“အဲ…”
ရှောင်လုံမှာ အားလုံး၏ ဝိုင်းကြည့်ခံနေရသဖြင့် အူကြောင်ကြောင်ဖြစ်သွားသည်။
နာရာကီလေယာက ရှောင်လုံ၏ အနောက်တွင် ကွယ်နေရင်း ရှောင်လုံ၏ အင်္ကျီစကို ဆွဲကာ အကူညီတောင်းသော မျက်နှာကလေးဖြင့် ရယ်ပြနေခဲ့သည်။
ရှောင်လုံလည်း မတတ်သာဘဲ ရှေ့သို့ ထွက်လာလိုက်ရသည်။
“ရှုပ်ထွေးခြင်းမှ ရိုးရှင်းခြင်းသို့။ ရိုးရှင်းခြင်းမှ ရှုပ်ထွေးခြင်းသို့။ ဒီစကားနှစ်ခွန်းအကြောင်း ပြောချင်တာ မဟုတ်လား”
ချီးကုံးယောင်က အသာပြုံး၍ ခေါင်းညိတ်ပြသည်။ အနည်းငယ်လည်း ဇဝေဇဝါ ဖြစ်သွားသည်။ သို့သော် မည်သည့်အရာကို ဇဝေဇဝါဖြစ်မိမှန်း သူ့ကိုယ်သူ မသိခဲ့ပေ။
ရှောင်လုံက အားလုံး၏ ရှေ့တွင် နေရာယူလိုက်ပြီး လက်တစ်ချောင်း ထောင်ပြသည်။
“ပထမစကား…၊ ရှုပ်ထွေးခြင်းမှ ရိုးရှင်းခြင်းသို့။ ဒီစကားက နားလည်မှုကို ပြောတာ။ ခုနက ရောင်းရင်းလီကျီးလည်း ပြောသွားသေးတယ်။ အတွေးတွေ ရှင်းလင်းနေမှ စကားတွေက ရှင်းလင်းတယ်တဲ့။ အတွေးတွေ ရှင်းလင်းဖို့ဆိုတာ ရှင်းရှင်းလင်းလင်းသိမြင်နားလည်ထားဖို့ လိုတယ်တဲ့”
ရှောင်လုံက ပြောနေရင်း လီကျီးကို လှမ်းကြည့်သည်။
လီကျီးက ပြုံး၍ ခေါင်းညိတ်ပြသည်။
အားလုံးလည်း စဉ်းစားနေကြသည်။ တချို့က တီးတိုး ပြောလာကြသည်။
“သိမြင်နားလည်မှုက ရှင်းလင်းရင် အတွေးတွေက ရှင်းလင်းတယ်။ အတွေးတွေ ရှင်းလင်းရင် ပြောတဲ့စကားတွေ ရှင်းလင်းတယ်လို့ ပြောချင်တာ မဟုတ်လား။ ဒါက ‘ရှုပ်ထွေးခြင်းမှ ရိုးရှင်းခြင်းသို့’ဆိုတဲ့ စကားနဲ့ ဘယ်လို ပတ်သက်တာလဲ”
“နည်းနည်းတော့ နားလည်သလိုလိုပဲ။ ဒါပေမဲ့ သေချာလည်း နားမလည်ဘူး”
ရှောင်လုံက အားကို ကြည့်၍ ဆက်ပြောသည်။
“သိုင်းပညာကို စပြီး လေ့ကျင့်ခဲ့တဲ့ နေ့ကို ပြန်စဉ်းစားကြည့်လိုက်။ ပထမဆုံး သင်ယူခဲ့ရတဲ့ သိုင်းကွက်ကို ပြန်စဉ်းစား။ ပြီးတော့ ပထမဆုံး လေ့ကျင့်ခဲ့တဲ့ အချိန်ကို ပြန်စဉ်းစား။ အဲဒီ သိုင်းကွက်ကို ပထမဆုံး ထုတ်ဖော်အသုံးပြုခဲ့ချိန်ကို ပြန်စဉ်းစား။ ဘယ်လို ခံစားရလဲ။ အဲဒီ ပထမဆုံး သင်ယူခဲ့ချိန်တုန်းက နားလည်မှု၊ ပထမဆုံး လေ့ကျင့်တုန်းက လှုပ်ရှားမှု၊ ပထမဆုံး ထုတ်ဖော်အသုံးပြုခဲ့တုန်းက အခြေနေတွေက ဘယ်လိုလဲ”
ရှောင်လုံက မေးလိုက်ပြီး အားလုံးကို ကြည့်လိုက်သည်။
“ပထမဆုံး သင်ခဲ့ရတဲ့ အခြေခံသိုင်းကွက်လား။ ဒါက…”
အားလုံး တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိကြသည်။ ထိုနေ့ရက်က သူတို့အားလုံးအတွက် ဘဝတွင် အမှတ်တရအရှိဆုံး နေ့ရက် ဖြစ်နေခဲ့သည် မဟုတ်ပါလား။ ခုနက ပြောသွားခဲ့ကြသော အတိတ်ကို မေ့သွားတတ်သော မေ့လျော့ခြင်းတစ်ခု ရှိနေသည်ဟူသော စကားက မှန်နေသည့်တိုင် ထိုနေ့ရက်ကိုတော့ သူတို့က မမေ့သေးပေ။ သိုင်းပညာကို စတင်သင်ယူရသည့် နေ့ကို သူတို့အားလုံး မမေ့ကြသလို ပထမဆုံး သင်ယူလေ့ကျင့်ခဲ့ရသော သိုင်းကွက်ကိုလည်း မမေ့သေးပေ။
