ထိုအခါမှသာ ဟွမ်ရုံသည် ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူမ ချောက်ကမ်းပါး အောက်သို့ ပြုတ်ကျမသွားသည့် အပြင်၊ ဝေဟင်ထဲတွင် အလွန် တည်ငြိမ်စွာ ပျံသန်းနေသည်ကို တွေ့လိုက်ရသောအခါ သူမ တစ်ကိုယ်လုံး အံ့သြ မှင်သက်သွားတော့သည်။ "ဒါ... ဒါက..."
"ငါ့ရဲ့ ပုံစံက ရုတ်တရက် အများကြီး ခန့်ညား ကြီးကျယ် သွားတယ်လို့ ခံစားလိုက်ရတယ် မဟုတ်လား။ ဒီလိုမျိုး ဘယ်လို လုပ်လိုက်လဲ ဆိုတာကို မေးချင်နေပြီ မဟုတ်လား " စုန့်ချင်းရှုက သူမကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်ရင်း ပြောလိုက်သည်။
ဟွမ်ရုံ တကယ်ပဲ သူ ဘယ်လို လုပ်လိုက်သလဲ ဆိုတာကို မေးရန် ရည်ရွယ်ထားသော်လည်း၊ သူက ဤသို့ ပြောလိုက်သောအခါ သူမ အနေဖြင့် ဆက်လက် မေးရန် ရှက်သွားတော့သည်။ ထို့ကြောင့် ဉာဏ်နီဉာဏ်နက် ထုတ်ကာ အခြား မေးခွန်း တစ်ခုကို ပြောင်းမေးလိုက်သည်။ " ရှန်းရို့က ဘယ်သူလဲ။"
စုန့်ချင်းရှု၏ အသက်ရှူသံ ရုတ်တရက် ရပ်တန့်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "မင်းက ဘာလို့ ပုံမှန် အတိုင်း မမေးရတာလဲ "
ဟွမ်ရုံ၏ သွက်လက်သော မျက်လုံးလေးများထဲတွင် ကောက်ကျစ်သည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။ "ဒီ နာမည်ကို ကြားရတာ မိန်းမ တစ်ယောက်ရဲ့ နာမည်နဲ့ တူတယ်။ ကျိုးမိန်းကလေးတို့... အားကျိုးတို့ ဆီကို သွားတိုင်လိုက်မှာကို ရှင် မကြောက်ဘူးလား "
"သွားတိုင်လေ... အဲဒီကျရင် မင်းကလည်း သူတို့ရဲ့ ညီအစ်မ တစ်ယောက် ဖြစ်သွားပြီ ဆိုတာကိုပါ ထည့်ပြောဖို့ မမေ့နဲ့ဦး " စုန့်ချင်းရှုက တဟားဟား ရယ်မောလိုက်သည်။
"အရှက်မရှိတဲ့ ကောင် " ဟွမ်ရုံက မျက်နှာလေး နီရဲစွာဖြင့် တံတွေးထွေးလိုက်သော်လည်း တကယ်တော့ စိတ်မဆိုးခဲ့ပေ
ထိုအခါမှသာ စုန့်ချင်းရှုက နောက်လှည့်ကာ ချောက်ကမ်းပါး အစွန်းတွင် ကျန်ရစ်ခဲ့သော ဝမ်ယန်လျန်တို့ အဖွဲ့ကို ကြည့်ပြီး ဟားတိုက် ရယ်မောလိုက်သည်။ "မင်းသား ချထားတဲ့ ကောင်းကင် ပိုက်ကွန်၊ မြေပြင် ထောင်ချောက် ဆိုတာလည်း ဒီလောက်ပဲလား၊ 'ဟိုင်လင်မင်းသား(ဝမ်ယန်လျန်ဘွဲ့)ရဲ့ အကြံအစည်တွေက လောကကို အုပ်စိုးနိုင်တယ်ပြောကြပေမယ့် ဇနီးကိုလည်း ဆုံးရှုံး၊ စစ်တပ်ကိုလည်း ဆုံးရှုံးရသည်' ဆိုတဲ့ စကားပုံ လို ဖြစ်နေပြီ "
