ဂီတသံစဉ်သိုင်းဖြင့် စိတ်ကူးယဉ်အာရုံဖော်၍ ရန်သူထောင်သောင်းချီနှင့် တိုက်ခိုက်စေခြင်းကား အမှန်ပင် သိမ်မွေ့နက်နဲကာ ဆန်းကြယ်လှ၏။ အပြင်သိုင်းလောကတွင် ထိုကဲ့သို့ ပညာရပ်တစ်ခု ရှိနေသေးပြီး ကျွမ်းကျင်သူတစ်ယောက်လည်း ရှိနေသေးသည်။
ဝမ်ယောက်ရှီးက ထိုကုချင်းရှင်ကို ပို၍ စိတ်ဝင်စားလာခဲ့သည်။
ကမ်းပေါ်မှာတုန်းကလည်း လူအနည်းငယ်ကသာ ကုချင်းသံစဉ်ကို ခုခံနိုင်ခဲ့သည်။ လူအများအပြားမှာ ကုချင်သံစဉ်၏ လွှမ်းမိုးမှုကို ခံခဲ့ရသည်။ ယခုလည်း ကုချင်းသံစဉ်နောက်သို့ လိုက်ပါစေပြီး ရန်သူရာထောင်ချည်နှင့် ရင်ဆိုင်တိုက်ခိုက်ရသည် အသက်လုတိုက်ပွဲတစ်ခုကို ခံစားစေခဲ့သည်။
တစ်ယောက်စီတိုင်း၏ အတွင်းစိတ်ထဲ ပုန်းကွယ်နေသော စိတ်ခံစားချက်ကို ထွက်ပေါ်လာစေပြီး အတွင်းစိတ်၏ ရန်သူများနှင့် ရန်ငြိုးများကို ဖန်တီးပေးခဲ့သည်။ အတွင်းစိတ်ခွန်အား နည်းသူများမှာ အကြောက်တရားနှင့် ရင်ဆိုင်ကြရသည်။ ရန်ငြိုးအာဃာတကြီးသူများမှာ သူသေကိုယ်သေ တိုက်ပွဲကြီးနှင့် ရင်ဆိုင်ကြရသည်။ စစ်သည်တော်စိတ်ဓာတ်ရှိသူများမှာ စိတ်နှလုံးယိုင်နဲ့စေနိုင်သော စစ်ပွဲကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။ အနိုင်မခံအရှုံးမပေး သေရဲသတ်ရဲသော သိုင်းသမားများမှာ ခြေကုန်လက်ပန်းကျသည်အထိ တိုက်ခိုက်ရသော ပြိုင်ဘက်များနှင့် တိုက်ခိုက်ခဲ့ရသည်။
သမားတော်စိတ်ရှိသူများမှာ တိုက်ပွဲကို ရင်မဆိုင်ရသော်လည်း မကယ်နိုင်ဘဲ လက်လျှော့၍ ကြည့်နေရုံသာ တတ်နိုင်သော သွေးချောင်းစီးမှုကြီးကို မြင်တွေ့ခဲ့ရသည်။
ကုချင်းသံ၏ သက်ရောက်မှုကို အဆင့်မြင့် သိုင်းသမား လူငယ်ပါရမီရှင်များပင်လျှင် ထိုစိတ်ကူးယဉ်အာရုံထဲ နစ်မောမျောပါသွားခဲ့ကြသည်။ အစစ်မှန်တိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်ခဲ့ရသလို ပင်ပန်းနေခဲ့ကြသည်။ ခန္ဓာကိုယ်က မနာကျင်မခံစားရသော်လည်း စိတ်က ရာထောင်ချီသော ရန်သူများနှင့် အသက်လုတိုက်ခိုက်ခဲ့ရသဖြင့် အလွန်ပင်ပန်းခဲ့ကြသည်။
‘တကယ်ကို ထူးခြားတာပဲ။ သူက ဘယ်သူများလဲ။ ဒီလို အရည်ချင်းမျိုး ရှိတဲ့သူက မထင်မရှားထဲကတော့ မဟုတ်လောက်ဘူး။ လူမသိသူမသိထဲကဆိုရင်လည်း လျှို့ဝှက်အားကောင်းတဲ့ နောက်ခံမျိုး ရှိလိမ့်မယ်’
ဝမ်ယောက်ရှီးက တွေးရင်း ကုချင်းရှင်ကို အကဲခတ်နေခဲ့သည်။ တစ်ဆက်တည်း သူက ကုချင်းရှင်၏ လက်များ တုန်နေသည်ကိုလည်း မြင်ခဲ့သည်။
‘သူ့လက်တွေ တုန်နေပါလား။ ဒီသံစဉ်က သူ့အတွက် တီးခတ်ဖို့ ခက်ခဲလို့များလား။ ခွန်အားအများကြီး သုံးခဲ့ရတာ ထင်တယ်’
ဝမ်ယောက်ရှီးက ဂီတသံစဉ်သိုင်းကို သာမန်ဂီတသံစဉ်တစ်ခု တီးခတ်ရသလို လက်ကလေးများ လှုပ်ရုံဖြင့် တီးခတ်ရခြင်း မဟုတ်ကြောင်း သိထားသည်။ ဂီတသံစဉ်သိုင်းကို တီးခတ်နိုင်ရန် အခြေခံဂီတပညာကို အလွန်ကျွမ်းကျင်ပြီးသူမှသာ ဂီတသံစဉ်သိုင်းကို တီးခတ်နိုင်ကြသည်။ သိုင်းဂီတသံစဉ်ကို စိတ်စွမ်းအားနှင့် အတွင်းအား ပေါင်းစပ်၍ တီးခတ်ရသည်ဟုလည်း သိထားသည်။
ဝမ်ယောက်ရှီးမှာ ကုချင်းရှင် ခံစားခဲ့ရသော ထိတ်လန့်မှုကို မသိခဲ့ပေ။
ကုချင်းရှင်က ရှောင်လုံကို ကြည့်ပြီး နှင်းပန်း၊ နာရာကီလေယာနှင့် ဝမ်လူငယ်တို့ကိုလည်း ကြည့်သည်။
