်လာခဲ့၍ပင်။
ထိုအခြင်းရာကို လှေထဲက လူသန်ကြီးများက ပထမဆုံး သတိပြုမိခဲ့သည်။ ရှောင်လုံတို့ ဆွဲနုတ်နေသည့် နည်းစနစ်ကိုလည်း မြင်သွားသည်။ လူသန်ကြီးများက ဘာမှ မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်ကြသည်။
ထို့အတူ မျက်နှာဖုံးစွပ်နှင့် ဝတ်စုံနက်သိုင်းသမားကလည်း မြင်သွားသည်။
“အဲဒီကလေးတွေ…”
ဝတ်စုံနက်သိုင်းသမား၏ စကားကြောင့် ဖန်းချင်းနှင့် ကျန်းရှီလည်း သတိထားမိသွားသည်။
“ဟုတ်ပြီကွ”
“ဟားဟား…၊ သူများ မလုပ်နိုင်ရင်တောင် ရှောင်လုံနဲ့ အစ်ကိုရှောင်ယွဲ့ကတော့ လုပ်နိုင်တာ သေချာတယ်”
ထိုစဉ်မှာပင် ရှောင်လုံက အားကုန် ထုတ်သုံး၍ ဆွဲနုတ်ဟန်ဖြင့် ဝါးလုံးကို ဆွဲထုတ်သည်။
“အီး…အီး…”
သူ့ပုံစံက အားစိုက်ရလွန်း၍ အီးထွက်တော့မည့် ပုံစံမျိုး ဖြစ်သည်။
နှင်းပန်းနှင့် နာရာကီလေယာက လှည့်ကြည့်ပြီး ရယ်သည်။ ဝါးလုံးက ထွက်တော့မည်ဖြစ်၍ အတော်လေး ပေါ့ပါးနေပြီ မဟုတ်ပါလား။ ထိုမျှ အားစိုက်နေရန် မလိုဘဲလေ။
“ခစ်ခစ်…”
နာရာကီလေယာက မအောင့်နိုင်ဘဲ ရယ်သည်။ ရယ်မိသဖြင့် သူမမှာ ဆွဲမနုတ်နိုင်တော့ဘဲ အားကုန်သွားရသည်။ ရယ်နေ၍ လက်က အားမစိုက်နိုင်တော့ပေ။
“ခစ်ခစ်…၊ ရှောင်အစ်ကို…”
“အီး…၊ ယား…”
ရှောင်လုံက နာရာကီလေယာ ရယ်နေသည်ကို မသိချင်ယောင်ဆောင်ကာ မျက်နှာကြီး တင်းလျက် မျက်လုံးကြီး ပြူးလျက် အံကြီး ကြိတ်လျက် မာန်သွင်း၍ အားကုန်သုံး၍ ဆွဲနုတ်ဟန်ဖြင့် ဝါးလုံးကိုကို အကုန်ဆွဲထုတ်လိုက်တော့သည်။
“ဖလွတ် ပြွတ်…”
ဝါးလုံးကလည်း ကျွတ်ထွက်လာခဲ့သည်။
“ယေး…”
ရှောင်လုံတို့၏ လှုပ်လှုပ်ရှားရှားဖြစ်မှုက သိုင်းသမားလူငယ်များလည်း သတိပြုမိနေကြပြီ ဖြစ်သည်။ သူတောင်းစားလေးတစ်ယောက်က ဝါးလုံးကို ဆွဲနုတ်လိုက်သည်ကိုလည်း မြင်သွားကြသည်။
ရှေ့ဆက်နောက်ဆက်ဆိုသလိုပင် နှင်းပန်းနှင့် နာရာကီလေယာကလည်း ရှောင်လုံ လုပ်သလို မာန်သွင်း၍ အားကုန် ဆွဲနုတ်လိုက်ကြသည်။ မာန်မသွင်း၍လည်း မဖြစ်တော့ပေ။ ရယ်ချင်စိတ်ကြောင့် သူတို့မှာ အားမစိုက်နိုင်အောင် ဖြစ်နေကြသည် မဟုတ်ပါလား။
“ဟိတ်…”
“ယား…”
ဝါးလုံးနှစ်လုံးက တစ်ပြိုင်တည်း ကျွတ်ထွက်လာခဲ့သည်။
