“ကျေးဇူးတင်ပါတယ် သိုင်းရောင်းရင်း ရှောင်လုံ…”
ချီးကုံးယောင်က ရှောင်လုံကို ကျေးဇူးတင်စကားပြောသလို တခြားလူရွယ်များကလည်း ကျေးဇူးတင်စကားပြောကြသည်။
“ဟီးဟီး…၊ ကျေးဇူးတင်ဖို့ မလိုပါဘူး။ အားလုံးက အသိမြင်တွေကို အပြန်အလှန် ဖလှယ်နေကြတာပဲလေ။ သိုင်းရောင်းရင်းတို့ဆီကလည်း ကျွန်တော်ရှောင်လုံ လေ့လာသင်ယူ ခဲ့ရပါတယ်။ ကျွန်တော် ပြောခဲ့တာတွေကလည်း ကျွန်တော် ကြားနာမှတ်သားခဲ့ရတာတွေကို တစ်ဆင့် ပြန်ပြောပြပေးရုံပါ။ ဒါကြောင့် အများကြီး ကျေးဇူးတင်ဖို့ မလိုပါဘူး”
ကြားနာမှတ်သားခဲ့ရတာတွေကို တစ်ဆင့်ပြန်ပြောပြခြင်းလော။
ရှောင်လုံကို ကျေးဇူးတင်သော လေးစားသော မျက်လုံးများဖြင့် ကြည့်နေကြသော မျက်လုံးများထဲမှ တစ်ဝက်လောက်မှာ အရောင်ပြောင်းသွားသည်။ အထူးသဖြင့် ယခုရောက်နေသော ထိုလူငယ်မျိုးဆက်ထဲ ပါရမီအရှိဆုံး လူငယ်များက ရှောင်လုံကို သာမန်ကြည့်သလိုသာ ကြည့်နေကြတော့သည်။
ချီးကုံးယောင်လည်း သူ့စိတ်ထဲက ခံစားခဲ့ရသော ဇဝေဇဝါဖြစ်မှုက အဘယ်ကြောင့် ဖြစ်ခဲ့ရသည်ကို နားလည်သွားတော့သည်။ သူက ရှောင်လုံစကားပြောဖို့ ထွက်လာသည်ကို မြင်ကတည်းက ဇဝေဇဝါ ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ သူကိုယ်တိုင် နားမလည်သော သိုင်းလောက၏ စကားနှစ်ခွန်းကို သူ့ဆရာများပင် ရှင်းလင်းအောင် မပြောနိုင်ခဲ့ပါဘဲလျက် သိုင်းအခြေခံအဆင့်မျှသာ ရှိသေးသော သူတောင်းစားလေးက ရှင်းပြမည်ဆိုသည်က သဘာဝမကျနေခဲ့ဘဲလေ။ ထို့ကြောင့် သူ့မှာ ဇဝေဇဝါဖြစ်ခဲ့ရသည်။
အခုတော့ ထိုသူတောင်းစားလေးက သူကြားဖူးသော စကားများကို ပြန်ပြောပြခြင်းဟု ဆိုနေသည်။ ထိုသို့ဆိုလျှင်တော့ သဘာဝကျပေပြီ။ ဇဝေဇဝါဖြစ်နေမှုလည်း ပျောက်သွားသည်။
သေချာပြန်တွေးကြည့်လျှင် သူတို့အားလုံးလည်း ချန်မင်၏ သိုင်းကွက်အပြောင်းလဲ လုပ်ထားသည့် ပုံစံကို ဖြစ်စေ၊ ယန်ကျန်း၏ သိုင်းကွက်ပေါင်းစပ်သည့် ပုံစံကို ဖြစ်စေ၊ လုချွမ်း၏ ပင်ကိုယ်ခွန်အား သာလွန်မှုကို ဖြစ်စေ ကမ်းပေါ်မှာကတည်းက မြင်ခဲ့ကြပြီး ဖြစ်သည်။ သို့သော် သူတို့က သိုင်းလောက၏ စကားနှစ်ခွန်းနှင့် မဆက်စပ်မိဘဲ ရိုးရှင်းခြင်းမှ ရှုပ်ထွေးခြင်းသို့ဟူသော သဘောတရားကို နားမလည် ဖြစ်နေခဲ့ခြင်းသာ ဖြစ်သည်။
ဆွဲဖွင့်လိုက်လျှင် ပွင့်သွားမည့် တံခါးကို တွန်းဖွင့်နေမိသည်နှင့် တူနေခြင်းသာ ဖြစ်သည်။
ရှောင်လုံက ဆွဲဖွင့်ပြသွားခြင်းမှာလည်း တစ်ဦးတစ်ယောက်က ဆွဲဖွင့်ပြခဲ့ဖူးသည့်အတိုင်းသာ ဆွဲဖွင့်ပြခဲ့ခြင်းသာ ဆိုလျှင် ထိုကိစ္စက အံ့ဩစရာတော့ မရှိလှပေ။
“အားလုံးကို ကျေးဇူးတင်ပါတယ်။ ဟီးဟီး…”
ရှောင်လုံလည်း စကားဆက်မပြောတော့ဘဲ စပ်ဖြီးဖြီးရယ်၍ သူ့နေရာသို့ ပြန်လာခဲ့လိုက်သည်။
ချီးကုံးယောင်လည်း ပြန်လာခဲ့သည်။
နှင်းပန်းက ရှောင်လုံကိုကြည့်ပြီး ပြုံးသည်။ စိတ်ထဲတွင်လည်း ‘ဉာဏ်ပညာ ကြီးမားသူက ဉာဏ်နည်းသူတစ်ယောက်လို ပြုမူသည်’ဟူသော စကားကိုပင် သတိရသွားခဲ့သည်။
ထိုစဉ် ဝမ်လူငယ်က ရှေ့တက်လာသည်။
