ဝမ်လူငယ်က သူ့ပန်းချီကားကို ပြန်သိမ်းလိုက်သည်။
ထိုအခါ ရှောင်လုံလည်း သူ့အကြည့်နှင့် သူ့အတွေးများကို ရုပ်သိမ်းလိုက်ရတော့သည်။
ဝမ်လူငယ်က ယခုအချိန်ထိ လှုပ်ရှားခြင်း စကားပြောခြင်း မရှိသော ဝါးဦးထုပ်နှင့် မျက်နှာဇာပဝါ ချထားသော ကုချင်းတီးခတ်သူကို လှမ်းကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“အားလုံးပဲ…၊ ဒီတစ်ခါမှာတော့ သိုင်းလောကမှာ တွေ့ရခဲတဲ့ ရှားရှားပါးပါး ဂီတသံစဉ်သိုင်းပညာရှင်တစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ”
ကုချင်းရှင်က ရှေ့သို့ ထွက်လာသည်။
ထိုလူမှာ အဖြူရောင် ဝတ်စုံဖားဖားကြီးကို ဝတ်ဆင်ထားပြီး မျက်နှာကို ဝါးဦးထုပ်နှင့် မျက်နှာဇာပဝါဖြင့် ဖုံးကွယ်ထားသောကြောင့် မည်သူမည်ဝါမှန်း မသိကြပေ။ သို့သော် ယောကျ်ားလား မိန်းမလားဟူသည်ကိုတော့ ခန့်မှန်းနိုင်ကြသည်။
မိန်းကလေးတစ်ယောက်။ ဟုတ်သည်။ ထိုကုချင်းရှင်က မည်သို့ပင် ဝတ်စုံဖားဖားကြီးကို ဝတ်၍ မျက်နှာကို ဖုံးကွယ်ထားသော်လည်း မိန်းကလေးတစ်ယောက် ဖြစ်မှန်းကိုတော့ ကုချင်းကို ပိုက်ထားသော ပျော့ပျောင်းရှည်သွယ်သော လက်နှစ်ဖက်က ဖော်ပြနေသည်။
သို့သော်လည်း ဤနေရာသို့ ရောက်နေကြသော လူငယ်သိုင်းသမားများက ထိုကုချင်းရှင်ကို ယောကျ်ားလော မိန်းမလောဟု စိတ်မဝင်စားကြပေ။ သူတို့ စိတ်ဝင်စားသည်က ဂီတသံစဉ်သိုင်းပညာရှင်ဟူသည်ကိုသာ ဖြစ်သည်။
ဂီတသံစဉ်သိုင်း။
ဤနေရာရှိ လူငယ်သိုင်းသမားတိုင်းသည်ပင် ထိုစကားလုံးနှင့် မရင်းနှီးကြပေ။
ဝမ်လူငယ်က ထပ်ပြောသည်။
“ခုနက ကမ်းပေါ်မှာ ဒီရောင်းရင်းရဲ့ ကုချင်းသံစဉ်ကို နည်းနည်း မြည်းစမ်းခဲ့ရသူတွေ ရှိမှာပါ။ အဲဒါဆိုရင် ဂီတသံစဉ်သိုင်းဆိုတာကို နည်းနည်းတော့ ခံစားမိမယ်ထင်ပါတယ်”
ဝမ်ယောက်ရှီးက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ သူက ဂီတအနုပညာနှင့် ဂီတသံစဉ်သိုင်းကို ကောင်းစွာခွဲခြားသိနိုင်သူဖြစ်သည်။ ထို့ကြောင့်လည်း အတွင်းသိုင်းလောကတွင်ပင် တွေ့ရခဲသော ထိုဂီတသံစဉ်သိုင်းကို တတ်မြောက်နေသူ ကုချင်းရှင်ကို စိတ်ဝင်စားနေခဲ့ခြင်း ဖြစ်သည်။
ရှောင်လုံနှင့် နှင်းပန်းတို့ကတော့ စောင့်ကြည့်၍သာ နေလိုက်ကြသည်။
ဝမ်သခင်လေးက စကားဆက်ပြောသည်။
“ဂီတသံစဉ်ဆိုတာ ငြိမ့်ညောင်းသာယာတယ်။ သို့မဟုတ် မငြိမ်းညောင်းမသာယာတာလည်း ဖြစ်နိုင်တယ်။ ငြိမ့်ညောင်းသာယာတဲ့ ဂီတသံစဉ်က ကြားရသူရဲ့ စိတ်ကို နူးညံ့စေနိုင်တယ်။ မသာယာတဲ့ ဂီတသံစဉ်က စိတ်ကို ကသိကအောင့် ဖြစ်စေနိုင်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အသံလှိုင်းနဲ့ သံစဉ်ဟာ လူစိတ်ကို သက်ရောက်စေနိုင်စွမ်းရှိတယ်ဆိုတာ အလွန်သိသာနေပါတယ်”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
ချီးကုံးယောင်က ဝင်ပြောသည်။
“ဟုတ်တယ်…၊ သာယာတဲ့ အသံက စိတ်ကို နူးညံ့စေတယ်။ မသာယာတဲ့ အသံက တော်တော် နားခံရခက်တယ်။ အမေက အဖေ့ကို ‘ယောကျ်ား…’လို့ ညင်ညင်သာသာ ခေါ်လိုက်ရင် အဖေ့မျက်နှာက အလိုလို ကြည်နူးချမ်းမြေ့သွားတယ်။ အမေက ‘ဟိုလူကြီး!!…’လို့ ခပ်ကြမ်းကြမ်းခေါ်လိုက်ရင် အဖေက တုန်သွားတာပဲ။ ဟားဟား…”
“ဟားဟား…”
အားလုံး ရယ်မိကြသည်။
ယွဲ့လူငယ်က ချီးကုံးယောင်ကို ကြည့်ပြီး ပြုံး၍ ခေါင်းခါနေခဲ့သည်။