စကားပြောနေရင်းနှင့်ပင် ဟွမ်ရုံ၏ ပါးပြင်လေးကို ဂုဏ်ယူဝင့်ကြွားစွာ နမ်းလိုက်ရာ၊ ဟွမ်ရုံကို အပိုင်သိမ်းရန် အသေအချာ ဆုံးဖြတ်ထားသော ဝမ်ယန်လျန်မှာ ဒေါသထွက်လွန်း၍ မျက်လုံးများပင် ပေါက်ထွက်မတတ် ဖြစ်သွားတော့သည်။ စုန့်ချင်းရှု၏ သရုပ်မှန်ကို သိထားသော အိုးရန်ဖုန်းလည်း ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ 'သူက ဟွမ်ရုံကို တကယ်ပဲ နမ်းလိုက်တာလား ပြီးတော့ ဟွမ်ရုံရဲ့ တုံ့ပြန်မှုကို ကြည့်ရတာ... အရမ်းကြီး ဒေါသထွက်နေပုံ လည်း မပေါ်ဘူး...'
အိုးရန်ဖုန်း၏ မျက်နှာထားမှာ တဖြည်းဖြည်း ဒေါသမှ ဝမ်းသာမှုသို့ ပြောင်းလဲသွားပြီး ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာတော့သည်။ 'ဤတစ်ကြိမ် ဟွမ်ရုံ လွတ်မြောက်သွားသော်လည်း သူမ ရသွားသော ဖြေဆေးက အတု ကြီး ဖြစ်နေသည်။ ကော်ကျင့် သောက်လိုက်ပါက ချက်ချင်း သေဆုံးသွားမည်မှာ သေချာသည်။ ဟွမ်ရုံ ဆိုသည့် ကောင်မလေးကတော့... ကြည့်ရတာ စုန့်ချင်းရှုနဲ့ တစ်ခုခု ပတ်သက်မှု ရှိနေပုံရတယ်... အရင်တစ်ခေါက် ရွှေမြွေတပ်စခန်းမှာ ငါ လုပ်ခဲ့တာတွေက တကယ်ပဲ အရာထင်သွားခဲ့ပြီ ထင်တယ်။'
မိမိ၏ အကြီးမားဆုံး ရန်သူ ဖြစ်သော ကော်ကျင့်နှင့် ဟွမ်ရုံတို့ ဇနီးမောင်နှံ၊ တစ်ယောက်က အသက် သေဆုံးရပြီး၊ တစ်ယောက်က ကိုယ်ကျင့်တရား ပျက်ပြားရတော့မည်ကို တွေးမိသောအခါ၊ အိုးရန်ဖုန်း၏ ရင်ထဲတွင် ဤ ဆယ်စုနှစ် များစွာ အတွင်း ခံစားခဲ့ရသော မကျေနပ်မှုများ အားလုံး တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားပြီး သူ၏ ရင်တွင်းမှ ခံစားချက်များကို အားရပါးရ အော်ဟစ် ဖော်ထုတ်ပစ်ချင်စိတ် ပေါက်လာတော့သည်။ သို့သော် ဝမ်ယန်လျန်၏ မျက်နှာထား အလွန် ဆိုးရွားနေသည်ကို မြင်သောအခါ သူက လိမ္မာပါးနပ်စွာ နှုတ်ပိတ်နေလိုက်သည်။