“ယေး…ခစ်ခစ်…”
နာရာကီလေယာက ရယ်ရင်း ပျော်နေတော့သည်။
“ဒါက…”
သိုင်းသမားလူငယ်များမှာ သူတို့ အားကုန်ဆွဲထုတ်ခဲ့ကြသော်လည်း တုတ်တုတ်ပင် မလှုပ်ခဲ့ပေ။ အခုတော့ ဝါးလုံးသုံးလုံး ထွက်သွားခဲ့ပေပြီ။
သူတို့က ရှောင်လုံ၏ အီးထွက်မတတ် ချီးထွက်မတတ် ဆွဲနုတ်ခဲ့သော ပုံစံကို ကြည့်ပြီး သူတို့ အားစိုက်မှု လိုသွားခြင်းဖြစ်မည်ဟုလည်း တွေးလိုက်မိကြသည်။
“ငါ အားစိုက်တာ နည်းနည်း လိုသွားတာ ဖြစ်မယ်။ ထပ်စမ်းကြည့်ရတာပေါ့”
တခြားလူငယ်များကလည်း တူညီသော အတွေးဖြင့် နောက်တစ်ကြိမ် ထပ်ကြိုးစားရန် ဆုံးဖြတ်လိုက်ကြသည်။
ရှောင်လုံတို့ကတော့ ဝါးလုံးသုံးလုံးကို ရပြီဖြစ်၍ လှေပေါ်သို့ တက်ရန်သာ ကျန်တော့သည်။ သို့သော် လှေက ဝါးတစ်ပြန်ခန့် ဝေးနေသည် ဖြစ်၍ အဆင့်မြင့်သိုင်းသမားများအတွက်ပင် ခုန်လွှားတက်နိုင်သော အကွာဝေး မဟုတ်ပေ။ အကျော်မော်အဆင့်များသာ ထိုအကွာဝေးကို ခုန်လွှားနိုင်ကြမည် ဖြစ်သည်။
သို့သော် သူတို့လက်ထဲတွင် ဝါးလုံးတစ်လုံးစီ ရထားပြီ မဟုတ်ပါလား။
“လှေပေါ်တက်ကြစို့”
ရှောင်လုံက ပြောပြောဆိုဆိုနှင့် အရှိန်ယူ၍ ပြေးကာ ဝါးလုံးကို ရေကန်ထဲ ထိုးထောက်၍ လွှားကနဲ ခုန်လိုက်သည်။
ပြေးအား၊ အရှိန်နှင့် ဝါးလုံးထောက်၍ အားပြုမှုတို့ ပေါင်းစပ်လိုက်သောအခါ လှေပေါ်ရောက်ရန်က သိပ်ခက်ခဲသော အရာ မဟုတ်တော့ပေ။ သိုင်းပညာကို စနစ်တကျ လေ့ကျင့်ထားသော အခြေခံအဆင့် သိုင်းသမားများဖြစ်လျှင်ပင် ထိုမျှတော့ လုပ်နိုင်ကြသည်။
သို့တိုင်
“ဝှီး…”
“ဘုန်း…”
“အားယိုးယိုး…”
ရှောင်လုံမှာ ဝါးလုံးကို ထောက်ခုန်ပြီးနောက် လေထဲမှ ကိုးရိုးကားရားနှင့် လှေထဲသို့ ဖင်ထိုင်ကျသွားခဲ့သည်။
“အားယိုးယိုး…၊ တင်ပါးရိုးတွေ ကျိုးကုန်ပြီထင်တယ်”
ရှောင်လုံက ထပ်ရပ်ကာ နာကျင်ရှုံ့မဲ့လျက် တင်ပါးကို ပွတ်နေတော့သည်။
လှေထဲမှ လူသန်ကြီးက ရှောင်လုံကို အဆင်ပြေရဲ့လားဟူသော မျက်လုံးမျိုးဖြင့် ကြည့်နေခဲ့သည်။
ရှောင်လုံကလည်း နည်းနည်းပါးပါး ဖမ်းထားပေးပါလားဟူသော မျက်လုံးမျိုးဖြင့် ပြန်ကြည့်နေခဲ့သည်။
