ချီးကျုံးယောင်၏ ရှင်းပြမှုများက ရှင်းလင်းလှ၍ အတိတ်ဘဝ ပစ္စုပ္ပန်ဘဝနှင့် နောက်ဘဝ၏ သဘောတရားကို နားလည်နိုင်ခဲ့ကြသည်။
လီကျီးသည်လည်း သူ့စိတ်ထဲက မရှင်းလင်းမှုများ ရှင်းလင်းသွားခဲ့သည်။
သို့သော်လည်း သိနားလည်ခြင်းနှင့် လက်ခံယုံကြည်ခြင်းသည် တသီးတခြားစီသာ ဖြစ်သည်။ လက်ခံယုံကြည်ခြင်းနှင့် လိုက်နာကျင့်သုံးခြင်းသည်လည်း ထပ်တူ မကျနိုင်သေးပေ။
အယူဝါဒများ ပျံ့နှံ့ရောယှက်လာသည့် ခေတ်တွင် တခြားတခြားသော အတွေးခေါ်အယူဝါဒများကို သိလာကြသည်သာ။ နားလည်လာကြသည်သာ။ သို့သော် လက်ခံယုံကြည်ခြင်းနှင့် လိုက်နာကျင့်သုံးခြင်းကား သီးခြားဖြစ်တည်မှုသာ ဖြစ်သည်။
လီကျီးသည်လည်း ချီးကျုံးယောင်၏ ရှင်းပြမှုကြောင့် အတိတ်ဘဝ၊ ပစ္စုပ္ပန်ဘဝနှင့် အနာဂတ်ဘဝဟူသည်ကို သိနားလည်သွားပြီ ဖြစ်သည်။ သို့သော် သူက ကွန်ဖျူးရှပ်ဝါဒသစ်ကိုသာ ဆက်၍ လက်ခံယုံကြည်ပြီး လိုက်နာကျင့်သုံးမည်သာ ဖြစ်သည်။
ထို့အတူပင် လက်ခံယုံကြည်ခြင်းနှင့် လိုက်နာကျင့်သုံးခြင်း ရှိနေသည့်တိုင် အယူဝါဒများကို မသိခြင်း နားမလည်ခြင်းလည်း ရှိနေနိုင်သည်သာ။ တချို့လူများသည် တာအိုဝါဒကို မသိသော်လည်း သဘာဝနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ကျင့်သုံးနေတတ်ကြသည်သာ။ တချို့လူများသည် ဗုဒ္ဓဝါဒကို မသိသော်လည်း ဗုဒ္ဓ၏ သွန်သင်မှုများနှင့် ကိုက်ညီသော နေထိုင်ကျင့်သုံးမှုများ ရှိနေတတ်သည်သာ။ တချို့လူများမှာ ကွန်းဖျူးရှပ်ဝါဒကို မသိသော်လည်း ပစ္စုပ္ပန်ဘဝ ပစ္စုပ္ပန်အချိန်ကို အကောင်းဆုံးဖြစ်အောင် နေထိုင်ကျင့်သုံးတတ်ကြသည်သာ။
ထို့ကြောင့်လည်း အယူဝါဒများ ထွန်းကားလာသောအခါ လူတို့သည် နှစ်သက်ရာ သဘောကျရာ နားလည်ရာကို ယုံကြည်ပြီး စုစည်းမိကြရာက ဘာသာရေးအယူဝါဒ အစုအဖွဲ့များ ဂိုဏ်းဂဏများ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။
တောင်ထိပ်၌ ရေမရှိဘဲ မြစ်ချောင်းအင်းအိုင်၌ ရေရှိခြင်းမှာ တောင်ထိပ်၌ မိုးမရွာသောကြောင့် မဟုတ်ပေ။ ရေတင်နေနိုင်သော အချိုင့်အခွက် မရှိခြင်းကြောင့်သာ ဖြစ်သည်။ ရေတင်နိုင်သော အချိုင့်အခွက်ရှိလျှင် ရေတင်နေမည်သာ ဖြစ်သည်။
ထို့အတူပင်။ ဘာသာအယူဝါဒများ မည်မျှပင် ထွန်းကားပျံ့နှံ့ပါစေ လူတိုင်းက လက်ခံယုံကြည်မည် မဟုတ်ပေ။ လူတစ်ယောက်ချင်းစီ၏ အကြိုက်၊ စရိုက်နှင့် ပင်ကိုယ်သိမြင်နားလည်မှု၊ ပင်ကိုယ် နေထိုင်ကျင့်ကြံမှုများအပေါ်တွင်သာ မူတည်၍ လက်ခံယုံကြည်ကြခြင်းဖြစ်သည်။
ထို့ကြောင့်လည်း တာအိုဝါဒ အထွန်းကားဆုံးချိန်တွင်ပင် တာအိုဝါဒကို လူတိုင်းက လက်ခံယုံကြည်နေသည် မဟုတ်ပေ။ ဗုဒ္ဓဝါဒ အထွန်းကားဆုံးအချိန်တွင်လည်း လူတိုင်းက ဗုဒ္ဓဝါဒကို လက်ခံယုံကြည်နေသည် မဟုတ်ပေ။ ကွန်ဖျူးရှပ်ဝါဒ အထွန်းကားဆုံးအချိန်တွင်လည်း လူတိုင်းက ကွန်ဖျူးရှပ်ဝါဒကို လက်ခံယုံကြည်နေသည် မဟုတ်ပေ။ အလွန်ရှေးကျပါသည်ဆိုသော ရိုးရာအတွေးခေါ်များကိုပင် လူတိုင်းက လက်ခံယုံကြည်ကြသည် မဟုတ်ပေ။