‘ဘယ်သူလဲ…။ ငါ့ကို ပြန်ပြီး ခြိမ်းခြောက်နိုင်တဲ့ စိတ်စွမ်းအားက ဘယ်သူ့ဆီကလဲ။ စိတ်စွမ်းအားထဲမှာ ဓားအရှိန်ဝါပါနေတာဆိုတော့ ဓားသမားတစ်ယောက်ပဲ ဖြစ်လိမ့်မယ်’
ကုချင်းရှင်က နာရာကီလေယာနှင့် ဝမ်လူငယ်တို့၏ နောက်ကျောတွင် ဆောင်ထားသော လက်နက်များကို ကြည့်ပြီး ခေါင်းခါသည်။
“သူတို့နှစ်ယောက်ကတော့ ဓားသမား မဟုတ်ဘူး။ ဒါဆို…”
သူ၏ အကြည့်က ရှောင်လုံနှင့် နှင်းပန်းထံ ပြန်ရောက်လာသည်။ သို့သော်လည်း သူတောင်းစားပုံစံနှင့် လူငယ်လေးနှစ်ယောက်မှာ ဓားသမားနှင့် မတူပေ။ ထို့အပြင် အခြေခံအဆင့် သိုင်းသမားများသာ ဖြစ်နေကြသည်။ သို့ဖြစ်၍ ကုချင်းရှင်မှာ နားမလည်နိုင်အောင် ဖြစ်သွားရသည်။
‘ဒါဆို အဲဒီ ကြောက်စရာကောင်းတဲ့ ဓားအရှိန်ဝါက ဘယ်သူ့ဆီကလဲ’
ထိုစဉ်…
“ဟားဟားဟား…ဟီးဟီးဟီး…”
လေနှင့်အတူ လွင့်ပျံ့လာသော ရယ်မောသံတစ်သံကို ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် နာနာကျင်ကျင် အော်ဟစ်ညည်းညူသံများကိုလည်း ကြားလိုက်ရသည်။
“အား…”
“အီး…”
ထိုအသံများကြောင့် ကျွန်းပေါ်မှ လူငယ်သိုင်းသမားများ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
“ဘာအသံလဲ”
“ဘာဖြစ်တာလဲ”
“အသံက ကမ်းဘက်ကနေ လာတာပဲ။ ကမ်းပေါ်မှာ တစ်ခုခု ဖြစ်နေတာထင်တယ်”
လူငယ်သိုင်းသမားများမှာ အပြန်လှန်စကားပြောရင်း ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။ တချို့က ငြိမ်ငြိမ် မနေကြတော့ဘဲ ကမ်းဘက်သို့ လှမ်းကြည့်ကြသည်။ အလှမ်းဝေးသည့်အပြင် လရောင်က ဝိုးတဝါးသာ လင်းနေ၍ ကမ်းပေါ်မှ အခြေနေကို သေချာ မမြင်ရပါ။ သို့သော်လည်း ကမ်းပေါ်တွင် ဖိုထားသော မီးပုံများ တဖြုတ်ဖြုတ် ငြိမ်းသွားသည်ကို မြင်လိုက်ရသည်။ မီးတုတ်များ မီးစများ ပရမ်းပတာ လှုပ်ရှားနေသည်ကိုလည်း မြင်ရသည်။ တစ်ချက်တစ်ချက် လရောင်နှင့်ဟပ်ပြီး တဖျတ်ဖျတ် ဝင်းလက်သွားသော ဓားရောင်လှံရောင်များကိုလည်း မြင်လိုက်ရသည်။
“ကမ်းပေါ်မှာ တစ်ခုခု ဖြစ်နေတယ်”
“တိုက်ခိုက်နေကြတာ”
“ဘာလို့ တိုက်ခိုက်နေကြတာလဲ”
အခြေနေမှန်ကို မသိရသဖြင့် မေးခွန်းများသာ ဖြစ်နေခဲ့သည်။
အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေသဖြင့် ငြိမ်နေကြသော ဝမ်လူငယ်၊ ရှောင်လုံ၊ နှင်းပန်းနှင့် နာရာကီလေယာတို့လည်း မျက်လုံးပွင့်လာကြသည်။
ရှောင်လုံက တီးတိုးပြောပြီး နှင်းပန်းနှင့် နာရာကီလေယာကို သတိထားပါဟူသော အရိပ်အကဲ ပြလိုက်သည်။
ဝမ်လူငယ်က သူ့အဖေါ်နှစ်ယောက်နှင့် မျက်နှာဖုံးစွပ်ဝတ်စုံနက်သိုင်းသမားကို အသာခေါင်းညိတ်ပြလိုက်သည်။
“ဘာဖြစ်နေလဲဆိုတာ စစ်ဆေးကြည့်လိုက်”
“ဟုတ်ကဲ့”
မျက်နှာဖုံးစွပ်ဝတ်စုံနက်နှင့် ဓားသမားလူရွယ်နှစ်ယောက် ရိပ်ကနဲ ပြေးထွက်သွားကြသည်။
နာရာကီလေယာက ကမ်းဘက်သို့ လှမ်းကြည့်ပြီး ပြောသည်။
“မီးပုံတွေကို လူက ငြိမ်းလိုက်တဲ့ ပုံမျိုးပဲ။ လရောင်က ဝေဝါးလွန်းနေတယ်။ နေ့ဘက်သာဆိုရင် သေချာ မြင်ရနိုင်တယ်”
ကျွန်းနှင့် ကမ်းက မြားတစ်ပစ်ခန့်သာ ဝေးသောကြောင့် လောက်လေးသမားဖြစ်သော နာရာကီလေယာအတွက် ထိုအကွာဝေးက ရှင်းရှင်းလင်းလင်း မြင်နိုင်သော အကွာဝေး ဖြစ်သည်။