“အားလုံးပဲ…၊ အခုလို ပြောဆိုဆွေးနွေးပြီး အသိမြင်တွေကို ဖလှယ်သွားကြတာ အလွန်အားရဖို့ ကောင်းပါတယ်။ အခု စာပေပညာ၊ ဆေးပညာနဲ့ သိုင်းပညာတွေကနေ အသိမြင်တွေ ဖလှယ်သွားခဲ့ကြတယ်။ အရင်က မသိခဲ့တာတွေလည်း သိရပြီး နားမလည်ခဲ့တာတွေလည်း နားလည်ခဲ့ရပါတယ်။ အခု ကျွန်တော်က ပန်းချီပညာဘက်ကနေ အသိမြင်တွေ ဖလှယ်ပါရစေ”
ဝမ်လူငယ်က ပြောပြီးသည်နှင့် သူ့ဝတ်ရုံထဲက တစ်စုံတစ်ခုကို ယူထုတ်ပြီး ဖြေချပြသည်။ ပန်းချီကားလိပ်တစ်ခုကို ဖြေပြလိုက်ခြင်း ဖြစ်သည်။
စက္ကူအဖြူပေါ်တွင် မင်ရည်နက်ဖြင့် ရေးဆွဲထားသော ရှုခင်းပုံ ပန်းချီကားတစ်ချပ် ဖြစ်သည်။ အရောင် မပါဝင်ပေ။
ပန်းချီကားထဲတွင် ကောင်းကင်၊ တိမ်တိုက်၊ ပျံသန်းနေသော ငှက်များ၊ ကျောက်တောင်၊ သစ်ပင်၊ တောင်ခြေရွာ၊ ပင်လယ်၊ ရွက်လွင့်နေသော လှေ၊ လူနှင့် တိရစ္ဆာန်များ ပါဝင်သည်။
ဝမ်လူငယ်က ပန်းချီကားကို အားလုံးမြင်ရအောင် ပြသည်။
“အားလုံးပဲ…၊ ဒီပန်းချီကားထဲမှာ ဘာပုံတွေ ရေးဆွဲထားလဲဆိုတာ မြင်နိုင်ကြလား။ ပြီးတော့ ဘယ်လို တွေးမိလဲ။ ဘယ်လို ခံစားရလဲ”
ဝမ်လူငယ်က ထိုသို့ မေးနေကတည်းက ထိုပန်းချီကားက သာမန်မဟုတ်ကြောင်းကို အားလုံးက တွေးမိကြသည်။ ထို့ကြောင့် ပန်းချီကားကို သေချာ ကြည့်မိကြသည်။
ပန်းချီကားမှာ ကောင်းကင်၊ မြေပြင်၊ တောင်၊ ပင်လယ်၊ လူနှင့် တိရစ္ဆာန်များကို ထည့်ဆွဲထားသော ရှုခင်းပန်းချီကားတစ်ချပ်သာ ဖြစ်သည်။ မည်သို့ပင် ကြည့်ကြည့် ထိုထက်မပိုပေ။ လျှို့ဝှက်ဆန်းကြယ်သော အချက်များ မပါပေ။ ရိုးရှင်းသော အဖြူမည်းပန်းချီကားတစ်ချပ်သာ ဖြစ်သည်။
ချီးကုံးယောင်နှင့်အတူ လှေပေါ် တက်လာခဲ့သည့် မျိုးရိုးနာမည် ယွဲ့ဟူသော လူရွယ်က ပန်းချီကားကို သေချာကြည့်ပြီး ပြောလာသည်။
“ဒီပန်းချီကားက ဘယ်လိုပဲ ကြည့်ကြည့် ကောင်းကင်၊ တိမ်တိုက်၊ လေထဲက ငှက်ကလေးတွေ၊ သစ်ပင်၊ တော၊ တောင်၊ မြစ်၊ ချောင်း၊ ပင်လယ်၊ တောင်ခြေရွာ၊ လူတွေ၊ တိရစ္ဆာန်တွေနဲ့ ပင်လယ်ထဲက လှေကလေးတွေကို ပုံဖော်ရေးဆွဲထားတဲ့ ပန်ချီကားလို့ပဲ မြင်နေရတယ်”
ယွဲ့လူရွယ်က ပြောရင်း ရှေ့ထွက်လာပြီး ပန်းချီကားကို အနီးကပ် လာကြည့်သည်။
တခြားလူငယ်များမှာလည်း ယွဲ့လူရွယ် ပြောသလိုပင် မြင်နေကြသည် ဖြစ်၍ အားလုံးက ခေါင်းညိတ်ကြသည်။
ယွဲ့လူရွယ်က ပန်းချီကားကို အနီးကပ်ကြည့်ပြီးနောက် သူက ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။
“ဒီပန်းချီကားထဲမှာ ကောင်းကင်၊ ရေ၊ မြေ၊ တော၊ တောင်ဆိုတဲ့ သက်မဲ့ သဘာဝလောကနဲ့ ငှက်၊ လူ၊ တိရစ္ဆာန်ဆိုတဲ့ သက်ရှိသဘာဝလောက လိုက်ဖက်အောင် နေရာချပြီး ရေးဆွဲထားတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ‘သဘာဝနှင့် လိုက်လျောညီထွေဖြစ်ခြင်း၊ ညီညွတ်မျှတခြင်း’ဆိုတဲ့ တာအိုဝါဒရဲ့ အငွေ့သက်တွေ ပါနေတယ်”
ယွဲ့လူရွယ်၏ စကားကြောင့် ပန်းချီကားကို ကြည့်နေသော အားလုံး၏ အကြည့်က တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်။
