“ကျွန်တော့် မျိုးရိုးနာမည်က လီ၊ နာမည်က ယန်းဝမ်၊ ဟူပေပြည်နယ်၊ ကျီးကျိုးခရိုင်ဇာတိ ဖြစ်ပါတယ်။ ကျွန်တော်က ဆေးပညာကို စိတ်ဝင်စားပြီး ဆေးပင်တွေကို စိုက်ပျိုးရတာကို သဘောကျပါတယ်။ ဆေးလည်း နည်းနည်း ကုတတ်ပါတယ်။ ဆေးစိုက်တောင်သူလည်း လုပ်ပါတယ်။ ဒါကြောင့် ကျွန်တော်ကို ဆေးပညာစိတ်ဝင်စားတဲ့ တောင်သူတစ်ယောက်လို့ပဲ သတ်မှတ်နိုင်ပါတယ်”
ထိုလီယန်းဝမ်ကား တောင်သူတစ်ယောက်ဆိုသည့်အတိုင်း ရိုးရှင်းသော ဟန်ပန်ရှိပြီး စကားကိုလည်း ရိုးရိုးရှင်းရှင်းသာ ပြောသွားခဲ့သည်။
နားထောင်နေသူများက ဆေးစိုက်တောင်သူ လီယန်းဝမ်၏ စကားကို ဆက်နားထောင်နေကြသည်။
“ဆေးပညာကို လေ့လာဖို့ ခရီးတွေ ထွက်လာရင်းက ဒီဟန်ကျိုးမြို့ကို ရောက်လာခဲ့တယ်။ ဒီဟန်ကျိုးမှာ သမားတော်ခြံဝင်းဆိုတာ ရှိတယ်ကြားလို့ လာခဲ့တာပါ။ သမားတော်ခြံဝင်းက မြို့လယ်မှာ ရှိနေလို့ အံ့ဩခဲ့ရပါသေးတယ်။ ကျွန်တော်တို့ ခရိုင်မှာ သမားတော်တွေဆိုတာ မြို့စွန်တွေ တောင်ပေါ်တွေမှာ နေကြတာပါ။ တစ်ခုခုဖြစ်လို့ ဆေးကုချင်ရင် သမားတော်ကို ပင့်ဖိတ်ဖို့က အချိန်တစ်ခု လိုပါတယ်။ သွားရင်းလာရင်းနဲ့ ရောဂါပြင်းထန်တဲ့ လူနာတွေ အသက်ဆုံးရှုံးသွားကြတာတွေလည်း ရှိပါတယ်။ သမားတော်ခြံဝင်းလိုသာ မြို့လယ်မှာ ရှိနေရင် သွားရင်းလာရင်း အချိန်ကုန်သွားလို့ အသက်သေရတယ်ဆိုတာမျိုး မရှိလာနိုင်တော့ဘူး။ ဒါကြောင့် ကျွန်တော် တစ်ခုခုကို တွေးမိခဲ့တယ်။ ဘာဖြစ်လို့များ လူနာတွေ အလွယ်ဆုံးနဲ့ အမြန်ဆုံး ရောက်အောင် သွားလာနိုင်တဲ့ အချက်ချာနေရာတွေမှာ သမားတော်ခြံဝင်းတွေ မတည်ဆောက်ရမှာလဲ။ သမားတော်ခြံဝင်းမှာလို သမားတော်တွေအပြင် လူနာကို ပြုစုစောင့်ရှောက်နိုင်တဲ့ ဆေးပညာအခြေခံနားလည်သူတွေ မမွေးထုတ်ရမှာလဲ။ ဒါဆိုရင် လူနာကို ပြုစုတာ၊ စောင့်ရှောက်တာ၊ အခြေခံကြည့်ရှုစစ်ဆေးတဲ့ နေရာတွေမှာ သမားတော်ခြံဝင်းအလုပ်သမားတွေက လုပ်နိုင်လိမ့်မယ်။ ဒါဆိုရင် သမားတော်က လူနာတွေကို ပိုလက်ခံနိုင်လိမ့်မယ်။ ပိုပြီး ကုသပေးနိုင်လိမ့်မယ်။ ဒါက ဒီည ကျွန်တော် ဆွေးနွေးချင်တဲ့ ခေါင်းစဉ်ပါ။ ဘာကြောင့် အချက်ချာနေရာတွေမှာ သမားတော်ခြံဝင်းတွေ မတည်ဆောက်ရမှာလဲ။ ဘာကြောင့် ဆေးပညာအခြေခံနားလည်သူတွေ မမွေးထုတ်ပေးရမှာလဲ”
ထိုလီယန်းဝမ်၏ စကားများက အနာဂါတ်တွင် အချက်ချာနေရာများ၌ သမားတော်ခြံဝင်းများ တည်ဆောက်ရန်နှင့် အခြေခံဆေးပညာ နားလည်တတ်ကျွမ်းသူများ မွေးထုတ်ပေးရန် ဖြစ်နေသည်။ ထိုအကြောင်းရာက အနာဂါတ်အကြောင်းရာတစ်ခု ဖြစ်နေသော်လည်း အားလုံးက စိတ်ဝင်စားကြသည်။
လီယန်းဝမ် ပြောသည်မှာလည်း အမှန်ပင်။ ကျွမ်းကျင်သော ဆေးပညာရှင်များက လူသူဝေးသည် တောထဲ တောင်ပေါ် စသည့် သွားလာရန် ခက်ခဲဝေးလံသည့် နေရာမျိုးတွင်သာ နေထိုင်ကြသည်။ သို့မဟုတ် တချို့သမားတော်များက နယ်တကာလှည့်လည်၍ သွားလာနေတတ်သည်။ အချက်ချာနေရာ၌ သမားတော်ခြံဝင်း တည်ဆောက်၍ လူနာများကို ကုသပေးသူဟူ၍ မရှိသလောက်ပင်။
ထိုကဲ့သို့သော အကြောင်းများကြောင့်လည်း သမားတော်ကြီးဟန်၏ သမားတော်ခြံဝင်းက ဟန်ကျိုးမြို့၏ ဂုဏ်သိက္ခာဟု ပြောရလောက်အောင် လူအများ၏ လေးစားခြင်းကို ခံရခြင်းဖြစ်သည်။
