စုန့်ချင်းရှု အစကတော့ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ 'ဒါက ဘယ်အိမ်က အစေခံမလေး လဲ၊ မင်းသားရဲ့ မြင်းလှည်းကိုတောင် လာတားရဲတယ် ဆိုတော့ သတ္တိကတော့ မသေးဘူးပဲ ' သို့သော် လျင်မြန်စွာပင် သူ၏ ရင်ထဲတွင် လန့်သွားတော့သည်။ 'ထန်ခိုပြန် အိမ်က လူတွေများ ဖြစ်နေမလား။'
ဤရက်ပိုင်း အတွင်း နည်းလမ်း ပေါင်းစုံ အသုံးပြုကာ ထန်ခိုပြန်၏ မိသားစု အခြေအနေများကို အကြမ်းဖျင်း စုံစမ်း သိရှိထားသော်လည်း၊ သိထားရုံ သက်သက်နှင့် မျက်စိရှေ့တွင် တကယ် မှတ်မိနိုင်ခြင်း ဆိုသည်မှာ လုံးဝ မတူညီသော ကိစ္စများ ဖြစ်သည်။ ထို့ကြောင့် ဝမ်ယန်လျန်က သူ့ကို သံသယ ဝင်သွားမည်ကို စိုးရိမ်သဖြင့် အလောတကြီး လှုပ်ရှားခြင်း မပြုရဲပေ
ကံကောင်းထောက်မစွာဖြင့် ဝမ်ယန်လျန်က အရင် စကားစလိုက်သည်။ "သခင်မက အစ်ကို ထန်ခိုအပေါ် ထားတဲ့ မေတ္တာ ကတော့ ကျုပ်ကိုတောင် အားကျစေတယ်။ မနက်စောစော စီးစီး မြို့တံခါးဝကနေ လာစောင့်နေတယ် ဆိုတော့ " စကားပြောရင်းနှင့်ပင် အစေခံမလေး ညွှန်ပြသော နေရာသို့ လှမ်းကြည့်လိုက်ရာ အဝေးရှိ ခမ်းနားသော မြင်းလှည်းကြီး တစ်စီးကို မြင်တွေ့လိုက်ရပြီး၊ သူ၏ မျက်လုံးထဲတွင် ပူလောင်သော ရမ္မက် အရိပ်အယောင်များ လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့သည်။
"မင်းသားကတော့ နောက်နေပြန်ပါပြီ " စုန့်ချင်းရှု အနေဖြင့် ရှက်ကိုးရှက်ကန်း ပြုံးပြရုံမှလွဲ၍ အခြား မရှိပေ
"ဒီလို စိမ်းကား မနေပါနဲ့ ဟားဟား... လာ... ကောပိကို မြန်မြန် သွားတွေ့ရအောင် ကျုပ်လည်း ဒီ ညီမတော် လေးကို မတွေ့ရတာ တော်တော် ကြာနေပြီ " ပြောပြီးသည်နှင့် ဝမ်ယန်လျန်က စုန့်ချင်းရှု၏ လက်မောင်းကို ဆွဲကာ ထိုနေရာသို့ သွားရန် ပြင်လိုက်သည်။
"အဟွတ်... အဟွတ်..." ကံကောင်းထောက်မစွာဖြင့် စုန့်ချင်းရှုသည် ဟာကွက် မပေါ်စေရန် အမြဲတမ်း သတိထားနေသူ ဖြစ်ရာ အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ အားနည်းနေသည့် ရောဂါသည် ပုံစံကို ချက်ချင်း ဟန်ဆောင်ပြလိုက်သည်။
ဝမ်ယန်လျန်သည် နဖူးကို လက်ဖြင့် ရိုက်ကာ သတိရသွားသည့် ပုံစံဖြင့် ပြောလိုက်သည်။ "ကြည့်စမ်း... ကျုပ်ရဲ့ မှတ်ဉာဏ်တွေကတော့ အစ်ကို ထန်ခိုက ဒဏ်ရာ အပြင်းအထန် ရထားတယ် ဆိုတာကို မေ့သွားတယ်။ ဟေ့လူတွေ... မြင်းလှည်းကို ဟိုဘက် ရွှေ့လိုက်ကြ "
စုန့်ချင်းရှု၏ ရင်ထဲတွင် သံသယများ ပြည့်နှက်နေမိသည်။ 'သူက ခုနက ငါ့ကို တမင် စမ်းသပ်လိုက်တာလား... ဒါမှမဟုတ် ဘာလား' ဟု စဉ်းစားနေမိသည်။ တကယ်တော့ ဝမ်ယန်လျန်သည် ထန်ခိုပြန်၏ လှပသော ဇနီးသည်ကို အမြန် တွေ့ချင်လွန်းသဖြင့် သူ၏ "ဒဏ်ရာ" ကို တကယ် မေ့သွားခြင်း ဖြစ်ကြောင်း သူ ဘယ်လိုလုပ် သိနိုင်မည်နည်း