“ဟုတ်တာပဲ၊ ပန်းချီကားကို ရေးဆွဲထားတာ သက်ရှိ၊ သက်မဲ့ သဘာဝလောကကို အချိုးမျှအောင် နေရာချပြီး ရေဆွဲထားတယ်။ အဲဒီလို ကြည့်မယ်ဆိုရင် ဒါက တာအိုဝါဒအငွေ့အသက်တွေ ပါဝင်နေတာပါပဲ”
“ဟုတ်တယ်။ ပန်းချီကား ကြည့်ကောင်းနေတာက ပန်းချီးကားထဲက အရာအားလုံး လိုက်လျောညီထွေ ဖြစ်နေလို့ပဲ”
လူငယ်တချို့က ပါဝင်ပြောဆိုလာကြသလို တချို့ကလည်း ခေါင်းညိတ်လာကြသည်။
လီကျီးက ပန်းချီကားကို ကြည့်ပြီး ပြုံးလိုက်သည်။
“ပန်းချီကားက စိတ်ကူးယဉ်ပြီး ပုံဖော်ရေးဆွဲထားတဲ့ ပန်းချီကားဆိုပေမဲ့ ဒီလူသားလောကကိုပဲ ပုံဖော်ပြီး ရေးဆွဲထားတယ်။ ကောင်းကင်၊ ရေမြေတောတောင်၊ တိရစ္ဆာန်တွေ ထည့်သွင်းရေးဆွဲထားပေမဲ့ ပန်းချီကားတစ်ခုလုံးမှာ ကျွန်တော်တို့ရဲ့ မျက်စိကို အဆွဲဆောင်ဆုံးနေရာက တောင်ခြေရွာကလေးပဲ။ အတိအကျပြောရရင် တောင်ခြေရွာလေးက လူရိပ်လေးတွေပဲ။ တကယ်လို့ အဲဒီ လူရိပ်လေးတွေကိုသာ ဖယ်လိုက်ရင် ပန်းချီကားက အခုလို ကြည့်ကောင်းနေတော့မှာ မဟုတ်ဘူး”
လီကျီး၏ စကားကို ကြားလျှင် အားလုံးက အလိုလို ခေါင်းညိတ်မိသွားကြသည်။
“ဟုတ်တယ်။ ငါ့မျက်လုံးက အဲဒီ လူရိပ် လူယောင် လူရုပ်လေးတွေဆီပဲ အကြည့်ရောက်နေတယ်။ အဲဒီ လူရုပ်လေးနေရာမှာ နေရာဝင်ယူပြီး ပန်ချီကားထဲက နေရာလေးကို ဝင်ခံစားနေမိတယ်”
“ဟုတ်တယ် ဟုတ်တယ်”
လီကျီးက ပြုံးလိုက်သည်။
“စီးဆင်းနေတဲ့ မြစ်တစ်စင်းဖြစ်စေ၊ လည်နေတဲ့ ရေဝဲတစ်ခုဖြစ်စေ အလယ်ဗဟိုဆိုတာ ရှိတယ်။ အလည်ဗဟိုဆိုတာ ဘာလဲ။ အလယ်ဗဟိုဆိုတာ အလေးနက်ထားရမယ့် နေရာပဲ။ ကောင်းကင်၊ ရေ၊ မြေ၊ တော၊ တောင်၊ တရစ္ဆာန်တွေ ဘယ်လို ထည့်ဆွဲထား ထည့်ဆွဲထား ဒီပန်းချီကားမှာ သိပ်မများတဲ့ လူရိပ်လေးတွေက ပန်းချီကားရဲ့ ဗဟိုမှာ ရှိတယ်။ လူဆိုတာကို ဗဟိုပြုထားတယ်။ ဒါက ကွန်ဖျူးရှပ်ဝါဒအငွေ့သက်တစ်ခုပဲ မဟုတ်ဘူးလား”
လူကို ဗဟိုပြု၍ စဉ်းစားတွေးခေါ်ခြင်း။
ပန်းချီကားက အမှန်ပင် လူရုပ် လူရိပ်လေးများကို ပန်းချီကား၏ ဗဟိုတစ်ဝိုက်တွင် ထည့်သွင်းရေးဆွဲထားသည်။ ထိုလူရုပ် လူရိပ်လေးများကိုသာ ဖယ်လိုက်လျှင် ပန်းချီကားက လိုအပ်လစ်ဟာမှုကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။
“ဟုတ်ဟ။ ရောင်းရင်းလီ ပြောသလို ကြည့်တော့လည်း အဲဒီလို မြင်ရတယ်”
“ဒီပန်းချီကားက တော်တော် အဓိပ္ပါယ်ရှိတာပဲ။ ကြည့်ရတာ ဒီထက်မကတဲ့ အဓိပ္ပါယ်တွေတောင် ရှိနေနိုင်တယ်”
လူငယ်သိုင်းသမားများက ပန်းချီကားကို ပို၍ လေးလေးနက်နက် ကြည့်လာကြသည်။ စဉ်းစားတွေးခေါ်လာကြသည်။
ထိုစဉ် ချီးကုံးယောင်ကလည်း ပြောလာသည်။
“တောင်နဲ့ တောင်ခြေရွာလေးကို ကြည့်ပြီး တွေးမိလာတယ်။ အခုထိ အားလုံးရဲ့ ရှုမြင်သုံးသပ်မှုတွေက ပန်းချီကားရဲ့ အပေါ်ယံအမြင်မှာပဲ ရှိသေးတယ်။ ပန်းချီကားထဲက သဘာဝလောကကို သဘာဝလောကလို့ပဲ ရှုမြင်နေကြသေးတယ်။ ပန်းချီကားထဲက လူကို လူလို့ပဲ ရှုမြင်နေကြသည်။ ခုနက ပြောခဲ့သလိုပဲ တောင်နဲ့ တောင်ခြေရွာလေးကို ကြည့်ပြီး တွေးမိတာက တောင်က ဘာကို ဆိုလိုနေတာလဲ။ တောင်ခြေရွာနဲ့ လူရိပ်လေးတွေက ဘာကို ပြောချင်နေတာလဲ”
