"တကယ်တော့..." ဖခင်၏ အလွန် အံ့သြ တုန်လှုပ် နေသော မျက်နှာထားကို မြင်သောအခါ၊ ဘာကြောင့်မှန်း မသိ ဟွမ်ရုံ၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက် တစ်ခု ရုတ်တရက် ပေါ်လာသည်။ သူတို့ နှစ်ယောက်စလုံး၏ အာရုံကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း မြင်သောအခါ၊ သူမ ချောင်းတစ်ချက် ဟန့်လိုက်ပြီး တိုးတိုးလေး ထပ်ဖြည့် ပြောလိုက်သည်။ "တကယ်တော့ အဲဒီလူ အရင်က အတွင်းအား အရမ်း ကုန်ခမ်းစေမယ့် ကိစ္စ တစ်ခုကို လုပ်ထားလို့... သူရဲ့ ဆယ်ပုံတစ်ပုံ တောင် မရှိတဲ့ အတွင်းအား လေးနဲ့ တောင့်ခံနေရတာ။"
ဟွမ်ယောင်ရှီနှင့် ကျိုးပေါ်ထုံးတို့ နှစ်ဦးစလုံး မျက်နှာချင်းဆိုင် ကြည့်လိုက်မိကြပြီး၊ အချိန်အတော်ကြာ အံ့သြ မှင်သက် သွားပြီးနောက် တစ်သံတည်း ခေါင်းခါကာ ပြောလိုက်ကြသည်။ "လုံးဝ မဖြစ်နိုင်ဘူး။"
ဘာတွေ လာနောက်နေတာလဲ။ တကယ်လို့ လူတစ်ယောက်က သူ့ရဲ့ မူလ အင်အား ဆယ်ပုံတစ်ပုံ လောက်ပဲ ရှိတဲ့ အချိန်မှာတောင် အရှေ့ပိုင်းမိစ္ဆာရဲ့ လက်အောက်မှာ တိုက်ကွက် ဆယ်ဂဏန်းလောက် အရှုံးမပေးဘဲ တောင့်ခံနိုင်ပြီး၊ အဘိုးကြီး ကျိုးပေါ်ထုံးတောင် မီအောင် မလိုက်နိုင်ဘူး ဆိုရင်... သူ အင်အား အပြည့် ရှိနေတဲ့ အချိန်မှာ ဆိုရင် ဘယ်လောက်တောင် ကြောက်စရာ ကောင်းနေမလဲ။
သူတို့ နှစ်ယောက်၏ တုံ့ပြန်မှုကို ဟွမ်ရုံ အလွန် ကျေနပ်သွားပြီး ပြုံးစိစိဖြင့် ပြောလိုက်သည်။ "အဖေတို့ ယုံသည် ဖြစ်စေ၊ မယုံသည် ဖြစ်စေ ဒါက အမှန်တရား ပဲ"
"ရုံအာ... ရုံအာ... မြန်မြန် ပြောပြစမ်းပါ။ သူက တကယ် ဘယ်သူလဲ " တည်ငြိမ်သော ဟွမ်ယောင်ရှီနှင့် မတူဘဲ ကျိုးပေါ်ထုံးမှာ ထိုမျှလောက် သည်းခံနိုင်စွမ်း မရှိသဖြင့်၊ ထိုင်မရ၊ ထမရ ဖြစ်ကာ အတင်း မေးမြန်းနေတော့သည်။
"သမီး ခုနက ပြောပြီးပြီလေ... သမီးလည်း သူ ဘယ်သူလဲ ဆိုတာ မသိဘူးလို့ " ဟွမ်ရုံက အလျင်အမြန် ပြန်ဖြေလိုက်သည်။
"မင်းကသာ သူ ဘယ်သူလဲ ဆိုတာ မသိဘူး ဆိုရင်... သူရဲ့ အတွင်းအား ဆယ်ပုံတစ်ပုံ တောင် မကျန်တော့ဘူး ဆိုတာကို ဘယ်လိုလုပ် သိနေရတာလဲ "ကျိုးပေါ်ထုံးမှာ လောက ကိစ္စများကို နားမလည်သော်လည်း အရူး တစ်ယောက်တော့ မဟုတ်ပေ ချက်ချင်း ဆိုသလိုပင် ပြဿနာ၏ အဓိက အချက်ကို ဖမ်းဆုပ်လိုက်နိုင်သည်။
