ကောင်းကင်တွင် ဆယ်ရက်နေ့ည၏ လမင်းသည်ကား တောက်ပစွာ သာနေလေ၏။ သို့သော်ငြားလည်း ဆယ်ရက်ည၏ လသည် ဆယ်ရက်ည၏ လသာ ဖြစ်၏။ သူ၏ သာနေမှုက တစ်ဝက်စာမျှသာ ဖြစ်၍ အလင်းရောင်သည်လည်း လပြည့်ညကဲ့သို့ မလင်းမသာနိုင်ပါ။
လင်းကား လင်း၏ ဝိုးတဝါးသာ။
မြင်ကား မြင်၏ မထင်မရှားသာ။
လရိပ်ကျွန်း။
သိုင်းပညာစစ်ဆေးအကဲဖြတ်ရာမှ လာခဲ့ကြသော လူငယ်သိုင်းသမား ဆယ့်ငါးယောက်လည်း လရိပ်ကျွန်းပေါ်သို့ ရောက်လာကြသည်။
“လူတွေ ရှိနေတယ်”
ကျွန်းပေါ်တွင် မြေကွက်လပ်တစ်ခု ရှိနေပြီး လူတချို့လည်း ရှိနေသည်။ သို့သော် လူက မများပါ။ လရောင်အောက်တွင် လေးနေရာခွဲ၍ နေရာယူထားကြသည်။
မျက်နှာဖုံးစွပ်ဝတ်စုံနက်က ရှောင်လုံတို့ကို ခေါ်လာပြီး နေရာချပေးသည်။
ရှောင်လုံတို့လည်း ထိုနေရာသို့ ရောက်သည်နှင့် သူတို့ထက် အရင်ရောက်နေကြသော လူများကို အကဲခတ်ကြသည်။ လရောင်က အနည်းငယ်ဝေဝါးနေသဖြင့် ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ရင်းနှီးသိထားပြီးသော လူများကိုတော့ မည်သူမည်ဝါ ဖြစ်သည်ဟု သိနိုင်ကြသည်။
အရင်ရောက်နေသော ထိုလူများထဲတွင် စာပေစစ်ဆေးအကဲဖြတ်မှုကို ကျော်ဖြတ်လာခဲ့သော ဝူချန်အန်းနှင့် လီကျီး၊ ဂီတစစ်ဆေးအကဲဖြတ်မှုကို ကျော်ဖြတ်လာခဲ့သော ဝမ်ယောက်ရှီးနှင့် ဗျပ်စောင်းတီးခတ်၍ စစ်ဆေးခဲ့သည့် ဇာပဝါဦးထုပ်ဆောင်းထားသူ၊ ဟန်ကောင်းရှင်းနှင့် တခြားဝတ်စုံဖြူ လူရွယ်တစ်ယောက်၊ ဝမ်လူငယ်နှင့် သူ့အဖော်နှစ်ယောက်အပြင် တခြားလူတစ်ယောက် ရှိနေသည်။
‘ဝမ်ကောင်လေးက ဒီမှာ ရောက်နေတာကိုး’
ရှောင်လုံက ဝမ်လူငယ်ကို လှမ်းကြည့်နေစဉ်မှာပင် ရှောင်လုံတို့ကို ခေါ်လာသော မျက်နှာဖုံးစွပ်ဝတ်စုံနက်သိုင်းသမားက ပြောလိုက်သည်။
“အားလုံး ရောက်ပါပြီ”
“ဒါဆိုရင် စလိုက်ကြစို့”
ဝမ်လူငယ်က ပြောလိုက်သောအခါ မြေကွက်လပ် ပတ်ပတ်လည်မှ မီးတိုင်များ တစ်တိုင်ပြီးတစ်တိုင် လင်းလာခဲ့သည်။ မီးတိုင်များ၏ အလင်းရောင်ကြောင့် မြေကွက်လပ်က ပို၍ လင်းချင်းသွားပြီး တစ်ယောက်ကိုတစ်ယောက် ပို၍ ရှင်းရှင်းလင်းလင်း မြင်လာရသည်။
“အဲဒီမှာ ဆရာလေးဟန်”
ကျန်းရှီနှင့် ဖန်းချင်းက ဟန်ကောင်းရှင်းကို အခုမှ မြင်ဟန်ဖြင့် ပြောသည်။
ဟန်ကောင်းရှင်းကလည်း ရှောင်လုံတို့ကို လှမ်းကြည့်ပြီး အသာခေါင်းညိတ်ပြသည်။
ထိုစဉ် ဝမ်လူငယ်က ရှေ့ထွက်လာပြီး အားလုံးကို လှည့်ပတ်ကြည့်၍ ပြောသည်။
“အားလုံးပဲ…၊ ကျွန်တော့်ကိုယ်ကျွန်တော် ထပ်ပြီး မိတ်ဆက်ပါ့မယ်။ ကျွန်တော့်မျိုးရိုးနာမည်က ဝမ်’ပါ။ ကျွန်တော့်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံပြီး အခုလို ရောက်လာပေးကြလို့ ကျေးဇူးတင်ပါတယ်”
ဝမ်လူငယ်က ယဉ်ကျေး၍ နားထောင်ကောင်းသော စကားကို ခဏနားပြီး အားလုံးကို တစ်ချက်ကြည့်ကာ ဆက်ပြောသည်။