“ပြောသွားတာ ကောင်းတယ်။ အနာဂတ်မှာ အဲဒီလိုသာ ဖြစ်လာရင် အချိန်မမီလို့ သေရတယ်ဆိုတာမျိုး မဖြစ်တော့ဘူးပေါ့”
လီယန်းဝမ်က ဟန်ကောင်းရှင်းကို လှည့်ကြည့်ကာ ဆက်ပြောသည်။
“ခုနက သမားတော်လေး ဟန်ကောင်းရှင်း ပြောသွားတဲ့ အထဲမှာ အစားသောက်နဲ့ ဆေးဖက်ဝင်အပင်တွေရဲ့ ဓာတ်သဘာဝတွေက တကယ်အရေးပါတယ်။ ကျွန်တော်က ဆေးစိုက်တောင်သူဖြစ်လို့ ဆေးပင်တွေရဲ့ ဓာတ်သဘာဝကို ဆေးပညာထက် ပိုနားလည်ပါတယ်။ သမားတော်လေးဟန်က ရှင်သန်ခြင်းမျှခြေဖြစ်အောင် အစားသောက်တွေရဲ့ ယင်နဲ့ယန် ဓာတ်သဘာဝတွေကို ပြောပြသွားခဲ့တယ်။ ဒီတော့ ဆေးပင်တွေ၊ ဆေးဖက်ဝင် အပင်တွေ၊ အသီးနှံတွေဟာ ဓာတ်သဘာဝနဲ့ ညီညွတ်နေဖို့ အလွန်အရေးကြီးတယ်လို့ မြင်လာတယ်။ ဆေးပင်တိုင်းဟာ ဓာတ်သဘာဝနဲ့ မညီညွတ်နေတတ်ပါဘူး။ ဂျင်းတိုင်းက အာနိသင် ပြည့်ဝနေတာ မဟုတ်ပါဘူး။ စိုက်ပျိုးတဲ့ နည်းစနစ်၊ မြေဆီဩဇာ၊ ရေမြေအနေထားပေါ်မူတည်ပြီး အာနိသင်တွေ ကွဲပြားပါတယ်။ ကျွန်တော် ပြောချင်တာက ဆေးဖက်ဝင် အပင်တွေမှ မဟုတ်ပါဘူး။ ဆန်စပါးကစလို့ စိုက်ပျိုးသမျှ အပင်တွေကို အာနိသင်ပြည့်ဝပြီး ဓာတ်သဘာဝတွေ ညီညွတ်မျှတအောင် စိုက်ပျိုးနိုင်ရင် နေ့စဉ် နေထိုင်စားသောက်မှုကနေ တကယ်စစ်မှန်တဲ့ အကျိုးရလဒ်မျိုးကို အပြည့်အဝ ရရှိပြီး အသက်ရှည်ကျန်းမာခြင်းဆိုတဲ့ ဆုလာဘ်ကို ရရှိမယ်လို့ ထင်မိပါတယ်။ ကျွန်တော်ရဲ့ ဆွေးနွေးမှုက ဒီလောက်ပါပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်”
လီယန်းဝမ်က ပြောပြီးသည်နှင့် ရိုးသားစွာ ပြုံး၍ အားလုံးကို လှည့်ပတ်ဦးညွှတ်ပြီးနောက် သူ့နေရာသို့ ပြန်သွားခဲ့သည်။
ဟန်ကောင်းရှင်းက လီယန်းဝမ်ကို အပြုံးဖြင့် ခေါင်းညိတ်ကာ အသိမှတ်ပြုသည်။
“ကောင်းတယ်။ ပြောသွားတာ ကောင်းတယ်။ သမားတော်လေးဟန်ရော ဒီဆရာလေးလီရောရဲ့ အတွေးတွေက တကယ်လေးနက်ပြီး ဆန်းသစ်တယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်”
“ဆေးနည်းတွေ၊ ဆေးပညာတွေ၊ ရောဂါအကြောင်းတွေ တစ်ခုမှ မပြောသွားကြပေမဲ့ လူတွေရဲ့ အသက်ရှည်ကျန်းမာရေးကို ပြောသွားတယ်။ သူများတော့ မသိဘူး။ ငါတော့ သဘောကျတယ်”
“ငါလည်း သဘောကျတယ်။ ငါတို့ရဲ့ နေ့စဉ်ဘဝမှာ ညီညွတ်မျှတတဲ့ စားသောက်နေထိုင်မှုတွေရှိမယ်ဆိုရင် ကျန်းမာပြီး အသက်ရှည်ဖို့က မဖြစ်နိုင်တာ မဟုတ်တော့ဘူး။ မကျန်းမာခဲ့ရင်လည်း လက်လှမ်းမီတဲ့ နေရာမှာ သမားတော်ခြံဝင်းတွေ ရှိနေခဲ့ရင် နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် သမားတော်တွေဆီက ဆေးကုသမှု ခံယူနိုင်မယ်ဆိုရင် အနာရောဂါတွေ မြန်မြန် သက်သာမှာပဲ။ အသက်တွေ ဆုံးရှုံးမှု ပိုနည်းလာမှာပဲ။ ဒါက တကယ်အဓိပ္ပါယ်တယ်။ သိပ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းရာပါပဲ”
လူများက အသိမှတ်ပြုကြသည်။ ကျေနပ်ကြသည်။
ဝမ်လူငယ်က ပြုံးလိုက်ပြီး ပြောသည်။
“ဆေးပညာကဏ္ဍကနေ ဆွေးနွေးပြောပြပေးသွားတဲ့ သမားတော်လေးဟန်နဲ့ ဆရာလေးလီကို ကျေးဇူးတင်ပါတယ်။ နောက်ထပ် ဘယ်သူများ ပါဝင်ဆွေးချင်ပါသလဲ။ လွတ်လွတ်လပ်လပ် ပါဝင်ဆွေးနွေးပြီး အသိမြင်တွေ ဖလှယ်လို့ရပါတယ်”