ပန်းချီကားထဲမှ ဖေါ်ပြရေးဆွဲချက်များ၏ ဆိုလိုချက်။ တစ်နည်းအားဖြင့် ပန်းချီကားထဲက ပုံရိပ်များကို ကျော်လွန်၍ စဉ်းစားတွေးခေါ်ခြင်း။
ချီးကုံးယောင်၏ စကားကြောင့် အားလုံး၏ အကြည့်က တစ်မျိုးတစ်ဖုံ ဖြစ်သွားပြန်သည်။
ချီးကုံးယောင်က ဆက်ပြောသည်။
“တောင်ခြေရွာက လူတွေဟာ တောင်ကြီးကို အမှီပြုပြီး နေထိုင်ကြတယ်။ ပင်လယ်ကို မှီခိုပြီး နေထိုင်ကြတယ်။ တောင်နဲ့ ပင်လယ်ကို နေရာအများကြီးပေးပြီး ရေးဆွဲထားတယ်။ လူဆိုတာကို အစက်အပြောက်သာသာ အရိပ်ယောင်လောက်ပဲ ရေးဆွဲထားတယ်။ တောတောင်ပင်လယ်ကို အမှီပြုပြီး လူကို ရေးဆွဲထားတယ်။ ဒါက ခိုင်မြဲတည်တံ့အားကောင်းခြင်းဆိုတဲ့ သဘောတရားနဲ့ မခိုမြဲမတည်တံ့အားနည်းခြင်းဆိုတဲ့ တည်ရှိမှုနှစ်ခုကို တစ်ပေါင်းတည်း ရေးဆွဲထားတာ ဘာအဓိပ္ပါယ်လဲ။ လူသားဗဟိုပြုဝါဒဆိုရင် ဘာလို့ လူရိပ်လူရုပ်တွေကို ထင်ထင်ရှားရှား မဖေါ်ပြရတာလဲ။ သဘာဝလောက လိုက်လျောညီထွေ ဖြစ်မှုသဘောကို ပြောချင်ရင် တောတောင်ပင်လယ်ကို နေရာပိုပေးပြီး တောင်ခြေရွာကို ဘာလို့ နေရာပေးထားတာ နည်းနေလဲ။ မျှမျှတတ နေရာပေးထားသင့်တယ် မဟုတ်လား”
“ဒါက…”
အားလုံးလည်း စဉ်းစားကုန်သည်။ ဟုတ်သည်။ လူရိပ်လူရုပ်လေးများက သေးငယ်လွန်းသည်။ လူရိပ်လူရုပ်ဟု သိသာရုံမျှသာ ထည့်ရေးထားသည်။ သို့ဆိုလျှင် လူသားဝါဒကို ဗဟိုပြုနေခြင်း မဟုတ်ပါသလော။ လူရုပ်လူရိပ်နှင့် တောင်ခြေရွာကလေးက အလွန်သေးငယ်သော တည်ရှိမှုကလေးသာ ဖြစ်သည်။ ပန်းချီကားထဲတွင် နေရာအနည်းငယ်ကိုသာ ပေးထားသည်။ ကောင်းကင်နှင့် ရေမြေတောတောင်ကို နေရာအများကြီး ပိုပေးထားသည်။ လိုက်လျောညီထွေ ဖြစ်မှုဟု တစ်ထစ်ချ မရှုမြင်နိုင်တော့ပေ။
ချီးကုံးယောင်က ထပ်ပြောသည်။
“ကျွန်တော် ပြောသလို ပန်းချီကားကို ကျော်လွန်ပြီး စဉ်းစားမယ်ဆိုရင်တော့ ဒီပန်းချီကားက ပိုအဓိပ္ပါယ်ရှိလာလိမ့်မယ်။ လူရိပ်လူရုပ်လေးတွေကို လူရိပ်လူရုပ်လို့လည်း မမြင်ဘဲ၊ လူကို ဗဟိုပြုထားတယ်လို့လည်း မမြင်ဘဲနဲ့ လူသားတွေရဲ့ အစစ်မှန်တည်ရှိမှုလို့ မြင်မယ်ဆိုရင် ဘယ်လို ဖြစ်သွားမလဲ။ ကျွန်တော်တို့ လူသားတွေဆိုတာ ဒီကောင်းကင်နဲ့ မြေပြင်ကြားမှာ တကယ်ကို သေးငယ်မှုန်မွားတဲ့ တည်ရှိမှုပဲ မဟုတ်ဘူးလား။ ကျွန်တော်တို့ဟာ လူပေါင်းများစွာနဲ့ ထိတွေ့ဖူးတယ်။ ပြောဆိုဖူးကြတယ်။ လက်တွဲ အလုပ်လုပ်ဖူးကြတယ်။ တချို့လူတွေကို ကျွန်တော်တို့ စိတ်ထဲမှာ တော်တော် အလေးနက်ထားပြီး နေရာပေးထားတာလည်း ရှိတယ်။ ဒါတောင်မှ အခု တွေးကြည့်ပါ။ ပုံဖော်ကြည့်ပါ။ ခပ်ရေးရေးလေး ပုံပေါ်လာရုံပဲ ရှိတယ်။ အလေးနက်မထားမိတဲ့ လူတွေဆိုရင် ကျွန်တော်တို့ စိတ်ထဲမှာ ခပ်ရေးရေးတောင် ပေါ်မလာဘူး”
ချီးကုံးယောင်၏ စကားကြောင့် အားလုံး အလိုလို ခေါင်းညိတ်မိသွားကြသည်။ သူတို့ကိုယ်သူတို့ထက်ပင် ပို၍ အလေးနက်ထားသော မိဘ၊ ဆရာသမား၊ ညီအစ်ကို မောင်နှမ၊ မိတ်ဆွေများ ရှိကြသည်မှာ မှန်သော်လည်း စိတ်ကူးပုံဖော်ကြည့်သည့်အခါ ခပ်ရေးရေးသာ ပေါ်လာခဲ့သည်။ မြင်ကွင်းများသည်လည်း ခပ်ရေးရေးသာ၊ ပြောခဲ့ကြားခဲ့သော စကားများ အသံများလည်း ခပ်ရေးရေးသာ။