"အဲဒါက..." ဟွမ်ရုံ စကားပြောမထွက်တော့ဘဲ အချိန်အတော်ကြာ စဉ်းစားပြီးနောက်မှ အကြောင်းပြချက် တစ်ခု ရှာတွေ့သွားသည်။ "သူ ကိုယ်တိုင် ပြောပြတာလေ "
"မယုံဘူး... မယုံဘူး " အဘိုးကြီး ကျိုးပေါ်ထုံးက လက်ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။ "သူက လေလုံး ထွားနေတာ သေချာတယ်။"
ဟွမ်ယောင်ရှီလည်း မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး ကျိုးပေါ်ထုံး၏ အမြင်ကို ထောက်ခံကြောင်း သိသာလှသည်။ ထို့နောက် အဓိပ္ပါယ် နှစ်ခွ ပါသော စကားဖြင့် ပြောလိုက်သည်။ "ရုံအာ... ပါးစပ်ကနေ အလွယ်တကူ လျှောက်ပြောတတ်ပြီး ကြွားလုံး ထုတ်တတ်တဲ့ မိန်းမလိုက်စားတဲ့ ကောင်တွေရဲ့ အလိမ်အညာကို မခံရစေနဲ့"
ဟွမ်ရုံ၏ ရင်ထဲတွင် စိုးရိမ်သွားပြီး တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်... ရုတ်တရက် 'ငါနဲ့ စုန့်ချင်းရှုနဲ့က ဘာမှ ပတ်သက်မှု မှ မရှိတာ အဲဒီ ခွေးကောင် အတွက် ငါက ဘာလို့ ဒေါသထွက်ပေး နေရမှာလဲ' ဟု တွေးမိလိုက်သည်။ ထိုသို့ တွေးလိုက်သည်နှင့် သူမ၏ စိတ်ခံစားချက်များ အများကြီး တည်ငြိမ်သွားတော့သည်။
သမီးဖြစ်သူနှင့် ပတ်သက်နေသဖြင့် ဟွမ်ယောင်ရှီက ထို လျှို့ဝှက်ဆန်းကြယ်သော လူအကြောင်းကို ဆက်လက် ဆွေးနွေးချင်စိတ် မရှိတော့ပေ ထို့ကြောင့် စကားလွှဲရန် အတွက် တမင်တကာ မေးလိုက်သည်။ "ရုံအာ... ကျင့်အာ အခြေအနေ ဘယ်လို ရှိလဲ "
ကော်ကျင့် အကြောင်း ပြောလာသည်ကို ကြားသောအခါ ကျိုးပေါ်ထုံး၏ အာရုံစိုက်မှုကိုပါ ရရှိသွားသည်။ မည်သို့ပင်ဖြစ်စေ ကော်ကျင့်သည် သူ၏ သွေးသောက် ညီအစ်ကို ဖြစ်သည် မဟုတ်ပါလား။
ဤရက်ပိုင်း အတွင်း စိုးရိမ် ပူပန် ထိတ်လန့် ခဲ့ရမှုများကို ပြန်တွေးမိပြီး၊ ယခု ဖခင်၏ ရှေ့မှောက်သို့ ရောက်ရှိလာမှသာ အပြည့်အဝ စိတ်အေးလက်အေး ဖြစ်သွားရသဖြင့် ဟွမ်ရုံ၏ မျက်လုံးများ ချက်ချင်း နီရဲလာတော့သည်။ "အစ်ကိုကျင့်က အိုးရန်ဖုန်းရဲ့ ပြင်းထန်တဲ့ အဆိပ်ကို မိထားတယ်..." ဟွမ်ရုံက ရှိုက်ငိုရင်းနှင့်ပင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို အကြမ်းဖျင်း ပြောပြလိုက်သည်။
"တကယ့်ကို အဓိပ္ပါယ် မရှိတာပဲ အဲဒီ အဆိပ် အဘိုးကြီးက ဒီလောက်တောင် ရက်စက်ရသလား တကယ်လို့ ငါသာ သူ့ကို တွေ့ရင်... တွေ့တဲ့ နေရာမှာ ရိုက်ပစ်ပြီး ကော်ကျင့် အတွက် ကလဲ့စား ချေပေးမယ် " ဇာတ်လမ်း မဆုံးခင်မှာပင် ကျိုးပေါ်ထုံးမှာ ဒေါသထွက်လွန်း၍ ခုန်ဆွခုန်ဆွ ဖြစ်နေတော့သည်။