“ဒီလူအရေအတွက်က ဟန်ကျိုးကို ရောက်လာကြတဲ့ လူငယ်မျိုးဆက်တွေနဲ့ ယှဉ်ရင် နည်းပါတယ်။ သိုင်းလောကတစ်ခုလုံးမှာ ရှိနေကြတဲ့ သိုင်းလူငယ်မျိုးဆက်တွေနဲ့ ယှဉ်ရင် ပိုပြီး နည်းပါတယ်။ ဒါပေမဲ့ ဒီလူတွေဟာ ကျွန်တော်တို့ လူငယ်တွေကြားက အသိအမြင်တွေကို စပြီး ဆွေးနွေးဖလှယ်တဲ့ လူငယ်တွေပါ။ ဒါကို ကျွန်တော်တို့ စတင်ခဲ့လိုက်ပါပြီ။ ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်ကြတဲ့ လူငယ်တွေလို့လည်း ပြောနိုင်ပါတယ်။ မိုင်တစ်ထောင်ခရီးကိုလည်း ခြေတစ်လှမ်းကနေပဲ စရတယ်ဆိုတဲ့ စကားအတိုင်းပဲ ကျွန်တော်တို့ရဲ့ ဒီခြေတစ်လှမ်းက နောက်ထပ် ဘယ်လောက်ဝေးဝေးအထိ ရောက်နိုင်မလဲ။ ဘယ်လောက်ဝေးဝေးအထိ ဆက်လျှောက်နိုင်မလဲ။ ကျွန်တော်တို့နဲ့အတူ နောက်ထပ် လူငယ်မျိုးဆက်တွေ ဘယ်လောက် ပါဝင်လာနိုင်မလဲ”
ဝမ်လူငယ်၏ မေးခွန်းက လူငယ်အားလုံးကို ရှေ့အနာဂတ်သို့ မျှော်မှန်းမိစေခဲ့သည်။
“ကျွန်တော်တို့ဟာ နောင်တစ်ချိန်မှာ ဘာတွေ ဖြစ်လာကြမလဲဆိုတာ မသေချာပေမဲ့ ကျွန်တော်တို့မှာ သေချာတဲ့ ရည်မှန်းချက်တွေ ကိုယ်စီ ရှိထားကြတယ်၊ ရေရာတဲ့ လမ်းကြောင်းတစ်ခုပေါ် ခြေချမိနေကြပြီလို့ ပြောနိုင်မယ်ထင်ပါတယ်”
ဝမ်လူငယ်က အားလုံးကို အကဲခတ်ပြီး ဆက်ပြောသည်။
“တကယ်လို့ ကိုယ့်ကိုယ်ကိုယ် သေချာမသိသေးရင် ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ဘယ်လမ်းကြောင်းပေါ်မှာ လျှောက်ရမှန်း မသိသေးရင် ဒီအစီစဉ်ကနေ လမ်းစတစ်ခုခု ရသွားဖို့ မျှော်လင့်ပါတယ်။ ဒါဆိုရင် ဒီအစီစဉ်ကို လုပ်ရကျိုးနပ်တယ်လို့ ပြောနိုင်ပါပြီ။ အခု ဒီမှာ စာပေပညာ၊ ဂီတပညာ၊ သိုင်းပညာ၊ ဆေးပညာ၊ ပန်းချီပညာကို ဆွေးနွေးနိုင်လောက်တဲ့ လူငယ်တွေ ရှိနေပါတယ်။ အားလုံး လွတ်လွပ်လပ်လပ် ပြောဆိုဆွေးနွေးနိုင်ကြပါတယ်”
စာပေပညာ၊ ဂီတပညာ၊ သိုင်းပညာ၊ ဆေးပညာနှင့် ပန်းချီပညာ။
ရှောင်လုံက ဝမ်လူငယ်၏ စကားကို နားထောင်ပြီး ဝမ်ကောင်လေးက ပန်းချီပညာကို ဆေးနွေးမည့်သူဟု နားလည်လိုက်သည်။
‘သူက ပန်းချီပညာကို ဆေးနွးမယ်ထင်တယ်’
ထိုအခါ ရောက်နေကြသော လူငယ်များ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ မည်သူက ဦးစွာ ထွက်ဆွေးနွေးလိုက ထွက်ဆွေးနွေးနိုင်သည်ဟူသော အပြန်အလှန် ခွင့်ပြုမှုနှင့် အသိမှတ်ပြုမှုကိုလည်း သူတို့၏ မျက်နှာပေါ်တွင် ပေါ်လွင်နေခဲ့သည်။
ထိုအချင်းရာကို ကြည့်ပြီး ဝမ်လူငယ်က ပြုံးသည်။ လူငယ်လူရွယ်များကြားက အချင်းချင်း အပြန်အလှန်အသိမှတ်ပြုမှုကို မြင်နေရသည် မဟုတ်ပါလား။
ဟန်ကောင်းရှင်းက သူ့ဘေးက ဝတ်စုံဖြူနှင့် အလွန်ရိုးရှင်းသော ဟန်ပန်ရှိသော လူရွယ်ကို တစ်ချက်ကြည့်ပြီး ရှေ့ထွက်လာသည်။
“ကျွန်တော်က ဟန်ကောင်းရှင်းပါ။ ဆေးပညာကို လေ့လာသင်ယူနေပါတယ်”
ဟန်ကောင်းရှင်းက သူ့ကိုယ်သူ ဦးစွာ မိတ်ဆက်သည်။
“ခုနက ဝမ်သခင်လေး ပြောသွားတဲ့ စကားက တကယ်လေးနက်ပါတယ်။ ကျွန်တော် ဒီနေရာကို မရောက်လာခင်အထိ ကျွန်တော့်မှာ ဝေဝါးနေတဲ့ ရွေးချယ်စရာတွေ ရှိနေခဲ့တယ်။ ဆေးပညာကို ဘာအတွက် လေ့လာသင်ယူနေတာလဲဆိုတဲ့ မေးခွန်းအတွက် တိကျတဲ့ အဖြေမရှိနေခဲ့ဘူး။ ‘ဆေးကုဖို့လား၊ ဆေးဖော်ဖို့လား၊ ဆေးပင်စိုက်ဖို့လား၊ ဆေးကုပြီး အသက်မွေးဖို့လား’ဆိုတဲ့ ဒီလိုမေးခွန်းတွေအများကြီး ကျွန်တော့်မှာ ရှိနေခဲ့တယ်”