ဝမ်လူငယ်က အားလုံးကို လှည့်ပတ်ကြည့်ရင်းက ရှောင်လုံထံသို့ အကြည့်ရောက်သွားသည်။
ရှောင်လုံမှာ လေးနက်နေခဲ့သည်။ သူက သမားတော်လေးဟန်ကောင်းရှင်း ပြောသွားခဲ့သော မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြားက မျှခြေဟူသော ရှင်သန်ခြင်းကို တွေးနေခြင်းဖြစ်သည်။ သူ အစစ်မှန် တွေးနေသည်က မျှခြေလည်း မဟုတ်သလို ရှင်သန်ခြင်းလည်း မဟုတ်ပေ။ ဆန့်ကျင်ဘက်ဖြစ်မှုနှစ်ခုကြားတွင် ရှိနေသော ဥပဒေသကို တွေးနေခြင်းသာ ဖြစ်သည်။
သူ တစ်စွန်းတစ်စ ဖမ်းဆုပ်မိခဲ့သော တတိယဥပဒေသက အလွန်ပါးလွှာသော်လည်း နေရာတိုင်းတွင် ရှိနေသည်ကို ပို၍ နားလည်လာခဲ့သည်။ မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြား၌ပင် ရှင်သန်းခြင်းဟူသော မျှခြေတစ်ခု ရှိနေခဲ့သည် မဟုတ်ပါလား။
‘ငါသာ ဆန့်ကျင်ဘက် နိယာမတွေကို ပိုမြင်နိုင်လာရင် ကြားထဲက တတိယနိယာမကိုလည်း ပိုမြင်လာနိုင်တယ်။ ဒါဆိုရင် ငါ့ရဲ့ အဲဒီဓားချက်က ပြည့်စုံသွားမလားပဲ’
ရှောင်လုံက အတွေးနက်နေသည့်အတွက် လီယန်းဝမ် ပြောသွားသော စကားကိုပင် မသိခဲ့ပေ။ ပတ်ဝန်းကျင်ကိုလည်း ခဏကြာအောင် မေ့လျှော့နေခဲ့သည်။
ယခု ဝမ်လူငယ်က စကားပြောချိန်မှ ရှောင်လုံလည်း အတွေးများ အဆုံးသတ်နိုင်တော့သည်။
ထိုစဉ် လီကျီးက ရှေ့ထွက်လာသည်။
“ကျွန်တော့်နာမည်က လီကျီး ဖြစ်ပါတယ်။ ကျွန်တော်က ကွန်ဖျူးရှပ်ကျောင်းတော်မှာ စာပေပညာ လေ့လာနေသူပါ။ အားလုံး သိထားကြသလိုပဲ ဖူးဇီ(ကွန်ဖျူးရှပ်)ရဲ့ သွန်သင်မှုတွေက ပစ္စုပ္ပန်လူနေမှုဘဝကိုပဲ အဓိက ရည်ညွှန်းပြီး ဘယ်လို နေထိုင်ကျင့်သုံးရမယ်ဆိုတာတွေ သင်ပေးပါတယ်။ ဒါကို ကျွန်တော်တို့လို နောက်ပိုင်းတပည့်တွေက ပစ္စုပ္ပန်ဘဝပြီးရင် ရောက်လာမယ့် နောက်ဘဝအတွက်ရော ဘယ်လိုနေထိုင်ကျင့်သုံးပြီး ကြိုတင်ပြင်ဆင်သင့်လဲဆိုတာ တွေးလာကြတယ်။ တစ်ပြိုင်တည်းမှာ နောက်ဘဝဆိုတာ တကယ်ရှိလားဆိုတဲ့ ပြဿနာလည်း ရှိလာတယ်။ နောက်ဘဝဆိုတာ တကယ်ရှိရင် ဘာကြောင့် ဖူးဇီက နည်းနည်းတောင် မပြောခဲ့တာလဲ။ နောက်ဘဝအတွက် ဘာလို့ နည်းနည်းတောင် မသွန်သင်ခဲ့တာလဲ။ မနက်ဖြန်မှာ လုပ်မယ့်အလုပ်တွေအတွက် မနက်ဖြန်မှာ ထွက်ရမယ့် ခရီးအတွက် ဒီနေ့မှာ ကြိုတင်ပြင်ကြတာပဲ မဟုတ်လား။ ဖူးဇီက ဘာဖြစ်လို့ ဒီလို ကြိုတင်ပြင်ဆင်ခြင်းဆိုတဲ့ သွန်သင်မှုတွေ လုံးဝ မလုပ်ခဲ့တာလဲ။ နောက်ဘဝဆိုတာ မရှိလို့လား။ အခု ဒီမှာ ရောက်နေကြတဲ့ ရောင်းရင်းတွေဆီက အသိမြင်တွေ နားထောင်ချင်ပါတယ်”
နောက်ဘဝလော။
ယခု ရောက်နေကြသူများထဲတွင် တချို့က မည်သည့် အတွေးခေါ် အယူဝါဒကိုမှ လက်မခံသူများလည်း ရှိသည်။ တချို့က တာအိုဝါဒကို သဘောကျသူများလည်း ရှိသည်။ တချို့က မဟာယာန ဗုဒ္ဓဝါဒကို သဘောကျသူများလည်း ရှိသည်။ တချို့က ခွန်အားသန်မာမှုနှင့် ဉာဏ်ပညာကြီးမားမှုကသာ အရာအားလုံးထက် သာလွန်သောအရာဖြစ်သည်ဟူသော အတွေးခေါ်ကိုသာ သဘောကျကြသည်။
