လူနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ထွက်ခွာသွားကြပြီးနောက် ဟွမ်ယောင်ရှီသည် နောက်မှ လိုက်မသွားတော့ဘဲ၊ နေရာတွင်ပင် ရပ်ကာ မည်းမှောင်သော မျက်နှာထားဖြင့် ဘာတွေ စဉ်းစားနေသလဲ ဆိုတာကို မည်သူမျှ မသိနိုင်ပေ။
"အဖေ..." ဟွမ်ရုံက အပြစ်ရှိသလိုခံစားရပြီး တိုးတိုးလေး ခေါ်လိုက်သည်။
"အင်း " ဟွမ်ယောင်ရှီက ပေါ့ပေါ့ပါးပါး ထူးလိုက်ပြီး "သမီး ဒဏ်ရာ မရဘူး မဟုတ်လား "
"မ... မရပါဘူး " ဟွမ်ရုံက အလျင်အမြန် ပြန်ဖြေလိုက်ပြီးနောက် ပတ်ဝန်းကျင်မှာ ထပ်မံ တိတ်ဆိတ်သွားပြန်သည်။
ဟွမ်ရုံလည်း ဤ ထူးဆန်းသော တိတ်ဆိတ်မှုကို ဆက်လက် သည်းမခံနိုင်တော့သဖြင့် အရင်ဆုံး စကားစကာ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။ "အဖေ... အဖေနဲ့ ကျိုးပေါ်ထုံးက ဘယ်လို လုပ်ပြီး ဒီကို ရောက်နေကြတာလဲ "
ဟွမ်ယောင်ရှီ မျက်မှောင် အနည်းငယ် ကြုံသွားပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "အဖေက လောက တစ်ခွင် လှည့်လည် သွားလာရင်းနဲ့ ခိုင်ဖုန်းမြို့ကို အဖြတ်မှာ သမီးနဲ့ ကော်ကျင့်တို့ အန္တရာယ် ကြုံနေရတယ် ဆိုတာ ကြားလို့ လာကြည့်တာ လမ်းမှာ ကျိုးပေါ်ထုံးနဲ့ ဆုံတော့ သူကလည်း အတင်း လိုက်ချင်တယ် ဆိုလို့ ခေါ်လာတာ... အခုလို သမီးတို့နဲ့ လာဆုံလိမ့်မယ် လို့ မထင်ထားခဲ့ဘူး..."
ဟွမ်ရုံ မျက်နှာလေး နီရဲသွားပြီး အကြည့်လွှဲသွားကာ ပြောလိုက်သည်။ "ဝမ်းနည်းစရာ ကောင်းတာက အဲဒီ ခွေးကောင် ထွက်ပြေးသွားတာပဲ "
"ဟုတ်လို့လား" ဟွမ်ယောင်ရှီက မယုံကြည်သည့် အသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူမကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်နေသည်။
သူ၏ အကြည့်များကြောင့် ဟွမ်ရုံ တစ်ကိုယ်လုံး နေရခက်သွားပြီး သဘာဝမကျစွာ ပြုံးကာ ပြောလိုက်သည်။ "အဖေ... ဘာလို့ ရုံအာကို အဲဒီလို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်နေရတာလဲ "
ဟွမ်ယောင်ရှီက ရှည်လျားစွာ သက်ပြင်းချလိုက်သည်။ "ရုံအာ... သမီး ဘာလို့ သူ့ကို တမင် လွှတ်ပေးလိုက်ရတာလဲ "
"ရှင်" ဟွမ်ရုံ မျက်နှာ ပျက်သွားသည်။ "အဖေ ဘာတွေ ပြောနေတာလဲ... ရုံအာ နားမလည်ဘူး "
"သမီးက အဖေ့ကိုတောင် ဟန်ဆောင် နေဦးမလို့လား" ဟွမ်ယောင်ရှီ မျက်မှောင်ကြုတ်သွားသည်။ "ခုနက သမီးသာ သူ့ကို တမင်တကာ ဝင်မကာကွယ်ပေးဘူး ဆိုရင်၊ အဖေက သူ့ကို လက်ဝါး တစ်ချက်တည်းနဲ့ သတ်ပစ်ပြီးပြီ "
