'အစ်ကို' ဖြစ်သူက ဝမ်ယန်လျန်နှင့် အတူ တာရှင်းမြို့တော်သို့ ပြန်ရန် သဘောတူလိုက်ကြောင်း သိရသောအခါ သခင်မထန်က စုန့်ချင်းရှုထံ အလျင်အမြန် သွားရောက်ကာ တားမြစ်လိုက်သည်။ "အစ်ကိုကြီး... အစ်ကိုက ဒဏ်ရာ အပြင်းအထန် ရထားတာလေ ခရီးပန်းတာကို ဘယ်လိုလုပ် ခံနိုင်မှာလဲ ညီမ ထင်တာတော့ ဝမ်ယန်လျန်က အစ်ကို့ကို တမင် ဒုက္ခပေးချင်လို့ နေမှာ တကယ်လို့များ လမ်းမှာ ရောဂါ အကြွင်းအကျန်တစ်ခုခု အမြစ်တွယ် သွားရင် ဒုက္ခပဲ "
စုန့်ချင်းရှုက ထန်ခိုပြန်၏ လေသံကို အတုခိုးကာ ဟားတိုက် ရယ်မောလိုက်သည်။ "မစိုးရိမ်ပါနဲ့... အစ်ကို့ ခန္ဓာကိုယ်က သန်မာပါတယ်။ ဒီလောက် ဒဏ်ရာလေးက ဘာမှ မဖြစ်ဘူး ပြီးတော့ ဒီတစ်ခေါက် မြို့တော်ကို ပြန်ပြီး တာဝန် ထမ်းဆောင်ရဦးမယ်လေ တကယ်လို့ အချိန်မီ ပြန်မသွားဘဲ ဧကရာဇ်ကို အခြေအနေ တင်ပြဖို့ ပျက်ကွက်ခဲ့ရင်... မနာလိုတဲ့ သူတွေက စကားတွေ လျှောက်ပြောပြီး ဒုက္ခပေးလာရင် ပိုဆိုးသွားလိမ့်မယ် "
သူ ဤသို့ ပြောလိုက်သည်ကို ကြားသောအခါ သခင်မထန်လည်း အလွန် အဓိပ္ပါယ် ရှိကြောင်း သဘောပေါက်သွားသည်။ "ဒါကတော့ တကယ် သတိထားရမယ့် အချက်ပဲ ဒီနှစ်ပိုင်းတွေ အတွင်း ဧကရာဇ်ရဲ့ စိတ်သဘောထားက တဖြည်းဖြည်း ထူးဆန်းလာတယ်။ နန်းတွင်းက အရာရှိတွေကို အကြောင်းပြချက် မရှိဘဲ သတ်ဖြတ်လေ့ ရှိတယ်။ အစ်ကိုကြီး သေချာ သတိထားဖို့ လိုမယ်နော် "
"အစ်ကိုကြီး ဘယ်လို လုပ်ရမယ် ဆိုတာ သိပါတယ်။" စုန့်ချင်းရှု အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက်၊ နောက်ဆုံးတွင် "အစ်ကိုကြီး ရဲ့ သွေးသောက် ညီလေး ကော ထွက်သွားပြီလား။" ဟု မေးလိုက်သည်။
သခင်မထန်၏ မျက်နှာထား ညှိုးငယ်သွားပြီး ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြလိုက်သည်။ "အင်း... မနေ့က စာရေးခဲ့ပြီး ထွက်သွားပြီ " အနည်းငယ် စဉ်းစားပြီးနောက် သူမက ဆက်ပြောသည်။ "အစ်ကိုကြီး... တကယ်တော့ ဒီတစ်ကြိမ် အစ်ကို့ကို ကယ်တဲ့ နေရာမှာ သူလည်း အများကြီး ကူညီပေးခဲ့တာပါ။ မဟုတ်ရင် ဟွမ်ရုံက အစ်ကို့ကို ဒီလောက် လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး... ဒါပေမယ့် ဘယ်လို ကူညီပေးခဲ့လဲ ဆိုတာကိုတော့ ညီမ ရှင်းပြလို့ အဆင်မပြေဘူး အစ်ကိုကြီး သူ့အပေါ် အထင်မလွဲပါနဲ့နော် "
စုန့်ချင်းရှုက ဤအရာ အားလုံးကို ကောင်းကောင်း သိပြီးသား ဖြစ်ရာ အနည်းငယ် တွေဝေသည့် ပုံစံ ဟန်ဆောင်ကာ စမ်းသပ် မေးကြည့်လိုက်သည်။ "ငါ ကြည့်ရတာ... ညီမလေးနဲ့ သူနဲ့ ဆက်ဆံရေးက သာမန် မဟုတ်ဘူး ထင်တယ်..."