ဟန်ကောင်းရှင်းက စကားကို ခဏရပ်ပြီး အဖြူရောင်ဝတ်စုံနှင့် အလွန်ရိုးရှင်းသော လူရွယ်ကို လှည့်ကြည့်သည်။
“လှေပေါ် မတက်ခင်မှာ ဒီရောင်းရင်း မေးခဲ့တဲ့ မေးခွန်းက ကျွန့်တော့်ကို မေးခွန်းတွေကြားကနေ ထွက်လာနိုင်အောင် တွန်းအားတစ်ခု ဖြစ်ခဲ့တယ်။ ဒီရောင်းရင်း မေးခဲ့တာက ‘ဆေးပညာဆိုတာ အသက်ကယ်တဲ့ပညာလား’တဲ့”
ဟန်ကောင်းရှင်းက အားလုံးကို ကြည့်သည်။
တချို့က ခေါင်းညိတ်မိကြသည်။ ဆေးပညာက အသက်ကယ်သည့် ပညာပင် မဟုတ်ပါလား။
ဟန်ကောင်းရှင်းက ပြုံးလိုက်သည်။
“ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် အဲဒီလိုပဲ ထင်နေခဲ့တာပါ။ မကျန်းမာသူတွေ၊ ထိခိုက်ဒဏ်ရာ ရသူတွေကို ဆေးကုပေးလိုက်တယ်။ ပြန်ကောင်းသွားကြတယ်။ အဲဒါကို အသက်ကယ်လိုက်တယ်လို့ ထင်ခဲ့မိတယ်။ ဆေးပညာတွေ ပိုသင်ယူရင် အသက်တွေကို ပိုကယ်နိုင်မယ်လို့လည်း တွေးခဲ့ဖူးတယ်”
ဟန်ကောင်းရှင်းက ခေါင်းခါ၍ ပြုံးသည်။ သူ့အပြုံးက ပို၍ တည်ကြည်လေးနက်နေခဲ့သည်။
“တကယ်တော့ ကျွန်တော့်က အသက်ကယ်ခဲ့တယ်လို့ ပြောရင် ကျွန်တော်က အသက်ကယ်နိုင်သူလို့ ပြောနေတာနဲ့ အတူတူပဲ မဟုတ်လား။ ဒါဆိုရင် ကျွန်တော့်လက်ထဲမှာ သေသွားကြတဲ့ လူနာတွေ ရှိနေစရာအကြောင်း မရှိဘူး။ ကျွန်တော်သာ အသက်ကယ်နိုင်စွမ်းရှိခဲ့ရင် ကျွန်တော် မကုနိုင်လို့ သေရတဲ့ လူနာဆိုတာ ရှိမှာ မဟုတ်ဘူး။ ဒါကြောင့် ဆေးပညာက အသက်မကယ်နိုင်ပါဘူး။ သမားတော်ဟာ ကယ်တင်ရှင်လည်း မဟုတ်ဘူး။ သမားတော်က အသက်ကို ကယ်နိုင်တယ်လို့ ထင်နေရင် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရှင်လို့ ထင်နေရင် အဲဒါက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာထက် မပိုဘူး”
ဟန်ကောင်းရှင်းက စကားကို ခဏနားပြီး ကောင်းကင်ပေါ်က လကို မော့ကြည့်သည်။ အသက်ဝဝ တစ်ချက် ဖြည်းဖြည်းချင်း ရှူသွင်းသည်။
“နေ့နဲ့ည၊ အလင်းနဲ့အမှောင်၊ မွေးဖွားခြင်းနဲ့သေဆုံးခြင်းဟာ ဒွန်တွဲနေတဲ့ အရှိတရားပဲ။ သမားတော်က အသက်ကယ်နိုင်တယ်ပြောရင် မွေးဖွားခြင်းနဲ့ သေဆုံးခြင်းနိယာမကို လွန်ဆန်နိုင်တယ်လို့ ပြောနေရာ ရောက်တယ်။ တကယ်တော့ အသက်ကယ်နိုင်တာ မဟုတ်ပါဘူး။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက ရှင်သန်ခြင်းဆိုတဲ့ မျှခြေ အားနည်းနေတာကို ဆေးပညာနဲ့ အားဖြည့်ပေးနိုင်ရုံပါ။ ကျွန်တော်တို့ လုပ်နိုင်တာ အဲဒီထက် မပိုပါဘူး။ အဲဒါကိုတောင် ကျွန်တော်တို့ လုပ်နိုင်တဲ့ အကန့်အသတ်ဆိုတာ ရှိနေသေးတယ်။ အကန့်သတ်ကို ကျော်လွန်ပြီး လုပ်နိုင်စွမ်း မရှိဘူး။ ရှင်သန်ခြင်း မျှခြေက ကျွန်တော်တို့ဘက်မှာ အလေးမသာနေခဲ့ရင် ကျွန်တော်တို့လည်း ရှင်သန်နေအောင် မလုပ်နိုင်ပါဘူး။ လူနာဟာ သေဆုံးခြင်းနိယာမထဲ ဝင်ရောက်သွားရမှာပါပဲ”