ထိုစဉ် ဝူချန်အန်းက ရှေ့ထွက်လာသည်။
“အားလုံးပဲ…၊ ကျွန်တော့်နာမည် ဝူချန်အန်းပါ။ ရောင်းရင်းလီနဲ့ ရောင်းရင်းချီးက ပစ္စုပ္ပန်ဘဝနဲ့ အတိတ်ဘဝ၊ အနာဂတ်ဘဝတွေအကြောင်းကို ပြောသွားခဲ့တာ တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်တော်က ဒီနေရာမှာ အနာဂတ်မှာ သမိုင်းဖြစ်သွားစေမယ့် ပစ္စုပ္ပန်အကြောင်းကို ဆွေးနွေးချင်ခဲ့တယ်။ အခု ရောင်းရင်းတို့နှစ်ယောက် ပြောနေတာတွေနဲ့ ကျွန်တော်ဆွေးနွေးချင်တာနဲ့က ဆက်စပ်ဆွေးနွေးလို့ ကောင်းမယ့် အနေထားမှာ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်က အယူဝါဒတွေနဲ့ ဘဝတွေအကြောင်းကိုတော့ မဆွေးနွေးပါဘူး။ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် စာပေအကြောင်းကိုပဲ ဆွေးနွေးချင်ပါတယ်”
လီကျီးနှင့် ချီးကျုံးယောင်က ပြုံးလိုက်ကြပြီး ဝူချန်အန်းကို နေရာပေးသည်။
ချီးကျုံးယောင်က ပြောသည်။
“ကျွန်တော်က စာပေအကြောင်းတော့ သိပ်မသိပါဘူး။ ရောင်းရင်းဝူဆီက လေ့လာမှတ်သားပါ့မယ်”
လီကျီးကလည်း ပြောသည်။
“ကျွန်တော်လည်း စာပေကို နည်းနည်း လေ့လာပါတယ်။ ဒါပေမဲ့ အယူဝါဒနဲ့ တွဲပြီး လေ့လာခဲ့ရတာပါ။ ရောင်းရင်းဝူလို စာပေသမားစစ်စစ်တစ်ယောက်ဆီက လေ့လာသင်ယူချင်ပါတယ်”
ဝူချန်အန်းက ပြုံးလိုက်ပြီး ရှောင်လုံဘက်ကို တစ်ချက် လှမ်းကြည့်သည်။
“စာပေဆိုတာ ဆင့်ကဲတိုးတက်ပြောင်းလဲနေတဲ့ အက္ခရာတွေရဲ့ တည်နေရာလို့ လူတစ်ယောက်က ပြောခဲ့တယ်”
ဝူချန်အန်း၏ စကားကြောင့် ရှောင်လုံလည်း ပြုံးလိုက်မိသည်။ ထိုစကားကို သူ ပြောခဲ့သောကြောင့်ပင်။
‘အဲဒီ ဝူချန်အန်းက ပြောစရာရှိရင် သူ့စကားနဲ့ ပြောတာမဟုတ်ဘူး။ ငါ့စကားကို ယူပြောပြီး ငါ့ကိုပါ စာပေအကြောင်းပြောခိုင်းမလို့ စိတ်ကူးနေတာလား မသိဘူး’
ရှောင်လုံမှာ တွေးရင်း ခေါင်းကိုက်ချင်လာသည်။
လီကျီးကလည်း ထိုစကားကို ရှောင်လုံပြောခဲ့မှန်းသိ၍ ရှောင်လုံကို လှမ်းကြည့်သည်။
ဝူချန်အန်းက ဆက်ပြောသည်။
“ကျွန်တော် ပြောချင်တဲ့ အနာဂတ်မှာ သမိုင်းဖြစ်သွားမယ့် ပစ္စုပ္ပန်စာပေပဲ ဖြစ်ဖြစ်၊ ပစ္စုပ္ပန်အချိန်မှာ သမိုင်းစာပေအဖြစ် လေ့လာနေရတဲ့ ရှေးဟောင်းစာပေ ဖြစ်ဖြစ်၊ ခုနက ရောင်းရင်းလီနဲ့ ရောင်းရင်းချီးတို့ ဆွေးနွေးနေကြတဲ့ အတိတ်ဘဝ၊ ပစ္စုပ္ပန်ဘဝ၊ အနာဂတ်ဘဝတွေပဲ ဖြစ်ဖြစ် အားလုံးက ဆင့်ကဲပြောင်းလဲခြင်းတိုးတက်ခြင်း ဖြစ်စဉ်တစ်ခုထဲမှာ ရှိနေတယ်လို့ပြောရင် ရနိုင်လား”
ချီးကုံးယောင်နှင့် လီကျီးသာမက နားထောင်နေသူများလည်း စဉ်းစားကုန်ကြသည်။
ဆင့်ကဲတိုးတက်ပြောင်းလဲခြင်းဖြစ်စဉ်လား။
စာပေသမားများ မဟုတ်ကြသည့်တိုင် စာပေကို သင်ယူဖူးလျှင် စာပေ၏ သမိုင်းကိုတော့ အနည်းနှင့်အများ သိကြသည်သည်။ ရှေးခေတ်စာလုံးများနှင့် စာပေအရေးသားများက ယနေ့ခေတ် စာလုံးများ၊ စာပေအရေးသားများနှင့် မတူပေ။ ခေတ်၏ ပြောင်းလဲမှုနှင့်အတူ ဆင့်ကဲဆင့်ကဲ တိုးတက်ပြောင်းလဲလာခဲ့သည်မှာ အမှန်ပင် ဖြစ်သည် မဟုတ်ပါလား။