“တခြားလူ တစ်စုံတစ်ယောက်ကို မဆိုထားနဲ့ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်သတိထားကြည့်ပါ။ ကိုယ်ကိုယ်တိုင်တောင်မှ ခပ်ရေးရေးပဲ တည်ရှိတယ်”
တချို့လူငယ်များ မျက်ခုံးတွန့်ကုန်ကြသည်။
မဖြစ်နိုင်တာဟုလည်း တွေးကုန်ကြသည်။ သို့သော်လည်း ပြန်တွေးကြည့်ကြသောအခါ ကိုယ်ကိုယ်တိုင်သည်ပင် ခပ်ရေးရေးသာ ပုံပေါ်နေခဲ့သည်။
“မဖြစ်နိုင်တာ။ ဘာလို့ ငါက အရမ်းဝေဝါးနေတာလဲ”
“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး…”
တချို့လူငယ်များ တုန်လှုပ်သွားကြသည်။
ချီးကုံးယောင်က ပြုံး၍ ဆက်ပြောသည်။
“လူသားဆိုတဲ့ ဖြစ်တည်မှုဟာ တကယ်တော့ ပန်းချီကားထဲက လူရိပ်လူရုပ်လေးတွေလိုပဲ သေးငယ်ဝေဝါးတဲ့ တည်ရှိမှုလေး တစ်ခုပါပဲ။ ပန်းချီကားက အဲဒါကို ပြောပြနေတာပါ”
အားလုံး၏ အကြည့်က ပန်းချီကားပေါ်က လူရိပ်လေးများကို ကြည့်ပြီး သူတို့ကိုယ်သူတို့ သေးငယ်မှုန်ဝါးသွားသလို ခံစားလိုက်ရသည်။ တကယ်ကို သေးငယ်မှုန်ဝါးလွန်းနေခဲ့သည်။
“ကောင်းကင်၊ တောတောင်၊ ပင်လယ်တွေက ကြီးမားတယ်။ ခိုင်တည်တယ်။ ထင်ရှားတယ်။ အဲဒါက ဘာအဓိပ္ပါယ်လဲ။ ပန်းချီကားထဲက မှုန်ဝါးဝါး လူရိပ်တွေက အဲဒီ ကောင်းကင် တောတောင် ပင်လယ်ကို အမှီပြုပြီး ရှိနေကြတယ်။ ကျွန်တော်တို့ လူသားတွေကရော ဘာကို အမှီပြုနေကြရတာလဲ။ ဘယ်အရာရဲ့ အောက်မှာ နေထိုင်နေကြတာလဲ”
အားလုံး စဉ်းစားကုန်ကြသည်။ သို့သော် တိကျသေချာသော အဖြေကို စဉ်းစားမရခဲ့ကြပေ။
“ကျင့်ဝတ်သိက္ခာဆိုတဲ့ စည်းမျဉ်းဥပဒေကို မှီခိုပြီး နေကြတယ်။ စည်းမျဉ်းဥပဒေအောက်မှာ နေထိုင်ကြတယ်။ လူသားထဲမှာ အကြီးမြတ်ဆုံးဆိုတဲ့ ဧကရာဇ်ဆိုရင်တောင်မှ ဧကရာဇ်တစ်ပါး လိုက်နာကျင့်သုံးရတဲ့ စည်းမျဉ်းဥပဒေကို လိုက်နာကျင့်သုံးရတယ်။ ပန်းချီကားထဲမှာကောင်းကင် တောတောင်နဲ့ ပင်လယ်က တောင်ခြေရွာလေးကို လွှမ်းမိုးထားတယ်။ ဒီလိုပဲ ကျွန်တော်တို့ရဲ့ လူသားကမ္ဘာမှာ ကျင့်ဝတ်သိက္ခာနဲ့ စည်းမျဉ်းဥပဒေတွေက လွှမ်းမိုးထားတယ်။ လူသားတွေက သေးငယ်မှုန်ဝါးပေမဲ့ ကောင်းကင်၊ ရေမြေတောတောင်လို အားကြီးခိုင်မာတဲ့ စည်းမျဉ်းဥပဒေအောက်မှာ မှီခိုနေထိုင်ခြင်းဖြင့် လူသားဆိုတာ သေးငယ်ဝေဝါးပေမဲ့ တည်ရှိနေနိုင်တယ်။ ပန်းချီကားထဲက ကောင်းကင် မြေပြင်နဲ့ ရေမြေတောတောင်တွေကို ဖယ်လိုက်မယ်ဆိုရင် လူဆိုတဲ့ အရိပ်လေးက ပိုပြီး မထင်မရှား ဖြစ်သွားလိမ့်မယ်။ လူပါလို့တောင် မြင်ဖို့ ခက်သွားလိမ့်မယ်။ အဲဒီလိုပဲ စည်းမျဉ်းဥပဒေသာ မရှိရင် ကျင့်ဝတ်သိက္ခာသာ မရှိရင် လူကို လူလို့ ခေါ်ဖို့ ခက်သွားလိမ့်မယ်”
ချီးကုံးယောင်က ပြောပြီးနောက် အားလုံးကို အကဲခတ်သလို တစ်ချက်ကြည့်သည်။