‘ဒီရောင်းရင်းချီးက လူတွေ ပြောကြသလိုပဲ ခေါင်းပဲ ပြောင်တာမဟုတ်ဘူး မျက်နှာလည်း ပြောင်တတ်တာပါလား’
ရှောင်လုံမှာလည်း ဘာကြောင့်မှန်းမသိဘဲ သူ့မမကို ပြုံးဖြီးဖြီးနှင့် ကြည့်လိုက်မိသည်။
နှင်းပန်းက မျက်လုံးလေး ဒေါင့်ကပ်ကာ ပြန်ကြည့်လိုက်သောအခါ ရှောင်လုံမှာ ခေါင်းပုသွားပြီး မျက်နှာပေါ်က ပြုံးဖြီးဖြီးအမူရာလည်း တစ်ခါတည်း ပျောက်သွားတော့သည်။
ဝမ်လူငယ်ကလည်း ရယ်ရင်း သူ့စကားကို ဆက်ပြောသည်။
“ဟားဟား…၊ ရောင်းရင်းချီးက တကယ် စနှောက်တတ်ပုံရတယ်။ ဟုတ်ကဲ့…၊ တကယ်လို့ အသံလှိုင်းနဲ့ သံစဉ်ကိုသာ ဆယ်ဆ အဆတစ်ရာ ပိုအားကောင်းအောင် ဖန်တီးနိုင်မယ်ဆိုရင် လူစိတ်ကို သက်ရောက်မှုကလည်း ပိုပြင်းထန်လာနိုင်တယ်။ ဒါက ဂီတသံစဉ်သိုင်းရဲ့ အခြေခံသဘောတရားပါပဲ။ တကယ့် စစ်မှန်တဲ့ ဂီတသံစဉ်သိုင်းက စိတ်ပိုင်းဆိုင်ရာကိုသာမက ရုပ်ပိုင်းဆိုင်ရာကိုပါ သက်ရောက်စေနိုင်တယ်လို့ ပြောချင်တာပါ”
အားလုံးက ခေါင်းညိတ်၍ စိတ်ဝင်တစား နားထောင်နေကြသည်။
“ဥပမာပြောရရင် မိုးကြိုးပစ်သံကို ကြားတဲ့အခါ တစ်ကိုယ်လုံး တုန်သွားတယ် မဟုတ်လား။ သစ်သားချင်း သတ္တုချင်း တကျီကျီ ပွတ်တိုက်နေတဲ့ အသံစူးစူးကို ကြားရင် ကြက်သီးတွေ ထလာတတ်တယ် မဟုတ်လား။ ကျွန်တော်တို့ အတွင်းအားလေ့ကျင့်နေချိန် စိတ်တည်ငြိမ်ပြီး အတွင်းအားစီးဆင်းလည်ပတ်မှုတွေ ညင်သာသိမ်မွေ့နေချိန်မှာ အသံတစ်ခုခုကြောင့် အနှောက်ယှက် ကြုံရင် ဘယ်လောက်ထိ သက်ရောက်မှုကြီးပြီး ထိခိုက်စေနိုင်လဲဆိုတာ အားလုံး သိကြပြီးသားပါ။ ဒါကြောင့် အသံလှိုင်းနဲ့ သံစဉ်ဆိုတာ စိတ်ကိုသာမကဘဲ ရုပ်ကိုပါ သက်ရောက်နိုင်စွမ်းရှိပါတယ်။ ဒီတော့ ဂီတသံစဉ်သိုင်းဆိုတာလည်း စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ သက်ရောက်စေနိုင်တဲ့ ထိခိုက်စေနိုင်တဲ့ သိုင်းပညာရပ်တစ်ခုပါ။ သိမ်မွေ့ဆန်းကြယ်သလို တွေ့ရကြုံရဖို့လည်း ခက်ခဲပါတယ်။ အခု အဲဒါကို ကျွန်တော်တို့အားလုံး အတွေ့ကြုံယူကြည့်ကြရအောင်ပါ”
ထိုအခါ အားလုံး၏ အကြည့်က ကုချင်းရှင်သို့ ရောက်သွားသည်။
ကုချင်းရှင်က ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ချလိုက်ပြီး ကုချင်းကို ပေါင်ပေါ်တွင် တင်ထားလိုက်သည်။ မတီးခတ်သေးဘဲ ကုချင်းကြိုးများပေါ်တွင် လက်နှစ်ဖက်ကို အသာအယာ တင်ထားသည်။
ဝမ်လူငယ်က အားလုံးကို ကြည့်ပြီး ထပ်ပြောသည်။
“အခုက ကမ်းပေါ်မှာတုန်းကလို ဂီတသံစဉ်သိုင်းကို ဘယ်လောက်အထိ ခုခံချေဖျက်နိုင်မလဲဆိုတာကို မစမ်းသပ်ဘဲနဲ့ ဘယ်လောက်အထိ လိုက်ပါစီးမျောပြီး ခံစားနိုင်မလဲဆိုတာ စမ်းသပ်မှာပါ။ အခုလို တွေ့ဆုံမှုကနေ သိုင်းရောင်းရင်းတို့ကို တစ်ခုခု ရရှိသွားစေချင်ပါတယ်။ ဒါကြောင့် အလေးနက်ထားပြီး နားထောင်ပေးကြပါ”
ဝမ်လူငယ်က ပြောပြီးသည်နှင့် မျက်လုံးများကို မှိတ်ကာ ငြိမ်သက်စွာ နေလိုက်သည်။
ထိုအခါ တခြားလူငယ်သိုင်းသမားများလည်း မျက်လုံးမှိတ်ထားလိုက်ကြပြီး ငြိမ်သက်နေလိုက်ကြသည်။
ရှောင်လုံက နှင်းပန်းနှင့် နာရာကီလေယာကို အသာခေါင်းညိတ်ပြ၍ မျက်လုံးမှိတ်လိုက်သည်။ ရှောင်လုံမှာ ကမ်းပေါ်မှာတုန်းက ကုချင်းသံကြောင့် တခြားသူများလို မနစ်မျော မခံစားခဲ့မိဘဲ ဓားကျင့်စဉ်ထဲ အလိုလျောက် နစ်မျောသွားပြီး ကုချင်းသံကို ခုခံချေဖျက်ထားခဲ့မိသည်။ အခုက ခုခံချေဖျက်ရန် မလိုဟု ဆိုသဖြင့် စိတ်ဝင်စားနေမိသည်။
ထိုစဉ်…