ဝူချန်အန်းက ချီးကုံးယောင်၏ ပုတီးကို ကြည့်၍ ထပ်ပြောသည်။
“ခုနက ရောင်းရင်းချီးက ပုတီးခေါင်းက ပစ္စုပ္ပန်ဘဝဆိုရင် ဒီဘက်က ပုတီးစေ့တွေကို အတိတ်ဘဝတွေလို့ ပြောပြီး ဟိုဘက်က ပုတီးစေ့တွေကို အနာဂတ်ဘဝလို့ ပြောခဲ့တယ်။ ပုတီးစေ့ဆိုတဲ့ နာမည်တစ်ခုတည်းမှာ ရှိနေပေမဲ့ ပုတီးခေါင်းနဲ့ ဒီဘက် ဟိုဘက် ပုတီးစေ့တွေမှာ မတူညီမှုတွေ ရှိနေတယ်။ အရောင်မတူမှုလေးတွေ ရှိနေတယ်။ အချိန်မတူမှုလေးတွေ ရှိနေတယ်။ အရောင်တူပုတီးစေ့တွေ ဖြစ်နေရင်တောင် သေချာကြည့်ရင် မတူကွဲပြားမှုတွေ ရှိနေတယ်။ အဲဒီလိုပဲ စာပေဆိုတဲ့ နာမည်တစ်ခုတည်းမှာ ရှိနေပေမဲ့ ရှေ့ဟောင်းစာပေနဲ့ ဒီနေ့စာပေဟာ မတူနေဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိကြပြီးသား ဖြစ်တယ်။ ဒါဆိုရင် သေချာတာက ဒီနေ့စာပေဟာလည်း အနာဂတ်စာပေနဲ့ တူနေမှာ မဟုတ်ဘူး။ ဆင့်ကဲတိုးတက်ပြောင်းလဲခြင်းဖြစ်စဉ်ကို ဖြတ်သန်းရလိမ့်မယ်။ ဖြတ်သန်းပြီးတဲ့နောက် မတူကွဲပြားတဲ့ တစ်မျိုးတစ်ဖုံသော အသွင်ပြင်ပုံသဏ္ဍာန်နဲ့ ရှိလာလိမ့်မယ်။ ဒီစကားက ခုနက ရောင်းရင်ချီးပြောသွားတဲ့ သေဆုံးခြင်းနဲ့ မွေးဖွားခြင်းကြားက အချိန်မျဉ်းကြောင်းလေးကို ဖြတ်သွားလိုက်သလိုပါပဲ။ တိုတောင်းတဲ့ အချိန်မျဉ်းကြောင်းနဲ့ ရှည်လျားတဲ့ အချိန်ရေစီးကြောင်းဆိုပြီး ကွာခြားတာပဲ ရှိလိမ့်မယ်”
ဝူချန်အန်းက စကားကို ရပ်ပြီး လီကျီးနဲ့ ချီးကုံးယောင်ကို ကြည့်သည်။
ချီးကုံးယောင်က လေးနက်စွာ တွေးလျက် ခေါင်းညိတ်သည်။
“ဆင့်ကဲတိုးတက်ပြောင်းလဲခြင်းအစဉ်။ တကယ်ကို လေးနက်ပါတယ်။ ဒါက စာပေနယ်ပယ်မှာပဲ မဟုတ်ဘူး။ ခုနက ကျွန်တော်တို့ ပြောခဲ့တဲ့ ဘဝနယ်ပယ်၊ အယူဝါဒ နယ်ပယ်မှာလည်း ဒီဆင့်ကဲပြောင်းလဲမှုအစဉ်ကို မကျော်လွန်နိုင်ပါဘူး။ အတိတ်ဘဝနဲ့ ပစ္စုပ္ပန်ဘဝ၊ ပစ္စုပ္ပန်ဘဝနဲ့ အနာဂတ်ဘဝကြားမှာ သေဆုံးခြင်းနဲ့ မွေးဖွားခြင်း မျဉ်းကြောင်းလေးတစ်ခုပဲ ခြားတယ်ဆိုပေမဲ့ ဟိုဘက်ဒီဘက် ဘဝနှစ်ခုက မတူတော့ပါဘူး။ ဘဝဆိုတဲ့ တူညီတဲ့ နာမည်ထဲမှာ ရှိနေပေမဲ့ ရရှိလိုက်တဲ့ ဘဝတွေကတော့ မတူညီတော့ဘူး။ လုံးဝ ပြောင်းလဲသွားပါပြီ။ တစ်စေ့နဲ့တစ်စေ့ တော်တော်လေး ဆင်တူနေတဲ့ ပုတီးစေ့လေးတွေမှာတောင် သေချာကြည့်ရင် မတူတာလေးတွေ ရှိနေသေးတယ်။ ဘဝ တစ်ခုနဲ့တစ်ခု မတူတော့တာကလည်း သာမန်ပဲလို့တောင် ပြောနိုင်တယ်”
လီကျီးကလည်း ခေါင်းညိတ်သည်။
“ကျွန်တော်က ကွန်ဖျူးရှပ်ဝါဒသစ်ကို လေ့လာနေသူလို့ ပြောခဲ့တယ်။ ဒီစကားထဲမှာကိုပဲ ကွန်ဖျူးရှပ်ဝါဒဟောင်းကနေ ကွန်ဖျူးရှပ်ဝါဒသစ်ဆီ ဆင့်ကဲတိုးတက်ပြောင်းလဲလာတယ်ဆိုတဲ့ အဓိပ္ပါယ်က ရှိနေခဲ့ပါပြီ။ ဆင့်ကဲတိုးတက်ပြောင်းလဲခြင်းအစဉ်ဟာ အက္ခရာတွေမှာပဲ ရှိတာမဟုတ်ဘူး။ စာပေမှာပဲ ရှိတာလည်း မဟုတ်ဘူး။ အယူဝါဒတွေမှာလည်း ရှိနေတယ်”
ချီးကျုံးယောင်ကလည်း ခေါင်းညိတ်သည်။
“ရောင်းရင်းဝူ ပြောတာ အမှန်ပါပဲ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဘဝတွေ အစဉ်မပြတ် ဖြစ်နေပေမဲ့ တစ်ဘဝနဲ့တစ်ဘဝဟာ တူညီတဲ့ ပုံစံတွေနဲ့ မဖြစ်ပါဘူး။ တကယ်ကို ပြောင်းလဲ သွားပါတယ်”