နားထောင်နေသူများမှာ ဟန်ကောင်းရှင်း၏ စကားကို သိပ်မရှင်းလင်းသကဲ့သို့ ခံစားရသော်လည်း အဓိပ္ပါယ်ရှိသည်ဟုတော့ လက်ခံနေမိကြသည်။ သူတို့က ဆေးပညာကိုလည်း သိပ်နားမလည်ကြသူများဖြစ်၍ သဘောမျှကိုသာ နားလည်ကြသည်။
အဖြူရောင်ဝတ်စုံနှင့် အလွန်ရိုးရှင်းပုံရသော လူရွယ်ကတော့ ပြုံး၍ ခေါင်းညိတ်နေခဲ့သည်။
ဝမ်ယောက်ရှီးကလည်း သူ့ဂိုဏ်းတူညီ၏ စကားကို စိတ်ဝင်တစား နားထောင်နေခဲ့သည်။
ဟန်ကောင်းရှင်းက ဆက်ပြောသည်။
“ဒါကြောင့် ကျွန်တော် ဆေးပညာကို သင်ယူလေ့လာနေတာ အသက်ကယ်ဖို့လည်း မဟုတ်ဘူး။ ဆေးကုဖို့လည်း မဟုတ်ဘူး။ ဆေးကုဖို့ မဟုတ်ဘူးဆိုတာက ဆေးမကုပေးဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဆေးကုဖို့တစ်ခုတည်းအတွက် မဟုတ်ဘူးလို့ ဆိုလိုတာပါ။ ဆေးပညာနဲ့ အသက်မွေးဖို့လည်း မဟုတ်ဘူး။ ဆေးပညာကို သင်ယူတာဟာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက ရှင်သန်ခြင်းမျှခြေကို ဆေးပညာနဲ့ ဘယ်လို အထောက်ပံ့ပေးနိုင်မလဲဆိုတာကို လေ့လာသင်ယူဖို့ဖြစ်ပါတယ်။ ဒီအဖြေကို ဒီနေရာကို ရောက်လာတဲ့အချိန်မှ ကျွန်တော် နားလည်ခဲ့ပါတယ်။ ဒါကြောင့် ခုနက ဝမ်သခင်လေးပြောတဲ့စကားက တကယ်ပဲ အဓိပ္ပါယ်ရှိပါတယ်။ ကျွန်တော့်လို ကိုယ်ကိုယ်ကိုယ် ဘယ်လမ်းကြောင်းကို လျှောက်နေမှန်း မသိဖြစ်နေသူတွေအတွက် ဒီတွေ့ဆုံမှုက တစ်ခုခုတော့ အကျိုးရှိစေမှာပါ။ ဒါက ဒီတွေ့ဆုံပွဲကို ကျွန်တော်ဟန်ကောင်းရှင်းရဲ့ အသိမှတ်ပြုမှုဖြစ်ပါတယ်။ စကားတွေ အများကြီး ပြောလိုက်မိလို့ အားနာမိပါတယ်”
ဟန်ကောင်းရှင်းက အားလုံးကို လေးစားသမှုဖြင့် သိုင်းလောကထုံးစံအတိုင်း လေးစားမှုကို ဖော်ပြခဲ့သည်။
“ဖြောင်းဖြောင်းဖြောင်း…”
“ပြောသွားတာ ကောင်းတယ်။ အကုန်လုံးကို နားမလည်ပေမဲ့ လေးနက်တယ်လို့ ခံစားရတယ်”
ကျန်းရှီက လက်ခုပ်တီးပြီး ထပြောသည်။
ထိုအခါ တခြားလူများကလည်း ခေါင်းတညိတ်ညိတ်ဖြင့် လက်ခုပ်တီးကြသည်။
ဟန်ကောင်းရှင်းက ပြုံးလိုက်ပြီး ထပ်ပြောသည်။
“ဒါကြောင့် ဒီည ဒီနေရာမှာ ကျွန်တော်ဟန်ကောင်းရှင်းက ဆေးပညာအသိမြင်ကို ‘ရှင်သန်ခြင်းမျှခြေကို ဆေးပညာနဲ့ ဘယ်လို ထိန်းညှိထောက်ပံ့မလဲ’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပါ့မယ်။ ရည်ရွယ်ချက်ကတော့ အသက်ကယ်ဖို့လည်း မဟုတ်ပါဘူး။ ဆေးကုနည်းလည်း မဟုတ်ပါဘူး။ ကျန်းမာပြီး အသက်ရှည်စေဖို့ပါ”
“ကောင်းလိုက်တဲ့ ခေါင်းစဉ်။ ကောင်းလိုက်တဲ့ ရည်ရွယ်ချက်”
အဖြူရောင်ဝတ်စုံနှင့် ရိုးရှင်းသော လူရွယ်က အားပါးတရ ပြောသည်။
“စိတ်ဝင်စားဖို့ ကောင်းမယ်ထင်တယ်”
“ပြောပါဗျို့…”
ဟန်ကောင်းရှင်းက သူ၏ ဟန်ပန်အတိုင်း တည်ငြိမ်စွာဖြင့် ခေါင်းညိတ်၍ ပြောသည်။
“ကျွန်တော်တို့ ကြားဖူးနေကြတဲ့ စကားတစ်ခွန်း ရှိပါတယ်။ ‘တစ်နေ့ကို ကြက်သွန်ဖြူ တစ်တစ်စားရင် သမားတော်က အဝေးကို ထွက်သွားရလိမ့်မယ်’တဲ့”