သခင်မထန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ခေါင်းခါပြလိုက်သည်။ "အစ်ကိုကြီး... ဒါတွေက ညီမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါ။ အစ်ကိုကြီး ဝင်မစွက်ဖက်ပါနဲ့ "
"ဟားဟား... ဒါပေါ့... ဒါပေါ့ " စုန့်ချင်းရှုက ရယ်မော ဖုံးကွယ်လိုက်ပြီး "ဒါပေမယ့် ငါ ကြည့်ရတာ စုန့်ချင်းရှု ဆိုတဲ့ ကောင်လေးက မဆိုးဘူးပဲ။ ညီမလေး အမြင်က တကယ်စူးရှတာပဲ " ဤကဲ့သို့ မျက်နှာပြောင်တိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ချီးကျူး မြှောက်ပင် နေခြင်းမှာ လောက တစ်ခွင်လုံးတွင် သူ တစ်ယောက်တည်းသာ ရှိမည် ထင်သည်။
"အစ်ကိုကြီး" သခင်မထန်မှာ ရင့်ကျက်သော မိန်းမ တစ်ယောက် ဖြစ်သော်လည်း သူ၏ ဤကဲ့သို့ နောက်ပြောင်မှုကို မခံနိုင်ဘဲ ချွဲနွဲ့စွာ မျက်စောင်းထိုးလိုက်ပြီး၊ ဂါဝန်စကို မကာ ထွက်ပြေးသွားတော့သည်။
သခင်မထန်၏ ကျောပြင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း စုန့်ချင်းရှု၏ မျက်နှာထား တဖြည်းဖြည်း လေးနက်လာတော့သည်။ 'ချုံရိစစ်တပ်ရဲ့ စစ်သူကြီး ဝူတိုင်... မင်းက တကယ် ဘယ်လို လူစားမျိုးလဲ '
...
တာရှင်းမြို့တော်သည် စုန့်ချင်းရှု၏ ယခင်ဘဝက ပေကျင်းမြို့၏ အမည်ဟောင်း တစ်ခု ဖြစ်သည်။ သို့သော် ဤကမ္ဘာတွင်တော့ သေချာပေါက် ပေကျင်းမြို့ မဟုတ်နိုင်ပေ ဤကျင်းနိုင်ငံ၏ မြို့တော်မှာ ယခင်ဘဝက မည်သည့် မြို့ ဖြစ်မည် ဆိုသည်ကို စုန့်ချင်းရှု သေချာ မသိသော်လည်း၊ ရှန်းရှီး ပြည်နယ် နယ်နိမိတ် အတွင်းတွင် ရှိမည်ဟုသာ အကြမ်းဖျင်း ခန့်မှန်းရသည်။
ရက်အနည်းငယ် ခရီးဆက်ပြီးနောက် စုန့်ချင်းရှုတို့ အဖွဲ့သည် နောက်ဆုံးတွင် တာရှင်းမြို့တော်သို့ ရောက်ရှိလာခဲ့ကြသည်။ မျက်စိရှေ့ရှိ ကြီးမား ခမ်းနားသော မြို့ကြီးကို ကြည့်ရင်း၊ စုန့်ချင်းရှု စိတ်ထဲမှ ချီးကျူးလိုက်မိသည်။ 'ကျင်းနိုင်ငံက စစ်ရေးနဲ့ နိုင်ငံ တည်ထောင်ခဲ့တာ မှန်တယ်။ ဒီနှစ်ပိုင်းတွေမှာ အင်အား ကြီးလာတဲ့ မွန်ဂိုတွေကြောင့် အထိနာ နေရပေမယ့်၊ ဒီ မြို့တော် ကြီးကို ကြည့်ရုံနဲ့တင် နိုင်ငံ စတင် တည်ထောင်စက ကြီးကျယ် ခမ်းနားခဲ့တဲ့ အခြေအနေတွေကို မြင်ယောင် နိုင်သေးတယ်။'