၎င်းမှာ အခြေခံသိုင်းကွက်တစ်ကွက် ဖြစ်သည်။ ပြောဆိုလေ့ရှိသော စကားတစ်ခွန်းကို ပြောဆိုခဲ့ခြင်းလည်း မဟုတ်သလို ပြုမူနေကျ အပြုမူတစ်ခုကို ပြုမူခဲ့ခြင်းလည်း မဟုတ်ပေ။ အခြေခံသိုင်းကွက်တစ်ခုကို စတင်သင်ယူခဲ့ရခြင်း ဖြစ်သည်။ စတင်လေ့ကျင့်ခဲ့ရခြင်း ဖြစ်သည်။ စတင်ထုတ်ဖော်အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ မှတ်မိနေကြသည်။
အခြေခံသိုင်းကွက်တစ်ခု ဆိုသည်မှာ သင်ယူပြီး လေ့ကျင့်ပြီးနောက် ပြီးသွားသော အရာမဟုတ်ပေ။ ထိုအခြေခံသိုင်းကွက်ကို သိုင်းပညာသင်ယူခြင်း ခရီးလမ်းတစ်လျှောက်လုံး အကြိမ်ကြိမ် ပြန်လည် အသုံးပြုကြရသည်။ အကြိမ်ကြိမ်ပြန်လည် ထုတ်ဖော်ရသည်။ အကြိမ်ပေါင်း ထောင်သောင်းမက နေ့စဉ်နှင့်အမျှ ပြန်လည်အသုံးပြုနေရသောကြောင့် မေ့သွားစရာအကြောင်းလည်း မရှိပေ။
“ငါ နည်းနည်း နားလည်လာပြီ”
“ဟုတ်တယ်။ ငါလည်း နားလည်လာသလိုပဲ”
“လက်စသတ်တော့ အဲဒီလိုကိုး”
သိုင်းသမားလူငယ်များက ရှောင်လုံကို စူးစူးရဲရဲ ကြည့်လာကြသည်။
ရှောင်လုံက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ အဲဒါဟာ ‘ရှုပ်ထွေးခြင်းမှ ရိုးရှင်းခြင်းသို့’ပဲ။ နားလည်အောင် စဉ်းစားနေရတဲ့ သဘောတရားတစ်ခု မဟုတ်ဘူး။ သိုင်းကွက်တစ်ကွက်ကို တစ်ကြိမ်လေ့ကျင့်တာထက် အကြိမ်တစ်ရာလေ့ကျင့်တာက ပိုလွယ်ကူရိုးရှင်းတယ်။ အကြိမ်တစ်ရာ လေ့ကျင့်တာထက် အကြိမ်တစ်ထောင် လေ့ကျင့်တာက ပိုပြီး လွယ်ကူရိုးရှင်းစေတယ်။ သိုင်းပညာမှာ ဖြတ်လမ်း မရှိဘူး။ အကြိမ်ကြိမ်လေ့ကျင့်ခြင်းပဲ ရှိတယ်။ ပထမဆုံး သင်ခဲ့ရတဲ့ အခြေခံသိုင်းကွက်က ပထမဆုံး သင်ရတဲ့ နေ့မှာ တော်တော် နားလည်ဖို့ခက်ပြီး ရှုပ်ထွေးနေခဲ့ကြတာဟာ တစ်ခါမှ မလေ့ကျင့်ဖူးခဲ့လို့ပဲ။ အမှားတွေ အကြိမ်ကြိမ် လုပ်နေမိပြီး အလွဲလွဲအချော်ချော် ဖြစ်နေတာ လေ့ကျင့်တာ နည်းသေးလို့ပဲ။ ပထမဆုံး ထုတ်ဖော်အသုံးပြုတဲ့အခါ ထင်သလို မဖြစ်နေတာက လုံလောက်အောင် မကျွမ်းကျင်သေးလို့ပဲ။ အဲဒီ အခြေခံသိုင်းကွက်ကို အခု ပြန်တွေးကြည့်တော့ လွယ်ကူရိုးရှင်းနေလိမ့်မယ်။ နားလည်မှုတွေ ရှင်းလင်းနေလိမ့်မယ်။ အလွယ်တကူ လေ့ကျင့်နိုင်လိမ့်မယ်။ စိတ်အလိုရှိသလို ထုတ်ဖော်အသုံးပြုနိုင်လိမ့်မယ်။ ရိုးရှင်းနေခဲ့ပြီ”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
“ဟုတ်တယ်ဟ။ တကယ်ကို ရှုပ်ထွေးတဲ့ အချိန်တစ်ခုကနေ ရိုးရှင်းတဲ့ အချိန်တစ်ခုကို ရောက်မှန်းမသိဘဲ ရောက်လာခဲ့တာပဲ”
“ဒါဆို အဲဒီ ‘ရှုပ်ထွေးခြင်းမှ ရိုးရှင်းခြင်းသို့’ဆိုတာက စဉ်းစားသုံးသပ်ပြီး အဖြေရှာနေရတာမျိုး မဟုတ်ဘူးပေါ့။ အကြိမ်ကြိမ်ကြိုးစားလေ့ကျင့်ရင်းနဲ့ ဖြစ်လာတာပေါ့”
“အဲဒါက ဒီလောက်တောင် ရိုးရှင်းတာလား”
လူငယ်များမှာ အံ့ဩစွာ ပြောဆိုနေကြသည်။