တာအိုဝါဒ၌လည်း တစ်ဘဝပြီးတစ်ဘဝ ဖြစ်သည်ဟူသော အတွေးခေါ်ကို အလေးမပေးထားပေ။ ဘဝရှင်သန်မှုကို ကိုယ်ရောစိတ်ရောကို သဘာဝနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ကျင့်ကြံခြင်းလမ်းစဉ်ကိုသာ သွန်သင်သည်။ ကွန်ဖျူးရှပ်ဝါဒကလည်း ပစ္စုပ္ပန်လူမှုဘဝကို မည်သို့နေထိုင်ကျင့်သုံးရမည်ဟုသာ သွန်သင်သည်။ ရိုးရာအတွေးခေါ်ကလည်း ခွန်အားသန်မာအောင် ဉာဏ်ပညာကြီးမားအောင်သာ အားပေးထားသည်။ ဘဝဟူသော အဓိပ္ပါယ်ကိုပင် အလေးနက် မထားခဲ့ပေ။
ဗုဒ္ဓဝါဒတွင်သာ အတိတ်ဘဝ ပစ္စုပ္ပန်ဘဝ နောက်ဘဝနှင့် သံသရာဟူသော သွန်သင်မှုများ ရှိသည်။ တာအိုဝါဒ၏ မရှိခြင်း သုညမှ တစ်ခုရှိခြင်း၊ တစ်ခုရှိခြင်းမှ နှစ်ခုရှိခြင်း၊ နှစ်ခုရှိခြင်းမှ သုံးခုရှိခြင်း၊ သုံးခုရှိခြင်းမှ အရာအားလုံး ဖြစ်ခြင်း၊ အဆုံးသတ်တွင် အရာအားလုံး မရှိခြင်း သုည၌ အဆုံးသတ်ထားသော်လည်း ဗုဒ္ဓဝါဒ၏ ဘဝသံသရာ၊ ဘဝသံသရာမှ လွတ်မြောက်မှုဟူသော သွန်သင်ချက်များနှင့် ထပ်တူ မကျပေ။
ဗုဒ္ဓဝါဒက ကြိုးစားအားထုတ်ရန် သွန်သင်သည်။ တာအိုဝါဒက လိုက်လျောညီထွေဖြစ်အောင် နေထိုင်ကျင့်သုံးရန်သာ သွန်သင်သည်။
ထို့ကြောင့် လီကျီး၏ ကွန်ဖျူးရှပ်ဝါဒသစ် အတွေးအမြင်ကို ပါဝင်ဆွေးနွေးနိုင်သူက ရှားနေခဲ့သည်။
ထိုစဉ် ဝတ်စုံဝါနှင့် ခေါင်းတုံးပြောင် လူရွယ်က အပြုံးဖြင့် လှမ်းပြောသည်။
“ကျွန့်တော့် မျိုးရိုးနာမည်က ချီး၊ နာမည်ရင်းက ကျုံးယောင်။ ကျွန်တော်က ဗုဒ္ဓါဝါကို လက်ခံယုံကြည်သူပါ။ ရောင်းရင်းလီ ပြောတဲ့ နောက်ဘဝဆိုတာကို ဗုဒ္ဓဝါဒမှာ ရှင်းရှင်းလင်းလင်း သင်ကြားထားပါတယ်။ တကယ်လို့ ရောင်းရင်းလီ စိတ်ဝင်စားရင် ကျွန်တော်ရဲ့ အသိမြင်တွေကို ပါဝင်ဆွေးပေးပါ့မယ်”
လီကျီးက ချီးကျုံးယောင်ကို လှမ်းကြည့်က အားနည်းဖျော့တော့စွာ ပြုံးသည်။ သို့သော် သူ့မျက်လုံးများက စိတ်ဝင်စားမှုဖြင့် တောက်ပနေခဲ့သည်။
“ကျွန်တော်တို့ရဲ့ ကွန်ဖျူးရှပ်ဝါဒသစ်မှာလည်း နောက်ဘဝဆိုတာကို ရှိတယ်လို့ လက်ခံတဲ့အဆင့်ထိ ရောက်နေပါပြီ။ ရောင်းရင်းချီးက အသိမြင်တွေကို ဆွေးနွေးဖလှယ်ပေးမယ်ဆိုရင်လည်း ဝမ်းသာပါတယ်”
ချီးကျုံးယောင်က ရှေ့ထွက်လာပြီး လီကျီးနှင့်အတူ ရပ်ကာ သူ၏ အသိအမြင်ကို ဖလှယ်ပေးသည်။
“ဗုဒ္ဓဝါဒမှာ နောက်ဘဝရှိတယ် ဆိုတဲ့ သွန်သင်မှုအပြင် အရင်ဘဝရှိတယ်ဆိုတဲ့ သွန်သင်မှုလည်း ရှိပါတယ်။ ဟောဒီ ပုတီးကုံးကို ဥပမာအနေနဲ့ ပြပါရစေ”
ချီးကျုံးယောင်က သူ့လက်တွင် ပတ်ထားသော ရောင်စုံကျောက်ပုတီးကို ဖြေပြီး ကိုင်မြှောက်ပြသည်။
“ဒီပုတီးခေါင်းကို အခုပစ္စုပ္ပန်ဘဝလို့ သတ်မှတ်ရင် ဒီဘက်က ပုတီးစေ့အစဉ်အတန်းကို အတိတ်ဘဝတွေလို့ သတ်မှတ်နိုင်တယ်။ ဟိုဘက်က ပုတီးစေ့တွေကိုတော့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ဘဝတွေလို့ သတ်မှတ်နိုင်တယ်။ ပုတီးတစ်ကုံးလုံးကို မြင်ယောင်ပြီး အတိတ်ဘဝတွေ၊ ပစ္စုပ္ပန်ဘဝ၊ အနာဂတ်ဘဝဆိုပြီး တစ်ကျော့ပြီးတစ်ကျော့ တစ်ပတ်ပြီးတစ်ပတ် ထပ်ထပ်ဖြစ်နေတယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူး။ အဆက်မပြတ် ဖြစ်နေတယ်၊ တစ်သီတစ်တန်းကြီး ဖြစ်နေတယ်၊ အတိတ်ဘဝတွေ မရေမတွက်နိုင်အောင် ဖြစ်ခဲ့တယ်၊ အခု ပစ္စုပ္ပန်ဘဝ ဖြစ်နေတယ်၊ အနာဂတ်မှာ နောက်ဘဝတွေ မရေမတွက်နိုင်အောင် ဖြစ်နိုင်သေးတယ်လို့ ပြောချင်တာပါ”