"အစ်ကို ထန်ခို... ဒီ မြို့တံခါးကို ခင်ဗျား ဝင်ထွက်နေတာ အကြိမ်ပေါင်း မနည်းတော့ဘူး ဘာဖြစ်လို့ ပထမဆုံး အကြိမ် ရောက်ဖူးတဲ့ သူလို ဖြစ်နေရတာလဲ" ဝမ်ယန်လျန်က မြင်းစီးရင်း အနားသို့ ရောက်လာပြီး၊ မြင်းလှည်း လိုက်ကာ အနီးတွင် ထိုင်နေသော စုန့်ချင်းရှုကို မရည်ရွယ်ဘဲ မေးလိုက်သည့် ပုံစံမျိုးဖြင့် မေးလိုက်သည်။
စုန့်ချင်းရှု ရင်ထဲတွင် လန့်သွားသည်။ ဤ လမ်းခရီး တစ်လျှောက်လုံး ဝမ်ယန်လျန်က သူ့ကို စမ်းသပ် မေးမြန်းရန် အခွင့်အရေး အမြဲ ရှာနေခဲ့သည်။ မိမိ အနေဖြင့် အဆုံးသတ် ရောက်ခါနီးမှ ဟာကွက် ပေါ်သွားပြီး အစီအစဉ် အားလုံး ပျက်စီးသွားအောင် လုံးဝ အဖြစ်ခံ၍ မရပေ
"မင်းသား မသိတာ တစ်ခု ရှိပါတယ်။ ဒီတစ်ကြိမ် တာဝန် ထမ်းဆောင်ဖို့ အသွားမှာ... အသက်ရှင်လျက် ပြန်လာနိုင်တော့မယ် လို့ လုံးဝ မထင်ထားခဲ့ဘူး အခု ရင်းနှီးနေတဲ့ ဒီ မြို့တံခါးကြီးကို ပြန်မြင်ရတော့... သေဘေးကနေ လွတ်မြောက်လာတဲ့ ခံစားချက်မျိုး ရုတ်တရက် ဖြစ်ပေါ်လာလို့ပါ။ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင် ဖြစ်သွားတာ မင်းသားကိုတောင် ရယ်စရာ ဖြစ်သွားစေပြီ " စုန့်ချင်းရှုက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"အစ်ကို ထန်ခို... ဘာလို့ အခုထိ မင်းသား မင်းသား လို့ပဲ ခေါ်နေရတာလဲ ဒီလို ခေါ်တာက အရမ်း စိမ်းကားလွန်းတယ်။ အခု ကျွန်တာ်တို့က သေအတူ ရှင်မကွာ ဒုက္ခတွေကို အတူတူ ဖြတ်ကျော် ခဲ့ကြတာ ဆိုတော့... ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက သာမန် မဟုတ်တော့ဘူးလေ နောက်ပိုင်း နာမည်ပဲ တိုက်ရိုက် ခေါ်ပါ။ ဒီလောက် ကြီးကျယ်အောင် လုပ်နေစရာ မလိုပါဘူး " ဝမ်ယန်လျန်က ဟန်ဆောင် မကျေမနပ် ဖြစ်ပြလိုက်သည်။