နှင်းပန်းက ရှောင်လုံကို တစ်ချက်ကြည့်သည်။
ရှောင်လုံက အသာခေါင်းညိတ်၍ ကမ်းဘက်သို့ ကြည့်သည်။
အသံလှိုင်းအာရုံခံနယ်မြေ။
လက်ရှိတွင် ရှောင်လုံ၏ အသံလှိုင်းအာရုံခံနယ်မြေက ပေနှစ်ထောင်ခန့်အထိ ကျယ်ပြန်နေပြီ ဖြစ်၍ ရှီရေကန်ပတ်လည် ကမ်းပေါ်က အခြေနေများကို ရှင်းလင်းစွာ အာရုံခံနိုင်သည်။
မြားတစ်ပစ်က ပေတစ်ထောင်နှင့် တစ်ထောင့်ငါးရာခန့်သာ ဝေးသည် မဟုတ်ပါလား။
“မီးပုံတွေကို ငြိမ်းပစ်လိုက်တာ ဟုတ်တယ်”
ရှောင်လုံက နာရာကီလေယာ၏ စကားကို ထောက်ခံလိုက်သည်။ သို့သော် မီးပုံများကို မည်သူက ငြိမ်းပစ်လိုက်ပြီး ဘာကြောင့် ငြိမ်းပစ်လိုက်သည်ကိုတော့ မပြောခဲ့ပေ။
“အမယ်လေး…”
ဟားတိုက်ရယ်မောသံကြီးနှင့်အတူ နာနာကျင်ကျင် အော်ဟစ်သံများက ထပ်၍ လွင့်ပျံလာသည်။
နှင်းပန်းက မျက်ခုံးတွန့်သွားသည်။ ထိုရယ်သံက အဝေးမှ လွင့်ပျံလာသော်လည်း ကြားဖူးသလို ရှိနေ၍ ဖြစ်သည်။
“သရဲနက်”
နှင်းပန်း၏ အသံက တိုးသော်လည်း တချို့လူငယ်များက ကြားသွားသည်။
“ဘာ…၊ သရဲနက်လား။ ကမ်းပေါ်မှာ သရဲနက် ရောက်နေတာလား”
“သေစမ်း…၊ အကုန်သေကုန်တော့မှာပဲ”
သရဲနက်ဟု အသံကြားသည်နှင့် လူငယ်သိုင်းသမားများအားလုံး မျက်စိမျက်နှာ ပျက်ကုန်သည်။ ရှီရေကန်သို့ ရောက်နေကြသည်မှာ လူငယ်သိုင်းသမားများသာ ဖြစ်သည်။ တချို့ နောက်ခံကောင်းသော သခင်လေးများ၏ နောက်ကွယ်တွင် လိုက်ပါစောင့်ရှောက်နေသော အစောင့်ရှောက်များ ရှိသော်လည်း သိုင်းထိပ်သီးအဆင့်ထက် မကျော်ပေ။ အထွတ်အထိပ်အဆင့် အစောင့်ရှောက် မပါပေ။
သရဲနက်ကား မည်သူနည်း။ သူတောင်းစားဂိုဏ်းချုပ်လို အထွတ်ထိပ်အဆင့် ဂိုဏ်းချုပ်ကြီးနှင့်ပင် ထိပ်တိုက်ရင်ဆိုင်နိုင်သူ မဟုတ်ပါလား။
သို့ဆိုလျှင် ထိုလူငယ်သိုင်းသမားများသည်လည်းကောင်း၊ သခင်လေးများ၏ အစောင့်ရှောက်များသည်လည်းကောင်း သရဲနက်၏ ပြိုင်ဘက် မဟုတ်တော့ပေ။ သရဲနက်ကလည်း သူနှင့် အဆင့်မတူသော လူငယ်သိုင်းသမားများကို ညှာနေမည် မဟုတ်ပေ။ သတ်ဖြတ်လို၍ပင် ရှီရေကန်၌ လူငယ်သိုင်းသမားများ စုဝေးနေတုန်း လာရောက် သတ်ဖြတ်ပုံရသည်။
“တောက်…!၊ အဲဒီ မကောင်းဆိုးဝါးကောင်”
“သေစမ်း သေစမ်း…၊ ကမ်းပေါ်မှာ ဂိုဏ်းတူညီအစ်ကိုတွေ ရှိနေတာ”
“အား…မကောင်းဆိုးဝါးကောင်…”
ကျွန်းပေါ်မှ လူငယ်သိုင်းသမားများမှာ ကြိတ်မနိုင်ခဲမရ ဖြစ်နေကြတော့သည်။
သို့သော်လည်း သူတို့မှာ ဘာမှ လုပ်နိုင်စွမ်း မရှိပေ။ ကမ်းပေါ်သို့ သွား၍ သရဲနက်ကို သွားရင်ဆိုင်ရမည်လော။ အသတ်ခံဖို့ သွားသလိုသာ ဖြစ်သွားပေလိမ့်မယ်။ အလောင်းပိုများရုံသာ ဖြစ်သွားပေလိမ့်မည်။
မခံမရပ်နိုင် ဖြစ်နေရုံမှတစ်ပါး ဘာမှ မလုပ်နိုင်ခဲ့ပေ။ ရပ်ကြည့်နေရုံမှတစ်ပါး ဘာမှ မစွမ်းနိုင်ခဲ့ပေ။ မကျေနပ်မှုကို ဖွင့်ထုတ်၍ အော်ဟစ်ပစ်ရန်ပင် မဝံ့ရဲပေ။ အော်လိုက်မိ၍ သရဲနက်က ကျွန်းပေါ်အထိ လာခဲ့လျှင် ပြေးစရာ မြေမရှိဘဲ ဖြစ်သွားပေလိမ့်မည်။ ရေကန်တစ်ပတ် ကမ်းပေါ်က လူငယ်သိုင်းသမားများအတွက် ပြေးစရာ မြေက ရှိသေးသည်။ ပြေးနိုင်လျှင် လွတ်နိုင်သေးသည်။
ထို့ကြောင့် ကျွန်းပေါ်မှ လူငယ်သိုင်းသမားများမှာ အံတကြိတ်ကြိတ် တောက်တခတ်ခတ်နှင့် လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီးသာ ကမ်းဘက်သို့ စူးစူးရဲရဲ ကြည့်နေကြသည်။