ထိုစဉ် နှင်းပန်းနှင့် နာရာကီလေယာကလည်း တခြားနည်းလမ်းများ ထုတ်မသုံးနေကြတော့ဘဲ ရှောင်လုံ ခုန်သွားသကဲ့သို့ အရိုးရှင်းဆုံး နည်းလမ်းအတိုင်းသာ ဝါးလုံးကို ထောက်၍ လှေထဲသို့ ခုန်ဆင်းလာကြသည်။
“ဝှီး ဝှီး…”
“ဘုန်း…ဘုန်း…”
နှစ်ယောက်လုံး ရှေ့ဆက်နောက်ဆက် ရောက်လာကြသည်။
လှေငယ်က တစ်ချက် လူးလွန့်သွားခဲ့သော်လည်း လူသန်ကြီးက အတွင်းအားဖြင့် လှေကို ငြိမ်အောင် ထိန်းထားလိုက်သည်။
“မင်းတို့သုံးယောက်က မဆိုးပါဘူး”
“မဆိုးရုံပဲလား။ တော်ကြတာပါ။ ကျွန်တော်တို့က အရမ်းတော်ကြတာ။ ဟီးဟီး…”
ရှောင်လုံ၏ စကားကြောင့် ချီးကျူးအသိမှတ်ပြုနေခဲ့သော လူသန်ကြီးမှာ ပြောစရာ စကားမရှိ ဖြစ်သွားခဲ့ရသည်။
‘ဘယ်လို အရူးအပေါပါလိမ့်’
လူသန်ကြီးက ကျိတ်တွေးရင်း ရှောင်လုံတို့ကို အာရုံမစိုက်တော့ပေ။
နှင်းပန်းက သူ့မောင်လေးကို ကြည့်ပြီး ကျိတ်ရယ်ရင်း ခေါင်းသာ ခါနေမိသည်။
နာရာကီလေယာကလည်း ပါးစပ်ကို လက်နှင့်ကာ၍ ကျိတ်ရယ်နေခဲ့သည်။
ကမ်းပေါ်တွင်တော့ သိုင်းသမားလူငယ်များက ဝါးလုံးများကို အားကုန်ဆွဲနုတ်နေကြသည်။
“အီး…”
“ဟုတ်တယ်။ နုတ်ထား။ အဲဒီအတိုင်းလေး နည်းနည်း ထပ်အားစိုက်လိုက်။ ဖြွတ်ကနဲဆို ထွက်လာလိမ့်မယ်။ ထပ်အားစိုက်လိုက်”
ရှောင်လုံက လှမ်းအော်၍ အားပေးသည်။
ထိုအခါ နုတ်နေသော လူငယ်သိုင်းသမားတစ်ယောက်က ရှိသမျှ အားအကုန် စိုက်ထုတ်၍ အတင်းကုန်းနုတ်တော့သည်။
“အီး…ယား…”
“ပီ…ဗျစ်…”
ထိုလူငယ်ထံမှ အသံတစ်သံ ထွက်သွားသည်။
“ဟင်…”
“အဲဒါ ဘာထွက်တဲ့ အသံလဲ။ ဝါးလုံး ထွက်လာတဲ့ အသံနဲ့တော့ မတူဘူး”
ဝါးလုံးနုတ်နေသော လူငယ်သိုင်းသမားမှာ မောပန်းအားကုန်နေသည့်ကြားထဲ ရှက်လှသဖြင့် မျက်နှာကြီး နီရဲကာ ဖင်ကို လက်ဖြင့်ပိတ်၍ ကွတကွတနှင့် ပြေးထွက်သွားတော့သည်။
“ခစ်ခစ်…၊ ရှောင်အစ်ကိုက အရမ်းဆိုးတာပဲ။ ခစ်ခစ်…”
နာရာကီလေယာကမှာ မအောင့်နိုင်ဘဲ ရယ်နေတော့သည်။
နှင်းပန်းကတော့ မျက်နှာတည်ဖြင့် ရှောင်လုံကို ကြည့်လာခဲ့သည်။
ရှောင်လုံလည်း သူ့မမက မျက်နှာတည်ဖြင့် ကြည့်လာသဖြင့် သွားဖြီးကာ ခေါင်းပုသွားတော့သည်။ သို့တိုင် သူက ဝါးလုံးနုတ်နေသော တခြားလူငယ်သိုင်းသမားများကို လက်သီးလက်မောင်းတန်းပြကာ အားပေးလိုက်သေးသည်။