“ဒင်…ဒေါင်…တီ…”
ငြိမ့်ညောင်းသာယာသော ကုချင်းသံက ခပ်တိုးတိုး ထွက်ပေါ်လာသည်။
အလွန်သာယာငြိမ့်ညောင်းသည်။ ကောင်းကင်ထက်၌ သာနေသော ဆယ်ရက်ည၏ လရောင်မှိန်ပြပြနှင့်လည်းကောင်း၊ ရှီရေကန်ထဲ ဖြတ်သန်းတိုက်ခတ်နေသော ဆောင်းဦးညလေအေးနှင့်လည်းကောင်း၊ ရေပြင်ပေါ်က တလှုပ်လှုပ် တဖျတ်ဖျတ် လှုပ်ခတ်နေသော လှိုင်းကလေးများနှင့်လည်းကောင်း၊ ရေလည်ကျွန်းကို လာရောက်ပုတ်ခတ်နေသော လှိုင်းပုတ်သံများနှင့်လည်းကောင်း၊ လေအဝှေ့တွက် လှုပ်ခတ်သွားသော သစ်ရွက်လှုပ်သံနှင့်လည်းကောင်း လိုက်လျောညီထွေ ဖြစ်နေခဲ့သည်။ သာယာသည်ဟု ဆိုရမည်ထက် ပတ်ဝန်းကျင်နှင့် ရောထွေးပေါင်းစပ်ပြီး စီးဆင်းနေခဲ့သည်ဟု ဆိုရပေမည်။
လူငယ်အားလုံး၏ အသက်ရှူသံများကလည်း ကုချင်းသံနှင့်အတူ ညင်သာသွားကြသည်။ တိုင်ပင်ထားကြခြင်း ညှိနှိုင်းထားကြခြင်း မရှိဘဲ ဝင်သက်ထွက်သက်ကို ပြိုင်တူ ရှူရှိုက်နေမိကြသည်။ အားလုံးက ဂီတသံစဉ်၏ ခေါ်ဆောင်ရာနောက်သို့ စီးမျောလိုက်ပါမိနေကြပြီ ဖြစ်သည်။
“…~¶~•~π~√~•…”
ကုချင်းသံက ပို၍ နူးညံ့သိမ်မွေ့သွားသည်။ ကုချင်းသံကို တိုးတိုးသဲ့သဲ့သာ ကြားရတော့သည်။ ထိုအစား လှိုင်းသံ၊ လေသံ၊ သစ်ရွက်လှုပ်သံများကို ပိုကြားလာရသည်။
ထိုအခါ အားလုံး၏ စိတ်က ရှီရေကန် ရေလယ်ကျွန်းပေါ်တွင် ရောက်နေသည်ဟု မခံစားမိတော့ဘဲ ရေပြင်ကျယ်ကြီးတစ်ခုအလယ်က ကျွန်းတစ်ကျွန်းပေါ်တွင် ရောက်နေသည်ဟု ခံစားမိလာကြသည်။ တသုန်သုန်တိုက်ခတ်နေသော လေပြေကလည်း အနည်းငယ် အားပြင်းလာသည်ဟု ခံစားမိလာကြသည်။ လှိုင်းလုံးများကို မြင်ယောင်လာကြသည်။ ကျွန်းကို လာရိုက်ပုတ်နေသော လှိုင်းပုတ်သံများကို ကြားယောင်လာရသည်။ လှိုင်းပုတ်လိုက်တိုင်း ရေများ လွင့်စင်ဖွာကျဲသွားသည်ကိုပင် မြင်ယောင်လာကြသည်။
ရေပြင်၊ ရေလှိုင်းများကြား လေတဟူးဟူး တိုက်ခတ်နေသော ကျွန်းပေါ်တွင် တစ်ယောက်တည်း မားမားမတ်မတ် ရပ်နေသည်ဟူသော ခံစားချက်နှင့်အတူအတူ လူငယ်အားလုံး ငြိမ်သက်နေကြသည်။
ကုချင်းသံစဉ်က ပြောင်းလဲလာသည်။ လှိုင်းပုတ်သံများ လေတိုက်သံများထဲတွင် အော်ဟစ်မာန်သွင်းသံများ ရောပါလာသည်။
ရေပြင်ကို ဖြတ်ကျော်၍ ကျွန်းပေါ်သို့ တက်လာနေကြသော ရန်သူများဟူသော ခံစားချက်နှင့်အတူ ကျွန်းပတ်လည်မှ ချဉ်းကပ်လာသော ရန်သူများကို မြင်ယောင်လာကြသည်။ ကျွန်းပေါ်သို့ မာန်သွင်း၍ တက်လာကြသော ရန်သူများကို မြင်ယောင်လာကြသည်။
ရာထောင်ချီသော ရန်သူများ။ ရေပြင်ကို ဖြတ်၍ ကျွန်းပေါ်သို့ အလုံးအရင်းနှင့် တက်လာနေကြသည်။ ကျွန်းပေါ်တွင် တစ်ယောက်တည်း မားမားမတ်မတ် ရပ်နေသူထံသို့ ဦးတည်လာနေကြသည်။
ထိုအခြေနေသို့ ရောက်သည်နှင့် တချို့လူငယ်သိုင်းသမားများမှာ ကုချင်းသံစဉ်တွင် စီးမျောရင်း မျက်ခုံးများ တွန့်လာကြသည်။ တချို့လူငယ်များမှာ မငြိမ်မသက် ဖြစ်လာကြသည်။ သူတို့၏ မျက်နှာပေါ်တွင် စိုးရွံသည့် အရိပ်များ ထင်ဟပ်လာသည်။ ထိတ်လန့်ကြောက်ရွံ့ခြင်းကို စတင် ခံစားမိလာကြသည်။
ကုချင်းသံစဉ်က ကုချင်းသံစဉ် မဟုတ်နေတော့ပေ။ ရန်သူ ရာထောင်ချီ၍ အော်ဟစ်ကြုံးဝါးရင်း တစ်ယောက်တည်းသော ကျွန်းပေါ်မှ လူထံသို့ တစ်ဟုန်ထိုး ပြေးတက်လာကြသံလို ဖြစ်သွားသည်။ ခက်ထန်ကြမ်းတမ်းလာသည်။ သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခု၏ အော်သံလို ဖြစ်လာသည်။
“…! …!! ……!!!”