ချီးကုံးယောင်ကလည်း ရှောင်လုံကို လေးနက်စွာ ကြည့်နေခဲ့သည်။ သူ့စိတ်ထဲက ဇဝေဇဝါဖြစ်မှုကလည်း ပိုများလာသည်။ ရှောင်လုံပြောသော အဓိပ္ပါယ်ကို သူကလည်း သိထားပြီးသား ဖြစ်သည်။ သို့သော် ‘ရှုပ်ထွေးခြင်းမှ ရိုးရှင်းခြင်းသို့’ဟူသော စကားက အခုပြောသလောက် မရိုးရှင်းမှန်းကိုလည်း သူက သိထားသည်။ ထိုစကားက ထိုမျှ မရိုးရှင်းပေ။ ရှောင်လုံပြောသော ထိုနားလည်မှုမျိုးက သိုင်းပညာပါရမီရှိပြီး စဉ်းစားသုံးသပ်နိုင်စွမ်း မြင့်မားသော ပါရမီရှိလျှင် နားလည်နိုင်သော အခြေခံသဘောတရားတစ်ခုသာ ဖြစ်သည်။ ချီးကုန်းယောင် သိချင်သည်က ထိုမျှ မဟုတ်ပေ။ ထိုထက်ပို၍ သိချင်နေခြင်း ဖြစ်သည်။
ရှောင်လုံက ပြုံး၍ ခေါင်းညိတ်သည်။
“ဟုတ်တယ်။ အဲဒါက ရှုပ်ထွေးခြင်းမှ ရိုးရှင်းခြင်းသို့ပါပဲ။ အများကြီး တွေးစရာ မလိုဘူး။ အခုနေ ရှုပ်ထွေးနေတဲ့ တခြားသိုင်းကွက်တွေကိုလည်း ပုံမှန်ထက် ပိုကြီး ကြိုးစားလေ့ကျင့်သွားရင် အခြေခံသိုင်းကွက်ကို ရှင်းရှင်းလင်းလင်း နားလည်ကျွမ်းကျင်သလိုမျိုး တခြားသိုင်းကွက်တွေကိုလည်း ရှင်းရှင်းလင်းလင်း နားလည်လာလိမ့်မယ်။ အများကြီး စဉ်းစားနေဖို့ မလိုဘူး။ အများကြီး လေ့ကျင့်ဖို့ပဲ လိုတာပါ”
“အခုမှ သေချာ နားလည်သွားတော့တယ်”
“ဟုတ်တယ်။ အချိန်ကုန်ခံပြီး စဉ်းစားနေစရာ မလိုတာကို ငါတို့က စဉ်းစားနေခဲ့မိတာကိုး”
လူငယ်တချို့က ရှောင်လုံ၏ စကားကို နားလည်ပြီး သဘောကျနေကြသည်။ လူငယ်တချို့က သူတို့လည်း ထိုသဘောတရားကိုတော့ နားလည်ထားပြီးဖြစ်၍ သိပ်မထူးဆန်းကြပေ။ သူတို့က ထိုထက်ပို၍ နားလည်ချင်နေကြသည်။
အမှန်တွင်လည်း ရှောင်လုံက များများလေ့ကျင့်လျှင် ခက်ခဲသော သိုင်းကွက်ပင် ဖြစ်နေပါစေ ကျွမ်းကျင်လာပြီး ပိုင်နိုင်လာသည့် အခြေခံသဘောတရားကိုသာ ပြောပြခဲ့ခြင်း ဖြစ်သည်။ ထိုသဘောတရားက သိုင်းပါရမီထူးသော လူငယ်များအတွက် မခက်ခဲသော်လည်း သိုင်းပါရမီမထူးသော လူငယ်များအတွက် ခက်ခဲနေတတ်သည်။
ပါရမီမထူးသော လူငယ်များအတွက် အများကြီး တွေးနေခြင်းထက် အများကြီး ကြိုးစားလေ့ကျင့်ခြင်းကသာ ပိုထိရောက်သည်။
ထိုစဉ် လူရွယ်သိုင်းသမားတစ်ယောက်က မေးသည်။ သူက နောက်ဆုံးကျန်သော ဝါးလုံးကို ရခဲ့သော အဆင့်မြင့်သိုင်းသမားလူရွယ် ဖြစ်သည်။
“ရောင်းရင်း ပြောလို့ ရှုပ်ထွေးခြင်းမှ ရိုးရှင်းခြင်းသို့’ဆိုတာကို နားလည်သွားပါပြီ။ ရိုးရှင်းခြင်းမှ ရှုပ်ထွေးခြင်းသို့’ဆိုတာကရော ဘယ်လိုမျိုးလဲ။ ဆွေးနွေးပေးပါဦး”
ရှောင်လုံက အသာပြုံး၍ ခေါင်းညိတ်ပြသည်။
“ရှုပ်ထွးခြင်းကနေ ရိုးရှင်းခြင်းအဆင့်ကို ရောက်လာပြီးတဲ့ သိုင်းသမားတစ်ယောက်ဟာ သူ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားပြီးလို့ အလွန်ကျွမ်းကျင်နေပြီဖြစ်တဲ့ သိုင်းကွက်ကို တစ်မျိုးတစ်ဖုံ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်လာလိမ့်မယ်။ အတွင်းအားအသုံးပြုတဲ့ ပုံစံကို ပုံသေမဟုတ်ဘဲ အလျှော့အတင်း အပြောင်းအလဲလုပ်ပြီး အသုံးပြုလာလိမ့်မယ်။ ဒါဆိုရင် နဂိုရိုးရှင်းနေတဲ့ သိုင်းကွက်က တစ်သမတ်တည်း