“ကြိုးစားထား…၊ ကျားရို့…ကျားရို့”
လူငယ်သိုင်းသမားများမှာလည်း ဝါးလုံးက နုတ်မထွက်နိုင်လောက်အောင် စိုက်ဝင်နေခြင်းမဟုတ်ကြောင်းကို သိနေကြပြီဖြစ်၍ မည်သို့ဆွဲနုတ်ရမည်ကို စူးစမ်းရင်း နုတ်ကြည့်ရင်းနှင့် တချို့က နုတ်နည်းကို သိသွားကြသည်။
“ဟုတ်ပြီကွ၊ ဒီလို နုတ်ရတာကိုး”
တစ်ယောက်က သိသွားပြီး နုတ်ပြနေသည်ကို တခြားလူငယ်များကလည်း မြင်သွားကြပြီး သူ့ထက်ငါ အလုအယက် ဝင်နုတ်ကြတော့သည်။ ထိုအခါ ဝါးလုံး လုနုတ်သည့် ရုတ်ရုတ်သဲသဲ လှုပ်ရှားမှုတစ်ခု ဖြစ်လာခဲ့သည်။ ထိုမှတစ်ဆင့် တွန်းတိုးတိုက်ခိုက်လာကြသည်။
“ဖယ်စမ်း ကောင်လေး”
“ကျုပ်အရင် ဦးထားတာ”
“မင်းအမေ ဝေပေးထားတဲ့ သကြားလုံး ထင်နေလို့ ဦးထားတယ် ပြောနေတာလား”
“ဖြောင်း…”
ကမ်းပေါ်တွင် တိုက်ခိုက်ယှဉ်ပြိုင်မှုတစ်ခုက အလိုလျောက် ဖြစ်ပေါ်သွားခဲ့သည်။ ဝါးလုံးနုတ်နည်းကို သိသွားကြပြီဖြစ်၍ ဝါးလုံးကို သူ့ထက်ငါ နုတ်ချင်နေကြသော လူငယ်များကြားက ယှဉ်ပြိုင်တိုက်ခိုက်မှု ဖြစ်သည်။
လှေထဲမှ လူသန်ကြီးများက မတားဆီးကြဘဲ ကြည့်ရုံသာ ကြည့်နေကြသည်။
ရှောင်လုံတို့လည်း ကြည့်နေခဲ့ကြသည်။
တိုက်ခိုက်မှုများက အားစမ်းမှု အားပြိုင်မှုမျှသာ ဖြစ်၍ ဆိုးဆိုးရွားရွား ထိခိုက်မှု မရှိကြပေ။
ဝါးလုံးကို သူ့ထက်ငါ အလုအယက် နုတ်ယူကြရင်းမှ တချို့က ဝါးလုံးကို နုတ်ယူနိုင်ခဲ့ကြသည်။
“ဟေး…။ ငါ ရပြီကွ”
“အား…”
ဝါးလုံး ရသွားသော လူငယ်သိုင်းသမားကို တခြားလူရွယ်တစ်ယောက်က အလစ်တိုက်ခိုက်ပြီး ဝါးလုံးကို လုယူသွားခဲ့သည်။ ထိုအခါ ထိုလူရွယ်ကိုလည်း တခြားလူငယ်များက ဝိုင်းဝန်းတိုက်ခိုက်ကြပြီး ဝါးလုံး လုကြသည်။
ထိုအခါ ဝါးလုံးကို လုနုတ်သူက လုနုတ်၊ နုတ်ပြီးသား ဝါးလုံးကို လုသူက လုနှင့် ပို၍ ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့သည်။ လုယက်တိုက်ခိုက်မှုများကလည်း ပိုပြင်းထန်လာသည်။
“ကျား…”
“ဖမ်းစမ်း…”
“ဝါးလုံးကို ပေးစမ်း…”
ဝါးလုံးလုပွဲဖြစ်သွားခဲ့၍ တုတ်သိုင်း ကျွမ်းကျင်သူများအတွက် အလေးသာသော အခြေနေ ဖြစ်သွားသည်။ အထူးသဖြင့် သူတောင်းစားဂိုဏ်းသားများ အရေးသာသွားသည်။