ချီးကျုံးယောင်၏ စကားကို အားလုံးက စိတ်ဝင်တစား နားထောင်ပေးနေကြသည်။ မဟာယာန ဗုဒ္ဓဝါဒကို လက်မခံသူများကလည်း ဆန့်ကျင်ကန့်ကွက်ခြင်း မဆိုကြဘဲ နားထောင်နေကြသည်။ လူငယ်များကြားက အသိမြင်ဖလှယ်ပွဲဟူသော ခေါင်းစဉ်အောက်တွင် အားလုံးက အပြန်အလှန် အသိမှတ်ပြုပြီး နားထောင်ပေးနေကြသည်။
ချီးကျုံးယောင်က သူ့စကားကို လီကျီး မည်သို့ နားလည်လက်ခံသည်ဟု သိချင်ဟန်ဖြင့် ကြည့်သည်။
လီကျီးက အနည်းငယ်စဉ်းစားပြီး ပြောသည်။
“ရောင်းရင်းချီးပြောသလိုဆိုရင် ကျွန်တော်တို့မှာ အနာဂတ်ဘဝတင် ရှိနိုင်တာမဟုတ်ဘူး အတိတ်ဘဝတွေလည်း ရှိခဲ့ဖူးတယ်ပေါ့။ ပြီးတော့ ရှိခဲ့တာကလည်း တော်တော်များများကို ရှိခဲ့တယ်ပေါ့”
“ဟုတ်တယ်။ ဗုဒ္ဓဝါဒမှာ ဒီလိုပဲ သွန်သင်ပါတယ်”
လီကျီးက ချီးကျုံးယောင်ကို သေချာကြည့်ပြီး မေးသည်။
“ရောင်းရင်းချီးကရော အဲဒါကို လက်ခံယုံကြည်လား”
ချီးကျုံးယောင်က သူ့ပုံစံအတိုင်း ပေါ့ပါးစွာ ပြုံးလိုက်သည်။
“ကျွန်တော့်ပုံစံက လက်မခံသူ မယုံကြည်သူနဲ့ တူနေလို့လား”
လီကျီးက ခေါင်းအသာညိတ်သည်။
“မတူပါဘူး။ အဲဒီလို မေးတာက ရောင်းရင်းချီးရဲ့ ယုံကြည်မှုကို မလေးစားလို့ မေးတာ မဟုတ်ပါဘူး။ အတွေးက မရှင်းလင်းရင် ပြောတဲ့စကားက မရှင်းလင်းဘူးလို့ ဆိုတယ် မဟုတ်လား။ အတွေးတွေ ရှင်းလင်းဖို့ဆိုတာ ယုံကြည်မှုက ခိုင်မာရှင်းလင်းနေဖို့ လိုလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်က ကွန်ဖူးရှပ်ဝါဒသစ်ကို လေ့လာခဲ့တော့ ဝါဒဟောင်းအပေါ်မှာ မရှင်းမလင်း ဖြစ်လာခဲ့လို့ပါ။ နားလည်ပေးစေချင်ပါတယ်”
“ရောင်းရင်းလီ အားနာဖို့ မလိုပါဘူး။ လွတ်လွတ်လပ်လပ် ပြောပါ။ ကျွန်တော့်ရဲ့ အသိအမြင်နယ်ပယ်ထဲက ဖြစ်နေရင် ကျွန်တော် အကောင်းဆုံး ဆွေးနွေးဖလှယ်ပေးပါ့မယ်”
လီကျီးက ကျေးဇူးတင်ဟန်ဖြင့် ပြုံးသည်။
“ကျေးဇူးတင်ပါတယ် ရောင်းရင်းချီး။ ရောင်းရင်းချီးဆီမှာ ခိုင်မာရှင်းလင်းတဲ့ ယုံကြည်မှုကို ကျွန်တော် ခံစားမိပါတယ်။ အဲဒီ ယုံကြည်မှုက ဘယ်လို အထောက်ထားမှာ အခြေခံပြီး ဖြစ်လာတာလဲ။ အတိတ်ဘဝတွေဆိုတာ ရှိတယ်ဆိုတဲ့ ယုံကြည့်မှုမှာပေါ့။ ဗုဒ္ဓဝါဒကို ယုံကြည်သူမို့ ဗုဒ္ဓရဲ့ သွန်သင်မှုကို လက်ခံလိုက်တာလား။ ဒါမှမဟုတ် တခြားသက်သေပြစရာများ ရှိမလား”
ချီးကျုံးယောင်က ပြုံး၍ ခေါင်းညိတ်သည်။
“ရောင်းရင်းလီက ပစ္စုပ္ပန်ဝါဒသမားဆိုတော့ လက်တွေ့ပြလို့ရတဲ့ သက်သေကို မြင်ချင်တယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ အရင်ဆုံး ရောင်းရင်းလီကိုကျွန်တော် မေးကြည့်ပါရစေ။ ရောင်းရင်းလီ လက်ခံထားတဲ့ ဒီပစ္စုပ္ပန်ဘဝကိုပေါ့။ မနေ့က ရောင်းရင်းလီ စကားတွေ ပြောခဲ့လိမ့်မယ်။ အလုပ်တွေလည်း လုပ်ခဲ့လိမ့်မယ်။ စာတွေလည်း ဖတ်ခဲ့လိမ့်မယ်။ စာတွေလည်း ရေးခဲ့လိမ့်မယ်။ မြင်ခဲ့ကြားခဲ့တာတွေလည်း ရှိလိမ့်မယ်။ ဟုတ်တယ်မလား”
“ဟုတ်ပါတယ်”
“ဒါဆို မနေ့က ရောင်းရင်းလီ ပြောခဲ့တဲ့ စကားတွေ အကုန်လုံး ပြန်ပြောပြပါလား”
မနေ့က ပြောခဲ့သော စကားများကို အကုန်လုံး ပြန်ပြောရမည်လော။
လီကျုံးက ချီးကျုံးယောင်ကို ကြည့်ပြီး ပြုံးလိုက်သည်။