ဝူချန်အန်းက ပြုံးလိုက်သည်။
“ဒါကြောင့် အရာအားလုံးက ဆင့်ကဲတိုးတက်ပြောင်းလဲခြင်းအစဉ်ထဲမှာ ရှိတယ်။ ဒီစကားထဲမှာ တိုးတက်ဆိုတဲ့ စကားလုံးက ပိုကောင်းလာတယ်၊ ပိုပြီး အောင်မြင်လာတယ်ဆိုတဲ့ အဓိပ္ပါယ်လို့တော့ ယူဆလို့ မရနိုင်ဘူး။ ကျွန်တော်တို့ရဲ့ စိတ်က ပိုကောင်းချင်တယ်၊ ပိုကြီးပွားချင်တယ်၊ ပိုအောင်မြင်ချင်တယ်ဆိုတဲ့ အစွဲလမ်းတစ်ခုနဲ့ အသားကျနေတော့ တိုးတက်ဆိုတဲ့ စကားကိုလည်း ပိုပြီး တိုးတက်ကြီးပွားလာတာကို ဆိုလိုတယ်လို့ အဓိပ္ပါယ်ဆွဲယူနေမိနိုင်တယ်”
ဝူချန်အန်းက စကားကို ခဏရပ်ပြီး အားလုံးကို အကဲခတ်သည်။ သူ့စကားများက လေးနက်ပြီး ရှုပ်ထွေးနေသလို ဖြစ်နေသည်။ အချိန်ယူ၍ စဉ်းစားရမည့် စကားများ ဖြစ်နေသည်။ ထို့ကြောင့်သူက စကားကိုခဏ ရပ်ပေးပြီးမှ ဆက်ပြောသည်။
“တိုးတက်တယ်ဆိုတာ မျှစ်တစ်ခု မြေကြီးထဲက ထိုးထွက်ကြီးထွားလာပြီး ဝါးတစ်ပင် ဖြစ်သွားသလိုမျိုး ရှေ့ဆက်နေတယ်ဆိုတဲ့ အဓိပ္ပါယ်၊ မရပ်တန့်နေဘူးဆိုတဲ့ အဓိပ္ပါယ်လို့ ယူဆသင့်ပါတယ်။ ကျွန်တော်တို့ရဲ့ အမြင်မှာ တချို့အရာတွေ ဆုတ်ယုတ်ပျက်စီးသွားတာတွေကိုလည်း မြင်ထားတော့ တိုးတက်တာဟာ မကောင်းဘူးလို့ ထင်သွားနိုင်တယ်။ ဆုတ်ယုတ်ခြင်းဖြစ်စေ ထွန်းကားခြင်းဖြစ်စေ ဆင့်ကဲတိုးတက်ပြောင်းလဲနေခြင်းရဲ့ အသွင်ပြင်ပဲဆိုတာကို ကျွန်တော်တို့ နားလည်နိုင်ရင် ပိုပြီး အတွေးအမြင်တွေ ရှင်းလင်းသွားနိုင်တယ်။ ပိုးတုံးလုံးဘဝကို မစွန့်လွှတ်ရင် လိပ်ပြာ မဖြစ်နိုင်ဘူး မဟုတ်လား။ တစ်နည်းအားဖြင့် ပိုးတုံးဘဝကနေ လိပ်ပြာဘဝကို ဆင့်ကဲတိုးတက်ပြောင်းလဲမှုမှာ ပိုးတုံးလုံးဘဝ ပျက်စီးသွားတယ်လို့ ယူဆလို့ မရသလိုပါပဲ။ တကယ်လို့ ယူဆရင်တောင် အဲဒါကို ကျွန်တော်တို့က လက်ခံရမယ့်အရာ ဖြစ်နေလိမ့်မယ်။ ကျွန်တော်တို့ရဲ့ စာပေသမိုင်းတွေ၊ လူသားသမိုင်းတွေ၊ မြို့ပြနိုင်ငံ အင်ပါယာသမိုင်းတွေမှာလည်း ဆင့်ကဲတိုးတက်ပြောင်းလဲမှုနဲ့ သွားနေတယ်။ တချို့စာတွေ တချို့အက္ခရာတွေ ပြောင်းလဲသွားတယ်။ ပျောက်ကွယ်သွားတယ်။ တချို့မြို့ပြနိုင်ငံတွေ ပြောင်းလဲသွားတယ်။ တချို့မြို့ပြနိုင်ငံတွေ ပျက်စီးပျောက်ကွယ်သွားတယ်။ ဒါတွေကို တိုးတက်ခြင်းနဲ့ ဆုတ်ယုတ်ခြင်းလို့ ယူဆမှာလား။ ဒါမှမဟုတ် ဆင့်ကဲတိုးတက်ပြောင်းလဲခြင်းအစဉ်ရဲ့ အသွင်အပြင်တွေလို့ ယူဆမှာလား။ ဒါကို လွတ်လပ်စွာ ယူဆခွင့်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အတွေးတွေ၊ အသိအမြင်တွေနဲ့ အယူအဆတွေတောင်မှ ဆင့်ကဲတိုးတက်ပြောင်းလဲမှုအစဉ်ထဲမှာ ပြောင်းလဲသွားနိုင်ပါတယ်”
ဝူချန်အန်းက တောက်ပစွာ တစ်ချက်ပြုံးသည်။ ထို့နောက် သူက ကောင်းကင်ပေါ်က လကို ကြည့်ပြီး သူ မမြင်နိုင်သော အနာဂတ်တစ်ခုကို မြင်ယောင်ရင်း ပြောသည်။