မဟုတ်တော့ဘဲ အားပြင်းမှု အားပျော့မှုဆိုတဲ့ အပြောင်းလဲတွေ ပါဝင်လာလိမ့်မယ်။ တခြားသိုင်းကွက်တွေနဲ့ ရောယှက်ပေါင်းစပ်ပြီး အသုံးပြုလာလိမ့်မယ်။ ဒါဆိုရင် သိုင်းကွက်ရဲ့ ပုံစံကလည်း အပြောင်းလဲတွေ ပါဝင်လာပြီး ခန့်မှန်းရခက်လာလိမ့်မယ်။ နောက်ပြီးတော့ သိုင်းကွက်ကို ထုတ်သုံးတဲ့ အမြန်နှုန်းကိုလည်း ပိုင်နိုင်လာပြီး အမြန်နှုန်းကို အတိုးအလျှော့ လုပ်နိုင်လာလိမ့်မယ်။ ဒီလိုတွေ လုပ်နိုင်လာရင် နဂိုက ရိုးရှင်းနေတဲ့ သိုင်းကွက်က မရိုးရှင်းတော့ဘူး။ တစ်ဆင့်တက်ပြီး ရှုပ်ထွေးသွားလိမ့်မယ်။ ဒီလိုမျိုး သိုင်းကွက်ရဲ့ တိုးတက်ပြောင်းလဲသွားမှုကို ရိုးရှင်းခြင်းမှ ရှုပ်ထွေးခြင်းသို့’လို့ ပြောတာပါပဲ”
ရှောင်လုံ၏ ထိုရှင်းပြချက်ကိုတော့ သိုင်းပါရမီ သိပ်မထူးသူများသာမက သိုင်းပါရမီထူးသူများပင် သဘောကျလာကြသည်။ အားလုံးက အလေးအနက် စဉ်းစားဆင်ခြင်နေကြသည်။
ချီးကုံးယောင်ကိုယ်တိုင်လည်း သူ၏ တချို့သိုင်းကွက်များကို ရှောင်လုံပြောသကဲ့သို့ တစ်ဆင့်တက်၍ ပြောင်းလဲမှုများ လုပ်ချင်နေခဲ့သည်။ မည်သို့လုပ်ရမှန်း မသိဖြစ်နေခဲ့သည်။ ယခု ရှောင်လုံ ပြောပြသည့် နည်းစနစ်များအရ အတွင်းအားအပြောင်းလဲလုပ်ခြင်း၊ သိုင်းကွက်ပေါင်းစပ်ခြင်း၊ အမြန်နှုန်းမြှင့်တင်ခြင်း နည်းလမ်းသုံးမျိုးဖြင့် လုပ်နိုင်ကြောင်း နားလည်သွားခဲ့သည်။
လူရွယ်သိုင်းသမားများထဲမှ ချန်မင်နှင့် ယန်ကျင်းက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိကြသည်။ အဘယ်ကြောင့်ဆိုသော် ချန်မင်က သူ့ဆရာနှင့် အတူလိုက်ပါပြီး တောင်ပေါ်တွင် သုံးနှစ်လေ့ကျင့်ခဲ့ပြီးနောက် သိုင်းကွက်၏ အပြောင်းအလဲညင်သာသိမ်မွေ့မှုကို အလေးထားလေ့ကျင့်ပြီး အမြန်နှုန်းကို မြှင့်တင်ခဲ့သည်။ ယန်ကျန်းကလည်း သူ၏ သိုင်းကွက်များကို ပေါင်းစပ်နိုင်အောင် ကြိုးစားလေ့ကျင့်ခဲ့သည်။
သူတို့နှစ်ယောက်ယောက်လုံး၏ ကြိုးစားခဲ့မှုက အခု ရှောင်လုံပြောသော ရိုးရှင်းခြင်းမှ ရှုပ်ထွေးခြင်းအဆင့်တွင် ရှိနေသည်ကို ချန်မင်ရော ယန်ကျန်းရော နားလည်သွားကြသည်။ အရင်ကတော့ သူတို့က သူတို့ကိုယ်သူတို့ လွန်ခဲ့သော သုံးနှစ်ကထက် တိုးတက်လာသည်ဟုသာ သိထားခဲ့ကြသည်။
ချီးကုံးယောင်က အလေးနက်စဉ်းစားပြီး မေးလိုက်သည်။
“သိုင်းရောင်းရင်း ပြောပုံအရဆိုရင် ကျွမ်းကျင်ပြီးသား သိုင်းကွက်ကို အတွင်းအားအတိုးအလျှော့လုပ်ပြီး ပြောင်းလဲမှုတွေ လုပ်လို့ရတယ်၊ တခြားသိုင်းကွက်နဲ့ ပေါင်းစပ်လို့လည်း ရတယ်၊ အမြန်နှုန်းကို အပြောင်းလဲလုပ်လို့လည်း ရတယ်ဆိုတာ ဟုတ်ပါပြီ။ ဒါပေမဲ့ သိုင်းကွက် အဲဒီလောက်အထိ အပြောင်းလဲလုပ်ဖို့က မလွယ်ကူဘူးလို့ ခံစားရတယ်။ အတွင်းအား အတိုးအလျှော့နဲ့ အပြောင်းလုပ်မယ်ဆိုရင်တောင် သိုင်းကွက်က တိုးတက်မလာဘဲ ကမောက်ကမ ဖြစ်သွားမှာ စိုးရိမ်ရတယ်”
ချီကုံးယောင်၏ စကားကို တချို့လူရွယ်များက ခေါင်းညိတ်ကြသည်။