"အဖေ အတွေးလွန်နေပြီ " ဟွမ်ရုံက နှုတ်ခမ်းကို တင်းတင်း ကိုက်ထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမသည် အိမ်ထောင်သည် မိန်းမ တစ်ယောက် ဖြစ်ရာ၊ အခြား ယောကျ်ား တစ်ယောက်ကို ကာကွယ်ပေးသည် ဆိုသည့် သတင်း ထွက်သွားပါက နားထောင်လို့ ကောင်းမည် မဟုတ်ပေ ထို့ကြောင့် တစ်ဖက်လူက ဖခင် ဖြစ်နေလျှင်တောင်မှ သူမ အမှန်တိုင်း မပြောချင်ခဲ့ပေ
"ဟုတ်လို့လား " ဟွမ်ယောင်ရှီ၏ မျက်နှာပေါ်တွင် သိသာထင်ရှားသော ဒေါသ အရိပ်အယောင်များ ပေါ်လာသည်။ "ခုနက အဖေ အတွေးလွန်သွားတာ ဆိုရင်တောင်မှ... အရင်က သမီးတို့ နှစ်ယောက် ကောင်းကင် ပေါ်မှာ တုန်းက... အဲဒီ ယောကျ်ားက သူ့လက်နဲ့.... သမီးကို ပွတ်သပ်နေတာကို၊ သမီးက နည်းနည်းလေးတောင် ရုန်းကန် ငြင်းဆန်တဲ့ ပုံ မပေါ်ဘူး အဲဒါကလည်း အဖေ တွေးလွန်နေတာပဲလား "
ဟွမ်ရုံ စကားပြောမထွက်တော့ဘဲ ခေါင်းငုံ့ကာ အင်္ကျီစကို ဆွဲလိမ်ရင်း၊ ခြေဖျားလေးကိုသာ စိုက်ကြည့်ကာ တိတ်ဆိတ် နေမိတော့သည်။
ဟွမ်ယောင်ရှီက သက်ပြင်းချလိုက်သည်။ "ရုံအာ... အဖေက ကော်ကျင့် ဆိုတဲ့ ငတုံးလေးကို သမက် အဖြစ် အမြဲတမ်း သဘောမကျခဲ့ပေမယ့်၊ သမီးက သူ့ရဲ့ ဇနီး ဖြစ်နေပြီပဲလေ ဘယ်လိုလုပ် ဒီလို ကိစ္စမျိုးကို လုပ်ရက်ရတာလဲ ခုနက အဖေကသာ သမီး အနိုင်ကျင့် ခံနေရတယ်လို့ အရင်ဦးအောင် မပြောလိုက်ရင်... လောက ကိစ္စ ဘာမှ နားမလည်တဲ့ ကျိုးပေါ်ထုံး ဆိုတဲ့ အဘိုးကြီး တောင် တစ်ခုခု ရိပ်မိသွားလောက်ပြီ "
"အဖေ... အဖေ ထင်နေသလို မဟုတ်ပါဘူး... ရုံအာ... ရုံအာ..." ဟွမ်ရုံက အစ်ကိုကျင့်အပေါ် သစ္စာဖောက်တဲ့ ကိစ္စမျိုး မလုပ်ချင်ပါဘူး လို့ ရှင်းပြချင်သော်လည်း၊ ဤရက်ပိုင်း အတွင်း ကော်ကျင့်အပေါ် သစ္စာဖောက်တဲ့ ကိစ္စတွေ အများကြီး လုပ်ခဲ့ပြီးပြီ ဖြစ်ကြောင်း ပြန်တွေးမိသောအခါ၊ ထိုစကားကို ပါးစပ်မှ ထုတ်ပြောရန် လုံးဝ မဝံ့မရဲ ဖြစ်သွားတော့သည်။
"အဲဒီ ယောကျ်ားက ဘယ်သူလဲ" ဟွမ်ယောင်ရှီက လေးနက်သော အသံဖြင့် မေးလိုက်သည်။
ဟွမ်ရုံက နှုတ်ခမ်းကို တင်းတင်း ကိုက်ကာ မျက်နှာကို တစ်ဖက်သို့ လှည့်သွားပြီး ဖခင်၏ မေးခွန်းကို လျစ်လျူရှု ထားလိုက်သည်။
"သမီး အခုထိ သူ့ကို ကာကွယ်ပေး နေတုန်းပဲလား " ဟွမ်ယောင်ရှီ ဒေါသထွက်သွားသည်။ "အခြေအနေကို ပြန်လည် ကုစားလို့ ရနိုင်သေးတဲ့ အချိန်မှာ၊ အဲ့ဒီလူကို အဖေသတ်ပေးမယ်။ ဒါဆိုရင် ဒီကိစ္စကို ကောင်းကင် သိမယ်၊ မြေကြီး သိမယ်၊ သမီး သိမယ်၊ အဖေ သိမယ်... ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး မဟုတ်ရင် ကော်ကျင့် ဆိုတဲ့ ငတုံးလေးက ဘယ်လောက်ပဲ ထုံထိုင်းပါစေ... တစ်နေ့နေ့ကျရင် တစ်ခုခု ရိပ်မိသွားမှာ သေချာတယ်။"