“ဒါကြောင့် ကျွန်တော်တို့ ဆုပ်ကိုင်ထားတဲ့ အယူမဆတွေ၊ ကျွန်တော်တို့ လိုက်ပါစီးမျောနေတဲ့ ခေတ်ရဲ့ ရေစီးကြောင်း၊ ဒီနေ့ညမှာ ကျွန်တော်တို့ ပြောခဲ့တာတွေက အနာဂတ်မှာ သမိုင်းတွေ ဖြစ်သွားလိမ့်မယ်။ အနာဂတ်လူသားတွေက ကျွန်တော်တို့ကို သမိုင်းထဲက လူတွေလို့ မြင်ကြလိမ့်မယ်။ အဲဒီလို မြင်နိုင်ဖို့တောင် အခွင့်အရေးက တော်တော် နည်းပါတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ သိတဲ့ သမိုင်းထဲက လူသန်းပေါင်းများစွာမှာ လူဘယ်နှယောက်ကို ကျွန်တော်တို့ သိလို့လဲ။ သမိုင်းထဲက ဖြစ်စဉ်ပေါင်း မြောက်များစွာမှာ ဖြစ်စဉ်နည်းနည်းလေးကိုပဲ ကျွန်တော်တို့ သိတာ မဟုတ်လား။ ရှေးဟောင်းစာပေများစွာ မတူကွဲပြားတဲ့ အက္ခရာအရေးသားများစွာထဲမှာ ကျွန်တော်တို့ သိတာ ဘယ်လောက်မှ မရှိဘူး။ ဒါကြောင့် ကျွန်တော် ပြောချင်တာက အနာဂတ်လူသားတွေ နောင်နှစ်တစ်ရာ နောင်နှစ်တစ်ထောင်မှာ ကျွန်တော်တို့ကို သိပါဦးမလား။ တခြားလူတွေ မပြောနဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေကတောင် ကျွန်တော်တို့ကို သိပါတော့မလား။ ဟားဟား…”
ဝူချန်အန်းက ရယ်နေခဲ့သည်။ သူ့ရယ်သံထဲတွင် အချိန်ဟူသော စီးဆင်းခြင်းနှင့် ဆင့်ကဲတိုးတက်ပြောင်းလဲမှုအစဉ်ထဲ ပြောင်းလဲပျောက်ကွယ်သွားသော ဖြစ်တည်မှုတစ်ခု၏ အငွေ့သက်များ ပါနေခဲ့သည်။
အားလုံးလည်း တိတ်ဆိတ်နေကြသည်။ အားလုံးက လူငယ်မျိုးဆက်သစ်များထဲမှ ပါရမီရှိကြသူများဖြစ်၍ သာမန်ထက် သာလွန်သော အရည်ချင်းကောင်းများနှင့် စွမ်းရည်ကောင်းများ ရှိကြသည်။ ထိုအတွက် သူတို့ကိုယ်သူတို့ ယုံကြည်မှုလည်း ရှိကြသည်။ သို့သော် သမိုင်းထဲတွင် ရှိနေနိုင်ပြီး နောင်နှစ်တစ်ရာ နောင်နှစ်တစ်ထောင်မှ လူသားများက သူတို့ကို သိနိုင်ဖို့မှာ မှုန်ဝါးလွန်းနေခဲ့သည်။ ပါရမီရှင်ဟု ပြောနိုင်သော သူတို့သည် စီးဆင်းနေသော မြစ်ကြီးတစ်စင်း၏ ကြမ်းပြင်မှ သဲပွင့်ကလေးများသဖွယ် ဖြစ်နေခဲ့သည် မဟုတ်ပါလား။
လီကျီးက ဝူချန်အန်းကို ကြည့်လာပြီး မေးသည်။
“ရောင်းရင်းဝူ…၊ ခရုသေရင် အခွံကျန်တယ်၊ လူသေရင်တောင် နာမည်ကျန်စေရမယ်လို့ ပြောချင်တာလား”
ဝူချန်အန်းက ရယ်သည်။
“ဟားဟား…၊ ခရုသေရင် အခွံကျန်တယ်။ အဲဒါက အခွံကလွဲပြီး ဘာမှ မကျန်ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ရှိနေတယ်နော်။ လူသေရင် နာမည်ကျန်တယ်။ နာမည်ကလွဲပြီး ဘာမှ မကျန်ရင် အဲဒီနာမည်က ဘယ်လောက် ကြာကြာ ကျန်နေနိုင်မှာလဲ။ လူတွေက ကျွန်တော်တို့ နာမည်ကို ဖော်ပြခြင်းအားဖြင့် အမှတ်ရခြင်းအားဖြင့် နာမည်ကျန်တာမျိုးဆိုရင် မျိုးဆက် ဘယ်နှခုစာမှ ကြာမှာ မဟုတ်ဘူး။ အဲဒီနာမည်က ပျောက်သွားလိမ့်မယ်။ ခုနက ကျွန်တော် ပြောခဲ့ပါတယ်။ တခြားလူတွေ မပြောနဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေကတောင် ကျွန်တော်တို့ မသိတော့တာ ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့ရဲ့ မျိုးဆက်စာရင်းထဲမှာ နာမည်တစ်ခုအနေနဲ့ပဲ ရှိတဲ့ လူတွေ ရှိနေတာပဲ မဟုတ်လား။ နာမည်ကလွဲပြီး ဘာမှ မကျန်ခဲ့ဘူး။ သူတို့လည်း မျိုးနွယ်စုထဲမှာ နာမည်ကောင်း ကျန်ရစ်အောင် ကြိုးစားသွားခဲ့ကြတာပါပဲ”