လှုပ်ရှားမှု တချို့နှင့်အတူ လူရိပ်များ ကျွန်းပေါ်သို့ ပြေးတက်လာသည်။
ခုနက ထွက်သွားကြသော ဝမ်လူငယ်၏ အဖေါ် ဓားသမားနှစ်ယောက်နှင့် မျက်နှာဖုံးစွပ်ဝတ်စုံနက်သိုင်းသမား ဖြစ်သည်။ သူတို့နှင့်အတူ လူနှစ်ယောက်လည်း တွဲခေါ်လာသည်။
သူတောင်းစားဂိုဏ်းသားနှစ်ယောက် ဖြစ်သည်။ နှစ်ယောက်လုံး ရေများ စိုရွှဲကာ ခိုက်ခိုက်တုန်နေ၏။
“ဂိုဏ်းတူညီအစ်ကို”
ကျိတောင်နှင့် လုချွမ်းက သူတို့၏ ဂိုဏ်းတူညီအစ်ကို နှစ်ယောက်ထံ အပြေးသွားလိုက်ပြီး ဖေးမထားလိုက်သည်။
“ဒဏ်ရာရသွားသေးလား”
သူတောင်းစားဂိုဏ်းသားနှစ်ယောက်က ခေါင်းခါပြသည်။
“ဒဏ်ရာတော့ မရခဲ့ဘူး။ ရေကန်ထဲ လွင့်စင်ပြုတ်ကျခဲ့တာ။ ကမ်းပေါ် ပြန်တက်ရင် မလွတ်မှာ စိုးလို့ ကျွန်းဘက်ကို ကူးပြေးလာခဲ့တာပါ။ ရေထဲခုန်ချပြီး ကျွန်းဘက်ကူးပြေးလာကြတဲ့ တခြားလူတွေလည်း ရှိတယ်။ ကန်ရေက တော်တော်အေးပြီး ဝေးလည်း ဝေးလို့ အရောက်ကူးဖို့ နည်းနည်း ခက်တယ်။ တစ်ဝက်လောက်ဆိုရင် ခြေလက်တွေ တောင့်တင်းပြီး ကူးရခက်လာတယ်။ တော်သေးတယ်။ ဒီသိုင်းရောင်းရင်းတွေနဲ့ တွေ့လို့။ မဟုတ်ရင် ကျွန်းပေါ် မရောက်မှာတောင် စိုးရိမ်ရတယ်”
သူတောင်းစားဂိုဏ်းသားနှစ်ယောက်၏ စကားကြောင့် ကျွန်းပေါ်မှ သိုင်းသမားများမှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကုန်သည်။
“အဲဒါ ဘယ်သူလဲ။ တကယ်ပဲ သရဲနက်လား”
“ဟုတ်တယ်။ အဲဒီ မကောင်းဆိုးဝါးကောင်ပဲ။ ရုတ်တရက်ဆိုသလို အမှောင်ထဲကနေ မကောင်းဆိုးဝါးဆန်တဲ့ အနက်ရောင်အခိုးငွေ့တွေ ထွက်လာပြီးတော့ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားတယ်။ အဲဒီ အခိုးငွေ့က မီးဖိုတွေကိုတောင် ငြိမ်းပစ်နိုင်တယ်။ သရဲနက်ရဲ့ အဲဒီ အခိုးငွေ့တွေကို မီးတောက်နဲ့ တားနိုင်တယ်ဆိုလို့ မီးတုတ်တွေနဲ့ ခုခံပေမဲ့ မရဘူး။ မီးတွေ ငြိမ်းကုန်တယ်။ အဲဒီ အခိုးငွေ့တွေက အရမ်းကို မကောင်းဆိုးဝါးဆန်ပြီး အားကောင်းလွန်းတယ်။ ပိတ်မိသွားတဲ့လူတွေအားလုံး ဆိုးဆိုးဝါးဝါး နာနာကျင်ကျင် အော်ဟစ်ရုန်းကန်ပြီး သေသွားကြတယ်”
“ဘာလို့ ရေထဲ ခုန်ချပြေးတာလဲ။ ကုန်းပေါ်မှာ ပြေးစရာနေရာတွေ အများကြီး ရှိတာ မဟုတ်ဘူးလား”
“ကမ်းပေါ်မှာ ပြေးစရာ မရှိတာ မဟုတ်ဘူး။ ပြေးလို့ မလွတ်တာ။ အဲဒီ အခိုးငွေ့တွေက ငါတို့လှုပ်ရှားမှုထက် သုံးဆလောက် ပိုမြန်တယ်။ ပြေးလမ်းတွေအားလုံး တစ်ခါတည်း ပိတ်ထားပြီးသား ဖြစ်သွားတယ်။ အခိုးငွေ့ကြားထဲ အတင်းထိုးဖောက်ပြေးတဲ့သူတွေလည်း ရှိတယ်။ လွတ်မလွတ်တော့ မသိဘူး။ အော်သံတွေက ပွက်ပွက်ညံနေတော့ ဘယ်သူတွေ ဘာဖြစ်သွားမှန်း မသိလိုက်ဘူး။ ရေကန်ထဲ ခုန်ချပြေးတာက လွတ်လမ်းရှိတယ်ထင်လို့ ငါတို့လည်း ရေကန်ထဲ ခုန်ချပြီး ကျွန်းဘက် ကူးပြေးလာကြတာ”
အားလုံး တိတ်ဆိတ်သွားကြသည်။
“အားလုံးပဲ…၊ လှေငါးစီး ရှိတယ်။ လှေတွေနဲ့ ကျွန်းပတ်လည် ရေပြင်ထဲ လိုက်ရှာကြည့်ကြရင် ကောင်းမယ်။ ကျွန်းပေါ်ရောက်အောင် မကူးလာနိုင်တဲ့သူတွေကို ကယ်လို့ရအောင်ပါ”
ပြောလိုက်သူက ဟန်ကောင်းရှင်း ဖြစ်သည်။ ဟန်ကောင်းရှင်းက သူတောင်းစားဂိုဏ်းသားနှစ်ယောက်ကိုလည်း ဆေးတစ်လုံးစီ ပေးလိုက်သည်။