စုန့်ချင်းရှုက လူအများ မျက်စိရှေ့တွင် မိမိကို နမ်းလိမ့်မည်ဟု ဟွမ်ရုံ လုံးဝ မထင်မှတ်ထားခဲ့သဖြင့် ချက်ချင်း ရှက်လည်း ရှက်၊ ဒေါသလည်း ထွက်သွားတော့သည်။ "ရှင် ဘယ်လို လုပ်လိုက်တာလဲ "
စုန့်ချင်းရှုက သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "... အဲဒီလောက် အထိတောင် လုပ်ပြီးသွားပြီပဲ နမ်းတာလေး လောက်ကိုတောင် မရဘူးလား "
ဟွမ်ရုံသည် သူ၏ ပွင့်လင်း ရဲတင်းသော စကားများကို တဖြည်းဖြည်း အသားကျလာပြီ ဖြစ်ရာ မနေနိုင်ဘဲ နှာခေါင်းရှုံ့လိုက်သည်။ "ရှင် ကတိပေးထားတယ်လေ... အပြင်လူတွေ ရှေ့မှာ ကျွန်တို့ရဲ့ ဆက်ဆံရေးကို ထုတ်မပြဘူး ဆိုတာ "
စုန့်ချင်းရှုက ဂရုမစိုက်သလို ပြန်ပြောသည်။ "ဘယ်လိုပဲ ဖြစ်ဖြစ် ငါက မျက်နှာဖုံး တပ်ထားတာပဲ ငါ ဘယ်သူလဲ ဆိုတာ ဘယ်သူမှ မသိတာ ကောင်းပါပြီ... ကောင်းပါပြီ အခုလို ကောင်းကင် ကနေ တောင်တန်းတွေ မြစ်တွေကို ငုံ့ကြည့်ရတဲ့ အခွင့်အရေးက အမြဲတမ်း ရတာ မဟုတ်ဘူး မင်း အချိန်ကို တန်ဖိုးထားပြီး ဒီရှုခင်းတွေကို သေချာ ခံစားကြည့်တာ ပိုကောင်းမယ် "
ဟွမ်ရုံက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း သူ၏ သတိပေးမှုကြောင့် အောက်ဘက်ရှိ လှပသော ရှုခင်းများကို သတိထားမိသွားသည်။ သူမသည် ကိုယ်ဖော့ပညာကို တတ်ကျွမ်းသော်လည်း ဤကဲ့သို့ ကောင်းကင်ထဲတွင် ပျံသန်းရသည့် အတွေ့အကြုံမျိုး တစ်ခါမှ မရှိခဲ့ဖူးရာ၊ သူမ၏ အာရုံများက ဤ ထူးခြားသော ရှုခင်းများ ဆီသို့ လျင်မြန်စွာ ရောက်ရှိသွားတော့သည်။
"အရင်တုန်းက အနောက်ဘက် ဒေသ ခွာရက်ဇမ်(Khwarezm)မှာ အစ်ကိုကျင့်က နွားသားရေတွေကို သုံးပြီး စစ်တပ် ကြီး တစ်ခုလုံးကို ကောင်းကင် ပေါ်ကနေ ဆင်းသက်လာအောင် လုပ်ခဲ့သေးတယ်၊ အဲဒီ အကြံအစည်ကို ငါ အရမ်း ဂုဏ်ယူခဲ့ရတာ ဒါပေမယ့် အခု စုန့်ချင်းရှုရဲ့ ဒီ 'စွန်' နဲ့ ယှဉ်လိုက်တော့... တကယ်ကို ဘာမှ ပြောပလောက်စရာ မရှိတော့ဘူးပဲ..." အရင်က အဖြစ်အပျက်များကို ယခု ကြုံတွေ့နေရသော အခြေအနေနှင့် တွဲဖက် စဉ်းစားမိသောအခါ၊ ဟွမ်ရုံ တစ်ယောက် ခဏတာ အသိစိတ် လွတ်သွားသကဲ့သို့ ဖြစ်သွားသည်။