အရေးသာဆုံးမှာ ဝါးလုံးရှည်သိုင်း လေ့ကျင့်ထားပုံရသော ကျစ်ဆံမြီးနှင့် လူငယ်သိုင်းသမားတစ်ယောက်နှင့် ခေါင်းတုံးပြောင်နှင့် အဝါရောင်ဝတ်စုံ လူငယ်တစ်ယာက်က အရေးသာဆုံး ဖြစ်သည်။
ကျစ်ဆံမြီးနှင့် လူငယ်ရော အဝါရောင်ဝတ်စုံနှင့် ခေါင်းတုံးလေးရောက သူတို့လက်ထဲက ဝါးလုံးကို အလုမခံရအောင် ကာကွယ်ထားနိုင်သည်။ ထိုမျှမက ဝါးလုံးရှည်ကို ကောင်းစွာ အသုံးပြု၍ တိုက်ခိုက်နိုင်ကြသည်။
သူတို့နှစ်ယောက်၏ ဝါးလုံးကို ဝှေ့ယမ်း၊ လွှဲယမ်း၊ ရိုက်နှက်တိုက်ခိုက်မှုများကို တခြားလူငယ်များလည်း မတားဆီးထားနိုင်ကြပေ။
“ဝှီး ဝှီး…"
“ဖြောင်း ဖြောင်း…”
ကျစ်ဆံမြီးနှင့် လူငယ်၏ ရှေ့တိုးချည်၊ နောက်ဆုတ်ချည်၊ ဘယ်ညာ အရွှေ့အပြောင်း လှုပ်ရှား၍ လမ်းရှင်းတိုက်ခိုက်မှုအောက်တွက် လူငယ်သိုင်းသမားများ အလဲလဲအပြိုပြိုနှင့် လွင့်စင်ပြန့်ကျဲကုန်သည်။ ထိုလူငယ်၏ ဝါးလုံးရှည်ကို လက်နက်အဖြစ် အသုံးပြုနိုင်မှုနှင့် အများကို တိုက်ခိုက်ထိုးဖောက်မှု နည်းစနစ်များက အလွန်ပြောင်မြောက်ပြီး အားလုံးကို ဖယ်ရှားပစ်နိုင်ခဲ့သည်။
“ဟူးဟူး ဟူး…”
“ဘုန်း ဖြောင်း…”
“အီး အား…”
ဝတ်စုံဝါနှင့် ခေါင်းတုံးလူငယ်၏ ဝါးလုံးရှည်အသုံးပြုမှုကလည်း တဝှီးဝှီးတဟူးဟူး အော်မြည်နေသည်အထိ ပြင်းထန်သည်။ သူ့ဝါးလုံးရိုက်ချက်များက အလွန်ပြင်းထန်ပြီး အရိုက်ခံရသူတိုင်း လွင့်စင်ထွက်ကုန်သည်။ ထို့ကြောင့် တော်ရုံလူမှာ ဝတ်ရုံဝါနှင့် ခေါင်းတုံးလေး၏ လမ်းကြောင်းထဲ ပိတ်မနေရဲကြတော့ပေ။
ကျစ်ဆံမြီးလူငယ်ရော ခေါင်းတုံးလူငယ်ရောက အဆင့်မြင့်သိုင်းသမားများလည်း ဖြစ်နေသဖြင့် သူတို့နှင့် ယှဉ်လုနိုင်သူကလည်း နည်းသွားသည်။
ဝါးလုံးက ထိုလူငယ်နှစ်ယောက်လက်ထဲက ဝါးလုံးကို ထည့်မတွက်လျှင်ပင် လေးလုံးကျန်သေးသည့်အတွက် လူငယ်သိုင်းသမားများကလည်း ထိုလူငယ်နှစ်ယောက်ကို မတိုက်ခိုက်ကြတော့ဘဲ လွှတ်ပေးလိုက်ကြသည်။
ထိုအခါ ကျစ်ဆံမြီးလူငယ်နှင့် ဝတ်စုံဝါခေါင်းတုံးလေးက အခွင့်ရေးရလျှင်ရချင်း လူအုပ်ကြားမှ ပြေးထွက်ကာ ရေကန်ထဲကို ဝါးလုံးနှင့် ထောက်၍ ခုန်လွှားကာ လှေထဲသို့ ဆင်းလာကြသည်။
“ဝှီးဝှီး…”