ဟွမ်ယောင်ရှီကတော့ အတော်လေး တည်ငြိမ်နေပြီး ဘာမှ မပြောသော်လည်း၊ မျက်လုံးထဲတွင် တစ်ခါတစ်ရံ ဖြတ်ပြေးသွားသော အေးစက်သည့် အလင်းတန်းများ အရ... အလွန် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို ဖော်ပြနေသည်။
"ရုံအာ... သမီး ခုနက ဖြေဆေး ရပြီလို့ ပြောတယ် မဟုတ်လားအဲဒီ ဖြေဆေးကို အဖေ့ကို တစ်ချက်လောက် ပြပါဦး" ဟွမ်ယောင်ရှီမှာ နာမည်နှင့် လိုက်ဖက်စွာပင် ဆေးဖော်စပ်ရာတွင် လောက တစ်ခွင်၌ ပြိုင်ဘက်ကင်း အဆင့်တွင် ရှိသူ ဖြစ်သည်။ အိုးရန်ဖုန်းက အဆိပ် သုံးရာတွင် ကျွမ်းကျင်သူ ဖြစ်ရာ သူ ဘယ်လိုလုပ် သတိမထားဘဲ နေမည်နည်း။
ဟွမ်ရုံက သူမ၏ အင်္ကျီရင်ဘတ် ထဲမှ အရင်က ရထားသော ဖြေဆေး ပုလင်းလေးကို ထုတ်ယူလိုက်သည်။ သို့သော် ဟွမ်ယောင်ရှီကို မပေးဘဲ ဘေးသို့ လွှင့်ပစ်လိုက်ရာ၊ ကြွေပုလင်းလေး မြေကြီးပေါ် ကျကွဲသွားပြီး အတွင်းမှ ဆေးလုံးလေးများ လည်း နေရာ အနှံ့ ပြန့်ကျဲသွားတော့သည်။
"ရုံအာ... ဒါ ဘာလုပ်တာလဲ " ဟွမ်ယောင်ရှီ နားမလည်နိုင် ဖြစ်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"တကယ်တော့... ကျွန်မတို့ ဖြေဆေး အစစ်ကို စောစောကတည်းက ရထားပြီးသားပါ။ အစ်ကိုကျင့်ရဲ့ အဆိပ်လည်း ပြေသွားပြီ ဒီ 'ဖြေဆေး' က သေချာပေါက် လှည့်ကွက် တစ်ခုခု ပါနေမှာပဲ။ ဒါကြောင့် မလိုတော့ပါဘူး " ဟွမ်ရုံက ရှင်းပြလိုက်သည်။
"ကျွန်မတို့" ဟွမ်ယောင်ရှီ မျက်မှောင်ကြုတ်သွားသည်။ "သမီးနဲ့ အဲဒီလူကို ပြောတာလား "
ဟွမ်ရုံ၏ မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည့် အရိပ်အယောင်လေး ပေါ်လာပြီး နောက်ဆုံးတွင် မတတ်သာဘဲ ခေါင်းညိတ်ပြလိုက်ရသည်။ အမှန်တကယ်တော့ စုန့်ချင်းရှုက ဤအစီအစဉ်ကို သူမအား ပြောပြခဲ့စဉ်ကတည်းက၊ အိုးရန်ဖုန်းသည် ဖြေဆေး အတု ပေးထားသည့် ကိစ္စ ပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့်၊ သူ၏ လက်ထဲရှိ ဖြေဆေးကို ကြိုတင် လဲလှယ်ထားမည်ဟု ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် စုန့်ချင်းရှုသည် ဝမ်ယန်လျန်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ရာ၊ သူ ထင်ထားသည့် အတိုင်းပင် အိုးရန်ဖုန်းက ဖြေဆေး လာလဲသည်ကို စောင့်ဆိုင်း မိသွားခဲ့သည်။ ထို့နောက် အိုးရန်ဖုန်း ဖြေဆေး လဲလှယ်ပြီးသွားသည်နှင့်၊ စုန့်ချင်းရှုက ဝမ်ယန်လျန်၏ လက်ထဲမှ ဖြေဆေး အစစ်ကို ပြန်ယူကာ ကော်ကျင့်၏ အဆိပ်ကို ဖြေပေးလိုက်ပြီး၊ ကော်ကျင့်ကို မြို့ပြင်သို့ ကြိုတင် ပို့ဆောင်ထားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဆိုလျှင်... ဘာကြောင့်များ ဟွမ်ရုံက ဖြေဆေး သွားယူသည့် ပြဇာတ်ကြီး တစ်ခုလုံးကို အချိန်ကုန် လူပန်းခံပြီး ကပြနေရသနည်း အကြောင်းမှာ စုန့်ချင်းရှု ရုပ်ဖျက်ထားသော 'ထန်ခိုပြန်' ကို ဝမ်ယန်လျန်က 'တရားဝင်' ကယ်တင်သွားနိုင်ရန် အတွက် ပင် ဖြစ်သည်။ သို့မဟုတ်ပါက ထန်ခိုပြန်သည် ဤမျှ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေပြီးမှ ရုတ်တရက် ပြန်ပေါ်လာမည် ဆိုလျှင်၊ ဝမ်ယန်လျန်၏ သံသယများကို သေချာပေါက် ဖြစ်ပေါ်စေမည် ဖြစ်သည်။ ရုပ်ဖျက်ပညာ ဆိုသည်မှာ ဟာကွက် လုံးဝ မရှိသည်တော့ မဟုတ်ပေ အကယ်၍ ဘေးပတ်ဝန်းကျင်ရှိ လူများက သူ့ကို သံသယ မျက်လုံးများဖြင့် အမြဲတမ်း စောင့်ကြည့်နေမည် ဆိုပါက တစ်နေ့နေ့တွင် ဟာကွက် ပေါ်သွားမည်မှာ သေချာသည်။
စုန့်ချင်းရှု၏ ကိုယ်ဖော့ပညာဖြင့် ဆိုလျှင် ဟွမ်ရုံကို ကယ်တင်ပြီးနောက်၊ 'ထန်ခိုပြန်' ပုန်းအောင်းနေသင့်သော နေရာသို့ အချိန်မီ ရောက်ရှိအောင် သွားနိုင်ပြီး၊ ဝမ်ယန်လျန်တို့ လူစု လာရောက် 'ကယ်တင်' မည်ကို စောင့်ဆိုင်းနေနိုင်မည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော် ဟန်ထုတ်တာ လွန်သွားသဖြင့် အတွင်းအား အကြီးအကျယ် ကုန်ခမ်းသွားလိမ့်မည်ဟု ဘယ်သူ ထင်မည်နည်း ထို့အပြင် ဟွမ်ယောင်ရှီနှင့် ကျိုးပေါ်ထုံးတို့နှင့်ပါ သွားရောက် ဆုံတွေ့ခဲ့သဖြင့် လမ်းတစ်ဝက်တွင် ဒုက္ခရောက်လုနီးပါး ဖြစ်သွားခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ဟွမ်ရုံက သူ့ဘက် ပါလာပြီး အခွင့်ကောင်း ယူကာ လွှတ်ပေးလိုက်သဖြင့်သာ တော်တော့သည်။
ဤအချက်ကို တွေးမိသောအခါ စုန့်ချင်းရှု၏ နှုတ်ခမ်းထောင့်တွင် ဂုဏ်ယူ ဝင့်ကြွားသော အပြုံးတစ်ခု အလိုအလျောက် ပေါ်လာတော့သည်။ သို့သော် ယခုအချိန်တွင် သူ ဤအောင်မြင်မှုကို ခံစားနေရန် အချိန် မရှိသေးပေ အချိန် အတော်လေး နောက်ကျသွားပြီ ဖြစ်ရာ၊ ယခု သူသည် 'ထန်ခိုပြန်' ရှိနေသင့်သော ဘုရားကျောင်း ပျက်ကြီးဆီသို့ အစွမ်းကုန် ပြေးသွားရတော့သည်။