ရှောင်လုံကလည်း ခေါင်းညိတ်သည်။
“ဟုတ်တယ်။ အမှန်ပဲ။ သိုင်းကွက်တစ်ကွက်ဆိုတာ သိုင်းကွက်ပုံစံ သိုင်းကွက်ဟန်နဲ့ အလိုဖက်အသင့်လျော်ဆုံး အတွင်းအား၊ အလိုက်ဖက်ဆုံး လှုပ်ရှားမှုနဲ့ အသင့်လျော်ဆုံး အမြန်နှုန်းတွေ သတ်မှတ်ပေါင်းစပ်ထားပြီးသား ဖြစ်ပါတယ်။ အဲဒါကို အပြောင်းအလဲလုပ်ဖို့ဆိုတာက ခက်ပါတယ်။ မလုပ်နိုင်ရင် သိုင်းကွက် ပျက်စီးသွားမှာပါပဲ။ ဒါကြောင့်လည်း ‘ရိုးရှင်းခြင်းမှ ရှုပ်ထွေးခြင်းသို့’လို့ ခေါ်တာပေါ့။ ဘယ်မှာလာပြီး ရိုးရှင်းလွယ်ကူနေမှာလဲ”
ရှောင်လုံက ပြောရင်းနှင့် ချန်မင်နှင့် ယန်ကျင်းကို ကြည့်လိုက်သည်။
“ကမ်းပေါ်မှာတုန်းက ချန်မင်နဲ့ ယန်ချင်းက တစ်ယောက်ရဲ့သိုင်းကွက်ကိုတစ်ယောက် အပြန်အလှန် သုံးသပ်ပြခဲ့တာကို သတိထားမိကြလား။ ချန်မင်က သူ့ရဲ့သိုင်းကွက်ကို အပြောင်းအလဲတွေကို ပြေပြစ်ညက်ညောအောင် ဂရုစိုက်ပြီး အမြန်နှုန်းတစ်ခုအထိ တိုးတက်အောင် လေ့ကျင့်ထားခဲ့တယ်။ ချန်မင်က သူ့သိုင်းကွက်ကို အမြန်နှုန်း တိုးတက်စေခြင်းဆိုတဲ့ ပြောင်းလဲမှုတစ်ခု လုပ်နိုင်ခဲ့တယ်။ အဲဒါက ရိုးရှင်းခြင်းမှ ရှုပ်ထွေးခြင်းသို့ဆိုတဲ့ ပြယုဂ်ပါပဲ”
ရှောင်လုံ၏ စကားကြောင့် အားလုံးက ချန်မင်ကို ကြည့်လိုက်ကြသည်။
ရှောင်လုံက ချန်မင်ကို ဖိတ်ခေါ်လိုက်သည်။
“သိုင်းရောင်းရင်း ချန်မင်…၊ ကျေးဇူးပြုပြီး ရောင်းရင်းရဲ့ မူလ သိုင်းကွက်အနေထားနဲ့ အမြန်နှုန်းပြောင်းလဲထားတဲ့ သိုင်းကွက်အနေထားနှစ်ခုကို ထုတ်ပြပေးလို့ အဆင်ပြေမလား။ အဆင်ပြေရင် ဖိတ်ခေါ်ပါတယ်”
ချန်မင်လည်း မငြင်းဘဲ ရှေ့ထွက်လာပြီး သိုင်းကွက်တစ်ခုကို လှုပ်ရှားပြသည်။
“ဟိတ်…”
“ဖျတ်…ဖျတ်…”
ထို့နောက် နောက်ထပ်သိုင်းကွက်တစ်ခုကို ထပ်လှုပ်ရှားပြသည်။
“ဝှစ် ဝှစ်…”
“ဟူး…ဟူး…”
သိုင်းကွက်နှစ်ကွက်ဆိုသော်လည်း တစ်ကွက်တည်းသာ ဖြစ်သည်။ သို့သော်လည်း ကွာခြားချက်က ကြီးမားနေခဲ့သည်။ အမြန်နှုန်းကွာခြားချက်ပင်။ နောက်ထပ် ထုတ်ဖော်လိုက်သော သိုင်းကွက်က ပြေပြစ်ညက်ညောနေပြီး လျင်မြန်လို့ နေခဲ့သည်။ ထိုအခါ ထွက်ပေါ်လာသော သိုင်းကွက်အရှိန်အဟုန်ကလည်း သိသာစွာ တိုးတက်လာခဲ့သည်။
ရှောင်လုံက အားလုံးကို ကြည့်ပြီး ပြောသည်။
“ကျေးဇူးတင်ပါတယ် ရောင်းရင်း ချန်မင်။ အားလုံးပဲ…၊ မြင်လိုက်ကြလား။ ရိုးရှင်းခြင်းမှ ရှုပ်ထွေးခြင်းသို့ဆိုတာ အဲဒီသဘောပါပဲ။ ချန်မင်က သူ့အတွက် ရိုးရှင်းနေပြီဖြစ်တဲ့ သိုင်းကွက်ကို အမြန်နှုန်းတိုးမြှင့်ပြီး အပြောင်းလဲလုပ်ထားခဲ့တယ်။ အမြန်နှုန်းတိုးမြှင့်ပြောင်းလဲဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ သိုင်းကွက်အပြောင်းအလဲတွေမှာ ပြေပြစ်ညက်ညောမှုကို မမေ့မလျော့ ထည့်ထားတယ်။ ဒါတင်မကသေးဘူး။ ချန်မင်မှာ လျင်မြန်ပေါ့ပါးတဲ့ ပင်ကိုယ်ဟန် ရှိတယ်။ အဲဒါက သူ့ရဲ့ အားသာချက်လည်း ဖြစ်တယ်။ ဒါကြောင့် သိုင်းကွက်တစ်ကွက်ကို အပြောင်းလဲလုပ်မယ်ဆိုရင် အတွင်းအားကို အတိုးလျှော့လုပ်ပြီး ပြောင်းလဲရမလား၊ ဒါမှမဟုတ် အမြန်နှုန်းတိုးမြှင့်ပြီး အပြောင်းလဲလုပ်မလား၊ သိုင်းကွက်တွေပေါင်းစပ်ပြီး အပြောင်းလဲလုပ်မလားဆိုတာက သိုင်းသမားတစ်ယောက်ချင်းစီရဲ့ သိမြင်နားလည်နိုင်စွမ်းနဲ့ ပင်ကိုယ်အားသာချက်တွေအပေါ်မှာ မူတည်ပါတယ်”