စုန့်ချင်းရှုက ဟန်ဆောင် ငြင်းဆန်ပြသော်လည်း ဝမ်ယန်လျန်၏ သဘောထားက အလွန် ပြတ်သားနေသည်။ တစ်ဖက်လူက မိမိကို သူ့ဘက် ပါလာအောင် အခွင့်ကောင်း ယူပြီး ဆွဲဆောင်နေခြင်း ဖြစ်ကြောင်း စုန့်ချင်းရှု ကောင်းကောင်း သိသဖြင့်၊ အရမ်းကြီး ငြင်းဆန်မနေတော့ပေ သိပ်မကြာခင်မှာပင် သူတို့ နှစ်ဦးသည် တစ်ယောက်ကို 'အစ်ကို ဝမ်ယန်'၊ နောက်တစ်ယောက်ကို 'အစ်ကို ထန်ခို' ဟု အလွန် ရင်းနှီးစွာ ခေါ်ဝေါ် နေကြတော့သည်။
"အစ်ကို ထန်ခို... ခဏနေရင် အိမ်ကို အရင် ပြန်မှာလား၊ ဒါမှမဟုတ် အုပ်ချုပ်ရေးဝန်ကြီးရုံးကို တိုက်ရိုက် သွားပြီး တာဝန် ပြီးဆုံးကြောင်း အစီရင်ခံ မှာလား " ဝမ်ယန်လျန်က ပြုံးစိစိဖြင့် မေးလိုက်သော်လည်း၊ စိတ်ထဲတွင်တော့ နတ်သမီး တစ်ပါးကဲ့သို့ လှပသော ထန်ခိုပြန်၏ ဇနီးသည်၏ ရုပ်သွင်ကို မြင်ယောင် နေမိသည်။ 'တကယ်လို့ သူသာ အိမ်ပြန်မယ် ဆိုရင်... ဘာအကြောင်းပြချက်ပဲ ဖြစ်ဖြစ် ငါ လိုက်ပို့ပေးရမယ် အဲဒီအခါကျရင် ကောပိကို အခွင့်ကောင်း ယူပြီး ကြည့်လို့ ရတာပေါ့ '
ကျင်းနိုင်ငံ၏ ရာထူး အဆင့်အတန်းများတွင် အမြင့်ဆုံး ရာထူးများမှာ ထိုက်ရှီး၊ ထိုက်ဖူ၊ ထိုက်ပေါင်နှင့် ထိုက်ဝေ၊ စီတူ၊ စီခုန်းတို့ ဖြစ်ကြသည်။ သို့သော် ဤ ရာထူးများကို နိုင်ငံ အတွင်း ဂုဏ်သိက္ခာ ကြီးမားပြီး စွမ်းဆောင်ရည် မြင့်မားသော သက်ကြီးပိုင်းများကသာ တာဝန်ယူလေ့ ရှိပြီး၊ အများအားဖြင့် ဂုဏ်ထူးဆောင် ရာထူးများသာ ဖြစ်ကာ၊ လက်တွေ့ တာဝန်ယူ ဖြေရှင်းရသော ကိစ္စရပ်များ သိပ်မရှိလှပေ
ကျင်းနိုင်ငံ၏ အဓိက အာဏာ ဗဟိုချက်မှာ အဖွဲ့အစည်း နှစ်ခု၏ လက်ထဲတွင် ရှိသည်။ တစ်ခုမှာ နိုင်ငံ၏ အုပ်ချုပ်ရေး ကိစ္စရပ်များ အားလုံးကို တာဝန်ယူရသော ရှန်းရှုဝန်ကြီးရုံး(အုပ်ချုပ်ရေးရုံး) ဖြစ်ပြီး၊ အခြား နိုင်ငံများ၏ ဗဟိုအတွင်းဝန်ရုံး(သို့မဟုတ်) ဝန်ကြီးများအဖွဲနှင့် ဆင်တူသည်။ အခြား တစ်ခုမှာ နိုင်ငံ၏ ပြင်ပ စစ်ရေး ကိစ္စရပ်များကို တာဝန်ယူရသော စစ်သေနာပတိချုပ်ရုံး ဖြစ်ပြီး၊ အခြား နိုင်ငံများ၏ စစ်ရေး(ကာကွယ်ရေး) ကောင်စီ သို့မဟုတ် စစ်ရေး(ကာကွယ်ရေး) ဝန်ကြီးဌာနနှင့် ဆင်တူသည်။