"အဖေ... ရုံအာကို အတင်း အကျပ် မလုပ်ပါနဲ့တော့ " ဟွမ်ရုံ မျက်နှာ ဖြူရော်သွားပြီး ခန္ဓာကိုယ်လည်း မသိမသာ တုန်ရီလာတော့သည်။
ဟွမ်ယောင်ရှီက သူမကို အဓိပ္ပါယ်ပါပါ စူးစိုက်ကြည့်လိုက်သည်။ "ရုံအာ... သမီး အဖေကို အရှေ့ပိုင်းမိစ္ဆာလို့ ခေါ်ကြပြီး လူ့ကျင့်ဝတ် တွေကို ဂရုမစိုက်ဘူး လို့ ဆိုကြပေမယ့်၊ အဖေ ဂရုမစိုက်တာက အဲဒီ အဓိပ္ပါယ် မရှိတဲ့ စည်းကမ်းတွေ၊ အမှိုက်တွေကိုပဲ။ တကယ်လို့ ကော်ကျင့် ဆိုတဲ့ ကောင်လေးသာ သေသွားခဲ့ရင် သမီး နောက်အိမ်ထောင် ပြုမယ် ဆိုရင် အဖေက ပထမဆုံး ထောက်ခံမယ့်သူပဲ ဒါပေမယ့် အခု သမီးက ကော်သခင်မ ဖြစ်နေတုန်းပဲ"
ဟွမ်ယောင်ရှီသည် တစ်သက်လုံး တစ်ဦးတည်းသော ဇနီးအပေါ်သာ သစ္စာရှိခဲ့သူ ဖြစ်ပြီး ဖောက်ပြန်တတ်သော ယောကျ်ားများကို အမုန်းဆုံးသူ ဖြစ်သည်။ ကော်ကျင့်တွင် အားနည်းချက်များ အများကြီး ရှိသော်လည်း အနည်းဆုံးတော့ သမီးဖြစ်သူအပေါ် တစ်သက်လုံး သစ္စာရှိသူ ဖြစ်သဖြင့်၊ ဤ သမက်ကို သဘောမကျသော်လည်း သူတို့၏ လက်ထပ်ပွဲကို သဘောတူခဲ့ခြင်း ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ပြဿနာ တက်သွားသူမှာ မိမိ၏ သမီး ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်မှတ်ခဲ့ပေ
"အဖေ ထပ်မမေးပါနဲ့တော့ သူက သမီးရဲ့ အိမ်ထောင်ရေး ထဲကို ဝင်မစွက်ဖက်ဘူး လို့ ကတိပေးထားပါတယ်။ အစ်ကိုကျင့်လည်း ဘယ်တော့မှ သိမှာ မဟုတ်ဘူး" ဟွမ်ရုံက အလျင်အမြန် ရှင်းပြလိုက်သည်။
သို့သော် ထိုစကားကို ကြားသောအခါ ဟွမ်ယောင်ရှီ ပို၍ပင် ဒေါသထွက်သွားတော့သည်။ "ဘာ... ဒီလောက်တောင် ဖြစ်နေတာကို သူက မင်းကို ကစားစရာ အရုပ် တစ်ရုပ်လို သဘောထားတာလား"
"အဖေ" ဟွမ်ရုံက ဒေါသတကြီး ခြေဆောင့်လိုက်ပြီး ချွဲနွဲ့လိုက်သည်။ "အဖေ ပြောသလောက်လည်း မဆိုးရွားပါဘူး"
ဟွမ်ယောင်ရှီက သူမကို ရှုပ်ထွေးသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ "သမီး ဒီလောက်တောင် နစ်မွန်းနေပြီ လို့ အဖေ မထင်ထားခဲ့ဘူး... ထားပါတော့လေ သမီး အဖေ့ကို အမှန်တိုင်း ပြော... သမီး ဘယ်သူ့ကို ပိုချစ်လဲ "
ဟွမ်ရုံ အစကတော့ ကြောင်သွားသော်လည်း ချက်ချင်း ရှက်လည်း ရှက်၊ ဒေါသလည်း ထွက်သွားတော့သည်။ "အဖေက ဘယ်လို မေးခွန်း မျိုး လာမေးနေတာလဲ"
ဟွမ်ယောင်ရှီက နှာခေါင်းရှုံ့လိုက်သည်။ "သမီးက အဖေ့ရဲ့ အသည်းအသက် သမီးလေး ပဲလေ၊ တကယ်လို့ သမီးက အဲဒီ လူကို ပိုချစ်တယ် ဆိုရင်... အဖေ ကိုယ်တိုင် သမီးကို အဲဒီလူနဲ့ ပြန်ပြီး အိမ်ထောင်ချပေးမယ်၊ အဖေ့ရဲ့ အရှေ့ပိုင်းမိစ္ဆာ ဆိုတဲ့ နာမည်ကလည်း အလကား ရထားတာ မှ မဟုတ်တာ ရုံအာ၊ သမီး ဘာမှ ကြောက်စရာ မလိုဘူး "