တစ်ရာနှင့် တစ်ယောက်။ တစ်ထောင်နှင့် တစ်ယောက်။ သေခြင်းနှင့် ရှင်ခြင်းကြားက တိုက်ပွဲအော်သံ။
တချို့လူငယ်သိုင်းသမားများ တည်ငြိမ်အောင် မနေနိုင်ကြတော့ဘဲ စတင်တုန်ခါလာသည်။ မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များ ထွက်လာသည်။
ရာထောင်ချီသော ရန်သူတို့သည် ကမ်းစပ်မှသည် ကျွန်းပေါ်သို့ အော်ဟစ်ပြေးတက်လာကြပြီး ကျွန်းပေါ်မှ လူအနားသို့ ရောက်လာကြသည်။ ရန်သူရာထောင်တို့က ပြိုင်တူအော်ဟစ်၍ လက်နက်များကို ဆွဲထုတ်ကာ ကိုင်မြှောက်လိုက်ကြသည်။
“…!….!!……!!!”
“အား…”
“အီး…”
လူငယ်သိုင်းသမားတချို့ ညီးညူရင်း အထိတ်တလန့်နှင့် မျက်လုံးပွင့်လာကြသည်။ သူတို့တစ်ကိုယ်လုံး လက်ဖျားခြေဖျားများ အေးစက်ကာ ရင်ထဲ တလှပ်လှပ် ဖြစ်နေကြသည်။ ဇောချွေးများလည်း ပြန်နေကြသည်။
“ဒါက…”
သူတို့၏ ကြောက်ရွံ့တုန်လှုပ်မှုကို ပြောဆို ရေရွတ်လိုက်ချင်သော်လည်း တခြားလူငယ်သိုင်းသမားများက မျက်လုံးမှိတ်၍ ကုချင်းသံနောက်သို့ လိုက်ပါနေကြသည်ကို ကြည့်ပြီး စကားမဆိုမိကြဘဲ နှုတ်ဆိတ်နေလိုက်ကြသည်။ ထိုအစား သူတို့က ထိတ်လန့်တုန်လှုပ်နေသော စိတ်ကို တည်ငြိမ်အောင် ဖြေလျှော့ရင်း တခြားလူငယ်များ၏ မျက်နှာကို လိုက်ကြည့်နေမိကြသည်။
ဝမ်လူငယ်၏ မျက်နှာက တည်ငြိမ်နေ၏။ မည်သည့် ခံစားချက်မှ မရှိသလိုမျိုး တည်ငြိမ်နေခဲ့သည်။ ကုချင်းသံက သူ့ကို မည်သို့မှ မသက်ရောက်စေနိုင်သလိုပင်။
ချီးကုံးယောင်နှင့် ယွဲ့လူငယ်တို့၏ မျက်နှာက မထီမဲ့မြင်နိုင်သော အပြုံးတစ်ခု ရှိနေသည်။ ရန်သူ ရာချီဖြစ်စေ ထောင်ချီဖြစ်စေ သူတို့က မကြောက်ရွံ့မတုန်လှုပ်သလိုပင်။ တိုက်ပွဲကို ခုံမင်၍ ပျော်ရွှင်နေကြသလိုပင်။
သူတောင်းစားဂိုဏ်းသားနှစ်ယောက်၏ မျက်နှာမှာတော့ ခက်ထန်ကြမ်းကြုတ်သော အရိပ်များ ထင်ဟပ်နေသည်။ ရန်သူများကို သူသေကိုယ်သေ တိုက်ခိုက်နေကြသည့် မျက်နှာမျိုးပင်။ လက်ထဲက ဝါးစိမ်းတုတ်ကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည်။
ယန်ကျန်းနှင့် ချန်မင်တို့မှာတော့ မျက်နှာများ တင်းမာနေကြသည်။ အခက်ခဲ အကြပ်တည်းတစ်ခုထဲ ရောက်နေသလိုမျိုး ရုန်းကန်နေရသည့် မျက်နှာမျိုးဖြစ်သည်။
ကျန်းရှီနှင့် ဖန်းချင်းတို့၏ မျက်နှာက ပင်ပန်းနေပုံရသော်လည်း အလွန်လေးနက် တည်ငြိမ်၏။ သေခြင်းဖြစ်စေ ရှင်ခြင်းဖြစ်စေ သူတို့က ဂရုမစိုက်ပုံပင်။ အသက်ရှင်နေသမျှ ဓားကို မြှောက်နိုင်နေသမျှ ရန်သူကို တိုက်ခိုက်နေမည်ဟူသော စစ်မြေပြင်မှ စစ်သည်တော်များ၏ မျက်နှာမျိုး ဖြစ်သည်။
ဝမ်ယောက်ရှီးနှင့် သမားတော်လေးဟန်၏ မျက်နှာက ရေပြင်လို တည်ငြိမ်နေသည်။ သူတို့ထံသို့ မည်သည့်ရန်သူမှ မရောက်လာကြသလိုပင်။ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေကြသည်။ တစ်ခါတစ်ရံ ကရုဏာသက်သော အရိပ်ယောင်မျိုး ထင်ဟပ်လာပြီး သက်ပြင်းချနေကြသည်။
နောက်ထပ် တည်ငြိမ်နေသူ သုံးယောက်မှာ ရှောင်လုံ၊ နှင်းပန်းနှင့် နာရာကီလေယာတို့ ဖြစ်သည်။
သူတို့၏ တည်ငြိမ်မှုက ရန်သူ ရာချီထောင်ချီနှင့် မတွေ့ရသည်လား။ တွေ့သော်လည်း မတုန်လှုပ်သည်လား။ ဝေခွဲရ ခက်သော တည်ငြိမ်မှုမျိုး ဖြစ်သည်။