အုပ်ရုပ်ရေးဝန်ကြီးရုံးတွင် အုပ်ချုပ်ရေးဝန်ကြီးဥက္ကဌ တစ်ဦး ရှိပြီး ၎င်း၏ အောက်တွင် လက်ဝဲနှင့် လက်ယာ ဝန်ကြီးချုပ် တစ်ဦးစီ ရှိသည်။ ထို့နောက် (ဖျင်ကျန်းကျင့်ရှီ)အုပ်ချုပ်ရေးအရာရှိနှစ်ဦး ရှိပြီး ၎င်းတို့၏ အောက်တွင် လက်ဝဲနှင့် လက်ယာ လက်ထောက်အရာရှိများ ရှိကာ၊ ၎င်းတို့ အောက်တွင်မှ (ချန်ကျန်းကျစ်ရှီ)နိုင်ငံတော်အကြံပေး ကဲ့သို့သော ရာထူးများ အဆင့်ဆင့် ရှိသေးသည်။
ထန်ခိုပြန်နှင့် ဝမ်ယန်လျန်တို့ နှစ်ဦးစလုံးမှာ အုပ်ချုပ်ရေးဝန်ကြီးရုံးတွင် တာဝန် ထမ်းဆောင်နေကြသူများ ဖြစ်သည်။ ဝမ်ယန်လျန်၏ ရာထူးမှာ ဖျင်ကျန်းကျင့်ရှီ(အုပ်ချုပ်ရေးအရာရှိ) ဖြစ်ပြီး ထန်ခိုပြန်၏ ရာထူးမှာ လက်ဝဲ လက်ထောက်အရာရှိ ဖြစ်သည်။ သို့သော် ဝမ်ယန်လျန် အာဏာ ကြီးမားနေရခြင်း၏ နောက်ထပ် အကြောင်းရင်း တစ်ခုမှာ သူသည် စစ်သေနာပတိချုပ်ရုံး၏ လက်ယာ ဒု-စစ်သေနာပတိချုပ် ရာထူးကိုပါ ပူးတွဲ တာဝန်ယူထားခြင်း ကြောင့် ဖြစ်သည်။ စစ်သေနာပတိချုပ်ရုံးတွင် သူ၏ အဆင့်အတန်းမှာ စစ်သေနာပတိချုပ်နှင့် လက်ဝဲ ဒု-စစ်သေနာပတိချုပ်တို့၏ အောက်တွင်သာ ရှိပြီး၊ လက်တွေ့ အာဏာ ကိုင်စွဲထားသော နံပါတ်သုံး ခေါင်းဆောင် ဖြစ်သည်။ သူ၏ အဆင့်အတန်းနှင့် အာဏာမှာ အုပ်ချုပ်ရေးဝန်ကြီးရုံးတွင်သာ တာဝန် ထမ်းဆောင်နေရသော ဧကရာဇ်၏ သမက်တော် ထန်ခိုပြန်နှင့် သေချာပေါက် နှိုင်းယှဉ်၍ မရနိုင်ပေ
ဤရက်ပိုင်း အတွင်း စုန့်ချင်းရှုသည် သက်ဆိုင်ရာ အချက်အလက်များကို အလွတ် ကျက်မှတ်ထားခဲ့ပြီး ဖြစ်ရာ၊ ဝမ်ယန်လျန်၏ မေးခွန်းကို ကြားသောအခါ အနည်းငယ် တွေဝေသွားမိသည်။ မိမိ အနေဖြင့် အုပ်ချုပ်ရေးဝန်ကြီးရုံးရှိ လုပ်ဖော်ကိုင်ဖက်များနှင့် မိမိ၏ အလုပ် တာဝန်များကို သေချာ မသိရှိသဖြင့်၊ ထိုနေရာသို့ သွားလျှင် ဟာကွက် ပေါ်ရန် အလွန် လွယ်ကူသည်။ သို့သော် အိမ်ပြန်မည် ဆိုလျှင်လည်း... ထန်ခိုပြန်၏ ဇနီးသည်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ သူမသည် ထန်ခိုပြန်နှင့် အရင်းနှီးဆုံး သူ ဖြစ်ရာ၊ သေချာ ယုံကြည်မှု မရှိဘဲ သူမနှင့် သွားရောက် တွေ့ဆုံရန် ပို၍ပင် မဝံ့မရဲ ဖြစ်နေမိသည်။ ဟာကွက် ပိုမို ပေါ်လွင်သွားမည်ကို စိုးရိမ်ရသည်။
"အုပ်ချုပ်ရေးဝန်ကြီးရုံးကိုပဲ တိုက်ရိုက် သွားတာ ပိုကောင်းမယ် ထင်တယ်။" မိမိ၏ အခြေအနေ အလိုက် တုံ့ပြန်နိုင်စွမ်းဖြင့် ဆိုလျှင် အုပ်ချုပ်ရေးဝန်ကြီးရုံးမှ ကိစ္စရပ်များကို ဖြေရှင်းနိုင်လောက်မည်ဟု စုန့်ချင်းရှု ယုံကြည်သည်။ မည်သို့ပင်ဖြစ်စေ မိမိသည် ဒဏ်ရာ ရထားသူ ဖြစ်ရာ မကြာမီ ကာလ အတွင်း လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ရန် မဖြစ်နိုင်ပေ ယနေ့ သွားရောက်ခြင်းမှာ အစီရင်ခံစာ တင်သွင်းရန် သက်သက်သာ ဖြစ်သည်။
ဒဏ္ဍာရီထဲတွင် ကျင်းနိုင်ငံ၏ နံပါတ်တစ် အလှလေးဟု နာမည်ကြီးသော ထန်ခိုပြန်၏ ဇနီးသည်အပေါ်တွင် စုန့်ချင်းရှု စိတ်မဝင်စားဘူး လို့ ပြောရင် လိမ်ရာကျမည် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူသည် ဘယ်အရာက အရေးကြီးသည်၊ ဘယ်အရာက အရေးမကြီးဘူး ဆိုသည်ကို သေချာ ခွဲခြား သိမြင်နိုင်စွမ်း ရှိသည်။ မိန်းမလှလေးများ ဆိုသည်မှာ သူ၏ ဘဝတွင် အလှဆင်ပေးသော အရောင်အသွေးလေး တစ်ခုသာ ဖြစ်ပြီး သူ၏ ဆုံးဖြတ်ချက်များကို လွှမ်းမိုးနိုင်စွမ်း မရှိပေ
"ထန်ခိုပြန်... ထန်ခိုပြန်... မင်းက ငါ့ကို တကယ်ပဲ ကြီးမားတဲ့ ပြဿနာ ကြီး တစ်ခု ပေးခဲ့တာပဲ " စုန့်ချင်းရှုသည် သူတော်စင် တစ်ယောက် မဟုတ်ပေ ယခု သူသည် ထန်ခိုပြန်၏ ရုပ်သွင်ကို ယူထားပြီး ဖြစ်ရာ၊ အကယ်၍ သူသာ ဖွင့်မပြောပြဘူး ဆိုလျှင်... ဒဏ္ဍာရီ ထဲက အလွန် လှပသော ထိုမိန်းမလှလေးရဲ့ နုနယ်တဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ဆိုတာ အလွန် လွယ်ကူတဲ့ ကိစ္စ တစ်ခု ဖြစ်သည်။ ထို့အပြင် ထန်ခိုပြန် သေဆုံးခါနီးတွင် ဇနီးဖြစ်သူကို သူ့အား အပ်နှံခဲ့ပြီး ဖြစ်ရာ၊ သူ တကယ်ပဲ တစ်ခုခု လုပ်ခဲ့မည် ဆိုလျှင်တောင်မှ... ဒါက တရားဝင် အခွင့်အရေး တစ်ခုလို ဖြစ်နေသည်။
သို့သော် စုန့်ချင်းရှု၏ စိတ်အောက်ခြေတွင် ဤကိစ္စကို လက်ခံရန် အနည်းငယ် ခက်ခဲနေသေးသည်။ ဤသို့ လုပ်ခြင်းက အရမ်းကို အောက်တန်းကျလွန်းသည်ဟု ခံစားနေရသည်။
"ထုံမိဖုရားကို ကစားတုန်းကကျတော့... မင်းက ဘာလို့ အားနာနေတဲ့ ပုံ မပေါ်ရတာလဲ အခုကျမှ ဘာဖြစ်နေတာလဲ " စုန့်ချင်းရှုသည် စိတ်ထဲတွင် ခါးသက်သက် ပြုံးကာ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင် ရယ်မောလိုက်မိသည်။
"အစ်ကို ထန်ခိုက တကယ်ကို နိုင်ငံရဲ့ အားထားရတဲ့ မဏ္ဍိုင်ကြီး ပါပဲ အရာရာမှာ နိုင်ငံရဲ့ ကိစ္စတွေကို အရင် ဦးစားပေး စဉ်းစားတတ်တယ်။" ထန်ခိုပြန်က အုပ်ချုပ်ရေးဝန်ကြီးရုံးသို့ တိုက်ရိုက် သွားမည်ဟု ပြောလိုက်သည်ကို ကြားရသောအခါ၊ ဝမ်ယန်လျန်၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များကို ဖုံးကွယ်၍ မရနိုင်ခဲ့ပေ သို့သော် အရမ်းကြီး ပေါ်တင် မပြရဲပေ တကယ်လို့ တစ်ဖက်လူက သူ၏ လှပသော ဇနီးသည်အပေါ် မိမိ၏ အကြံအစည်များကို ရိပ်မိသွားမည် ဆိုပါက ရရှိထားသော အကျိုးအမြတ်များ အားလုံး ဆုံးရှုံးသွားမည် မဟုတ်ပါလား
"အစ်ကို ဝမ်ယန်က ချီးကျူးလွန်းနေပါပြီ " စုန့်ချင်းရှုက တဟားဟား ရယ်မောလိုက်ပြီး တစ်ခုခု ဆက်ပြောရန် ပြင်လိုက်စဉ်၊ ရုတ်တရက် မလှမ်းမကမ်းမှ အစေခံမလေး တစ်ယောက် ဂါဝန်စကို မကာ ပြေးလာသည်ကို တွေ့လိုက်ရသည်။ သို့သော် လမ်းတစ်ဝက်တွင် ဝမ်ယန်လျန်၏ သက်တော်စောင့်များက တားဆီးလိုက်သဖြင့်၊ သူမက လက်ကို အဆက်မပြတ် ဝှေ့ယမ်းကာ အမောတကောဖြင့် သူတို့ဘက်သို့ အော်ဟစ်လိုက်သည်။ "သခင်ကြီး... သခင်ကြီး... သခင်မက ဟိုဘက်မှာ သခင်ကြီးကို စောင့်နေပါတယ်။"
***