သူ ပြန်မပြောနိုင်သောကြောင့် ဖြစ်သည်။ အကုန်လုံးကို မမှတ်မိတော့သောကြောင့် ဖြစ်သည်။ ထို့အတူ မနေ့က လုပ်ခဲ့သော အလုပ်များဖြစ်စေ၊ ဖတ်ခဲ့သော စာများ ဖြစ်စေ၊ ရေးခဲ့သော စာများဖြစ်စေ၊ ကြားခဲ့မြင်ခဲ့သော အရာများဖြစ်စေ အကုန်လုံးကို မမှတ်မိတော့ပေ။ တချို့တလေကိုသာ မှတ်မိတော့သည်။
“ကျွန်တော် အကုန်လုံးကို ပြန်မပြောနိုင်ဘူး။ အကုန်လုံးကိုလည်း မမှတ်မိတော့ဘူး။ တချို့ဟာလေးတွေကိုတော့ မှတ်မိပါတယ်”
ချီးကျုံးယောင်က ထပ်ပြောသည်။
“ဒါဆို မနေ့က တစ်ရက်ဟာ ရောင်းရင်းလီအတွက် အမှတ်ရစရာတွေ သိပ်မရှိတဲ့ သာမန်နေ့တစ်နေ့ ဖြစ်ခဲ့လို့ ထင်တယ်။ လွန်ခဲ့တဲ့ ဆယ်ရက်အတွင်းမှာ မှတ်မှတ်ရရ ရှိတဲ့ ရက်တစ်ရက်များ ရှိမလား။ အဲဒီ ရက်တုန်းက ပြောခဲ့တဲ့ စကားတွေကို ပြန်ပြောပြပါလား”
လီကျီးက ပြုံး၍ ခေါင်းညိတ်သည်။
“လွန်ခဲ့တဲ့ ဆယ်ရက်အတွင်းမှာ ဒီဟန်ကျိုးကို လာချင်လို့ ပြောဆိုခဲ့တဲ့ မှတ်မှတ်ရရ နေ့တစ်နေ့ ရှိခဲ့တယ်။ ဒါပေမဲ့ ပြောခဲ့တဲ့ စကားတွေအားလုံးကိုတော့ ပြန်မပြောနိုင်ပါဘူး။ အနည်းအကျဉ်းလောက်တော့ ပြောနိုင်မယ်ထင်တယ်”
ချီးကျုံးယောင်က လီကျီးကို သေချာကြည့်ပြီး ထပ်မေးသည်။
“ရောင်းရင်းလီက အသက်နှစ်ဆယ်ကျော်ဆိုတော့ လူငယ်လေးတစ်ယောက်ပါပဲ။ မှတ်ဉာဏ်တွေလည်း ကောင်းဦးမှာပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်က အခုလို ဆောင်းဦးရာသီရဲ့ ကိုးလပိုင်း ဆယ်ရက်နေ့ ညအကြောင်းလေး ပြောပြပါလား”
လီကျီးက ခေါင်းခါသည်။ သူ့မှတ်ဉာဏ်ထဲတွင် လွန်ခဲ့သော ဆယ်နှစ်က ကိုးလပိုင်း ဆယ်ရက်နေ့ညအကြောင်းက ဘာမှ မရှိနေခဲ့ပေ။
“ဘာလို့လဲ ရောင်းရင်းလီ။ လွန်ခဲ့တဲ့ ဆယ်နှစ်မှာ ကိုးလပိုင်း ဆယ်ရက်နေ့ဆိုတာ မရှိခဲ့လို့များလား။ ရှိခဲ့ မရှိခဲ့ဆိုတာ ပြက္ခဒိန် ပြန်ကြည့်ပေးရမလား”
လီကျီးက တောက်ပစွာ ပြုံး၍ ခေါင်းခါသည်။
“လွန်ခဲ့တဲ့ ဆယ်နှစ်က ကိုးလပိုင်း ဆယ်ရက်နေ့ညဆိုတာ ရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ မှတ်ဉာဏ်တွေထဲမှာ အမှတ်ရနေတာ ဘာမှ မရှိတာပါ”
“ဒါပေမဲ့ ရောင်းရင်းလီအတွက် မရှိခဲ့သလို ပဲနော်”
“ဟုတ်တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ကိုးလပိုင်း ဆယ်ရက်နေ့ညက ကျွန်တော့်အတွက် မရှိခဲ့သလိုပဲ”
ချီးကျုံးယောင်က တခြားလူများကိုလည်း လှည့်ပတ်ကြည့်သည်။
အားလုံးကလည်း ခေါင်းခါပြကြသည်။ မည်သူမှ မှတ်မှတ်ရရ မရှိနေကြသောကြောင့် ဖြစ်သည်။ သူတို့အတွက်လည်း လွန်ခဲ့သော ဆယ်နှစ်က ကိုးလပိုင်း ဆယ်ရက်နေ့ညမှာ မရှိခဲ့သလိုပင်။
ချီကျုံးယောင်က ပြုံး၍ ပြောသည်။
“အတိတ်ဘဝဆိုတာ ဒီဘဝကို စတင်လိုက်တဲ့ နေ့ရဲ့ အရင်တစ်ရက်ပါပဲ။ အတိအကျပြောရင် ဒီဘဝကို စတင်လိုက်တဲ့ အချိန်နဲ့ ကပ်နေတဲ့ ရှေ့က အချိန်လေးက အရင်ဘဝပါပဲ။ အရင်ဘဝရဲ့ အဆုံးသတ်ချိန်ဆိုပါတော့။ ဒီဘဝရဲ့ မွေးဖွားခြင်း မတိုင်ခင်မှာ အတိတ်ဘဝရဲ့ သေဆုံးခြင်း ရှိခဲ့တယ်”
ချီကျုံးယောင်က ပြောနေရင်း မြေပေါ်တွင် မျဉ်းတစ်ကြောင်း ဆွဲလိုက်သည်။ ထို့နောက် သူက မျဉ်းကြောင်းကို ကျော်ဖြတ်ပြလိုက်သည်။