တစ်ယောက်ချင်းစီ၏ သိမြင်နားလည်နိုင်စွမ်းနဲ့ ပင်ကိုယ်အားသာချက်အပေါ်တွင် မူတည်သည်လော။
အားလုံး ခေါင်းတညိတ်ညိတ် ဖြစ်ကုန်သည်။
ရှောင်လုံက ယန်ကျန်းကို လှမ်းကြည့်၍ ဆက်ပြောသည်။
“ယန်ကျန်းရဲ့ သိုင်းကွက်ကိုလည်း မြင်ခဲ့ကြမှာပါ။ ယန်ကျန်းက သိုင်းကွက်တွေကို ပေါင်းစပ်တဲ့နေရာမှာ ကျွမ်းကျင်ပုံရတယ်။ အဲဒါက သူ့ရဲ့ သိုင်းနည်းစနစ်လည်း ဖြစ်လိမ့်မယ်။ ဒီတော့ သူက သိုင်းကွက်တွေကို ပေါင်းစပ်တဲ့ နည်းလမ်းနဲ့ ရိုးရှင်းမှုကနေ ရှုပ်ထွေးမှုအဆင့်ကို တက်လာခဲ့တယ်။ သိုင်းရောင်းရင်း ယန်ကျန်းကို ဖိတ်ခေါ်ပါတယ်။ ကျေးဇူးပြုပြီး သရုပ်ပြပေးနိုင်မလား”
ယန်ကျန်းက ခေါင်းညိတ်သည်။
“သိုင်းရောင်းရင်းရဲ့ အသိမြင်တွေက တကယ်စူးရှပါတယ်။ ကျွန်တော့်သိုင်းကွက်ကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့တယ်။ လိုအပ်ချက်ကို လမ်းညွှန်ပေးပါဦး”
ယန်ကျန်းက တလေးတစားဖြင့် ပြောရင်း သူ၏ သိုင်းကွက်မူလပုံစံကို ထုတ်ဖော်ပြသည်။ ထို့နောက် ပေါင်းစပ်ထားသော သိုင်းကွက်ကို ထုတ်ဖော်ပြသည်။
“ယား…”
“ဟူး ဟူး…”
“ဝှီး ဝှီး…”
“ကျေးဇူးတင်ပါတယ် သိုင်းရောင်းရင်း ကျန်းမင်။ အားလုံးပဲ…၊ မြင်လိုက်ကြတယ် မဟုတ်လား။ ရောင်းရင်းကျန်းမင်က သူ့ရဲ့ အားသာချက် သူ့ရဲ့ နည်းစနစ်ဖြစ်တဲ့ သိုင်းကွက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီး ရိုးရှင်းတဲ့ သိုင်းကွက်ကို ရှုပ်ထွေးတဲ့ အဆင့်ထိ မြှင့်တင်ထားခဲ့တယ်”
အားလုံမှာ ပို၍ ရှင်းလင်းနားလည်လာကြသည်။ သိုင်းကွက်ကို မြှင့်တင်သည့် နည်းလမ်းကို သိလာကြသည်။ စကားလုံးများဖြင့် ရှင်းပြခဲ့ရုံသာမက လက်တွေ့လည်း သရုပ်ပြပေးခဲ့သဖြင့် ပို၍ ရှင်းရှင်းလင်းလင်း နားလည်သွားကြသည်။
ထို့နောက် ရှောင်လုံက ကျိတောင်နှင့် လုချွမ်းကို လှမ်းကြည့်သည်။
“ဒီတစ်ခါ သိုင်းကွက်ကို အတွင်းအားအတိုးအလျှော့အသုံးပြုပြီး အပြောင်းလဲလုပ်နိုင်တာကို ပြောပြပါ့မယ်။ သူတောင်းစားဂိုဏ်းက သိုင်းရောင်းရင်းနှစ်ယောက် ကျေးဇူးပြုပြီး ရှေ့ကို ထွက်လာပေးပါ”
လုချွမ်းနှင့် ကျိတောင်လည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိကြသည်။ ကျိတောင်က မဆိုင်းမတွ ရှေ့ထွက်လာလိုက်သည်။ ရှောင်လုံက ခေါ်နေသည် မဟုတ်ပါလား။ သူက အဘယ်ကြောင့် မထွက်ဘဲ နေရပါမည်နည်း။
ကျိတောင်ရှေ့ထွက်သည်နှင့် လုချွမ်းလည်း လိုက်ထွက်လာသည်။
ရှောင်လုံက ကျိတောင်ကို ပြုံးပြ၍ အသာခေါင်းညိတ်ပြသည်။ သူ့ပုံစံက အခုမှ မြင်ဖူးသလို ပုံစံပင်။