ကုချင်းသံစဉ်က ပို၍ မြင့်တက်လာသည်။ ရက်စက်ကြမ်းတမ်းသော တိုက်ပွဲတစ်ခု၏ အသံ။ သွေး၊ ချွေး၊ အသက်တို့ လွင့်စင်နေသော အသံ။ အသက်လုတိုက်ခိုက်နေသော တိုက်ပွဲတစ်ခု၏ အမြင့်ဆုံး အပြင်းထန်ဆုံး အသံမျိုး ဖြစ်လာသည်။
ထိုအခါ ကျိတောင်မှာ တစ်ချက်ယိမ်းယိုင်သွားပြီး သူ့လက်ထဲက ဝါးစိမ်းတုတ်လည်း လွတ်ကျမလို ဖြစ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် မျက်လုံးများလည်း ပွင့်လာခဲ့သည်။
“ဟူး…ဟူး…”
သူ့တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး မောဟိုက်နေခဲ့သည်။ လက်ထဲက ဝါးစိမ်းတုတ်ကို ကျစ်ကျစ်ကိုင်ထားသော်လည်း အထိတွေ့ကို မခံစားမိဘဲ ဖြစ်နေသည်။ ဖျစ်ညှစ်တင်းကျပ်စွာ ဆုပ်ကိုင်ထားရလွန်း၍ လက်က ထုံကျင်နေခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင်တော့ ကုချင်းသံစဉ်၏ ဆွဲခေါ်ရာ သေခြင်းရှင်ခြင်းတိုက်ပွဲ၌ သူ ရှုံးနိမ့်ခဲ့သည်။ ရန်သူရာထောင်ကို သူ အသေအကြေ အသက်စွန့်၍ တိုက်ခိုက်ခဲ့သော်လည်း သူသာ ရှုံးနိမ့်ခဲ့သည်။
‘ ဒါကို ဂီတသံစဉ်သိုင်းလို့ ခေါ်တယ်ပေါ့။ တကယ်ကို ဆန်းကြယ်တာပဲ’
ကျိတောင်က တွေးရင်း လုချွမ်းကို ကြည့်မိသည်။
လုချွမ်း၏ မျက်နှာမှာ အလွန်ခက်ထန်ကြမ်းကြုတ်နေ၏။ လူကလည်း တဖြည်းဖြည်း ယိမ်းယိုင်လာသည်။ ချွေးများနှင့် ရွှဲနစ်နေပြီး ချွေးသီးချွေးပေါက်များမှာ မြေပေါ်သို့ပင် ကျဆင်းနေသည်။ ဝါးစိမ်းတုတ်ကို တင်းတင်းဆုပ်ကိုင်ထားသည်မှာလည်း တကျစ်ကျစ်နှင့် အသံမြည်နေခဲ့သည်။
‘သူ ဘယ်လောက်အထိ လိုက်ပါစီးမျောနိုင်မလဲ မသိဘူး’
ကျိတောင်က လုချွမ်းကို ကြည့်ကာ တွေးလိုက်ပြီးနောက် ရှောင်လုံတို့ဘက်သို့ ကြည့်မိသည်။
‘သူတို့က တကယ်တည်ငြိမ်ကြတာပဲ။ သူတို့မျက်နှာပေါ်မှာ ဘာခံစားချက်မှ မရှိနေဘူး’
ထိုအချိန်တွင် ချီးကုံးယောင်နှင့် ယွဲ့လူငယ်တို့မှာ ပင်ပန်းသော မျက်နှာမျိုး ဖြစ်လာပြီး အသက်ရှူမြန်လာကြသည်။ ရန်သူ ရာထောင်ချီကို မကြောက်သည့်တိုင် တိုက်ပွဲကို ခုံမင်ပျော်ရွှင်သည့်တိုင် အင်အားချင်း မမျှသော တိုက်ပွဲက သူတို့ကို ပင်ပန်းစေပုံပင်။ တိုက်ပွဲ၏ အဆုံးသတ်ကိုလည်း သူတို့က ကြိုသိနေပုံမျိုး ပေါ်နေသည်။ သို့တိုင် သူတို့၏ မျက်နှာတွင် ကြောက်ရွဲ့သည့် အရိပ်ယောင်မျိုး မရှိနေပေ။ ရဲရင့်ပြတ်သားသော အရိပ်အငွေ့များသာ ပို၍ အားကောင်းလာသည်။
ကျန်းရှီနှင့် ဖန်းချင်းတို့၏ မျက်နှာအမူရာကလည်း ချီးလူရွယ်နှင့် ယွဲ့လူရွယ်ကဲ့သို့ပင်။ ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း ရဲရင်တည်ငြိမ်သော အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။
‘သူတို့ကိုကြည့်ရတာ တကယ့်စစ်သည်တော်တွေလိုပဲ။ တကယ်ကို ရဲရင့်ပြီး တည်ငြိမ်ကြတယ်’
ထိုအချိန်တွင် ဝမ်လူငယ်က တစ်ချက်တစ်ချက် လေးနက်သော သတိထားသော မျက်နှာအမူရာမျိုး ဖြစ်သွားသည်။
‘အဲဒီ ဝမ်သခင်လေးက မရိုးရှင်းဘူးပဲ။ သူက ဒီသံစဉ်အထိ ရောက်လာမှ လေးနက်တဲ့ အမူအရာမျိုး ဖြစ်လာတယ်။ သူ့အဖေါ်နှစ်ယောက်တောင် တော်တော် ခက်ခဲနေကြပြီ’
ဟုတ်သည်။ ဝမ်လူငယ်၏ အဖေါ် ဓားသမားလူရွယ်နှစ်ယောက်သည်ပင် ခက်ခဲသော အနေထားမျိုး ဖြစ်နေသည်။
ထိုစဉ် ကုချင်းဂီတသံစဉ်က ရုတ်တရက်ကြီး မြင့်တက်လာပြီး တိကနဲ ရပ်တန့်သွားခဲ့သည်။
“…!! ……!!!”