“ဘုန်း… ဘုန်း…”
နှစ်ယောက်လုံး လှေထဲသို့ ပေါ့ပေါ့ပါးပါး ရောက်လာကြသည်။
သူတို့နှစ်ယောက် လှေထဲရောက်လျှင် တစ်ယောက်ကိုတစ်ယောက် အသိမှတ်ပြုဟန်ဖြင့် ကြည့်လိုက်ကြသည်။ နှစ်ယောက်လုံးက အသက်နှစ်ဆယ်ကျော် လူငယ်များချည်းဖြစ်၍ သက်တူရွယ်တူများ ဖြစ်ကြသည်။
ဝတ်စုံဝါနှင့် ခေါင်းတုံးလူရွယ်က မဟာယာန ဗုဒ္ဓဘာသာဘုန်းကြီးများ နှုတ်ဆက်သလို လက်အုပ်ချီ၍ ကျစ်ဆံမြီးနှင့် လူရွယ်ကို နှုတ်ဆက်သည်။
“ကျွန်တော် ခန့်မှန်းတာ မမှားရင် ရောင်းရင်းက ယွဲ့မျိုးရိုး ဖြစ်မယ်ထင်တယ်။ ခုနက ဝါးလုံးကို အသုံးပြုသွားတာရော တိုက်ခိုက်လမ်းရှင်းတဲ့ ပုံစံရောကနေတစ်ခုခုကို ခံစားမိစေတယ်”
ကျစ်ဆံမြီးနှင့်လူငယ်က အသာပြုံး၍ ခေါင်းညိတ်သည်။
“ဟုတ်ပါတယ်။ ကျွန်တော့်မျိုးရိုးနာမည်က ယွဲ့ပါ။ ဒီရောင်းရင်းက…”
ကျစ်ဆံမြီးလူငယ်က ပြောရင်း ဝတ်စုံဝါလူငယ်၏ ခေါင်းတုံးပြောင်ကိုလည်းကောင်း လက်အုပ်ချီထားသည်ကိုလည်းကောင်း ကြည့်သည်။
“ကျွန်တော့်မျိုးရိုးနာမည်က ချီး”
ကျစ်ဆံမြီးနှင့် ယွဲ့လူရွယ်က တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
“ကျွန်တော် မှတ်မိပြီ။ မျိုးရိုးက ချီး၊ ခေါင်းတုံးနဲ့ ဒီလို နှုတ်ဆက်တဲ့ အလေ့အကျင့်နဲ့ဆိုရင်…။ အဲဒါက ချီးမိသားစုက လူငယ်တစ်ယောက်အကြောင်းကို သတိရသွားစေတယ်”
ယွဲ့လူရွယ်က ပြောရင်း ချီးလူရွယ်ကို လေးစားဟန်ဖြင့် ကြည့်သည်။
“ဟားဟား…၊ အဲဒါက လူတွေ ချဲ့ကားပြောတာတွေပါ။ ကျွန်တော်က သာမန်ထဲက ပါပဲ”
“ကျွန်တော်တို့ကြားမှာ အဲဒီလောက်ကြီး ယဉ်ကျေးနေဖို့ မလိုဘူးမဟုတ်လား”
“ဟုတ်တာပေါ့။ ညီအစ်ကိုယွဲ့။ လွတ်လွတ်လပ်လပ်ပဲ ခေါ်ပြောပါ”
“ကောင်းပါပြီ ညီအစ်ကိုချီး”
နှစ်ယောက်လုံး ပေါ့ပါးစွာ ပြုံးလိုက်ကြပြီး ကမ်းပေါ်က အခြေနေကို လှမ်းကြည့်သည်။
ကမ်းပေါ်တွင် အိတ်လေးလုံးအဆင့် သူတောင်းစားဂိုဏ်းသား လူငယ်သုံးယောက်က အချင်းချင်း ပူးပေါင်းကူညီ၍ ဝါးလုံးတစ်လုံးကို ယူထားနိုင်ခဲ့ကြသည်။ သူတို့လက်ထဲက ဝါးလုံးကို အလုမခံရအောင် ကောင်းစွာ ကာကွယ်ထားနိုင်သည်။ သူတို့က ဝါးလုံးရှည်သိုင်းကို မတတ်ကြသော်လည်း သူတောင်းစားဂိုဏ်းသားများဖြစ်၍ ဝါးစိမ်းတုတ်သိုင်းကိုတော့ တတ်ထားကြသည်။ ထို့ကြောင့် ဝါးလုံးရှည်ကို လက်နက်အဖြစ် အနည်းငယ် အသုံးပြုနိုင်သည်။ အဖော်နှစ်ယောက်ကလည်း ကူညီကာကွယ်ပေးထားသဖြင့် ဝါးလုံးကို မဆုံးရှုံးခဲ့ပေ။