ဟန်ကောင်းရှင်း၏ စကားကြောင့် တချို့က တီးတိုး ပြောလာကြသည်။
“ဟုတ်တယ်။ အဲဒီစကားကို အဘိုးက အမြဲပြောတယ်။ သူ့ထမင်းဝိုင်းမှာ ကြက်သွန်ဖြူ အမြဲပါတယ်”
“ဟုတ်တယ်။ ဒီစကားက အားလုံးကြားဖူးတာပဲ မဟုတ်လား။ ကြက်သွန်ဖြူက ဆေးဖက်ဝင်တယ်လို့ပဲ သိထားတာ။ ကြည့်ရတာ အဲဒီစကားက ထင်သလောက် မရိုးရှင်းဘူးထင်တယ်”
ဟန်ကောင်းရှင်းက နားထောင်နေသူများကို တစ်ချက်ကြည့်၍ ဆက်ပြောသည်။
“ဒီစကားက အခု ကျွန်တော် ဆွေးနွေးမယ့် ခေါင်းစဉ်နဲ့ သိပ်ကို ညီညွတ်ပါတယ်။ ရှင်သန်ခြင်း မျှခြေကို ဆေးပညာနဲ့ ထိန်းညှိပေးထားတဲ့ ရှေးဆေးပညာရှင်တွေ ပေးခဲ့တဲ့ နည်းလမ်းပါပဲ။ ကြက်သွန်ဖြူက ဆေးဖက်ဝင်လို့ စားသင့်တယ်ဆိုရင် ဒါက ‘အစာလည်းဆေး ဆေးလည်းအစာ’ဆိုတဲ့ အယူအဆမှာပဲ ရှိနေလိမ့်ဦးမယ်။ တကယ်တော့ အဲဒီထက် ပိုပြီး လေးနက်ပါတယ်။ အခု ဆောင်းဦးရောက်နေပြီ။ သိပ်မကြာခင် ဆောင်းဝင်လာတော့မယ်။ အိမ်တိုင်းမှာ ဂျင်းလက်ဖက်ရည် ကျိုသောက်ကြတော့မယ်။ ဒါဟာလည်း ကြက်သွန်ဖြူ စားတာနဲ့ အတူတူပါပဲ။ ဘာလို့ ကြက်သွန်ဖြူ စားဖို့ ပြောတာလဲ။ ဘာလို့ ဆောင်းဝင်တာနဲ့ ဂျင်းလက်ဖက်ရည် သောက်ကြတာလဲ”
တစ်ယောက်က ပြောသည်။
“ဆောင်းရောက်ရင် အေးတယ်လေ။ ဂျင်းလက်ဖက်ရည်က ခန္ဓာကိုယ်ကို နွေးထွေးထွေးစေတယ်။ အအေးသက်သာတယ်။ အအေးမမိအောင်လို့ မဟုတ်ဘူးလား”
“ဟုတ်တယ်။ ဒါက သာမန်လူတွေအနေနဲ့ နားလည်လက်ခံထားတဲ့ သဘောလက္ခဏာပါ။ အခု ကျွန်တော် ပြောနေတဲ့ ရှင်သန်ခြင်းမျှခြေနဲ့ နားလည်လွယ်အောင် ပြောရင် ကြက်သွန်ဖြူရော ဂျင်းရောဟာ ယန်ဓာတ်အားကောင်းပါတယ်။ ကျွန်တော်တို့ ဝက်သားမပါဘဲ ထမင်းစားတဲ့ရက်က နည်းတယ် မဟုတ်လား။ ဝက်သားဟာ ယင်ဓာတ် အားကောင်းတယ်။ ယင်ဓာတ် မလွန်ကဲသွားအောင် ယန်ဓာတ် အားဖြည့်ပြီး ထိန်းညှိပေးဖို့ ကြက်သွန်ဖြူကို တစ်နေ့တစ်တစ်လောက် စားဖို့ လိုအပ်နေတာပါပဲ။ နေ့စဉ် စားသောက်မှုရဲ့ မျှခြေကို ဆေးပညာနဲ့ ထိန်းညှိပေးထားတာပါ”
“ယင်နဲ့ယန်လား။ အဲဒီလောက်အထိ လေးနက်နေတာလား။ စိတ်ဝင်စားစရာပဲ။ ဒါဆို ဆောင်းရာသီမှာ ဂျင်းလက်ဖက်ရည်သောက်ကြတာကလည်း ဟားဟား…၊ ငါ နားလည်သွားပြီ။ ဆောင်းရာသီကလည်း ယင်ဓာတ်လွန်ကဲတဲ့ ရာသီပဲ မဟုတ်လား။ ဒါဆို ယန်ဓာတ်အားကောင်းတဲ့ ဂျင်းလက်ဖက်ရည်သောက်ပြီး သေချာပေါက် မျှခြေဖြစ်အောင် ဂရုစိုက်သင့်တာပေါ့။ ငါတို့ နေ့တိုင်း နေထိုင်စားသောက်နေတာက အဲဒီလို လေးနက်တာကိုး”
“ဟုတ်တယ်။ ဒါတွေက ရှေးဆေးပညာရှင်တွေ ရှေးသမားတော်တွေ ပေးသွားတဲ့ ရှင်သန်ခြင်းမျှခြေသဘောတရားပါပဲ။ ဆေးကုသခြင်းထက်လည်း ထိရောက်တယ်။ အသက်ကယ်ခြင်းထက်လည်း ထိရောက်တယ်။ ကျန်းမာပြီး အသက်ရှည်စေချင်တဲ့ ရည်ရွယ်ချက်တွေ ရှိတယ်။ ဒီတော့ ဆေးပညာဟာ လူတွေရဲ့ နေ့စဉ်စားသောက်နေထိုင်မှုထဲမှာ ပါဝင်သွားအောင် ထည့်ပေးသွားနိုင်ရင် ကျန်းမာခြင်းနဲ့ အသက်ရှည်ခြင်းဟာ ကျွန်တော်တို့ကိုယ်တိုင် ရယူနိုင်တဲ့ ဆုလာဘ်ပါပဲ”