"ရုံအာက အစ်ကိုကျင့်ကိုပဲ ပိုချစ်တာပေါ့ " ဟွမ်ရုံက ဖခင်ကို ဒေါသတကြီး မျက်စောင်းထိုးလိုက်သည်။ "ပြီးတော့... ပြီးတော့... သူ့မှာ မိန်းမ ရှိနေပြီလေ"
နောက်ဆုံး စကားများကို ဟွမ်ရုံက ခြင်အော်သံလေးလောက် တိုးတိုးလေး ပြောလိုက်သော်လည်း၊ ဟွမ်ယောင်ရှီ၏ သိုင်းပညာက မည်မျှ အဆင့်မြင့်သနည်း ဆိုလျှင် ရှင်းလင်းစွာ ကြားလိုက်ရသဖြင့်၊ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ "ဘာ... အဲဒီ လူက မိန်းမ ရှိရက်သားနဲ့ သမီးကို လာပတ်သက်နေတာလား "
"အဖေ... အဖေ ထင်နေသလို မဟုတ်ပါဘူး ဘယ်လိုပဲ ဖြစ်ဖြစ်... ဘယ်လိုပဲ ဖြစ်ဖြစ်... ဒီအရာ အားလုံးက မတော်တဆ တိုက်ဆိုင်မှု တွေကြောင့် ဖြစ်သွားတာပါ။ သူ့ကိုလည်း... အပြစ်တင်လို့ မရဘူး " ဟွမ်ရုံမှာ အလွန် ရှက်ရွံ့နေမိသည်။ ထိုညက 'လူစားထိုး' ခံလိုက်ရသည့် ကိစ္စကို ဖခင်ကို ဘယ်လိုလုပ် ဖွင့်ပြောပြနိုင်မည်နည်း
ဟွမ်ယောင်ရှီမှာ ဒေါသထွက်လွန်း၍ ရယ်တောင် ရယ်ချင်သွားတော့သည်။ "အဖေ တကယ်ပဲ သိချင်လာပြီ ဘယ်လို အရည်အချင်း မျိုး ရှိတဲ့ သူကများ... အဖေ့ရဲ့ မာနကြီးတဲ့ သမီးလေးကို ဒီလောက်တောင် အရူးအမူး ဖြစ်သွားအောင် လုပ်နိုင်တာလဲ ဆိုတာ သမီး မပြောချင်ရင်လည်း နေပါ... အဖေ ကိုယ်တိုင် သူ ဘယ်သူလဲ ဆိုတာကို တစ်နေ့နေ့ကျရင် စုံစမ်း ဖော်ထုတ်ပြမယ် "
ဟွမ်ရုံ တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ် အဝေးမှ ကျိုးပေါ်ထုံး၏ အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် စကားစကို ရပ်တန့်လိုက်သည်။
"ဒေါသထွက်လိုက်တာ... တကယ် ဒေါသထွက်လိုက်တာ "
ကျိုးပေါ်ထုံးက လမ်းတစ်လျှောက်လုံး ခေါင်းကုတ် ဖင်ကုတ်ဖြင့် ရယ်စရာ ကောင်းအောင် လျှောက်လာသည်ကို မြင်သောအခါ ဟွမ်ယောင်ရှီလည်း ပြုံးလိုက်မိသည်။ "အဘိုးကြီး ကျိုးပေါ်ထုံး... ဘာကိစ္စတွေများ အဲဒီလောက် ဒေါသထွက်နေရတာလဲ "
"မင်းသမီးကို အနိုင်ကျင့်တဲ့ ခွေးကောင် ကြောင့်ပေါ့ " ကျိုးပေါ်ထုံး၏ ပထမဆုံး စကားကပင် ဟွမ်ရုံ၏ ရင်ကို အေးခနဲ ဖြစ်သွားစေသည်။ "ရုံအာ... အဲဒီ လူရဲ့ နာမည်က ဘယ်သူလဲ "
ဟွမ်ရုံက တုံ့ဆိုင်း တုံ့ဆိုင်းဖြင့် ပြန်ဖြေလိုက်သည်။ "သမီး... သမီးလည်း မသိဘူး "
ကျိုးပေါ်ထုံးမှာ အလွန် စိတ်ပျက်သွားသည့် မျက်နှာထား ဖြစ်သွားသည်။ "ငါက သူ့ရဲ့ ကိုယ်ဖော့ပညာကို ဘယ်လို လေ့ကျင့်ထားလဲ ဆိုတာ မေးကြည့်ချင်လို့..."