“ဂိုဏ်းတူညီအစ်ကို၊ လှေထဲသွားလိုက်ပါ။ ငါတို့ လမ်းရှင်းပေးမယ်”
သူတို့သုံးယောက်လုံးက အိတ်လေးလုံးအဆင့် လက်ထောက်နည်းပြများချည်းဖြစ်၍ အတိုက်ခိုက်ကောင်းကြသော်လည်း သိုင်းအဆင့်က အလယ်လတ်အဆင့်များသာ ဖြစ်သည်။ ထို့ကြောင့် သုံးယောက်ပေါင်း၍ ဝါးလုံးတစ်လုံးကို လက်မလွတ်အောင် ထိန်းထားရသည်။
ထိုဝါးလုံးတစ်လုံးတည်းဖြင့်လည်း သူတို့သုံးယောက်လုံး လှေပေါ်တက်ရန် မတတ်နိုင်ပေ။ နောက်ထပ်ဝါးလုံး ထပ်ရအောင်လည်း မလုပ်နိုင်မှန်း သူတို့က သိသည်။ လူများထဲတွင် အဆင့်မြင့်သိုင်းသမားများလည်း ရှိနေသေးသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူတို့ သုံးယောက်ပေါင်း၍ ရယူထားသော ဝါးလုံးတစ်လုံးဖြင့် တစ်ယောက်သွားခွင့်ရအောင်သာ လုပ်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။
“ဒါဆိုရင် ငါ သွားမယ်။ အထိခိုက်ခံပြီး မလုနေကြနဲ့တော့။ ပြန်လာရင် အခြေနေတွေ ပြန်ပြောပြမယ်။ ဂိုဏ်းတူအစ်ကို လုချွမ်းလည်း ရှိနေတာဆိုတော့ လုံလောက်ပါပြီ”
“ဟုတ်ကဲ့ ဂိုဏ်းတူညီအစ်ကို”
ထို့နောက် သူတို့သုံးယောက်က အတူတူ ပူးပေါင်း၍ လမ်းရှင်းပြီး တစ်ယောက်က ဝါးလုံးကို ထောက်ခုန်၍ လှေထဲ ဆင်းသွားခဲ့သည်။
ထိုအိတ်လေးလုံးအဆင့် လက်ထောက်နည်းပြက လှေထဲရောက်သည်နှင့် ကမ်းပေါ်မှ သူ့အဖေါ်နှစ်ယောက်ကို ကျေးဇူးတင်ဟန်ဖြင့် ပြုံးပြပြီး အသာခါးညွှတ်ကာ လေးစားမှုကို ဖော်ပြလိုက်သည်။
ကမ်းပေါ်မှ ဂိုဏ်းသားနှစ်ယောက်ကလည်း အသာခေါင်းညိတ်၍ ထိုနေရာမှ ဘေးဖယ်သွားလိုက်တော့သည်။ သူတို့ဂိုဏ်းမှ နှစ်ယောက် ကျွန်းပေါ် တက်နိုင်ပြီဖြစ်၍ လုံလောက်ပေပြီ။
လှေပေါ်မှ သူတောင်းစားဂိုဏ်းသားက လုချွမ်းကို လှမ်းကြည့်ကာ အရိုသေပေးကာ လှမ်းနှုတ်ဆက်သည်။
လုချွမ်းကလည်း အသိမှတ်ပြုဟန်ဖြင့် ဂိုဏ်းစည်းကမ်းအတိုင်း ပြန်၍ လေးစားမှုကို ဖော်ပြသည်။