သူတောင်းစားဂိုဏ်းသားနှစ်ယောက်လည်း လက်ခံယူပြီး အမြန်သောက်လိုက်သည်။
“ကောင်းတယ်။ သမားတော်လေးဟန်နဲ့ တချို့လူတွေက ကျွန်းပေါ်မှာ နေပြီး ရောက်လာတဲ့ လူတွေကို လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ပေးထားပါ။ ကျွန်တော်တို့က လှေနဲ့ လူထွက်ရှာကြမယ်”
ချီးကုံးယောင်က ပြောပြီး အားလုံးကို ကြည့်လိုက်သည်။
“ဟုတ်တယ်။ မြန်မြန် လုပ်ကြစို့။ ကျိတောင် ငါနဲ့ လိုက်ခဲ့”
လုချွမ်းကလည်း ပြောပြီး ချက်ချင်း ပြေးထွက်သွားသည်။
ကျိတောင်လည်း ပြေးလိုက်သွားသည်။
တစ်ပြိုင်တည်းမှာပင် ချီးကုံးယောင်နှင့် ယွဲ့လူရွယ်က တစ်ယောက်နှင့်တစ်ယောက် ခေါင်းဆတ်ပြပြီး ပြေးထွက်သွားခဲ့သည်။
“နာရာကီလေယာက ဖန်းချင်းတို့နဲ့ အတူ တစ်စီးသွားလိုက်။ ဖန်းချင်း၊ နာရာကီလေယာက မျက်လုံးအမြင်အားကောင်းတယ်”
ရှောင်လုံက ပြောပြီး သူ့မမကို ခေါင်းညိတ်ပြကာ ပြေးထွက်သွားသည်။
နှင်းပန်းလည်း စကားမဆိုနေဘဲ နောက်က ပြေးလိုက်သွားသည်။
“ဒါဆို ငါတို့လည်း သွားကြစို့…။ မိန်းကလေး နာရာ…”
နာရာကီလေယာလည်း ရှောင်လုံတို့ကို တစ်ချက်လှမ်းကြည့်ပြီး ဖန်းချင်းနှင့် ကျန်းရှီတို့နှင့်အတူ ပြေးထွက်သွားခဲ့သည်။
ဝမ်လူငယ်က သူ့အဖေါ်ဓားသမားနှစ်ယောက်ကို မေးလိုက်သည်။
“ရေထဲမှာ တခြားလူတွေရဲ့ လှုပ်ရှားမှုကို တွေ့ခဲ့သေးလား”
“မတွေ့ခဲ့ဘူး။ ဒီနှစ်ယောက်ကိုတောင် ကျွန်တော်တို့ မမြင်ခဲ့ဘူး။ ကိုယ်ရံတော်ကောက မြင်ခဲ့တာပါ။ လရောင်က ဝါးနေတော့ ရေကန်ထဲမှာ ဘာမှ သိပ်မမြင်ရဘူး”
မျက်နှလုံးစွပ်ဝတ်စုံနက်သိုင်းသမား ကိုယ်ရံတော်ကောကလည်း ခေါင်းညိတ်ပြသည်။
“ရေပြင်ပေါ်မှာ ရေငွေ့တွေကလည်း ရှိနေတယ်။ ရေငွေ့တွေက မများပေမဲ့ ရေထဲကလူကိုကျ မြင်ဖို့ခက်နေတယ်”
ဝမ်လူငယ်က သူတောင်းဂိုဏ်းသားနှစ်ယောက်ကို ထပ်မေးသည်။
“တခြားသိုင်းသမားတွေ ရေထဲခုန်ချပြေးတာ များလား”
“များလား မများလားတော့ မသိဘူး။ ရေထဲခုန်ချကြတာတော့ မြင်ခဲ့တယ်။ ရေထဲ ခုန်ချသံတွေကိုလည်း ကြားခဲ့တယ်”
သူတောင်းစားဂိုဏ်းသားနှစ်ယောက်က သမားတော်လေးဟန် ပေးသော ဆေးတစ်လုံးစီ သောက်ပြီးနောက် တဖြည်းဖြည်း တည်ငြိမ်လာသည်။
ဝမ်လူငယ်က
“ထပ်သွားရှာကြည့်ပါဦး”
“ကောင်းပြီ”
ကိုယ်ရံတော်ကောနှင့် ဓားသမားနှစ်ယောက် ထပ်ပြေးထွက်သွားကြသည်။
ဝမ်လူငယ်က ကမ်းဘက်သို့ လှမ်းကြည့်နေသည်။
အခုတော့ ကမ်းပေါ်မှ မီးဖိုများအားလုံး ငြိမ်းသွားပြီ ဖြစ်သည်။ လှုပ်ရှားမှုများလည်း မတွေ့ရတော့ပေ။ သရဲနက်၏ ရယ်မောသံကိုလည်း မကြားရတော့ပေ။ နာကျင်အော်ဟစ်သံများကိုလည်း မကြားရတော့ပေ။
ပကတိ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ မကောင်းဆိုးဝါးဆန်သော အငွေ့သက်တစ်ခုက လေထဲ လွင့်ပျံ့နေသလို ခံစားရပြီး စိတ်ခြောက်ခြားစရာ ကောင်းလှသည်။
“အဲဒီ သရဲနက် ကျွန်းပေါ်ကိုတော့ မလာလောက်ဘူးထင်တယ်။ လာချင်ရင် သူလည်း ရေကူးပြီး လာမှပဲ ရမှာ။ ကျွန်းပေါ်က လူနည်းနည်းလေးကို သတ်ဖြတ်ဖို့အတွက်နဲ့ အဲဒီလောက်အထိ အပင်ပန်းခံမယ် မထင်ဘူး”
ဝမ်လူငယ်၏ စကားကို ကြားလျှင် သူတောင်းစားဂိုဏ်းသားနှစ်ယောက်မှာ မျက်နှာပျက်သွားသည်။