“ဒါဆို…”
“ဟုတ်တယ်။ လူသေရင် နာမည်ကျန်တယ်ဆိုတာက မလုံလောက်ဘူး။ နောင်နှစ်တစ်ရာ နောင်နှစ်တစ်ထောင်မှာ မင်အင်ပါယာခေတ်ကို ပြန်ပြောကြတဲ့အခါ ကျွန်တော်တို့ကို နောက်လူတွေ သိဖို့ဆိုရင် နာမည်ကောင်းကျန်အောင် လုပ်ရုံက မလုံလောက်ဘူး”
လူငယ်များမှာ ဘာကြောင့်မှန်းမသိဘဲ သွေးဆူချင်လာသည်။ သူတို့က သူတို့မိသားစု၏ လူငယ်မျိုးဆက် ပါရမီရှင်စာရင်းထဲ ဝင်ကြသူများ ဖြစ်သည်။ သို့သော် အနာဂတ်၏ မိသားစုစာရင်းထဲတွင် နာမည်တစ်ခုထက်ပို၍ ဘာမှ မကျန်ရစ်သည့် လူတစ်ယောက် ဖြစ်သွားနိုင်သည်ကို တွေးမိလာကြသည်။
ချီးကုံးယောင်က မေးသည်။
“ရောင်းရင်းဝူမှာ တွေးထားတာ ရှိလား”
ဝူချန်အန်းက ခေါင်းညိတ်သည်။
“ကျွန်တော် နည်းနည်း တွေးထားတာ ရှိတယ်။ အဲဒါကိုပဲ ဒီမှာ ဆွေးနွေးမယ်လို့ ပြောထားခဲ့တယ်။ အားလုံး နားထောင်ရတာ ပိုအဆင်ပြေအောင် စာပေဆိုတဲ့ အကြောင်းရာကို ခဏဖယ်ပြီး ပြောမယ်။ ကျွန်တော်တို့ရဲ့ လက်ရှိ ဖြစ်တည်နေမှုဟာ ပစ္စုပ္ပန်ပဲ။ အနာဂတ်မှာ ဒီပစ္စုပ္ပန်ဟာ မလွဲမသွေ အတိတ်ဖြစ်သွားလိမ့်မယ်။ ဒါမှမဟုတ် အနာဂတ်မှာ သမိုင်းဖြစ်သွားလိမ့်မယ်”
ချီးကုံးယောင်က တီးတိုးရေရွတ်သည်။
“အနာဂတ်မှာ အတိတ်ဖြစ်သွားမယ့် ဒါမှမဟုတ် သမိုင်းဖြစ်သွားမယ့် ပစ္စုပ္ပန်။ အရမ်းလေးနက်ပါတယ်။ အဲဒီ သမိုင်းထဲမှာ ကျွန်တော်တို့ ရှိခဲ့တယ်ဆိုတဲ့အကြောင်း အနာဂတ်ကလူတွေ သိစေဖို့ဆိုရင် နာမည်ကျန်တယ်ဆိုတာလောက်က တကယ်မလုံလောက်ဘူးလို့ ခံစားရတယ်။ နာမည်ကောင်းတစ်ခုရအောင် ကြိုးစားနေတာတွေ၊ လူတွေရဲ့ အသိမှတ်ပြုခံရအောင် ကြိုးစားနေတာတွေ၊ အုပ်ချုပ်မင်းလုပ်သူတွေရဲ့ ဂုဏ်ပြုချီးမြှောက်ခံရအောင် ကြိုးစားနေတာတွေဟာ အဲဒီလူတွေ ရှိနေမယ့် အချိန်တစ်ခုစာ၊ အဲဒီ အုပ်ချုပ်မင်းလုပ်သူတွေ အုပ်ချုပ်စိုးစံနေတဲ့ မင်းဆက်တစ်ခုစာထက် ပိုပြီး နာမည် မကျန်နိုင်ဘူး။ နာမည်ကောင်းဆိုတာတွေ ဂုဏ်ပြုချီးမြှောက်ခံရမှုဆိုတာတွေနဲ့ အသိမှတ်ပြုခံရမှုဆိုတာတွေက ခဏလေးပဲ ခံမှာကို စိုးရိမ်မိတယ်”
လီကျီးကလည်း သက်ပြင်းချသည်။
“ရောင်းရင်းဝူပြောမှပဲ ကျွန်တော်တို့ရဲ့ ကွန်ဖျူးရှပ်ဝါဒမှာ ဖူးဇီရဲ့ နာမည်ကလွဲပြီး တခြားဆရာသခင်တွေရဲ့ နာမည်တွေဟာ နာမည်အဖြစ်နဲ့ပဲ ကျန်ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို သတိထားမိတယ်”
“ရောင်းရင်းလီရဲ့ စကားမှာ ကျွန်တော်တို့ သတိပြုရမယ့် တစ်စုံတစ်ခု ပါနေတယ်။ နာမည်ကျန်တာထက် လုပ်ဆောင်ချက်ကျန်တာကသာ ပိုအရေးကြီးတယ်ဆိုတာပါပဲ။ အဲဒါကသာ အနာဂတ်မှာ သမိုင်းအဖြစ် ရှိနေလိမ့်မယ်။ မဟုတ်ရင် ရှိခဲ့မှန်းတောင် မသိဘဲ ပျောက်ကွယ်သွားမယ့် အတိတ်တစ်ခု ဖြစ်နေလိမ့်မယ်”
လီကျီး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
“နာမည်ချန်ခဲ့တာထက် လုပ်ဆောင်ချက်ကို ချန်ခဲ့သင့်တယ်တဲ့လား။ ဟားဟား…။ ကောင်းလိုက်တဲ့ စကား…။ အဟွတ်အဟွတ်…”