လူငယ်အားလုံးလိုလို ယိမ်းယိုင်သွားပြီး မျက်လုံးပွင့်လာကြသည်။
လုချွမ်း၊ ကျန်းရှီ၊ ဖန်းချင်း၊ ချီးကုံးယောင်၊ ယွဲ့လူရွယ်နှင့် ဝမ်လူရွယ်၏ အဖော်ဓားသမားနှစ်ယောက် တစ်ပြိုင်တည်းလိုလို မျက်လုံးပွင့်လာကြသည်။ သူတို့အားလုံး မောပန်းစွာ အသက်ရှူနေကြသည်။
တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် လှမ်းကြည့်ကာ အကဲခတ်နေကြသည်။ သူတို့၏ မျက်လုံးများက အသက်လုတိုက်ပွဲကြားမှ ထွက်လာကြသူများလို စူးရဲတင်းမာနေ၏။ သေခြင်းရှင်ခြင်း အသက်လုပွဲတစ်ခုကို ရင်ဆိုင်ခဲ့ရသည့် ခံစားချက်မျိုးဖြင့် အလွန်လည်း တည်ငြိမ်လေးနက်နေကြသည်။ ထိုတိုက်ပွဲက စိတ်အာရုံထဲတွင်သာ ဖြစ်သော်လည်း အစစ်မှန်နှင့် တူလှသည်။ အရာအားလုံးကို ကုချင်းသံစဉ်က ဆွဲခေါ်ပုံဖော်သွားခဲ့ခြင်း ဖြစ်သည်။
အတွေ့ကြုံတစ်ခု။ သူတို့ တစ်ခါမှ မကြုံဖူးသေးသော အသက်လုတိုက်ပွဲကြီးတစ်ခုကို စိတ်အာရုံထဲတွင် ရင်ဆိုင်ခဲ့ရသည်။
‘တကယ်ကို ထူးခြားတဲ့ ဂီတသံစဉ်သိုင်းပါပဲလား။ ဒီလို ဂီတသံစဉ်မျိုးနဲ့သာ လေ့ကျင့်ရမယ်ဆိုရင် ငါ့ရဲ့စိတ်က ပိုပြီး ခိုင်မာအားကောာင်းလာမယ်လို့ ခံစားရတယ်’
ချီးကုံးယောင်က ထိုသို့ တွေးမိခဲ့သည်။ ချီးကုံးယောင်လိုပင် ယွဲ့လူငယ်၊ ကျန်းရှီနှင့် ဖန်းချင်းတို့လည်း တွေးမိခဲ့သည်။
စစ်သည်တော်စိတ်ဓာတ်။
စစ်သည်တော်၏ စိတ်ဓာတ်ကို ခိုင်မာအားကောင်းစေသော အရာသည် မှန်ကန်ဖြောင့်မှန်သော အတွေးခေါ် မဟုတ်ပေ။ ခက်ခဲကျပ်တည်းသော သေခြင်းရှင်ခြင်း တိုက်ပွဲသာ ဖြစ်သည်။ မှန်ကန်ဖြောင့်မှန်သော အတွေးခေါ်သည် စစ်သည်တော်၏ အသိမြင်ကိုသာ အားကောင်းစေနိုင်သည်။ မည်မျှပင် အသိမြင်အားကောင်းနေပါစေ စစ်သည်တော်တစ်ယောက်အတွက် သေခြင်းရှင်ခြင်း အသက်လုတိုက်ပွဲကို ရင်မဆိုင်ဖူးလျှင် တိုက်ပွဲကို တုန်လှုပ်နေပေလိမ့်မယ်။ ကြောက်ရွံ့နေပေလိမ့်မယ်။ နောက်ကွယ်၌သာ နေရဲပြီး စစ်မြေပြင် မထွက်ရဲသော သူရဲဘောကြောင်သူ ဖြစ်နေပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် အတွေးခေါ် အသိမြင်များသည် လက်တွေ့မကျဘဲ တကယ့်စစ်မြေပြင်နှင့် ကင်းကွာသော အတွေးခေါ်များသာ ဖြစ်လာပေလိမ့်မယ်။ တကယ့်စစ်မြေပြင်က စစ်သည်တော်များကို မှားယွင်းသော ညွှန်ကြားမှုများ ပေးမိပြီး ဆုံးရှုံးနစ်နာမှု ကြီးမားစေပေလိမ့်မည်။
ထို့ကြောင့် စစ်သည်တော်ကောင်းမှန်လျှင် မှန်ကန်သော အတွေးခေါ်အသိမြင် ရှိရုံနှင့် မလုံလောက်ပေ။ သေခြင်းရှင်ခြင်း အသက်လုရသော တိုက်ပွဲအတွေ့ကြုံလည်း လိုအပ်သည်။ သို့မှသာ စစ်ပွဲသည် ကျားခုံပေါ်က ကစားပွဲမဟုတ်ဟု နားလည်နိုင်မည် ဖြစ်သည်။ မိမိကိုယ်တိုင် သေခြင်းရှင်ခြင်းကြား မဖြတ်သန်းဘဲနှင့် စစ်သည်တော်များ၏ သေခြင်းရှင်ခြင်းကြားက အခြေနေမှန်ကို နားလည်နိုင်မည် မဟုတ်ပေ။ စစ်သည်တော်များကို ကျားစေ့များသဖွယ်သာ မြင်နေပေလိမ့်မည်။ စစ်ပွဲကို ကစားပွဲတစ်ခုလို ဆင်နွှဲနေမိပေလိမ့်မည်။