“ဟုတ်သားပဲ။ ငါတို့တောင် ကျွန်းပေါ် ရောက်လာနိုင်သေးတာ။ အဲဒီ မကောင်းဆိုးဝါးကောင်လည်း ကျွန်းပေါ် ရောက်လာနိုင်တာပေါ့”
သမားတော်လေးဟန်က ဝမ်ယောက်ရှီးကို တစ်ချက်ကြည့်လိုက်သည်။
ဝမ်ယောက်ရှီးက တည်တည်ငြိမ်ငြိမ်ပင်။ တခြားလူများက သရဲနက်ကို အသံကြားရုံနှင့် ထိတ်လန့်နေကြသော်လည်း ဝမ်ယောက်ရှီးကတော့ တည်ငြိမ်လှသည်။
ဝမ်ယောက်ရှီး၏ တည်ငြိမ်မှုကို မြင်မှ ဟန်ကောင်းရှင်းလည်း သက်ပြင်းချနိုင်တော့သည်။
‘ဂိုဏ်းတူအစ်ကိုက အထွတ်ထိပ်အဆင့်ဆိုပေမဲ့ ဘိုးဘိုးထက်တောင် ပိုအားကောင်းသေးတယ်။ ပြီးတော့ သူက အတွင်းသိုင်းလောကကနေ လာတာဆိုတော့ သူ့မှာ ငါတို့ မသိနိုင်တဲ့ ဝှက်ဖဲတွေလည်း ရှိနေဦးမှာ။ သရဲနက်လိုလူကို သူက မစိုးရိမ်တာ မဆန်းတော့ပါဘူး’
ဟန်ကောင်းရှင်းက တွေးရင်း စိတ်အေးသွားသည်။
ထိုအချိန်တွင် လူရှာထွက်လာခဲ့ကြသော လှေငယ်ငါးစင်းက လရိပ်ကျွန်းပတ်လည်က ရေပြင်ပေါ်တွင် တရွေ့ရွေ့ သွားနေကြသည်။
လရောင်က ဝေဝါးနေသည့်အပြင် ရေပြင်တွင်လည်း ရေခိုးရေငွေ့ ပါးပါးလေး ထွက်နေသဖြင့် မြင်ကွင်းက မရှင်းလင်းပေ။
“အဲဒီဘက်…”
ရှောင်လုံက တစ်ဘက်ကို ညွှန်ပြသည်။
နှင်းပန်းကလည်း ရှောင်လုံညွှန်ပြသည့်ဘက်သို့ အမြန်လှော်ခတ်သွားလိုက်သည်။
မကြာပါ။ ရေထဲ ဖော့၍ အသာမျောနေသော သိုင်းသမားလူရွယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ ခြေကုန်လက်ပန်းကျ၍ မကူးနိုင်တော့သဖြင့် အသာဖော့ကာ မျောနေပုံရသည်။
ရေထဲက သိုင်းသမားလူရွယ်လည်း လှေတစ်စင်း ရောက်လာသဖြင့် ဝမ်းသားအားရနှင့် လှေနံဘေးကို ဖမ်းဆွဲကာ ခိုထားလိုက်သည်။
“အား…၊ မိုးနတ်မင်း၊ ငါ့ကို လာကယ်ပြီ”
ရှောင်လုံက ပြုံးလိုက်ပြီး ရေထဲကသိုင်းသမားလူရွယ်ကို လှေပေါ် ဆွဲတင်သည်။
“ဟီးဟီး…၊ ကျုပ်ပုံစံက မိုးနတ်မင်းနဲ့ တူနေလို့လား”
“လာထား…”
“ဗွမ်း…”
သိုင်းသမားလူရွယ်မှာ ရှောင်လုံကို စကားပင် ပြန်မပြောနိုင်ဘဲ မေးချင်းရိုက်ကာ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေလေ၏။
“မြန်မြန် အတွင်းအားစုစည်းပြီး လှည့်ပတ်လိုက်”
ရှောင်လုံက သိုင်းသမားလူရွယ်ကို သတိပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်…”
သိုင်းသမားလူရွယ်က ကျေးဇူးတင်စကားကို ခက်ခက်ခဲခဲ ပြောပြီး တင်ပလ္လင်ခွေထိုင်ပြီး မျက်လုံးမှိတ်ကာ အတွင်းအားစုစည်းလိုက်သည်။ ထို့နောက် အတွင်းအားကို လှည့်ပတ်စီးဆင်းစေလိုက်သည်။
ရှောင်လုံက သိုင်းသမားလူရွယ်ကို တစ်ချက်အကဲခတ်ပြီး အဆင်ပြေသွားပုံရသဖြင့် အသာခေါင်းညိတ်သည်။ ထို့နောက် သူ့မမကို လှမ်းကြည့်ပြီး တစ်ဘက်ကို မျက်ရိပ်ပြလိုက်သည်။
နှင်းပန်းလည်း ရှောင်လုံ မျက်ရိပ်ပြသည့်ဘက်သို့ လှေကို မမြန်လှော်ခတ်သွားလိုက်သည်။
ခဏအကြာတွင် လူနှစ်ယောက်ကို ထပ်တွေ့လိုက်ရပြန်သည်။
သိုင်းသမားလူငယ်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း ရေထဲဖော့ကာ မျောလိုက်နေကြသည်။
“ဒီလူနှစ်ယောက်…”
ရှောင်လုံက ထိုသိုင်းသမားလူငယ်နှစ်ယောက်ကို ကြည့်ပြီး မျက်ခုံးပင့်မိသည်။