ဘုရားကျောင်း ပျက်ကြီးထဲသို့ ရောက်သည်နှင့် လူ့အရေခွံ မျက်နှာဖုံးကို အလျင်အမြန် တပ်ဆင်လိုက်ချိန်မှာပင် ဝမ်ယန်လျန်လည်း လူအုပ်ကြီးနှင့် အတူ နောက်မှ ရောက်ရှိလာတော့သည်။ အပြင်ဘက်မှ ဆူညံသော အသံများကို ကြားရသောအခါ စုန့်ချင်းရှု အနည်းငယ် တွေဝေသွားသော်လည်း၊ နောက်ဆုံးတွင် ကြိုတင် ပြင်ဆင်ထားသော အဆိပ်သွေးများ စွန်းထင်းနေသည့် အပ်ဖြင့် မိမိ၏ လက်မောင်းကို ထိုးစိုက်လိုက်တော့သည်။
မျက်စိဖြင့် မြင်နိုင်သော အမည်းရောင် အငွေ့များက လက်မောင်း တစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားရာ စုန့်ချင်းရှုမှာ ကြိုတင် ပြင်ဆင်ထားသော်လည်း၊ မနေနိုင်ဘဲ လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်မိသည်။
ဝမ်ယန်လျန် အထဲသို့ ဝင်လာသောအခါ ထန်ခိုပြန်သည် နံရံထောင့်တွင် သေလုမျောပါး လဲကျနေသည်ကို မြင်လိုက်ရသဖြင့်၊ သူ၏ မျက်လုံးထဲတွင် တွေဝေသည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။ ထန်ခိုပြန်ကို ဖယ်ရှားရန် အတွက် ယခုက အကောင်းဆုံး အခွင့်အရေး ပင် ဖြစ်သည်။ “ဘယ်လိုပဲ ဖြစ်ဖြစ် သူက သေလုမျောပါး ဖြစ်နေပြီပဲ... သူ့ကို တွေ့ရာဖြေဆေး တစ်ခုခု ပေးလိုက်ပြီး သူ သေသွားတဲ့ အခါကျရင် အပြစ် အားလုံးကို ဟွမ်ရုံရဲ့ ခေါင်းပေါ် ပုံချလိုက်လို့ ရတာပဲ။ ဟွမ်ရုံက သူ့ကိုယ်ပေါ်မှာ တခြား အဆိပ် တစ်ခုခု ထပ်ခတ်သွားတယ် လို့ ပြောလိုက်လို့ ရတယ်... အဲဒီအခါကျရင် နန်းတော် ထဲက လူတွေ သံသယ ဝင်ရင်တောင်မှ ခိုင်လုံတဲ့ သက်သေ အထောက်အထား မရှိဘဲနဲ့ ငါ့ကို ဘာမှ လုပ်လို့ ရမှာ မဟုတ်ဘူး
ဝမ်ယန်လျန်၏ မျက်လုံးထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားသော သတ်ဖြတ်လိုစိတ်ကို သတိထားမိလိုက်သောအခါ စုန့်ချင်းရှု ရင်ထဲတွင် ထိတ်လန့်သွားသည်။ 'အရာရာ အကုန်လုံး တွက်ချက်ထားခဲ့ပေမယ့်... ဝမ်ယန်လျန်က ဒီလို အချိန်ကြီး မှာတောင် သတ်ဖြတ်ချင်တဲ့ စိတ် ပြန်ပေါ်လာလိမ့်မယ် လို့ မထင်ထားခဲ့။'
ယခု ဝမ်ယန်လျန်ကို ကိုယ်ရံတော် အမြောက်အမြားက အလယ်တွင် ဝိုင်းရံ ကာကွယ်ထားပြီး၊ ဘေးပတ်ဝန်းကျင် တွင်လည်း အိုးရန်ဖုန်းနှင့် မုရုံဘို ကဲ့သို့သော ထိပ်သီး သိုင်းပညာရှင်များ ရှိနေရာ စုန့်ချင်းရှု တစ်ကိုယ်လုံး ချွေးစေးများ ထွက်လာတော့သည်။ အကယ်၍ ဝမ်ယန်လျန်သာ မိမိကို တကယ် သတ်ရန် အမိန့်ပေးလိုက်မည် ဆိုပါက... ယခု မိမိ၏ အခြေအနေဖြင့် ဆိုလျှင် လွတ်မြောက်ရန် အလွန် ခက်ခဲမည် ဖြစ်သည်။
စုန့်ချင်းရှုမှာ မိမိကိုယ်မိမိ အရမ်း အထင်ကြီးလွန်းသွားမိသည်ကို အနည်းငယ် နောင်တ ရသွားသော်လည်း ယခုအချိန်တွင် အများကြီး တွေးနေ၍ အသုံးမဝင်တော့ပေ သူ၏ ခေါင်းထဲတွင် ဖြေရှင်းမည့် နည်းလမ်းကို အလျင်အမြန် စဉ်းစားနေရင်း ရုတ်တရက် အကြံတစ်ခု ရသွားကာ၊ ဝမ်ယန်လျန်၏ မျက်လုံးများကို မသိမသာ စူးစိုက်ကြည့်လိုက်ပြီး လျှပ်တစ်ပြက် အတွင်းမှာပင် စိတ်ညှို့ပညာကို အသုံးပြုလိုက်တော့သည်။
ပုံမှန်ဆိုလျှင် ဤကဲ့သို့ နေခင်းကြောင်တောင် လူအများ မျက်စိရှေ့တွင် ဝမ်ယန်လျန်ကို စိတ်ညှို့ပညာ အသုံးပြု၍ အောင်မြင်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ သို့သော် ဝမ်ယန်လျန်သည် အရင်ကတည်းက စုန့်ချင်းရှု၏ စိတ်ညှို့ခြင်းကို ခံခဲ့ရဖူးသူ ဖြစ်ပြီး၊ ထို့အပြင် ယနေ့တွင် သူသည် ဟွမ်ရုံ ထွက်ပြေး လွတ်မြောက်သွားသည်ကို မျက်စိဖြင့် တပ်အပ် မြင်တွေ့ခဲ့ရသဖြင့် အလွန်အမင်း ဒေါသထွက်နေရာ၊ သူ၏ စိတ်ပိုင်းဆိုင်ရာ တွင် ဟာကွက် တစ်ခု ဖြစ်ပေါ်နေပြီး စုန့်ချင်းရှု အတွက် အခွင့်အရေး ရသွားခြင်း ဖြစ်သည်။
သို့သော် ထိုသို့ ဆိုလျှင်တောင်မှ စုန့်ချင်းရှု အနေဖြင့် တစ်ဖက်လူကို ပုံမှန် အချိန်များလို အပြည့်အဝ ထိန်းချုပ်၍ မရနိုင်ပေ ထိုလျှပ်တစ်ပြက် အချိန်လေး အတွင်းမှာပင် သူ၏ စိတ်နှလုံးထဲသို့ အကြံပေးချက် တစ်ခု ထည့်သွင်းပေးနိုင်ရုံမျှသာ ရှိသည်။ ကံကောင်းထောက်မစွာဖြင့် ဝမ်ယန်လျန်မှာ မူလကတည်းက ထန်ခိုပြန်ကို သတ်သင့်၊ မသတ်သင့် တွေဝေနေသူ ဖြစ်ရာ စုန့်ချင်းရှု၏ အကြံပေးချက် ကြောင့်... သူက ထန်ခိုပြန်ကို ကယ်ဖို့ ဒီလောက်တောင် အချိန်ကုန် လူပန်းခံ ခဲ့ရတာကို... ဒီအတိုင်း သတ်ပစ်လိုက်ရင် အရမ်း နှမြောစရာ ကောင်းတယ် လို့ လျင်မြန်စွာ "တွေးမိ" သွားတော့သည်။
မိမိ၏ ဆုံးဖြတ်ချက်မှာ စုန့်ချင်းရှု၏ မသိမသာ လမ်းညွှန်မှု ကြောင့် ဖြစ်သွားရကြောင်း ဝမ်ယန်လျန် လုံးဝ မသိရှိခဲ့ပေ လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ကိုယ်ရံတော်များကို တစ်ဖက်လူအား ကယ်တင်ကာ အိမ်တော်သို့ ပြန်လည် ခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်တော့သည်။
***