ကျန်းရှီ၊ ဖန်းချင်း၊ ချီးကုံးယောင်နှင့် ယွဲ့လူငယ်တို့က တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ကြည့်မိကြသည်။ သူတို့၏ မျက်လုံးများထဲတွင် တူညီသော အငွေ့အသက်များ ရှိနေခဲ့သည်။ ရဲရင့်သော စစ်သည်တော်တို့၏ အငွေ့အသက်နှင့် အပြန်အလှန် လေးစားသော အငွေ့အသက်များ ဖြစ်သည်။
လေးယောက်လုံး ပြိုင်တူ ခေါင်းညိတ်၍ မျက်လုံးမှိတ်ထားလိုက်ကြပြီး သူတို့ ရင်ဆိုင်ခဲ့ရသော တိုက်ပွဲအတွေ့အကြုံကို ပြန်ဆင်ခြင်သုံးသပ်နေလိုက်ကြသည်။
လုချွမ်းနှင့် ဝမ်လူငယ်၏အဖေါ် ကဓားသမားတို့က ထိုင်ချလိုက်ကြပြီး အတွင်းအားကို စီးဆင်းလှည့်ပတ်ရင်း ခက်ထန်ကြမ်းတမ်းနေသော သူတို့၏ စိတ်ကို ထိန်းညှိဖြေလျှော့လိုက်ကြသည်။
ဝမ်ယောက်ရှီးနှင့် ဟန်ကောင်းရှင်းတို့လည်း မျက်လုံးပွင့်နေကြပြီ ဖြစ်သည်။ သူတို့လည်း စိတ်ပင်ပန်းဟန်ဖြင့် သက်ပြင်းချပြီး ခေါင်းခါနေကြသည်။ သူတို့က အသက်လုတိုက်ပွဲကို ရင်မဆိုင်ခဲ့ရသော်လည်း အသက်ပေါင်းများစွာ သေကြေပျက်စီးခဲ့သည်ကို မြင်ခဲ့ကြပုံရသည်။ သူတို့ မည်မျှပင် ကြိုးစားကယ်တင်သော်လည်း သူတို့ ကယ်တင်နိုင်သည်ထက် ကျော်လွန်သော သေဆုံးမှုများ သွေးများ အသက်များ အော်ဟစ်ညည်းညူသံများက သူတို့ကို စိတ်ပင်ပန်းစေပုံပင်။
“ဟင်း…”
အားလုံးလိိုလို မျက်လုံးပွင့်နေကြပြီ ဖြစ်သော်လည်း ယခုအချိန်ထိ မျက်လုံးမဖွင့်သေးသော လူလေးယောက် ရှိနေသေးသည်။ သူတို့ကား ဝမ်လူငယ်၊ ရှောင်လုံ၊ နှင်းပန်းနှင့် နာရာကီလေယာတို့ ဖြစ်သည်။
ထိုလေးယောက်ထဲတွင် ဝမ်လူငယ်၏ မျက်နှာက အလွန် လေးနက်နေ၏။ ကုချင်းသံက ရပ်သွားပြီးနောက်မှသာ ထိုသို့ လေးနက်လာခြင်းလည်း ဖြစ်သည်။ အကြောင်းရင်းမှာ ယခု သူရင်ဆိုင်နေရသော ရန်သူများက ကုချင်းသံဖြင့် ဆွဲခေါ်၍ ဖန်တီးပေးထားသော ရန်သူများ မဟုတ်ဘဲ သူကိုယ်တိုင် ဖန်တီးထားသော ရန်သူများ ဖြစ်နေသောကြောင့်ပင်။ သူရင်ဆိုင်ချင်သော ခွန်အားမျိုး၊ သူရင်ဆိုင်ချင်သော သန်မာမှုမျိုး၊ သူ့ကို ခက်ခဲစေနိုင်သော ရန်သူများကို ဖန်တီးထားခဲ့သဖြင့် သူက အလေးအနက်ရင်ဆိုင်နေရသည်။
နာရာကီလေယာသည်လည်း မျက်ခုံးတွန့်ကွေးလျက် မျက်နှာက တင်းမာနေသည်။ သူမ၏ လက်ဖျားလေးများ မသိမသာ တုန်ခါနေသည်။ သူမအတွက်လည်း ခက်ခဲကျပ်တည်းသော တိုက်ပွဲတစ်ခုအတွင်း ရောက်နေသလိုပင်။
ယခုအချိန်ထိ ပကတိ တည်ငြိမ်နေသူနှစ်ယောက်မှာ ရှောင်လုံနှင့် နှင်းပန်းသာ ဖြစ်သည်။
နှင်းပန်း…။
သူမသည်လည်း ဂီတသံစဉ်သိုင်းကို သိထားသူ ဖြစ်သည့်အပြင် အဆင့်တစ်ခုအထိလည်း လေ့ကျင့်ဖူးသဖြင့် ကုချင်းသံစဉ်က သူမကို မည်သည့်သက်ရောက်မှုမှ မရှိဘဲ ဖြစ်နေသည်။ ကုချင်းသံက သူမစိတ်ကို ဆွဲခေါ်နေမှန်း သိနေခြင်းကြောင့် ဆွဲခေါ်နိုင်မှုက အလိုလို အားပျော့သွားခဲ့သည်။ စိတ်ကူးပုံရိပ်များ၊ ရန်သူများ၊ တိုက်ပွဲများအထိ ကုချင်းသံက ဖန်တီးပေးနေသော်လည်း ကုချင်းသံစဉ်၏ အတက်အကျ အသွားအလာကို ဂီတသံစဉ်သိုင်းနှင့် မစိမ်းသူပီပီ သိနေခဲ့သည်။ နားလည်နေခဲ့သည်။ ထို့ကြောင့် ထိုစိတ်ကူးပုံရိပ်များက သူမကို သက်ရောက်မှု အားနည်းစေခဲ့ပြန်သည်။