“တာအိုဝါဒက သဘာဝနဲ့ သဟဇာတဖြစ်အောင် လိုက်လျောညီထွေဖြစ်အောင် သွန်သင်တာ မမှားပါဘူး။ ကိုယ်တိုင် လူသားဖြစ်နေပြီး လူသားကမ္ဘာမှာ နေထိုင်တဲ့အတွက် လူသားဝါဒကို ဗဟိုပြုတာလည်း မမှားဘူး။ ကျင့်ဝတ်သိက္ခာနဲ့ စည်းမျဉ်းဥပဒေကိုတော့ လေးစားလိုက်နာရမယ်။ ဒါမှ ပြည့်စုံတည်မြဲတဲ့ လူသားအဖြစ် ဖြစ်တည်နိုင်လိမ့်မယ်။ သဘာဝလောကနဲ့လည်း လိုက်လျောညီထွေ ဖြစ်ပြီးသား ဖြစ်လိမ့်မယ်”
ကျင့်ဝတ်သိက္ခာနှင့် စည်းမျဉ်းဥပဒေ။
အားလုံး၏ စိတ်ထဲတွင် ထိုစကားလုံးကို အကြိမ်ကြိမ်အထပ်ထပ် ပြန်ကြားနေကြသည်။ အလေးနက် စဉ်းစားသုံးသပ်နေကြသောကြောင့်ပင်။
တချို့လူငယ်သိုင်းသမားများ ခေါင်းတညိတ်ညိတ် ဖြစ်လာကြသည်။
“တကယ်လေးနက်တယ်။ ဧကရာဇ်ဆိုရင်တောင် ကျင့်ဝတ်သိက္ခာနဲ့ စည်းမျဉ်းဥပဒေကို မှီခိုနေရမယ်။ လေးစားလိုက်နာနေရမယ်။ လူဆိုရင် လူ့ကျင့်ဝတ်သိက္ခာနဲ့ လူ့စည်းမျဉ်းဥပဒေကို လေးစားလိုက်နာရမယ်”
“ဟုတ်တယ်။ ငါတို့က သိုင်းလောကသားတွေ။ ဧကရာဇ်ရဲ့ ဥပဒေတွေကို မလေးစားဘဲ နေတတ်ကြပေမဲ့ သိုင်းလောကရဲ့ စည်းမျဉ်းဥပဒေနဲ့ သိုင်းသမားတစ်ယောက်ရဲ့ ကျင့်ဝတ်သိက္ခာကိုတော့ လေးစားလိုက်နာကြတုန်းပဲ”
“သိုင်းလောကရဲ့ ရှေးစကားတစ်ခွန်းကို ရုတ်တရက် သတိရသွားတယ်။ ‘ဓားသမားမှာ ဓားလမ်းစဉ်ရှိတယ်၊ လက်သီးသမားမှာ လက်သီးလမ်းစဉ် ရှိတယ်’တဲ့။ အဲဒါက တကယ့်အထွတ်အထိပ် သိုင်းပညာမှာတောင် လိုက်နာရတဲ့ လမ်းစဉ်ဆိုတာ ရှိနေတယ်။ အဲဒီ လမ်းစဉ်ဆိုတာ စကားလုံးအရသာ ကွဲပြားနေပေမဲ့ ကျင့်ဝတ်သိက္ခာပဲ မဟုတ်ဘူးလား။ စည်းမျဉ်းစည်းကမ်းပဲ မဟုတ်ဘူးလား”
အားလုံး ခေါင်းညိတ်မိသွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့ကိုယ်သူတို့ လမ်းမှန်သိုင်းလောကသားများဟူသော အသိနှင့် တည်ရှိမှုက အားကောင်းလာခဲ့သည်။ လူဟူသော တည်ရှိမှုသက်သက်က ဝေဝါးနေသော်လည်း စည်းမျဉ်းဥပဒေနှင့် ကျင့်ဝတ်သိက္ခာကို ထည့်တွက်လိုက်သောအခါ လူသား၏ တည်ရှိမှုက အားကောင်းလာခဲ့သည်။ ထိုအားကောင်းမှုကို ကိုယ်တိုင် ထင်ထင်ရှားရှား ခံစားမိနေခဲ့သည်။
“ပြောသွားတာ အရမ်းကောင်းပါတယ် ရောင်းရင်းချီး။ လေးစားပါတယ်။ ရောင်းရင်းချီးရဲ့ အတွေးအမြင်တွေက တကယ်ပဲ လေးနက်ပါတယ်”
“ဟုတ်တယ်။ ခုနတုန်းကလည်း ဘဝတွေအကြောင်းကို ပြောပြသွားတာ တကယ်ရှင်းလင်းတယ်။ ငါက ဗုဒ္ဓဝါဒကို လက်ခံယုံကြည်သူ မဟုတ်သလို ဗုဒ္ဓဝါဒနဲ့လည်း မနီးစပ်ဘူး။ ဒါပေမဲ့ ရောင်းရင်းချီး ပြောတာကိုတော့ တကယ်နားလည်ခဲ့တယ်”
လူငယ်များက ချီးကုံးယောင်ကို တလေးတစား ပြောဆိုနေကြသည်။
ချီးကုံးယောင်က ပြုံးလိုက်ပြီး အသာခေါင်းခါသည်။
“ဒါက ကျွန်တော့်ရဲ့ အတွေးအမြင်တွေ မဟုတ်ပါဘူး။ ဗုဒ္ဓဝါဒရဲ့ သွန်သင်မှုတွေကို လေ့လာသင်ယူပြီး သိလာခဲ့တာတွေပါ။ ဒါကြောင့် ဒါတွေက ဗုဒ္ဓဝါဒရဲ့ သွန်သင်မှုတွေပါ။ ဗုဒ္ဓဝါဒမှာ ကျင့်ဝတ်သိက္ခာနဲ့ စည်းမျဉ်းဥပဒေကို လူသားတွေရဲ့ အခြေခံအဖြစ် အရေးတကြီး ထည့်သွင်းသွန်သင်ထားပါတယ်။ လိုက်နာကျင့်သုံးဖို့ ခက်ခဲပေမဲ့ မျက်ကွယ်ပြုလို့ မရသလို လေ့လာသင်ယူဖို့လည်း ကောင်းလှပါတယ်”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ ဧကရာဇ်ဖြစ်စေ သာမန်လူဖြစ်စေ သိုင်းလောကသားဖြစ်စေ ကျင့်ဝတ်သိက္ခာနှင့် စည်းမျဉ်းဥပဒေကို အဘယ်မှာ အပြည့်အစုံ လိုက်နာကျင့်သုံးနိုင်ပါမည်နည်း။ ဧကရာဇ်ကိုယ်၌လည်း ကျင့်ဝတ်ချိုးဖောက်တတ်သေးသလို လမ်းမှန်သိုင်းလောကသားများသည်လမ်း သိုင်းလောကစည်းမျဉ်းကို ချိုးဖောက်တတ်ကြသည်သာ။