အသားကင်တစ်ကင်ကို ငွေတုံးဆယ်တုံးနှင့် လဲလှယ်ခဲ့သူနှင့် သူ့အဖော်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ရေထဲက လူရွယ်နှစ်ယောက်ကလည်း လှေကို မြင်လျှင် ဝမ်းသာသွားကြသည်။
“ကယ်ကြပါ…၊ ကျွန်တော်တို့ကို ကယ်ကြပါ”
“အား…၊ မိုးကောင်းကင်၊ ကျေးဇူးတင်ပါတယ်။ နောက်ဆိုရင် ကောင်းမှုတွေ များများ ပိုလုပ်ပါတော့မယ်။ အခုလို ကယ်တင်ပေးတာကို ကျေးဇူးတင်ပါတယ်”
“ဟုတ်တယ်။ နောက်ဆို ကောင်းမှုတွေ များများ လုပ်ပါတော့မယ်။ ကျေးဇူးတင်ပါတယ် မိုးကောင်းကင်”
လူငယ်နှစ်ယောက်က လှေနံဘေးကို ဖမ်းကိုင်ထားလိုက်ကပြီး မိုးကောင်းကင်ကို ကျေးဇူးတင်စကားများ ပြောနေကြသည်။
ရှောင်လုံလည်း ခေါင်းကုတ်မိသည်။ မိုးနတ်မင်းကို ကျေးဇူးတင်သည့်လူနှင့် မိုးကောင်းကင်ကို ကျေးဇူးတင်သည့်လူနှင့်။
“လာကြ…၊ မိုးကောင်းကင်ကို နောက်မှ ကျေးဇူးတင်။ အေးခဲပြီး မသေအောင် လှေပေါ် တက်လာခဲ့ကြ”
ရှောင်လုံက နှစ်ယောက်လုံးကို လှေပေါ် ဆွဲတင်လိုက်သည်။
“ဗွမ်း ဗွမ်း…”
လူငါးယောက် ဖြစ်သွားပြီ ဖြစ်၍ လှေငယ်ကလည်း အတော်နစ်သွားပြီ ဖြစ်သည်။
လူငယ်နှစ်ယောက်မှာ လှေပေါ်ရောက်သည်နှင့် ခိုက်ခိုက်တုန်နေသည့်ကြားမှပင် ကောင်းကင်ကို မော့ကြည့်ပြီး အရိုသေပေးနေကြသည်။ ထို့နောက်တွင်မှ သူတို့က ရှောင်လုံကို ဇဝေဇဝါဖြစ်နေသော မျက်လုံးများဖြင့် တစ်ချက်ကြည့်သည်။ မြင်ဖူးနေသည်ဟူသော အကြည့်မျိုးပင်။
“ကျုပ်က မိုးကောင်းကင်နဲ့ တူလို့ ကြည့်နေကြတာလား။ မြန်မြန် အတွင်းအားစုစည်းပြီး လှည့်ပတ်လိုက်ကြ။ မဟုတ်ရင် မိုးကောင်းကင်လည်း မကယ်နိုင်ဖြစ်သွားမယ်”
“… …”
သိုင်းသမားလူငယ်နှစ်ယောက်လည်း စကားပင် ပြန်မပြောနေတော့ဘဲ တုန်တုန်ချည့်ချည့်နှင့် အားယူ၍ အမြန်တင်ပလ္လင်ခွေထိုင်လိုက်ကြသည်။ ထို့နောက် မျက်လုံးမှိတ်ကာ အတွင်းအားစုစည်းလှည့်ပတ်နေလိုက်ကြတော့သည်။
ရှောင်လုံက ထိုလူရွယ်နှစ်ယောက်ကို ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ဒီလောက်ဆိုရင်တော့ အဆင်ပြေသွားပါပြီ”
ရှောင်လုံက တီးတိုးပြောနေရင်းက မျက်ခုံးတွန့်သွားသည်။
~~မမ…၊ ဟိုဘက်ကို မြန်မြန်~~
ရှောင်လုံက လျှို့ဝှက်အသံပို့ပြီး အလောတကြီး ပြောလိုက်သည်။
နှင်းပန်းလည်း ရှောင်လုံ ကြည့်နေသည့်ဘက်သို့ အမြန်လှော်ခတ်သွားလိုက်သည်။
“ရပြီ အရှိန်လျှော့လိုက်တော့…”
ရှောင်လုံက ပြောပြောဆိုဆိုနှင့် သူ့ကျောပေါ်က လက်နက်သေတ္တာကို ဖြုတ်ချထားခဲ့ပြီး ရေထဲ ထိုးဆင်းသွားလိုက်သည်။
မျက်လုံးမှိတ်၍ အတွင်းအားလှည့်ပတ်နေကြသော လူငယ်သိုင်းသမား သုံးယောက် မျက်လုံးဖွင့်ကြည့်လာသည်။
“သူ ရေထဲ ခုန်ချသွားတယ်”
“ရေထဲ ငုပ်ဆင်းသွားတာ”
“ဘာဖြစ်လို့လဲ။ တစ်ယောက်ယောက် ရေနစ်သွားလို့လား”
လူငယ်သုံးယောက် ပြောဆိုနေချိန်တွင် ရှောင်လုံက ရေထဲကို အမြန်ငုပ်ဆင်းသွားခဲ့သည်။
ရေက အေးစက်မှောင်မည်းနေ၏။
သို့သော် ထိုအေးစက်မှု မှောင်မည်းနေမှုက ရှောင်လုံအတွက် အဟန့်အတား မဖြစ်ပေ။
‘မိပြီ…’
ရှောင်လုံက ရေထဲ နစ်မြုပ်သွားနေသော လူတစ်ယောက်ကို အင်္ကျီလည်ဂုတ်မှ ဖမ်းဆွဲ၍ ရေပေါ်သို့ အမြန်ပြန်တက်လာခဲ့သည်။
“ဖူး…”
ရှောင်လုံက အသက်တစ်ချက်ရှူပြီးနောက် သူ့လက်ထဲက လူကို လှေပေါ် တွန်းတင်လိုက်သည်။