ကုချင်းရှင်၏ ဂီတသံစဉ်သိုင်း အဆင့်တန်းကလည်း နှင်းပန်းထက် အဆင့်တစ်ခုလောက်သာ ပိုအားကောင်းနေ၍ နှင်းပန်းကို လွှမ်းမိုးနိုင်စွမ်း အားနည်းနေခဲ့သည်။
ထို့အပြင် နှင်းပန်းက သိုင်းနှလုံးသားအာရုံပုံရိပ်နယ်မြေကို ဖွင့်နိုင်ခဲ့ပြီးဖြစ်၍ ကုချင်းသံစဉ်ဖြင့် ဆွဲခေါ်ဖန်တီးသော စိတ်ကူးပုံရိပ်များက သူမအတွက် အတုအယောင် ဆန်လွန်းနေသည်။ သူမ၏ သိုင်းနှလုံးသားပုံရိပ်နယ်မြေထဲက မြင်ကွင်းများက ပို၍ အစစ်မှန်နှင့်တူသည်။ မြင်ကွင်းနှင့် အသံမျှသာ မဟုတ် အထိတွေ့ကိုပင် ခံစားနိုင်သည်။
ထို့ကြောင့် နှင်းပန်းက ကုချင်းသံကို နားထောင်ပြီး ကုချင်းရှင်၏ ဂီတသံစဉ်သိုင်းကို လေ့လာဆင်ခြင်နေလိုက်သည်။ သူမ လေ့ကျင့်ဖူးသော လောကမာယာတေးကဗျာ ဂီတသံစဉ်သိုင်းနှင့် ယှဉ်တွဲဆင်ခြင်နေခဲ့သည်။
ရှောင်လုံ…။
ရှောင်လုံက ကုချင်းသံစဉ်နှင့် လိုက်ပါစီးမျောရင်း ကျွန်းပေါ်တွင် တစ်ယောက်တည်း ရပ်နေခဲ့သည်ပင်။ ရန်သူပေါင်းများစွာကိုလည်း မြင်နေခဲ့သည်ပင်။ ရန်သူများက ရာထောင်ပင် မကပါ။ ထောင်သောင်းချီအောင် များသည်။
သို့သော် ရှောင်လုံက ရပ်၍ ကြည့်နေရုံသာကြည့်နေခဲ့သည်။ သူ့အကြည့်က ရေပြင်လို ငြိမ်သက်နေ၏။ ဓားဖျားလို ထက်ရှနေသည်။ တခြား မည်သည့် ခွန်အား မည်သည့် အငွေ့သက်မှ မပါရှိပေ။ သို့သော် ထိုအကြည့်ကပင် ရန်သူ ထောင်သောင်း၏ နှလုံးသားကို ဓားဖြင့် ထောက်ထားသည့် ခံစားချက်မျိုးကို ပေးနေသည်။
ထို့ကြောင့် ရန်သူ ထောင်သောင်းတို့ ပေါ်ထွက်လာသော်လည်း ကျွန်းပေါ်သို့ ခြေတစ်လှမ်းပင် မတက်နိုင်ဘဲ ထိတ်လန့်လျက် ကျောက်ရုပ်များလို ငြိမ်သက်နေကြသည်။ ရပ်ကြည့်နေရုံသာ တတ်နိုင်ကြသည်။ အကယ်၍ သူတို့ ခြေတစ်လှမ်းတိုးလိုက်လျှင် ဖြစ်စေ၊ နောက်ဆုတ်လိုက်လျှင် ဖြစ်စေ သူတို့၏ နှလုံးသားကို ထောက်ထားသော ဓားကြောင့် သူတို့ သေဆုံးရမည်ကို သိနေကြသလိုမျိုး ရပ်နေကြသည်။
ရှေ့လည်း မတိုးလာ၊ နောက်လည်း မဆုတ်သွား၊ လှုပ်လည်း မလှုပ်ရှားဘဲ ကျွန်းပေါ်တွင် မားမားမတ်မတ်ရပ်နေသော ရှောင်လုံကို ရပ်၍သာ မော့ကြည့်နေခဲ့ကြသည်။
ရှောင်လုံက တည်ငြိမ်နေသော်လည်း တုန်လှုပ်နေသူ တစ်ယောက် ရှိနေသည်။ ထိုလူကား ကုချင်းရှင် ဖြစ်သည်။
ကုချင်းကြိုးပေါ်တင်ထားသော သူ့လက်ချောင်းများက မသိမသာ တုန်နေခဲ့သည်။ သူက ကုချင်းသံကို ဆက်မတီးခတ်နိုင်တော့ဘဲ ရုတ်တရက် ရပ်လိုက်ရသည်။ အကြာင်းမှာ မမြင်ရသော ဓားတစ်စင်းက သူ့ကို ချိန်ရွယ်ထားသလို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ အကယ်၍ သူကသာ ကုချင်းကို ဆက်တီးလိုက်လျှင် ထိုဓားက သူ့ထံ တိုးဝင်လာမည်ဟု ခံစားမိခဲ့သည်။ ထို့ကြောင့် ထိတ်လန့်တုန်လှုပ်လျက် ကုချင်းသံစဉ်ကို ချက်ချင်းရပ်လိုက်ရသည်။
‘ကြောက်ဖို့ကောင်းလိုက်တဲ့ ဓား…’
သူက တွေးရင်း ရှောင်လုံဘက်သို့ လှမ်းကြည့်နေခဲ့သည်။
အခန်း(၃၂၉)ပြီး
***