သို့သော်လည်း ဧကရာဇ်သည် ဧကရာဇ်တစ်ပါး လိုက်နာရမည့် ကျင့်ဝတ်သိက္ခာနှင့် စည်းမျဉ်းဥပဒေကိုတော့ မျက်ကွယ်ပြုထား၍ မရပေ။ လေ့လာသင်ယူထားရမည်သာ။
သိုင်းလောကသားသည်လည်း သိုင်းသမားတစ်ယောက်၏ ကျင့်ဝတ်သိက္ခာနှင့် သိုင်းလောကစည်းမျဉ်းဥပဒေကို မျက်ကွယ်ပြုထား၍ မရပေ။ လေ့လာသင်ယူရမည်သာ။
လမ်းလွဲသိုင်းလောကသားဖြစ်နေလျှင်ပင် လမ်းလွဲသိုင်းလောက၏ စည်းမျဉ်းကို လိုက်နာရသည် မဟုတ်ပါလား။
“ကျေးဇူးတင်ပါတယ် ရောင်းရင်းချီး။ ကျွန်တော်တို့ မနီးစပ်တဲ့ ဗုဒ္ဓဝါဒသွန်သင်မှုတွေကို အခုလို ကြားနာမှတ်သားခွင့် ရလိုက်ပါတယ်”
“ဟုတ်တယ်။ ရောင်းရင်းချီးဆီက အများကြီး သင်ယူလိုက်ရပါတယ်”
ဝမ်လူငယ်က သူ့ပန်းချီကားကို အားလုံးက စိတ်အားထက်သန်စွာ ပါဝင်ဆွေးနွေးကြသည့်အပေါ် အလွန်ကျေနပ်နေခဲ့သည်။
“အားလုံး အခုလို ရှုဒေါင့်အသီးသီးကနေ ပါဝင်ဆွေးနွေးပြီး အသိမြင်တွေ ဖလှယ်ပေးကြတာကို အလွန်ပဲ ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော့်ရဲ့ သုံးသပ်ချက်လေးကို ပြောပါရစေ”
ဝမ်လူငယ်က ပြောလာသဖြင့် အားလုံးက ဝမ်လူငယ်ကို အာရုံစိုက်လာကြသည်။ ဝမ်လူငယ်က ပန်းချီကားပိုင်ရှင် မဟုတ်ပါလား။ သူ့ထံတွင် တစ်မျိုးတစ်ဖုံသော အသိမြင်တစ်ခု ရှိနေနိုင်သည်ပင်။
ဝမ်လူငယ်က ပန်းချီကားပေါ်က ကောင်းကင်ကို လက်ဖြင့် ညွှန်ပြပြီး ပြောသည်။
“အားလုံးက ဒါကို ကောင်းကင်လို့ မြင်ကြတယ်။ ဒါကိုတော့ ပင်လယ်လို့ မြင်ကြတယ်။ ဘယ်သူမှ သတိမထားမိကြတာလေးကို ကျွန်တော် ပြောပါ့မယ်။ ကောင်းကင်လို့ ကျွန်တော်တို့ မြင်နေတဲ့ ဒီနေရာမှာရော ပင်လယ်လို့ မြင်နေတဲ့ ဒီနေရာမှာရော ကောင်းကင်ဆိုတာကို ပုံဖော်ဖို့ စုတ်ချက်ကလေးတစ်ချက်တောင် မရေးထားတာကို သတိထားမိကြလား။ ပင်လယ်ဆိုတာကို ပုံဖော်ဖို့ စုတ်ချက်တစ်ချက်တောင် မရေးထားတာ မြင်ကြလား။ ကောင်းကင်ဆိုတဲ့ နေရာဟာ နေရာအလွတ်ချန်ထားတဲ့ စက္ကူအဖြူသက်သက် ဖြစ်နေတယ်။ ပင်လယ်ဆိုတဲ့ နေရာမှာလည်း စာရွက်အဖြူသက်သက်ပဲ ဖြစ်နေတယ်။ စုတ်ချက်တစ်ချက်ဝောာင် မရေးထားဘူး”
အားလုံးလည်း ပန်းချီကားကို ပြူးပြဲကြည့်မိကုန်သည်။
ဟုတ်သည်။ ကောင်းကင်နှင့် ပင်လယ်ဟူသော နေရာကျယ်တွင် မည်သည့်စုတ်ချက်မှ မရှိဘဲ အလွတ်ဖြစ်နေသည်။ စက္ကူဖြူသက်သက်သာ ဖြစ်နေသည်။ သို့တိုင် အားလုံး၏ အမြင်တွင် ကောင်းကင်နှင့် ပင်လယ်ဟုသာ မြင်နေကြသည်။
“တကယ်ကို မျက်စိကို လှည့်စားထားတာပဲ။ စုတ်ချက်တစ်ချက်တောင် မရေးဆွဲထားပေမဲ့ ကောင်းကင်နဲ့ ပင်လယ်ရေပြင်လို့ မြင်နေမိတယ်”
“ဟားဟား…၊ တကယ်လှည့်စားထားနိုင်တယ်”