ဟွမ်ရုံ တစ်ယောက်တည်း အတွေးလွန်နေခြင်း မဟုတ်ဘဲ စုန့်ချင်းရှု ကိုယ်တိုင်လည်း အရင်က အဖြစ်အပျက်များကို ပြန်လည် သတိရနေမိသည်။ ဤမြင်ကွင်းက သူ့ကို အရင်က ဟေးမုကမ်းပါးတွင် ဒေါင်ဖန်းမုရွှယ်ကို ခေါ်ဆောင်ကာ ဓားပျံ စီးပြီး ထွက်ပြေးခဲ့ရသည့် အချိန်များကို သတိရသွားစေသည်။
ဤတစ်ကြိမ် သူ ဓားပျံ မစီးဘဲ လေဟုန်စီးစက်(ဂလိုက်ဒါ)ကို အချိန်ယူ ဖန်တီးခဲ့ရခြင်းမှာ ဓားပျံ စီးရခြင်းက အလွန် အန္တရာယ် များလွန်းသောကြောင့် ဖြစ်သည်။ အနည်းငယ်မျှ သတိလွတ်သွားသည်နှင့် ဓားကျိုးပြီး လူပါ သေဆုံးသွားနိုင်သည့် အခြေအနေ ဖြစ်သည်။ အရင်က တစ်ကြိမ် အောင်မြင်ခဲ့ဖူးသော်လည်း သေမင်းနှင့် အသက်လု ခဲ့ရသော ထို ထိတ်လန့်ဖွယ် ခံစားချက်ကို သူ လုံးဝ ထပ်မံ မစမ်းသပ်ချင်တော့ပေ အရင်က ဟေးမုကမ်းပါးတွင် ရွေးချယ်စရာ မရှိသဖြင့် အောက်သို့ ခုန်ချခဲ့ရခြင်း ဖြစ်ပြီး ယခု အချိန် အလုံအလောက် ရနေချိန်တွင် ဤကဲ့သို့ အန္တရာယ် စွန့်စားစရာ အကြောင်း မရှိပေ
ထို့အပြင် အရင်က ဟေးမုကမ်းပါးတွင် ဓားပျံ စီးခြင်း အောင်မြင်ခဲ့ရသည့် အဓိက အကြောင်းရင်းမှာ၊ တောင်က အလွန် မြင့်မားသဖြင့် ပျံသန်းရန် လုံလောက်သော အရှိန်ကို ရရှိနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ယခု ချောက်ကမ်းပါးမှာမူ ထို အခြေအနေမျိုး မရှိရာ ပျံသန်းရန် လိုအပ်သော အရှိန်ကို မရခင်မှာပင် မြေကြီးပေါ်သို့ ပြုတ်ကျ သေဆုံးသွားနိုင်သည်။
လေဟုန်စီးစက် ဖန်တီးရန် အတွက် ကတော့ ယခင်ဘဝက အတွေ့အကြုံများ ရှိထားသဖြင့် အရမ်းကြီး မခက်ခဲလှပေ သတိထားရမည့် တစ်ခုတည်းသော အချက်မှာ ပျံတက်ချိန်တွင် လေညာ(လေဆန်) ဘက်သို့ မျက်နှာမူရန် လိုအပ်ခြင်းပင် ဖြစ်သည်။ ဤအချက်များ အားလုံးကို စုန့်ချင်းရှုက ကြိုတင် လေ့လာ ပြင်ဆင်ထားပြီး ဖြစ်သည်။
ဟွမ်ရုံ၏ ကိုယ်ပေါ်မှ သင်းပျံ့သော ရနံ့လေးကို ရှူရှိုက်ရင်း စုန့်ချင်းရှုက သူမ၏ ပါးပြင် နားသို့ ခေါင်းတိုးသွားကာ မေးလိုက်သည်။ "ရုံအာ... အခု အရမ်း ရိုမက်တစ်ဆန်တယ်လို့ မခံစားရဘူးလား "
"ရိုမက်တစ်ဆန်တယ် ဆိုတာ ဘာလဲ " ဟွမ်ရုံက သံသယဖြင့် ပြန်မေးလိုက်သည်။