“ဘုန်း…"
လှေက တစ်ဖက်စောင်းပြီး နစ်ကျသွားသည်။ ရေတချို့ပင် ဝင်သွားသည်။
ရှောင်လုံက လှေအခြေနေကို တစ်ချက်ကြည့်ပြီး ခေါင်းခါသည်။ သူထပ်တက်လျှင် လှေက နစ်သွားပေလိမ့်မည်။
လှေပေါ်မှ လူငယ်သုံးယောက်ကလည်း ဘာလုပ်ရမှန်း ဘာပြောရမှန်း မသိဘဲ ရှောင်လုံကို ကြည့်နေခဲ့သည်။ တက်လာပါလို့ ပြောရန်ကလည်း လှေက လူတစ်ယောက် ထပ်တင်ရန် မတတ်နိုင်တော့ပေ။ မတက်လာပါနှင့်ဟု ပြောရန်မှာလည်း ထိုသူတောင်းစားလေးက သူတို့ကို ကယ်တင်ခဲ့သူ ဖြစ်နေသည်။ သူတို့ထဲက တစ်ယောက်ယောက် ရေထဲ ပြန်ဆင်းဖို့ကလည်း အအေးဒဏ်ကို ကြောက်နေကြပြီဖြစ်၍ မဆင်းရဲအောင် ဖြစ်နေကြသည်။
ရှောင်လုံက ပြုံးလိုက်ပြီး သူ့မမကို ခေါင်းညိတ်ပြလိုက်သည်။
~~သူတို့ကို ကျွန်းပေါ် ခေါ်သွားလိုက်တော့ မမ။ ဒီတစ်ယောက် မြန်မြန် ကုပေးဖို့ လိုနေတယ်~~
ရှောင်လုံက သတိလစ်နေသော ရေနစ်သူကို ကြည့်ပြီး လျှို့ဝှက်အသံဖြင့် ပြောလိုက်သည်။
~~မောင်လေးကရော~~
~~ကျွန်တော် ရေနည်းနည်း ကူးကစားလိုက်ဦးမယ်။ ပြီးမှ လိုက်လာခဲ့မယ်။ ဟီးဟီး…~~
ရှောင်လုံ၏ စကားကြောင့် နှင်းပန်းက ခေါင်းအသာခါသည်။ သူ့မောင်လေးက အအေးလည်း မကြောက်သလို ရေထဲတွင်လည်း အလွန်ရေကူးတော်မှန်းသိနေ၍ မစိုးရိမ်မိပေ။ အေးခဲနေသော လန်ဆုရေကန်လို နေရာမှာပင် ရေကူးရေငုပ် လုပ်နေသေးသူ မဟုတ်ပါလား။
~~အင်း…၊ ဒါဆို မမ သွားမယ်။ အကြာကြီး ဆော့မနေနဲ့~~
~~ဟုတ်ကဲ့ မမ၊ ကျွန်တော့်သေတ္တာကို သိမ်းထားပေးဦးနော်~~
~~အင်း…~~
နှင်းပန်းက ပြောပြီးသည်နှင့် ကျွန်းဘက်သို့ ဦးတည်လှော်ခတ်သွားခဲ့သည်။
လှေထဲမှ လူငယ်သိုင်းသမားသုံးယောက်မှာ ရေထဲ ကျန်ခဲ့သော ရှောင်လုံကို ကြည့်ရင်း မျက်ရည်ဝဲနေကြသည်။
“မိုးနတ်မင်း…၊ မိုးနတ်မင်းက သူတောင်းစားလေး အယောင်ဆောင်ပြီး ငါ့ကို ဆင်းကယ်ခဲ့တာ ဖြစ်မယ်။ အား…မိုးနတ်မင်း…။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်”
မိုးနတ်မင်းမှ မိုးနတ်မင်းဆိုသူ လူငယ်က ရှောင်လုံကို အကြိမ်ကြိမ် ဦးညွှတ်ကာ ကျေးဇူးတင်နေလေ၏။
“မိုးကောင်းကင်…၊ အဲဒါ မိုးကောင်းကင်က ပို့လိုက်တဲ့ ကောင်းကင်တမန်တော်ဖြစ်လိမ့်မယ်။ ငါတို့ကို ကယ်ဖို့ လွှတ်လိုက်တာ။ မိုးကောင်းကင်…၊ အရင်ကထက် ပိုပြီး ပူဇော်ပါ့မယ်။ မိုးကောင်းကင်ကို ကျေးဇူးတင်ပါတယ်”
နှင်းပန်းမှာ ထိုလူငယ်သုံးယောက်ကို ကြည့်ပြီး ပြောစရာစကား မရှိအောင် ဖြစ်သွားခဲ့သည်။
ရှောင်လုံလည်း ထို့အတူပင်။
‘ငါက ဘာလဲ။ မိုးကောင်းကင်လား…။ မိုးနတ်မင်းလား…။ သရဲတစ္ဆေလား…’
ရှောင်လုံတစ်ယောက် တွေးရင်း သူ့ကိုယ်သူ ဇဝေဇဝါ ဖြစ်လာသည်။
ထို့နောက် သူက ကမ်းဘက်သို့ လှမ်းကြည့်ကာ တီးတိုး ရေရွတ်သည်။
“တစ်ယောက်ယောက်ကတော့ ထပ်အရိုက်ခံချင်နေပုံပဲ”
ကမ်းပေါ်တွင် သရဲနက်က လရိပ်ကျွန်းပေါ်က မှိတ်တုတ်မှတ်တုတ် မီးရောင်ကို လှမ်းကြည့်ကာ ပြုံးနေခဲ့သည်။
“ကြွက်ကလေးတွေ ကျွန်းပေါ်မှာ ပုန်းနေကြတယ်ပေါ့။ ဟင်းဟင်းဟီးဟီးဟီး…”
ထို့နောက် ဘယ်က ရှာလာမှန်းမသိသော လှေငယ်တစ်စင်းကို ရေထဲ တွန်းချလိုက်ပြီး လူလည်း တစ်ခါတည်း ခုန်တက်ကာ လိုက်ပါသွားလေ၏။
“ဝေါ…ရှော…”
“ဝှစ်…”
အခန်း(၃၃၀)ပြီး
စာစဉ်(၁၈)ပြီး