“အရမ်းကောင်းတယ်။ ကျွန်တော့်အဘိုးက အဲဒီအချက်ကို အရမ်းဂရုစိုက်တယ်။ သူပြောဖူးတာက သူ့တစ်သက်မှာ တစ်ခါမှလည်း နေမကောင်း မဖြစ်ဖူးဘူးတဲ့။ ဆေးလည်း တစ်ခါမှ မသောက်ဖူးဘူးတဲ့။ သူက အစားသောက်အနေထိုင်ကို သိပ်ဂရုစိုက်တယ်လေ”
“ဒါဆို ငါတို့ရဲ့ နေ့စဉ် စားသောက်နေထိုင်မှုကို ဂရုစိုက်ပြီး သမားတော်လေးဟန် ဆွေးနွေးတဲ့ ရှင်သန်ခြင်းမျှခြေကို ထိန်းညှိပေးရင် ကျန်းမာပြီး အသက်ရှည်မှာပဲပေါ့။ ဒါဆို သမားတော်တွေ အလုပ်မရှိ ဖြစ်ကုန်တော့မယ်”
“ခုနက သမားတော်လေး ဟန်ကောင်းရှင်း ပြောလိုက်တယ်လေ။ ဆေးပညာသင်ယူလေ့လာနေတာ ဆေးကုဖို့လည်း မဟုတ်ဘူးတဲ့။ အသက်ကယ်ဖို့လည်း မဟုတ်ဘူးတဲ့။ လူတွေကို အသက်ရှည်ကျန်းမာအောင် ဆေးပညာနဲ့ စောင့်ရှောက်ပေးဖို့တဲ့။ ဒီစကားကြားရတာ ငွေမျက်နှာပဲကြည့်ပြီး လူနာမျက်နှာကို မကြည့်တဲ့ တချို့သမားတော်တွေအစား ငါ ရှက်တယ်”
“အဲဒီလို သမားတော်တွေက လူနာမျက်နှာ ကြည့်ပါတယ်။ ‘မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ’ဆိုတဲ့ စကားတောင် ရှိတယ် မဟုတ်လား။ အဲဒါက လူနာမျက်နှာကို ကြည့်တာပဲပေါ့။ ဟားဟား…”
“ဟုတ်တယ် ဟုတ်တယ်။ သူတို့ လူနာမျက်နှာကိုပဲ ကြည့်တာ မဟုတ်ဘူး။ လူနာခေါင်းပေါ်က ကျောက်စိမ်းဆံထိုးကိုလည်း ကြည့်သေးတယ်။ ဟားဟားဟား…”
နားထောင်နေသူများက ပြောဆိုရင်း ရယ်မောကြသည်။ တစ်ချိန်တည်းမှာပင် သူတို့က သမားတော်လေး ဟန်ကောင်းရှင်းကို လေးစားသော မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။
“သမားတော်လေး ဟန်ကောင်းရှင်း…၊ ဝက်သားနဲ့ ကြက်သွန်ဖြူလိုမျိုး တွဲဖက်ပြီး စားသင့်တဲ့ တခြားအစားသောက်တွေကိုလည်း ပြောပြပေးပါဦး။ အများကြီး ရှိနေနိုင်တယ်ဆိုတာ သိပေမဲ့ တစ်ခု နှစ်ခုလောက် မှတ်သားထားချင်လို့ပါ”
“ဟုတ်တယ်။ တစ်ခု နှစ်ခု မှတ်သားရရင်လည်း တန်ဖိုးရှိမှာပဲ။ ပြောပြပေးပါ သမားတော်လေးဟန်”
ဟန်ကောင်းရှင်းက ခေါင်းညိတ်သည်။
“ဒါက တကယ်များတယ်။ တခြားရောင်းရင်းတွေလည်း ပါဝင်ဆွေးဖို့ အချိန်ပေးရဦးမှာဆိုတော့ နည်းနည်းပဲ ပြောပြပါ့မယ်”
“နည်းနည်းဆိုလည်း ကောင်းတာပဲ။ ပညာရှင်တွေရဲ့စကားက တစ်ခွန်းဆိုရင်တောင် တန်ဖိုးရှိတယ်တဲ့”
ဟန်ကောင်းရှင်းက ပြုံး၍ ခဏစဉ်းစားပြီး ဆေးပညာအရ မျှခြေထား၍ စားသင့်သော အစားသောက်များကို ပြောပြသည်။
“အမဲသားနဲ့ မုန်လာဥက မျှခြေရှိစေတဲ့ အစားသောက်တွဲပါပဲ။ အမဲသားက သွေးအားပြည့်ဝစေပြီး ခန္ဓာကိုယ်ကို ပူနွေးစေတယ်။ အစာကြေဖို့ ကြာတယ်။ မျှခြေဖြစ်အောင်လို့ မုန်လာဥနဲ့ တွဲချက်ပေးရင် အစာကြေလွယ်စေပြီး သွေးတွင်းအပူကို ပြေလျှော့စေလိမ့်မယ်။ ဒါကြောင့် အမဲသားစွပ်ပြုတ်ချက်ရင် မုန်လာဥထည့်ပြုတ်သင့်တယ်”
အားလုံးက ခေါင်းတညိတ်ညိတ်ဖြင့် မှတ်သားနေကြသည်။
“ပြီးတော့ ပုဇွန်ဟင်းလျာနဲ့ ထမင်းစားပြီးရင် လိမ္မော်သီး စားပေးသင့်ပါတယ်။ သူတို့ကလည်း မျှခြေဖြစ်စေနိုင်ပါတယ်။ ငါးဟင်းချက်တဲ့အခါ ဂျင်းနဲ့ ချက်တာက ကြက်သွန်သုံးတာထက် ပိုသင့်တော်ပါတယ်။ ကြက်သားစွပ်ပြုတ်ချက်ရင်တော့ ဂျင်ဆင်းနဲ့ ပြုတ်တာက အလိုက်ဖက်ဆုံးပါပဲ”