လီကျီးမှာ ရယ်ရင်းက ချောင်းဆိုးပြီး မောနေခဲ့သည်။ သူ့မျက်နှာတွင် ပင်ပန်းသည့် အရိပ်ယောင်များ ထင်ဟပ်နေသည်။ သို့တိုင် သူ့မျက်လုံးများက တောက်ပနေလေ၏။ သူက အမောဖြေပြီး ပြောခဲ့သည်။
“ဒါကြောင့် ဖူးဇီက နာမည်ကောင်းရဖို့ထက် ရိုးသားဖြောင့်မတ်ဖို့၊ ကျင့်ဝတ်သိက္ခာရှိဖို့၊ တာဝန်သိဖို့၊ အသိဉာဏ်ပညာနဲ့ ကိုယ်ရည်ကိုယ်သွေးရှိဖို့၊ မိသားစုနဲ့ လူမှုပတ်ဝန်းကျင်ဆက်ဆံရေးကို အလေးထားဖို့ သွန်သင်ခဲ့တာကိုး။ နာမည်ကောင်းရဖို့ ကြိုးစားတာက အပေါ်ယံပဲ။ ရိုးသားဖြောင့်မတ်မှု စတာတွေရှိမှ လူတစ်ယောက်က အကောင်းဆုံး လုပ်နိုင်လိမ့်မယ်။ အဲဒါကပဲ လုပ်ဆောင်ချက်တွေ ချန်ခဲ့နိုင်လိမ့်မယ်။ ကောင်းတယ်…ကောင်းတယ်…”
လီကျီးက ကွန်ဖျူးရှပ်ဝါဒကို အမြင်သစ်တစ်ခုဖြင့် ပို၍နားလည်သွားဟန်ဖြင့် ပြောနေခဲ့သည်။
“ဒါက ဒီည ဒီနေရာမှာ ကျွန်တော့်ရဲ့ အတွေးအမြင်တွေကို ဖလှယ်ခြင်းပါပဲ။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေက အနာဂတ်မှာ အတိတ်ဖြစ်သွားမလား၊ အနာဂတ်မှာ သမိုင်းဖြစ်သွားမလား ဆိုတာကတော့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာပဲ မူတည်ပါတယ်။ အားလုံးပဲ ကျွန်တော် ဆွေးနွေးမှုကို ဒီမှာပဲ အဆုံးသတ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်”
ဝူချန်အန်းက လီကျီး၊ ချီးကုံးယောင်နှင့်တကွ အားလုံးကို လေးစားမှု ဖော်ပြပြီး သူ့နေရာသို့ ပြန်သွားလိုက်သည်။
လီကျီးလည်း သူ၏ မရှင်းသော နောက်ဘဝ ရှိမှု မရှိမှုအပေါ် ရှင်းလင်းသွားပြီဖြစ်၍ ဆက်မဆွေးနွေးတော့ဘဲ ဝူချန်အန်းနှင့်အတူ သူ့နေရာသို့ ပြန်သွားလိုက်သည်။
ချီးကုံးယောင်တစ်ယောက်သာ ကျန်ခဲ့သည်။ သူက ပြုံးလိုက်သည်။
“ကျွန်တော်က ကျွန်တော် ဆွေးနွေးချင်တဲ့ အကြောင်းရာမဟုတ်တဲ့ ဘဝတွေအကြောင်း ဝင်ပြောမိသွားတယ်။ ကျွန်တော် တကယ်ဆွေးနွေးချင်တာက ဘဝတွေအကြောင်း မဟုတ်ပါဘူး။ ကျွန်တော်က သိုင်းပညာအကြောင်းကိုပဲ ဆွေးနွေးချင်တယ်”
သူက ပြောရင်းနှင့် သိုင်းပညာစစ်ဆေးအကဲဖြတ်မှုမှ လာခဲ့ကြသော လူငယ်များကို ကြည့်လိုက်သည်။
“ကျွန်တော်တို့ လေ့လာသင်ယူနေတဲ့ သိုင်းပညာမှာ ‘ရှုပ်ထွေးခြင်းမှ ရိုးရှင်းခြင်းသို့၊ ရိုးရှင်းခြင်းမှ ရှုပ်ထွေးခြင်းသို့’ဆိုတဲ့ စကားနှစ်ခွန်း ရှိတယ်။ အဲဒီစကားနှစ်ခွန်းကို ကျွန်တော် နားမလည်ဘူး ဖြစ်နေတယ်။ သိုင်းရောင်းရင်းတို့ထဲက ဘယ်သူများ ဆွေးနွေးပေးနိုင်မလဲ”
ချီးကုံးယောင်က ပြောရင်း အားလုံးကို မျှော်လင့်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
ရှုပ်ထွေးခြင်းမှ ရိုးရှင်းခြင်းသို့။ ရိုးရှင်းခြင်းမှ ရှုပ်ထွေးခြင်းသို့။
ထိုစကားမှာ သိုင်းလောကတွင် အစဉ်အဆက် ပြောခဲ့ကြသော စကားလည်း ဖြစ်သည်။ စကားက ရိုးရှင်းပုံရသော်လည်း မရိုးရှင်းပေ။ ရှင်းရှင်းလင်းလင်း သိနိုင်ရန် ခက်ခဲသည်။