"အင်း..." စုန့်ချင်းရှု အနည်းငယ် ဆွံ့အသွားပြီး စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ "ရိုမက်တစ်ဆန်တယ် ဆိုတာ မင်းကို မိန်းမပျိုလေးတစ်ယောက်လို ခံစားရစေပြီး ကဗျာဆန်ဆန် စိတ်ကူးယဉ် မှုတွေ ပြည့်နှက်လာစေတာပေါ့... အခု မင်း ရင်တွေ ခုန်မြန်လာပြီး၊ တစ်ကိုယ်လုံး ပူနွေးလာပြီး ငါ့အပေါ်မှာ ထူးခြားတဲ့ သံယောဇဉ်တစ်ခု ဖြစ်လာတယ် မဟုတ်လား "
"ဟွန်း... စိတ်ကူးယဉ်မနေနဲ့" ဟွမ်ရုံက နှာခေါင်းရှုံ့လိုက်သော်လည်း သူမ၏ ရင်ထဲတွင်တော့ ဇဝေဇဝါ ဖြစ်နေမိသည်။ ယခုအချိန်တွင် သူမ တကယ်ပဲ ရင်တွေ အရမ်း ခုန်မြန်နေသည်။ ဤသည်မှာ ရိုမက်တစ်ဆန်ခြင်း၏ ခံစားချက်များလား
ဟွမ်ရုံ၏ တွေဝေနေသော အမူအရာကို မြင်သောအခါ စုန့်ချင်းရှုက တိတ်တဆိတ် ဂုဏ်ယူလိုက်မိသည်။ 'ငါ နည်းနည်းလေးတော့ အောက်တန်းကျ လွန်းရာ ကျမလား မသိဘူး လေဟုန်စီးစက် စီးတယ် ဆိုတာ အန္တရာယ် များတဲ့ အားကစား တစ်ခုပဲ သေချာပေါက် ရင်ခုန် မြန်လာမှာပေါ့ အဲဒီကြိုးတံတား အကျိုးသက်ရောက်မှုကို အသုံးချပြီး ဟွမ်ရုံကို ရင်ခုန်တယ် ဆိုတဲ့ အထင်အမြင်လွဲမှားမှု မျိုး ဖြစ်လာအောင် လုပ်လိုက်တာ... ဟားဟား... ငါက တကယ့်ကို ပါရမီရှင် ပဲ။'
ဟွမ်ရုံ တွေဝေမှု များထဲမှ သတိပြန်ဝင်လာချိန်တွင် စုန့်ချင်းရှုက သူမကို စတင် ထိတွေ့ ကိုင်တွယ် နေပြီ ဖြစ်ရာ သူမ အနေဖြင့် သတိမဝင်၍ မရနိုင်တော့ပေ "ရှင်... ရှင် ဘာလုပ်နေတာလဲ "
"ငါတို့ မကြာခင် လမ်းခွဲ ရတော့မယ် ဆိုတာ တွေးမိတိုင်း... ငါ အရမ်း လွမ်းနေရတော့မှာပဲ " စုန့်ချင်းရှုက သက်ပြင်းချလိုက်သည်။ ဟွမ်ရုံ အနေဖြင့် ဤကိစ္စ ပြီးဆုံးသွားပါက ဆက်လက် ကျန်ရှိနေရန် အကြောင်းပြချက် မရှိတော့ပေ
ဟွမ်ရုံက နှုတ်ခမ်းကို တင်းတင်း ကိုက်ကာ ဒေါသတကြီး ပြန်ပြောသည်။ "ရှင့်ရဲ့ လွမ်းတယ် ဆိုတဲ့ အဓိပ္ပါယ်က... ဒါလား "
"ဟုတ်တယ်လေ" မိမိ၏ အပြုအမူကို လူမိသွားသော်လည်း စုန့်ချင်းရှုက အနည်းငယ်မျှ ရှက်ရွံ့သည့် အရိပ်အယောင် မပြပေ "ဒီလောက် ကျယ်ဝန်းတဲ့ ကောင်းကင်ယံ ကြီးထဲမှာ ချစ်ရတာ ဘယ်လောက်တောင် ရိုမက်တစ်ဆန်လိုက်လဲ"