“ဒီမျဉ်းကြောင်းက သေဆုံးခြင်းနဲ့ မွေးဖွားခြင်းကြား အချိန်မျဉ်းကြောင်းလေးနဲ့ တူတယ်။ ဒီဘက်ကနေ ဟိုဘက် ကူးလိုက်တာက သေဆုံးခြင်းနဲ့ မွေးဖွားခြင်းပါပဲ။ အခု ကျွန်တော် ဒီမှာ ရပ်နေတယ်။ ဒါက ကျွန်တော့်ရဲ့ ပစ္စုပ္ပန်ဘဝ၊ ခုနက ဟိုဘက်မှာ ရပ်နေခဲ့တာက ကျွန်တော့်ရဲ့ အတိတ်ဘဝ”
ချီကျုံးယောင်က ခဏနားပြီး ဆက်ပြောသည်။
“အတိတ်ဘဝက မရှိခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့က မမှတ်မိတာပါ။ မနေ့က ပြောခဲ့တဲ့ စကားတွေကိုတောင် ကျွန်တော်တို့ အကုန်မမှတ်မိဘူး မဟုတ်လား။ အမှတ်တရ အရှိဆုံးနေ့တစ်နေ့ ရှိခဲ့တယ်ဆိုရင်တောင် အဲဒီနေ့က အဖြစ်အပျက်တွေအားလုံးကို ကျွန်တော်တို့ မမှတ်မိကြဘူး။ တချို့ရက်တွေကို မရှိခဲ့သလို ခံစားရတယ်။ တချို့နှစ်တွေကိုလည်း မရှိခဲ့သလို ခံစားရတယ်။ အဲဒီရက်တွေ အဲဒီနှစ်တွေက မရှိခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့က မမှတ်မိနိုင်တာ။ ကျွန်တော်တို့က မေ့သွားခဲ့တာ။ ကျွန်တော်တို့မှာ အားကောင်းတဲ့ မေ့နိုင်စွမ်းတစ်ခု ရှိနေတာပါ။ ဒါကြောင့် အတိတ်ဘဝကို မမှတ်မိတာက သာမန်ပါပဲ။ မရှိခဲ့သလို ခံစားရတာကလည်း ပုံမှန်ပါပဲ။ ဒါပေမဲ့ အဲဒါက အတိတ်ဘဝ မရှိဘူးဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ဘူး”
လီကျီးက ခေါင်းညိတ်နေခဲ့သည်။
“ရောင်းရင်းချီး ပြောသွားတာ တကယ်ကောင်းပါတယ်။ လူတိုင်းက အတိတ်ကို မေ့သွားလို့ မသိကြတော့ဘူးဆိုရင် ဘယ်သူက အတိတ်ဘဝကို သိပြီး အတိတ်ဘဝရှိတယ်လို့ ပြောနေရတာလဲ”
ဟုတ်သည်လေ။ လူတိုင်းကသာ အတိတ်ဘဝကို မေ့သွားကြရိုး မှန်လျှင် မည်သူက အတိတ်ဘဝအကြောင်း ပြောနိုင်ပါမည်နည်း။
“ရောင်းရင်းလီရဲ့ စကားထဲမှာ အဖြေ ရှိနေပါတယ်။ လူတိုင်းက အတိတ်ဘဝကို မေ့သွားခဲ့ကြလို့ မရှိတော့သလို ခံစားနေရတယ်။ ဒါဆို ဘယ်သူကမှ အတိတ်ဘဝရှိကြောင်း ပြောနိုင်မှာ မဟုတ်ဘူး။ ပြောနေခဲ့ရင်လည်း လုပ်ကြံဖန်တီးပြီး ပြောတာပဲ ဖြစ်လိမ့်မယ်”
လီကျီးက ခေါင်းညိတ်သည်။
ချီးကျုံးယောင်က ထပ်မေးသည်။
“တကယ်လို့ တစ်ဦးတစ်ယောက်က အတိတ်ဘဝကို မမေ့ဘဲ မှတ်မိနေတယ်ဆိုရင်ရော။ လူအများ မမှတ်မိနိုင်တဲ့ အတိတ်ဘဝကို မှတ်မိနိုင်တဲ့သူက သူ့အတိတ်ဘဝအကြောင်းကို ပြောနိုင်တယ် မဟုတ်လား”
“တခြားလူတွေနဲ့ မတူဘဲ သူက အတိတ်ဘဝကို မှတ်မိနေခဲ့ရင် သူ ပြောနိုင်မှာပါ။ ဒါက သူတကယ်မှတ်မိတာလား ဒါမှမဟုတ် လုပ်ကြံဖန်တီးပြီး ပြောတာလားဆိုတာ ခွဲခြားဖို့တော့ ခက်တယ်”
“ဟုတ်တယ်။ သေချာပေါက် ခွဲခြားရခက်တယ်။ ယုံတဲ့သူလည်း ရှိမှာ မဟုတ်ဘူး။ လူတိုင်း မသိတော့တဲ့ မရှိတော့သလို ခံစားရတဲ့ အတိတ်ဘဝကို ရှိတယ်လို့ လာပြောနေတာပဲလေ။ ဘယ်သူက ယုံမှာလဲ”
လီကျီးက ခေါင်းညိတ်သည်။ သူလည်း ယုံမည် မဟုတ်ပေ။
ချီးကျုံးယောင်က ဆက်ပြောသည်။
“သူ့ရဲ့ လုပ်ကြံဖန်တီးတဲ့ စကားတွေက နားထောင်ကောင်းလို့ ယုံတဲ့သူတွေကလည်း အယုံလွယ်သူတွေမို့ ယုံလိုက်ကြတာလား ဆိုတာကိုလည်း ထည့်တွေးသင့်တယ်။ ဒါပေမဲ့ တချို့က အယုံလွယ်လို့ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်လည်း အတိတ်ဘဝကို မှတ်မိနေခဲ့လို့ သံသယမရှိဘဲ လက်ခံလိုက်တာပါ။ ဒါကြောင့် အတိတ်ဘဝရှိတယ်လို့ ပြောတဲ့သူတစ်ယောက်တည်းကပဲ အတိတ်ဘဝကို မှတ်မိနေတာ မဟုတ်ဘဲ အတိတ်ဘဝကို မှတ်မိနေတဲ့ တချို့လူတွေလည်း ရှိနေခဲ့လို့ပါပဲ”