ထိုသူတောင်းစားဂိုဏ်းသားက ရှောင်လုံနှင့် နှင်းပန်းကိုလည်း တစ်ချက် လှမ်းကြည့်သည်။ သို့သော် ဘာမှတော့ မပြုမူခဲ့ပေ။
သူက ရှောင်လုံနှင့် ရှောင်ယွဲ့ကို သိသော်လည်း မသိသလိုသာ နေလိုက်သည်။ သူက ပီးကင်းမြို့တော်မှ လာခဲ့သော သူတောင်းစားဂိုဏ်းသားများထဲမှ အိတ်နှစ်လုံးအဆင့် ဂိုဏ်းသားတစ်းယောက် ဖြစ်ခဲ့သည်။ ထူးချွန်ဂိုဏ်းသား ရွေးချယ်ပွဲတွင် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ခဲ့ပြီး အိတ်လေးလုံးအဆင့် လက်ထောက်နည်းပြအဆင့်ထိ တိုးမြှင့်ပေးခံခဲ့ရသည်။
ထိုကဲ့သို့ သူ၏ တိုက်ခိုက်နိုင်မှု၊ ကြိုးစားနိုင်မှု၊ တိုးတက်မှုများအားလုံးက ပီကင်းမြို့တော်-ဟန်ကျိုး ခရီးစဉ်တစ်လျှောက် နဂါးစိမ်းဂိုဏ်းသားများကို အရူးတစ်ယောက်လို ကျားကုတ်ကျားခဲ တိုက်ခိုက်ပြခဲ့သော ဂိုဏ်းသားတစ်ယောက်နှင့် လက်တွဲတိုက်ခိုက်ခွင့် ရခဲ့၍ ဖြစ်သည်။ တိုက်ပွဲအတွေ့ကြုံများစွာ ရခဲ့သည်။ တိုက်ပွဲပရိယာယ်များစွာလည်း ရခဲ့သည်။
သူ့နာမည်က ကျိတောင်ဖြစ်ပြီး သူတို့နှင့် လက်တွဲ၍ အရူးအမူး တိုက်ခိုက်ပေးခဲ့သော ဂိုဏ်းသားနာမည်က ရှောင်လုံဖြစ်၏။
‘သူတို့ကတော့ အရင်တိုင်းပါပဲ။ ဘယ်သူမှ မရိပ်မိအောင် ဖုံးကွယ်ပြီး လှုပ်ရှားတဲ့နေရာမှာ အရမ်း တော်ကြတယ်’
ကျိတောင်က တွေးရင်း ကြည်လင်စွာ ပြုံးနေလိုက်သည်။
နောက်ထပ် အချိန်အနည်းငယ် အကြာတွင် ကျန်သော ဝါးလုံးသုံးလုံးကို အဆင့်မြင့်သိုင်းသမား လူရွယ်သုံးယောက်က အရယူနိုင်ခဲ့ကြပြီး လှေထဲသို့ ဆင်းလာခဲ့ကြသည်။
ဤသို့ဖြင့် ဝါးလုံးလုပွဲလည်း အဆုံးသတ်သွားပြီး လှေငါးစင်းလုံးတွင်လည်း လူစုံသွားခဲ့သည်။
“သွားကြစို့”
မျက်နှာဖုံးစွပ်နှင့်ဝတ်စုံနက်သိုင်းသမားက ပြောရင်း လှေကို လရိပ်ကျွန်းဆီသို့ ဦးတည်ထွက်ခွာသွားခဲ့သည်။ ကျန်လှေ လေးစင်းလည်း နောက်ချန်မနေဘဲ ထွက်ခွာသွားကြသည်။
“ကျွန်တော်တို့ကို ပြန်လာခေါ်ဦးမှာလား”
“မလာတော့ဘူး”
“ဒါဆို ကျွန်တော်တို့ ဘယ်လို လာရမှာလဲ”
“ရေကူးပြီး လာလို့ရပါတယ်”
“… …”
လှမ်းအော်မေးနေသော လူငယ်သိုင်းသမားလည်း အသံတိတ်သွားသည်။ လှေများကလည်း တဖြည်းဖြည်းနှင့် ဝေးသွားခဲ့လေ၏။
အခန်း(၃၂၃)ပြီး
***