"အွန်း... အွန်း..." ဟွမ်ရုံက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ၊ သူမ၏ နှုတ်ခမ်းလေးများ လုံးဝ ပိတ်ဆို့ခံလိုက်ရပြီး စကား တစ်ခွန်းမှ ဆက်ပြော၍ မရနိုင်တော့ပေ အစပိုင်းတွင် ဟွမ်ရုံ၏ ခန္ဓာကိုယ်လေး တောင့်တင်းသွားသော်လည်း သိပ်မကြာခင်မှာပင် ပျော့ခွေသွားပြီး အရိုး မရှိသကဲ့သို့ ပျော့သွားကာ၊ ဖက်ထားရသူကို ရင်ခုန် မြန်လာစေတော့သည်။
အချိန်မည်မျှ ကြာသွားသည် မသိ၊ ဟွမ်ရုံ မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ မြေကြီးနှင့် အလွန် နီးကပ်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့်၊ စုန့်ချင်းရှုကို အလျင်အမြန် တွန်းဖယ်လိုက်သည်။ "ဆက်မလုပ်နဲ့တော့... တခြား လူတွေ မြင်သွားလိမ့်မယ် "
"ဒီ တောကြိုတောင်ကြား မှာ ဘယ်သူကများ မြင်နိုင်မှာလဲ " စုန့်ချင်းရှုက ဂရုမစိုက်သလို ပြန်ပြောရင်း၊ သူမ၏ ရင်ဘတ်ပေါ်တွင် ဆက်လက် ရှာဖွေ စူးစမ်း နေဆဲ ဖြစ်သည်။
ထိုစကား ဆုံးသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် အလွန် ပြင်းထန်သော လေခွင်းသံ တစ်ခု ထွက်ပေါ်လာတော့သည်။ စုန့်ချင်းရှု လန့်သွားပြီး လေဟုန်စီးစက်ကို အလျင်အမြန် ထိန်းချုပ်ကာ ဘေးသို့ ရှောင်တိမ်းလိုက်သည်။ သူက ရန်သူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း လေဟုန်စီးစက် ကတော့ ထိုမျှ ကံမကောင်းခဲ့ပေ စက်ပေါ်တွင် အတော်လေး ကြီးမားသော အပေါက် တစ်ခု ဖြစ်ပေါ်သွားပြီး မည်သည့် လက်နက် ဖြင့် အပစ်ခံလိုက်ရသလဲ ဆိုသည်ကိုတော့ သေချာ မသိရပေ
စုန့်ချင်းရှု ဆက်လက် ဟန်ချက် မထိန်းနိုင်တော့ဘဲ လေဟုန်စီးစက်မှာ ယိမ်းယိုင်ကာ သစ်တော ထဲသို့ ထိုးကျ သွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် မြေကြီးနှင့် သိပ်မကွာတော့သဖြင့်၊ စုန့်ချင်းရှု၏ ကိုယ်ဖော့ပညာနှင့် သစ်ပင်များ၏ အရှိန်လျှော့ချ ပေးမှုကြောင့် သူနှင့် ဟွမ်ရုံတို့ ဒဏ်ရာ မရခဲ့ပေ
မလှမ်းမကမ်းတွင် ရပ်နေသော လူနှစ်ယောက်၏ ရုပ်သွင်ကို မြင်လိုက်ရသောအခါ စုန့်ချင်းရှုနှင့် ဟွမ်ရုံတို့၏ မျက်နှာထားမှာ အလွန် ထူးဆန်းသွားတော့သည်။
***