လီကျီးက ခေါင်းညိတ်လိုက်သည်။ သူက သူ့သံယတစ်ခုကိုလည်း မေးသည်။
“ရောင်းရင်းချီးရဲ့ စကားတွေက အဓိပ္ပါယ်ရှိပါတယ်။ ဒီလိုဆိုရင်တောင် အတိတ်ဘဝရှိကြောင်း စပြောတဲ့သူနဲ့ သံသယမရှိဘဲ ယုံတဲ့သူတွေက တစ်ဂိုဏ်းတည်း တစ်ဖွဲ့တည်း ဖြစ်နေပြီး အတိတ်ဘဝရှိတယ်ဆိုတဲ့ စကားကို တခြားလူတွေပါ ယုံကြည်လာအောင် အချင်းချင်း ပူးပေါင်းပြောဆိုတာရော မဖြစ်နိုင်ဘူးလား”
ချီးကျုံးယောင်က ပြုံးပြီး ခေါင်းညိတ်သည်။
“သေချာပေါက် ဖြစ်နေနိုင်တာပေါ့။ ဒီလို လှည့်ကွက်တွေက မျက်လှည့်ပြသူကြားမှာ ရှိနေတာပဲဆိုတော့လေ။ တစ်ဂိုဏ်းတည်း တစ်ဖွဲ့တည်းအချင်းချင်း တစ်ယောက်က အတိတ်ဘဝရှိကြောင်း ပြောမယ်။ ကျန်တဲ့လူတွေက မယုံကြည်သူတွေကြားကနေ ယုံကြည်ပါတယ်လို့ သက်သေပြုချက်တွေ ပြောကြမယ်ဆိုရင် တခြားမယုံကြည်သူတွေလည်း ယုံကြည်လာနိုင်တယ်။ ဒီလှည့်ကွက်က မျက်လှည့်ပြပွဲတွေမှာ အမြဲအလုပ်ဖြစ်တဲ့ နည်းစနစ်တစ်ခုပါပဲ”
လီကျီးသာမက အားလုံးကလည်း ခေါင်းညိတ်ပြကြသည်။
ချီးကျုံးယောင် ပြုံးလိုက်ပြီး တစ်ခု ထပ်ပြောသည်။
“အကယ်၍ လူတစ်ယောက်က ငါ အရင်ဘဝက ဒီရွာမှာ နေခဲ့တယ်။ ငါ့အဖေအမေက ဘယ်သူတွေ ဖြစ်တယ်။ ညီအစ်ကို မောင်နှမတွေက ဘယ်သူတွေ ဖြစ်တယ်။ ငါ ရှာဖွေစုဆောင်းထားတဲ့ ရတနာတွေကို ဒီနေရာမှာ မြှုပ်ထားခဲ့တယ်။ ငါ အသက်ဘယ်လောက်မှာ သေခဲ့တယ်။ ဘယ်လို သေခဲ့ရတယ်။ ငါ့အလောင်းကို ဘယ်နေရာမှာ မြှုပ်ခဲ့တယ်။ ဒီလိုတွေ ပြောမယ်။ သူ ပြောတဲ့အတိုင်း ရတနာတွေကိုလည်း ရှာတွေ့မယ်။ အလောင်းကိုလည်း ရှာတွေ့မယ်ဆိုရင်ရော။ အဲဒါက လုပ်ကြံဖန်တီးတဲ့ စကားတွေလို့ ပြောနိုင်မလား။ ဒါမှမဟုတ် အတိတ်ဘဝဆိုတာ တကယ်ရှိတယ်လို့ ပြောရာ ရောက်မလား”
အားလုံး တိတ်ဆိတ်သွားကြသည်။ စဉ်းစားနေကြသည်။
လီကျီးလည်း အလေးအနက် စဉ်းစားနေခဲ့သည်။
“ရောင်းရင်းချီးက အဲဒီလို ပြောတယ်ဆိုတော့ အဲဒီလို လူမျိုး ရှိခဲ့တယ်လား”
ချီးကျုံးယောင်က ခေါင်းညိတ်ပြသည်။
“အဲဒီလို လူတွေ တစ်ယောက်ထက်မက ရှိခဲ့ပါတယ်။ ဒီခေတ်မှာ အထင်ရှားဆုံးတစ်ယောက်က ဟွေ့ဟိုင်’လို့ ခေါ်တဲ့ ဘုန်းတော်ကြီးတစ်ပါးပဲ။ သူက သူ့ရဲ့ အရင်ဘဝက အဖြစ်အပျက်တွေကို မှတ်မိနေခဲ့ပြီးတော့ သူ ဘယ်လိုနေခဲ့ရတယ်၊ ဘယ်လို ရှင်သန်ခဲ့ရတယ်၊ ဘယ်လို သေဆုံးခဲ့ရတယ်၊ သူ့ပိုင်ဆိုင်မှုတွေကို မှိတ်မိနေတယ်၊ သူ့အလောင်းကို ဘယ်မှာ မြှုပ်ထားတယ်ဆိုတာတွေ မှတ်မိနေခဲ့တယ်။ သူမှတ်မိနေတာတွေအားလုံးကလည်း တကယ် ရှာတွေ့ခဲ့တယ်။ အဲဒီအကြောင်းတွေကို သူ ဘုန်းကြီးဘဝရောက်တဲ့အခါ စာအုပ်တစ်အုပ် ရေးခဲ့တယ်။ ရောင်းရင်းလီ အဆင်ပြေရင် အဲဒီစာအုပ် ရှာဖတ်ကြည့်လိုက်ပါ”
လီကျီးက လေးနက်စွာ ခေါင်းညိတ်ပြီး ကျေးဇူးတင်စကား ပြောသည်။
“အခုလို ရှင်းရှင်းလင်းလင်း ပြောပြပေးတဲ့အတွက် ရောင်းရင်းချီးကို ကျေးဇူးတင်ပါတယ်”
ချီးကျုံးယောင်က စကားတစ်ခွန်း ထပ်ပြောသည်။
“အတိတ်ဘဝဆိုတာ ရှိရင် နောက်ဘဝဆိုတာလည်း ရှိနေပြီပဲ မဟုတ်လား။ အရင်ဘဝကနေ ကြည့်ရင် အခုဘဝဆိုတာ နောက်ဘဝပဲလေ”
အခန်း(၃၂၅)ပြီး
***