“ဝါးစိမ်းတုတ်သိုင်း တစ်ကွက်လောက် ထုတ်ဖော်ပြပေးပါ”
“ကိစ္စမရှိဘူး။ လိုအပ်ချက်ကို ထောက်ပြပေးပါဦး”
ကျိတောင်က ပြောပြီး သူပိုင်နိုင်ကျွမ်းကျင်ဆုံးသော ဝါးစိမ်းတုတ်သိုင်းတစ်ကွက်က်ို ထုတ်ဖော်ပြသည်။
“ဖုန်း…”
“ကောင်းတယ်။ ကျေးဇူးတင်ပါတယ်”
ရှောင်လုံက ကျိတောင်ကို ကျေးဇူးတင်စကားပြောပြီး လုချွမ်းကို ကြည့်လိုက်သည်။
“သိုင်းရောင်းရင်းက အဲဒီ ဝါးစိမ်းတုတ်သိုင်းကွက်ကိုပဲ ခွန်အားကို မထိန်းချုပ်ထားပါဘဲ ထုတ်ပြပေးပါ”
လုချွမ်းက ခေါင်းညိတ်ပြီး ခုနက ကျိတောင်ထုတ်ဖော်ပြသခဲ့သော ဝါးစိမ်းတုတ်သိုင်းကွက်ကိုပင် ပြန်ထုတ်ဖော် ပြသည်။
“ဝှီး ဟူး ဟူး…”
“ဘုန်း…”
ကွာခြားသည်။ အလွန်ကွာခြားသည်။ သိုင်းကွက်က တစ်ကွက်တည်း ဖြစ်သော်လည်း သိုင်းကွက်အင်အားချင်းက အလွန်ကွာခြားနေခဲ့သည်။ ခွန်အား ကွာခြားခြင်းကြောင့်ပင်။
“ကျေးဇူးတင်ပါတယ် သိုင်းရောင်းရင်း လုချွမ်း။ အားလုံးပဲ…၊ မြင်လိုက်ကြတယ် မဟုတ်လား။ သိုင်းရောင်းရင်း လူချွမ်းမှာ ပင်ကိုယ်သန်မာတဲ့ ခန္ဓာကိုယ်ရှိတယ်။ ဒါက သူ့ရဲ့ အားသာချက်ပဲ။ အဲဒီ အားသာချက်ကို သူ့ရဲ့ သိုင်းကွက်မှာ ထည့်ပေါင်းစပ်ထားတယ်။ ဒါကြောင့် ထွက်ပေါ်လာတဲ့ သိုင်းကွက်က ပြောင်းလဲသွားတယ်။ မရိုးရှင်းတော့ဘူး။ ဒါက အတွင်းအား ဒါမှမဟုတ် ပင်ကိုယ်ခန္ဓာကိုယ်ခွန်အားကို အသုံးပြုပြီး သိုင်းကွက်ကို အပြောင်းလဲလုပ်နိုင်တယ်ဆိုတာပါပဲ”
ရှောင်လုံက စကားကို ရပ်လိုက်ပြီး အားလုံးကို ကြည့်လိုက်သည်။
အားလုံးက ခေါင်းတညိတ်ညိတ်ဖြင့် ကျေနပ်နေကြသည်။
“တကယ်ကို ရှင်းလင်းသွားတာပဲ။ ကျွန်တော့်ဆရာတောင် သိုင်းရောင်းရင်းလို မရှင်းပြပေးနိုင်ခဲ့ဘူး။ သိုင်းရှောင်းရင်း ရှင်းပြလိုက်မှပဲ ကျွန်တော့်စိတ်ထဲက ဇဝေဇဝါဖြစ်နေတာတွေ ရှင်းလင်းသွားပါတော့တယ်။ ကျေးဇူးတင်ပါတယ် သိုင်းရောင်းရင်း…”
ချီးကုံးယောင်က တလေးတစားပြောရင်း ရှောင်လုံကို ကျေးဇူးတင်နေခဲ့သည်။
“ကျေးဇူးတင်ပါတယ် သိုင်းရောင်းရင်း…”
အားလုံးက ရှောင်လုံကို ကျေးဇူးတင်စကားများ တလေးတစား ပြောရင်း သိုင်းရောင်းရင်းဟု ခေါ်နေကြသည်။ သူတို့က ရှောင်လုံ၏ နာမည်ကို မသိကြသောကြောင့် သိုင်းရောင်းရင်းဟုသာ ခေါ်နေကြခြင်းလည်း ဖြစ်သည်။
သူတို့၏ ဆရာများပင် ရှင်းလင်းအောင် မသင်ပြနိုင်ခဲ့သော ထိုသဘောတရားကို ရှောင်လုံက ရှင်းပြနိုင်ခဲ့ခြင်းအပေါ်၌လည်း သူတို့က အံ့ဩနေကြသည်။ သူတို့၏ ဆရာများသည် သိုင်းအကျော်မော်များ သိုင်းထိပ်သီးများ ဖြစ်ကြသည် မဟုတ်ပါလား။ သို့သော် ဤသိုင်းရောင်းရင်းက…
သိုင်းအခြေခံအဆင့်။
သိုင်းအခြေခံအဆင့် လူငယ်လေးတစ်ယောက်က သိုင်းအကျော်မော်များနှင့် သိုင်းထိပ်သီးများပင် ရှင်းလင်းအောင် မပြောနိုင်ခဲ့သော သဘောတရားကို ရှင်းလင်းအောင် ပြောပြသွားခဲ့သည်။ ဤကား အံ့ဩဖွယ်ရာပင် မဟုတ်ပါလား။