ဟွမ်ယောင်ရှီ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ "ဘာ... မင်းတောင် အဲဒီ လူကို မီအောင် မလိုက်နိုင်ဘူးလား "
"အဲဒီ လူက မြေကြောချုံတဲ့ပညာကို တတ်ထားသလိုပဲ ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ ပေပေါင်းများစွာ အဝေးကို ရောက်သွားတာ ငါလည်း အစွမ်းကုန် လိုက်ဖမ်းပေမယ့်... သူနဲ့ အကွာအဝေးက ပိုပို ဝေးလာတာပဲ။ မီအောင် လိုက်နိုင်မှာ မဟုတ်ဘူး ဆိုတာ သိလိုက်ရလို့... မင်းတို့ စောင့်နေရမှာ စိုးလို့ အရင် ပြန်လာခဲ့တာ " ကျိုးပေါ်ထုံး၏ မျက်နှာပေါ်တွင်လည်း နောင်တရသည့် အရိပ်အယောင်များ အပြည့် ရှိနေသည်။
ဤတစ်ကြိမ်တွင်တော့ ဟွမ်ယောင်ရှီ တကယ်ပဲ အံ့သြ တုန်လှုပ် သွားတော့သည်။ ကျိုးပေါ်ထုံးသည် ယင်ကိုးပါးသိုင်းကျမ်းကို သင်ယူပြီးနောက်ပိုင်း၊ သူ၏ သိုင်းပညာမှာ အလယ်ပိုင်း လွင်ပြင်၏ ထိပ်သီး ငါးယောက် ထဲတွင်ပင် နံပါတ်တစ် နေရာသို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ ကိုယ်ဖော့ပညာမှာလည်း သူ၏ အထူး ကျွမ်းကျင်မှု တစ်ခု ဖြစ်ကြောင်း သူ ကောင်းကောင်း သိသည်။ အရင်က ကိုယ်ဖော့ပညာနှင့် သံလက်ဝါး နှစ်ခုလုံး နာမည်ကြီးသော ချူချင်းရန်ကိုပင် ကျန်းနန်မှ သဲကန္တာရ အထိ မိုင်ပေါင်း သောင်းချီအောင် လိုက်လံ ဖမ်းဆီးခဲ့ဖူးရာ၊ သူ မီအောင် မလိုက်နိုင်ခဲ့ဖူးသူ ဆိုသည်မှာ မရှိခဲ့ဖူးပေ၊ ယခု လူငယ်လေး တစ်ယောက်ကို မီအောင် မလိုက်နိုင်ဘူး ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း
စုန့်ချင်းရှုမှာ မျက်နှာဖုံး တပ်ထားသော်လည်း သူ၏ ဆံပင်၊ ကိုယ်လုံးကိုယ်ပေါက်နှင့် အသံများကို ကြည့်ခြင်းအားဖြင့် လူငယ် တစ်ယောက် ဖြစ်ကြောင်း ဟွမ်ယောင်ရှီ ကောင်းကောင်း သိသည်။ စောစောက သူနှင့် တိုက်ခိုက်ခဲ့စဉ်က တစ်ဖက်လူ၏ တိုက်ကွက်များ အလွန် ရှေးကျပြီး သိမ်မွေ့ နက်နဲကြောင်း သတိထားမိခဲ့သော်လည်း၊ အတွင်းအား မပြည့်ဝသေးသဖြင့် မိမိ၏ သိုင်းပညာက တစ်ဖက်လူထက် အများကြီး သာလွန်သည်ဟု မိမိကိုယ်ကို ယုံကြည်ထားခဲ့သည်။ ယခု တစ်ဖက်လူ၏ ကိုယ်ဖော့ပညာက ကျိုးပေါ်ထုံးတောင် မီအောင် မလိုက်နိုင်လောက်အောင် မြင့်မားနေသည် ဆိုခြင်းကို သိလိုက်ရသောအခါ၊ သူ ဘယ်လိုလုပ် မအံ့သြဘဲ နေနိုင်မည်နည်း။
***