ဟန်ကောင်းရှင်းက စကားကို ရပ်ပြီး အားလုံးကို ကြည့်သည်။
နားထောင်နေသူများကလည်း မှတ်သားနေကြသည်။ ဆက်၍လည်း သိချင်နေကြပုံရသည်။
“ဒီလို အတွဲစပ်တွေ ပြောရရင်တော့ အများကြီး ပြောစရာ ရှိပါတယ်။ နောက်တစ်နည်းနဲ့ ပြောပြပေးပါ့မယ်။ ဘယ်အစားတွေက ယန်ဓာတ် ကြွယ်ဝပြီး ဘယ်အစားစာတွေက ယင်ဓာတ်ကြွယ်ဝလဲ ဆိုတာကိုပေါ့။ ဒါဆိုရင်လည်း ကိုယ်တိုင် အတွဲအစပ်လုပ်ပြီး မျှခြေဖြစ်အောင် စားတတ်သွားမယ်လို့ မျှော်လင့်ပါတယ်”
“အဲဒီလိုလည်း ကောင်းတယ်။ ပြောပြပေးပါ သမားတော်လေးဟန်”
ဟန်ကောင်းရှင်းက ခေါင်းအသာညိတ်ပြီး ပြောပြသည်။
“ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီး စတဲ့ စပ်တာတွေ၊ အမဲသား၊ သိုးသား၊ ကြက်သား၊ ပုဇွန် စတဲ့ သွေးဓာတ်အသားဓာတ် ပြည့်ဝတာတွေ၊ ဂျင်ဆင်း၊ ငရုတ်ကောင်း၊ သစ်ကြပိုးခေါက် စတဲ့ ပူစပ်တာတွေ၊ သရက်သီး၊ လိုင်ချီးသီး၊ ကြက်မောက်သီး၊ ဒူရင်းသီးလို အပူဓာတ်အားကောင်းတဲ့ အသီးတွေ ဒါတွေက ယန်ဓာတ် ပြည့်ဝတဲ့ အစားစာတွေပါ”
“ဟုတ်ကဲ့ သမားတော်လေးဟန်”
“အဲဒီလို ယန်ဓာတ် ပြည့်ဝတဲ့ အစားစာတွေ စားရင် ယင်ဓာတ်ပြည့်ဝတဲ့ အစားစာတွေနဲ့ တွဲစားပြီး မျှခြေကို ဖြစ်စေသင့်ပါတယ်။ မုန်လာဥ၊ သခွားသီး၊ ဆလတ်ရွက်၊ ဖရဲသီး ဒါတွေက ယင်ဓာတ်ပြည့်ဝပြီး ယန်ဓာတ်ကို ပြေလျှော့ညီမျှစေဖို့အတွက် ကောင်းပါတယ်။ ယန်ဓာတ်ပြည့်ဝစာ အစာကြေခဲစာတွေနဲ့ တွဲဖက်စားသင့်ပါတယ်။ ဝက်သား၊ ဘဲသား၊ ငါး ဒါတွေက ယင်ဓာတ် ပြည့်ဝတဲ့ အစားစာတွေပါ။ သူတို့ကို ချက်တဲ့အခါ ယန်ဓာတ်ပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ရောချက်သင့်တယ်။ မဟုတ်ရင်လည်း ယန်ဓာတ်ပြည့်ဝတဲ့ ဟင်းလျာနဲ့ တွဲဖက်စားသင့်ပါတယ်။ လက်ဖက်ရည်၊ ဂန္ဓမာလက်ဖက်ရည်၊ ရှားစောင်းလက်ပတ်ဖျော်ရည်က ယင်ဓာတ်ပြည့်ဝပါတယ်။ ငှက်ပျောသီး၊ ဖရဲသီး၊ ပန်းသစ်တော်သီး ဒီလို အသီးတွေကလည်း ယင်ဓာတ်ပြည့်ဝပါတယ်”
ဟန်ကောင်းရှင်းက စကားကို ရပ်ပြီး အားလုံးကို ကြည့်လိုက်သည်။
“ဒီလောက်ဆိုရင် ဒီညအတွက် မှတ်သားဖို့ သင့်တော်ပြီလို့ ထင်ပါတယ်။ အများကြီး ထပ်ပြောနေရင်လည်း မမှတ်မိမှာ စိုးမိတယ်။ ဒါကြောင့် ဒီလောက်နဲ့ပဲ ကျေနပ်ပေးကြပါ။ ခုနက ကျွန်တော် ပြောခဲ့ပါပြီ။ ကျွန်တော် ဆေးပညာကို လေ့လာသင်ယူတာဟာ ဆေးကုသဖို့ထက် ပိုပါတယ်။ ဒါကြောင့် ဒီလို အသက်ရှည်ကျန်းမာစေမယ့် စားသောက်နေထိုင်မှုတွေကို လူတွေဆီရောက်အောင် ကျွန်တော်ဟန်ကောင်းရှင်း ပို့ဆောင်ပေးပါ့မယ်။ အားလုံးရဲ့ စားသောက်နေထိုင်မှုတွေ ရှင်သန်ခြင်းမျှခြေနဲ့ ညီညွတ်ပြီး အသက်ရှည်ကျန်းမာစေဖို့အတွက် ကျွန်တော် လုပ်ပါ့မယ်။ လုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အဲဒါဟာ ဆေးပညာကို ဘာအတွက် လေ့လာသင်ယူမှာလဲဆိုတဲ့ ကျွန်တော့်ရဲ့ လမ်းကြောင်းပါပဲ။ ကျွန်တော့်ရဲ့ ဆေးပညာအသိမြင်ဖလှယ်တဲ့ ဆွေးနွေးမှုကို ဒီလောက်နဲ့ပဲ အဆုံးသတ်ပါတယ်။ အားလုံး စိတ်ရှည်ရှည်နဲ့ နားထောင်ပေးကြလို့ အများကြီးပဲ ကျေးဇူးတင်ပါတယ်”