တခြားလူငယ် လူရွယ် သိုင်းသမားများသာမက ယဲ့ကျုံး၊ ပိုင်ဖေးယိနှင့် ဝမ်သခင်လေးတိုကလည်း ရှောင်လုံကို စိတ်ဝင်စားသော မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။ သူတို့က တချို့အချက်များကို နားလည်ထားပြီး ဖြစ်သော်လည်း ရှောင်လုံလောက်တော့ ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ မသိနေခဲ့သလို ရှင်းလင်းအောင်လည်း မပြောပြနိုင်ပေ။
‘ဒီသူတောင်းစားလေးရဲ့ သိုင်းပညာအပေါ် သိမြင်နားလည်နိုင်စွမ်းက တကယ်ကို မြင့်မားတာပဲ။ ဒါပေမဲ့ သူ့ရဲ့ သိုင်းပညာက အခြေခံအဆင့်ပဲ ရှိနေသေးတယ်’
မျက်နှာဖုံးစွပ်ဝတ်စုံနက်သိုင်းသမားက ရှောင်လုံကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ရင်း တွေးနေခဲ့သည်။
နှင်းပန်းကတော့ သူမ၏ မောင်လေးကို ပြုံး၍သာ ကြည့်နေခဲ့သည်။ ရှောင်လုံပြောသွားသည်များက အလွန်ရိုးရှင်းသော အခြေခံသဘောတရားမျှသာ ဖြစ်သည်ကိုလည်း သူမက သိနေသည်။ ထိုလူငယ်သိုင်းသမားများ နားလည်နိုင်သည့် အတိုင်းအတာအတွင်းမှ ပြောပြသွားခြင်းသာ ဖြစ်ကြောင်းကိုလည်း သူမက သိနေသည်။
‘ရှုပ်ထွေးခြင်းမှ ရိုးရှင်းခြင်း။ ရိုးရှင်းခြင်းမှ ရှုပ်ထွေးခြင်း’၏ အစစ်မှန်သဘောတရားကို အနည်းငယ်မျှ နားလည်ရန်ပင် မလွယ်ကူပေ။ သိုင်းထိပ်သီးအဆင့်သို့ ရောက်ပြီး အတွင်းအားကို သန့်စင်လာမှသာ အစစ်မှန်သဘောတရားကို တစ်စွန်းတစ်စ နားလည်နိုင်မည် ဖြစ်သည်။
နှင်းပန်းကိုယ်တိုင်သည်ပင် ထိုသဘောတရားကို ယခင်က နားမလည်ခဲ့ပေ။ ရှောင်လုံနှင့် အတွင်းအားပေါင်းစည်းလေ့ကျင့်ပြီးနောက် သူမ၏ အတွင်းအားများ တိုးတက်သန့်စင်လာမှသာ အနည်းငယ် နားလည်လာခဲ့သည်။
သိုင်းကွက်တစ်ကွက်ကို ရိုးရှင်းစွာ ထုတ်ဖော်နိုင်ရန်ဆိုသည်မှာ အခြေခံဖြစ်သော အတွင်းအားက မသန့်စင်သေးပါဘဲ အတွင်းအားစီးဆင်းလည်ပတ်မှု မချောမွေ့သေးပါဘဲ အဘယ်မှာ ထုတ်ဖော်နိုင်ပါမည်နည်း။ အဘယ်မှာ အစစ်မှန်တိုးတက်ပြောင်းလဲမှု ဖြစ်လာနိုင်ပါမည်နည်း။
ယခု ရှောင်လုံပြောပြသွားခဲ့သည်များက သိုင်းကွက်၊ သိုင်းဟန်၊ သိုင်းအခြေခံနှင့်အတွင်းအား၊ လှုပ်ရှားမှုဟူသော အခြေခံသိုင်းနည်းစနစ်များဖြင့်သာ ပြောပြသွားခြင်း ဖြစ်သည်။
အတွင်းအားသန့်စင်မှု၊ အတွင်းအားထိန်းချုပ်ဖြန့်ကျက်နိုင်စွမ်း၊ အတွင်းအားစီးဆင်းလည်ပတ်မှု ချောမွေ့ခြင်းဟူသော အဓိက အချက်များကို မပြောသွားခဲ့ပေ။ ပြောလျှင်လည်း ထိုလူငယ်သိုင်းသမားများက နားမလည်နိုင်ပေ။ အနည်းဆုံး သိုင်းထိပ်သီးအဆင့်များသာ နားလည်ကြမည် ဖြစ်သည်။
ချီးကုံးယောင်က ရှောင်လုံကို သေချာကြည့်ပြီး မေးလိုက်သည်။
“သိုင်းရောင်းရင်းရဲ့ နာမည်က…”
“ကျွန်တော့်နာမည်လား”
ချီးကုံးယောင်သာမက ရှောင်လုံ၏ နာမည်ကို မသိသေးသူများက သိချင်စွာဖြင့် ကြည့်နေကြသည်။
“သူ့နာမည်က နဂါးလေးဆိုတဲ့ ရှောင်လုံ…၊ ဟားဟား…”
ဝူချန်အန်းက လှမ်းအော်ပြောပြီး ရယ်နေခဲ့သည်။
“သူ့နာမည်က ရှောင်လုံတဲ့လား”
အခန်း(၃၂၇)ပြီး
***