ယခုလည်း ဤနေရာသို့ ရောက်နေကြသော လူငယ်သိုင်းသမားများမှာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြည့်လိုက်မိကြသည်။ မည်သူက ဆွေးနွေးပေးနိုင်မည်ကို သူတို့လည်း သိချင်နေကြသည်။
မည်သူမှ ထွက်၍ ပြောဆိုဆွေးနွေးနိုင်ခြင်း မရှိကြပေ။
အမှန်တကယ်တွင်လည်း ထိုသဘောတရားကို နားလည်ရန်မှာ သိုင်းထိပ်သီးအဆင့်လောက် ရောက်မှသာ နည်းနည်း နားလည်နိုင်ခြင်း ဖြစ်သည်။ သိုင်းအကျော်မော်အဆင့်များပင် နားမလည်နိုင်သော စကားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သိုင်းအကျော်မော်အဆင့်သည်ပင် ရှုပ်ထွေးခြင်းအဆင့်တွင်သာ ရှိနေသေးသောကြောင့် ဖြစ်သည်။ သိုင်းထိပ်သီးအဆင့်ကို ရောက်လာမှသာ ရိုးရှင်းခြင်းကို အနည်းငယ် နားလည်နိုင်သည်။
ယခု ချီးကုံးယောင်က သူနားမလည်ဖြစ်နေသော သိုင်းလောက၏ စကားကြီးနှစ်ခွန်းကို မေးနေခဲ့သည်။
အားလုံးက သက်တူရွယ်တူများ အဆင့်တူများဖြစ်နေကြသောကြောင့် မည်သူမှ ရှင်းရှင်းလင်းလင်း နားမလည်ကြပေ။ တစ်ခုခု ပြောလျှင် ပြောနိုင်ဖွယ်ရှိသော်လည်း ၎င်းမှာ အတွေးအထင်မျှသာ ဖြစ်နေပေမည်။ စကားနှစ်ခွန်း၏ ဆိုလိုရင်းကို ရှင်းလင်းအောင် ပြောနိုင်မည် မဟုတ်ပေ။
အမှန်တွင် မည်သူမှ မပြောနိုင်ဟု ဆိုခြင်းထက် မည်သူမှ ထွက်မပြောဟု ဆိုလျှင် ပိုမှန်သည်။ အဘယ်ကြောင့်ဆိုသော် ထိုစကားကို နားလည်နေသူက လူငယ်များထဲတွင် တစ်ယောက်မက ရှိနေသောကြောင့်ပင်။ သို့သော်လည်း သူတို့က ထွက်မပြောခဲ့ပေ။
ကျိတောင်က ရှောင်လုံနှင့် ရှောင်ယွဲ့ကို မသိမသာ တစ်ချက်ကြည့်ခဲ့သည်။ စိတ်ထဲကလည်း ကျိတ်တွေးရင်း ပြုံးလိုက်သည်။
‘သူတို့ကတော့ ထွက်ပြောနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီစကားကို သူတို့က သေချာနားလည်ထားပြီး ဖြစ်လိမ့်မယ်’
နှင်းပန်းက တည်ငြိမ်စွာသာ နေနေခဲ့သည်။ သူမက ထွက်ပြောစရာ အကြောင်းလည်း မရှိပေ။ သူမက လေ့လာသင်ယူရန်သာ စိတ်ဝင်စားသည်။
ရှောင်လုံကတော့ တခြားလူငယ်များလိုပင် မည်သူထွက်ပြောလေမလဲဟု သိချင်စိတ်ဖြင့် တောင်ကြည့်မြောက်ကြည့် လိုက်လုပ်နေခဲ့သည်။
နှင်းပန်းက သူမမောင်လေး၏ အူတူတူပုံစံနှင့် တောင်ကြည့်မြောက်ကြည့်လုပ်နေသော အမူအရာကို မြင်သော်လည်း မမြင်သလိုသာ နေလိုက်သည်။ မဟုတ်လျှင် သူမ ရယ်မိပေလိမ့်မယ်။
“ခစ်ခစ်…"
နာရာကီလေယာကတော့ ရှောင်လုံကို ကြည့်ပြီး ရယ်သည်။
နာရာကီလေယာ၏ ရယ်သန်ကြောင့် တချို့လူငယ်များ လှည့်ကြည့်လာကြသည်။ အားလုံးက အလေးနက်ထား၍ ဆွေးနွေးနေချိန်တွင် ရယ်ခြင်းက အပြုမူကောင်းတစ်ခု မဟုတ်နေသောကြောင့်ပင်။
ချီးကုံးယောင်ကလည်း နာရာကီလေယာကို လှမ်းကြည့်သည်။
“အဲဒီက သိုင်းညီမ…၊ တစ်ခုခု ပြောစရာ ရှိနေတယ်ဆိုရင် ဖိတ်ခေါ်ပါတယ်”
ထိုအခါ အားလုံး၏ အကြည့်က နာရာကီလေယာပေါ်သို့ ရောက်လာခဲ့သည်။
နာရာကီလေယာက စိုးရွံ့ဟန်ဖြင့် ရှောင်လုံ၏ နောက်တွင် ကွယ်နေလိုက်လေ၏။
ထိုအခါ အကြည့်များက ရှောင်လုံပေါ်သို့ အလိုလို ရောက်သွားတော့သည်။
အခန်း(၃၂၆) ပြီး
***