“အရမ်းကောင်းတယ်။ ကျေးဇူးတင်ပါတယ် သမားတော်လေးဟန်။ တကယ်ကို အများကြီး မှတ်သားလိုက်ရပါတယ်”
“ကျေးဇူးတင်ပါတယ် သမားတော်လေးဟန်”
ဟန်ကောင်းရှင်းက စကားကို အဆုံးသတ်ပြီး အားလုံးကို သိုင်းလောကထုံးစံဖြင့် လေးစားမှုဖော်ပြပြီး သူနေရာသို့ ပြန်သွားခဲ့သည်။
ဝတ်စုံဖြူနှင့် ရိုးရှင်းသော လူရွယ်က ခေါင်းတညိတ်ညိတ်ဖြင့် ဟန်ကောင်းရှင်းကို ကြည့်နေခဲ့သည်။ သူ့မျက်လုံးများထဲတွင် သဘောကျကျေနပ်သော အရိပ်ငွေ့များလည်း ထင်ဟပ်နေခဲ့သည်။
ရှောင်လုံနှင့် နှင်းပန်းတို့အဖွဲ့မှာလည်း သမားတော်လေးဟန်ကို သဘောကျစွာ ကြည့်နေခဲ့ကြသည်။
“ဆရာလေးဟန်ရဲ့ အတွေးတွေက တကယ်ကို သာမန်မဟုတ်ဘူး။ ဆေးပညာသင်တာ ဆေးကုဖို့ မဟုတ်ဘူးတဲ့။ ဆေးကုဖို့ထက် ပိုတယ်တဲ့လေ။ ဘယ်လောက် လေးနက်လိုက်သလဲလို့။ လူတွေ အသက်ရှည်ကျန်းမာဖို့ကို သူက လိုလားတယ်။ အဲဒီအတွက် သူ့မှာ အဖြေလည်း ရှိနေတယ်”
ဝမ်ယောက်ရှီးကလည်း ဟန်ကောင်းရှင်းကို ပြုံး၍ ကြည့်နေခဲ့သည်။
‘ဂိုဏ်းတူညီလေးက သူ့လမ်းကြောင်းကို တကယ်ရှာတွေ့သွားခဲ့ပြီပဲ။ ဒါဆိုရင်တော့ ဂိုဏ်းဝင်ခွင့်စစ်ဆေးမှုကို ဖြတ်ကျော်ဖို့က သူ့အတွက် မခက်ခဲနိုင်တော့ဘူး။ အပြင်ဆေးကျမ်းဆောင်ကနေ ဘယ်လို ဆေးကျမ်းမျိုး သူ ရွေးချယ်မလဲဆိုတာ သိချင်မိတယ်။ သူက ဆေးဘုရင်ဂိုဏ်းအတွက် တခြားလူတွေနဲ့ မတူတဲ့ လမ်းကြောင်းကို လျှောက်လှမ်းတဲ့သူလည်း ဖြစ်သွားနိုင်တယ်။ သူ့ရဲ့ ဒီအတွေးအမြင်တွေကို အရိုးအိုနေတဲ့ ဆေးဘုရင်ကြီးတွေကတောင် စိတ်ဝင်စားသွားမလားပဲ”
ဝမ်ယောက်ရှီးက တွေးရင်း သူ၏ ဂိုဏ်းတူညီအတွက် ကျေနပ်နေခဲ့သည်။ သူ တာဝန်ယူ၍ ခေါ်သွားရမည့် ဂိုဏ်းသားသစ်က ထိုကဲ့သို့ ပါရမီရှင်တစ်ယောက် ဖြစ်နေသည့်အပေါ် သူက ဝမ်းသာနေခဲ့သည်။ စစ်မှန်သော ပါရမီရှင်ကို စုဆောင်းပေးနိုင်ခြင်းက သူ့အတွက် အကျိုးမြတ်များလည်း ရနိုင်သည် မဟုတ်ပါလား။ သို့ဖြစ်၍ သူက အဘယ်ကြောင့် မကျေနပ်ဘဲ နေရမည်နည်း။
ထိုစဉ်
အဖြူရောင်ဝတ်စုံနှင့် အလွန်ရိုးရှင်းသော လူရွယ်က ရှေ့ထွက်လာသည်။
သူ့အသက်ကလည်း ဟန်ကောင်းရှင်းနှင့် ရွယ်တူလောက် ဖြစ်သည်။ သူ့ပုံစံက အလွန်ရိုးရှင်းသည်။ မည်သည့်အရာကိုမှ မဆုပ်ကိုင်ထားသူတစ်ယောက်လို လွတ်လပ်ကာ ရိုးရှင်းနေခဲ့သည်။ ထိုအမူအရာမျိုးက ဝါစဉ်ကြီးရင့်သော ပညာရှင်ကြီးများထံတွင်သာ တွေ့ရတတ်သော်လည်း ထိုလူရွယ်တွင် ထိုပုံစံ ထိုအငွေ့သက်မျိုး ရှိနေခဲ့သည်။
ထိုလူရွယ်ကလည်း ဟန်ကောင်းရှင်းနှင့် အတူရပ်နေသောကြောင့် ဆေးပညာအကြောင်း အသိမြင်ဖလှယ်မည့်သူတစ်ယောက်မှန်း အားလုံးက သိလိုက်ကြသည်။ တစ်ဆက်တည်း ထိုသမားတော်လေး ဆွေးနွေးမည့် အကြောင်းရာကိုလည်း စိတ်ဝင်တစား နားစွင့်နေလိုက်ကြသည်။
အခန်း(၃၂၄)ပြီး
***