“တိမ်စိုင်လေးနဲ့ ငှက်ကလေးတွေ ရေးဆွဲထားရုံနဲ့ ကောင်းကင်လို့ မြင်သွားစေတယ်။ လှေကလေးကို ရေးဆွဲထားရုံနဲ့ ပင်လယ်ရေပြင်ကြီးလို့ မြင်သွားစေတယ်။ တကယ်ကို လေးနက်တဲ့ ရေးဆွဲမှုပါပဲ။ စုတ်ချက်လေး တစ်ခုနှစ်ခုနဲ့ အတွေးအမြင်တွေကို ဆွဲခေါ်သွားခဲ့တယ်”
အမှန်ပင်။ တိမ်စိုင်တိမ်မျှင်ကလေး အနည်းငယ်နှင့် ငှက်ကလေးတချို့ကိုသာ စုတ်ချက်ဖော်ထားသည်။ လှေကလေးကိုသာ စုတ်ချက်ဖော်ထားသည်။ ထိုစုတ်ချက်မျှဖြင့် လူတိုင်း၏ အတွေးအမြင်ကို ကောင်းကင်နှင့် ပင်လယ်ရေပြင်ဟု မြင်သွားစေခဲ့သည်။
“အတွေးအမြင်ကို လှည့်စားမှုလို့ ခေါ်နိုင်တယ်။ ကျွန်တော်တို့က တိမ်တိုက်နဲ့ ငှက်တွေဆိုတာ ကောင်းကင်မှာ လွင့်မျောပျံသန်းတယ်လို့ သိထားတယ်။ ကျယ်ပြောတဲ့ နေရာကြီးမှာ လှေငယ်လေးရှိနေတာက ပင်လယ်ပြင်ကျယ်ထဲက လှေငယ်လေးလို့ တွေးမြင်ပြီးသား ဖြစ်နေတယ်။ ဆူးစူးလာတယ်လို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ အကြည့်က ခြေထောက်ကို ရောက်သွားလိမ့်မယ်။ ရေထဲမှာ လူတစ်ယောင် ယက်ကန်ယကန်ဖြစ်နေတာမြင်ရင် ရေနစ်နေတာလို့ တစ်ခါတည်း တွေးမိလိမ့်မယ်။ ကြောင်ရုပ်ဆိုရင်တောင် ကြွက်ကို ခြောက်လို့ရတယ်ဆိုတဲ့ စကားကလည်း ဒီအဓိပ္ပါယ်ပါပဲ။ ကျွန်တော်တို့ နားလည်လက်ခံထားတဲ့ အတိုင်း လက်ခံနားလည်လိုက်တတ်ကြတဲ့ ကျွန်တော်တို့ရဲ့ စိတ်ကို လှည့်စားထားတဲ့ စုတ်ချက်လေးပါပဲ”
အားလုံးလည်း ပြုံးစိစိနှင့် ခေါင်းညိတ်မိကြသည်။
“ဒီတော့ ဒီပန်းချီကားကို ခုနက သိုင်းရောင်းရင်းတွေ ရှုမြင်သုံးသပ်ပေးသွားကြတာ အလွန်ကောင်းပါတယ်။ ကျွန်တော်အနေနဲ့ လူတိုင်း သတိမထားလိုက်မိကြတဲ့ ဒီအချက်လေးကိုပဲ ဖြည့်ပြောချင်ပါတယ်။ အမြင်လှည့်စားမှုနဲ့ ပုံသေရှုမြင်စဉ်းစားမှုဆိုတာကိုလည်း ဒီပန်းချီကားက ပြောပြနေပါတယ်လို့”
“ကောင်းတယ်။ တကယ်ကောင်းတယ်”
“ဟားဟား…၊ တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။ ငါ လုံးဝ အလှည့်စားခံလိုက်ရတာပဲ”
“ဟားဟား…။ ဒါကို ဘယ်သူမှ မမြင်လိုက်တာကို ပိုအံ့ဩမိတယ်။ ဒီလောကကြီးမှာလည်း ဘယ်သူမှ မသိနိုင်တဲ့ မျက်စိရှေ့မှာ မြင်နေရတာကိုတောင် မမြင်နိုင်တဲ့ လှည့်စားမှုတွေ ရှိနေမလားပဲ”
“မြစ်ကမ်းခြေမှာ ရပ်နေပေမဲ့ မြစ်ကို မမြင်ဘူးဆိုတာလိုပါပဲလား”
အားလုံး ခေါင်းညိတ်လိုက်ကြသည်။
ထိုအချိန်တွင် ရှောင်လုံတစ်ယောက်ကတော့ ပန်းချီကားကို စူးစိုက်ကြည့်နေခဲ့သည်။
အဖြူအမည်း ပန်းချီကား။ အဖြူရောင် စက္ကူသားနဲ့ အနက်ရောင် စုတ်ချက်များ၏ အဆက်အစပ်ကြားက ပါးလွှာသေးငယ်သော မျဉ်းကြောင်းကလေး။ ရေးဆွဲထားသော မျဉ်းမဟုတ်။ အဖြူနှင့်အနက် ဆက်စပ်မှုမှ ဖြစ်တည်လာသော အဆက်စပ်မျဉ်းကလေးသာ ဖြစ်သည်။ ပါးလျလွန်းသည်။ သို့သော် တိကျပြတ်သားစွာ ထင်ရှားတည်ရှိနေခဲ့သည်။
‘ပန်းချီကားထဲက စုတ်ချက်တစ်ခုတိုင်းမှာ အဲဒီ အဆက်စပ်မျဉ်းလေးက ရှိနေခဲ့တာပဲ’
မည်သူမှ မမြင်ကြ မပြောကြသော အဖြူရောင်နှင့် အနက်ရောင်ကြားက အဆက်အစပ်နေရာလေးကို ရှောင်လုံတစ်ယောက် စူးစိုက်ကြည့်ရင်း အတွေးနက်နေခဲ့လေ၏။
အခန်း(၃၂၈)ပြီး
***