သူ စဉ်းစားခန်း ဝင်နေစဉ် မှာပင် သူတို့၏ မြင်းလှည်းက ထို ခမ်းနားသော မြင်းလှည်းကြီး၏ ရှေ့သို့ တဖြည်းဖြည်း ရောက်ရှိသွားသည်။ စုန့်ချင်းရှုသည် အခြေအနေ အရ လိုက်လျော ညီထွေစွာ ပြောင်းလဲ တုံ့ပြန်မည် ဟူသော မူဝါဒကို ကိုင်စွဲထားသဖြင့်၊ စကား တစ်ခွန်းမှ မပြောဘဲ တစ်ဖက်လူ အရင် စကားစလာမည့် အချိန်ကိုသာ စောင့်နေလိုက်သည်။
နှင်းပွင့် ကဲ့သို့ ဖြူဖွေး နူးညံ့သော လက်တစ်ဖက်က မြင်းလှည်း အတွင်းမှ ထွက်ပေါ်လာပြီး လိုက်ကာကို မတင်လိုက်သည်။ ထို သွယ်လျ လှပသော လက်ကလေးကို မြင်ရုံမျှဖြင့် စုန့်ချင်းရှု ရင်ထဲတွင် တိတ်တဆိတ် ချီးကျူးလိုက်မိသည်။ ကျင်းနိုင်ငံမှ မှူးမတ်များ အားလုံးမှာ ဂျူချန် လူမျိုးများ ဖြစ်ကြသည်။ ဂျူချန် လူမျိုးများသည် မြင်းကျောပေါ်တွင် ကြီးပြင်းလာသူများ ဖြစ်ရာ ယောကျ်ားများမှာ ကိုယ်လုံးကိုယ်ပေါက် ကြီးမား တောင့်တင်းပြီး ကျန်းနန်မှ လူများထက် ပိုမို ရဲရင့် ကျွမ်းကျင်စွာ တိုက်ခိုက်နိုင်ကြသည်။ သို့သော် အလားတူပင် ဂျူချန် အမျိုးသမီးများမှာလည်း ကျန်းနန်မှ အမျိုးသမီးများ ကဲ့သို့ အသားအရေ ဖြူဖွေး နူးညံ့ခြင်း မရှိကြပေ သို့သော် ဤကဲ့သို့သော အားနည်းချက်များကို သူမ၏ ကိုယ်ပေါ်တွင် အနည်းငယ်မျှ မတွေ့ရပေ ဤ လက်တစ်ဖက်တည်း ဖြင့်ပင် ကျန်းနန်မှ မိန်းကလေး မည်မျှကို အရှက်ရသွားစေမည် မသိပေ
"ဝူကူလာ... ရှင် ဒဏ်ရာတွေ သက်သာသွားပြီလား " ချွဲနွဲ့သော အမျိုးသမီး အသံလေး တစ်ခု ထွက်ပေါ်လာသည်။ ဟန် လူမျိုး မိန်းကလေးများနှင့် နှိုင်းယှဉ်ပါက သူမ၏ စကားသံ အသံထွက်မှာ အနည်းငယ် ထူးဆန်းနေသော်လည်း၊ သူမ၏ အသံလေးမှာ အလွန် သာယာ ငြိမ့်ညောင်းလှသဖြင့် စုန့်ချင်းရှု အနေဖြင့် အလွန် ထူးခြားသော ဆွဲဆောင်မှု တစ်ခု ရှိနေသည်ဟုပင် ခံစားလိုက်ရသည်။
အသံလေး ထွက်ပေါ်လာသည်နှင့်အတူ အလွန် လှပသော နန်းတွင်း ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦး မြင်းလှည်း ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။ ကျန်းနန်မှ အမျိုးသမီးများ ထက် မနိမ့်ကျသော ကျော့ရှင်း လှပသည့် မျက်နှာလေး ရှိသည်။ စုန့်ချင်းရှုကို အများဆုံး အထင်ကြီး စွဲမက်စေခဲ့သည့် အချက်မှာ သူမ၏ မျက်ခုံးများ ပင် ဖြစ်သည်။ သူမ၏ မျက်ခုံးများမှာ သာမန် ကျန်းနန် အမျိုးသမီးများ ကဲ့သို့ ပါးလျသော မိုးမခရွက် မျက်ခုံးမျိုး မဟုတ်ဘဲ ရဲရင့် တက်ကြွသည့် အသွင်အပြင် အနည်းငယ် ပါဝင်နေသည်။ သို့သော် ဤ မျက်ခုံးမျိုးက သူမ၏ အလှအပကို အနည်းငယ်မျှ ထိခိုက်စေခြင်း မရှိသည့် အပြင် သေးငယ် လှပသော မျက်နှာလေး၏ နုနယ်သည့် အသွင်အပြင်နှင့် ပေါင်းစပ်သွားသောအခါ၊ ရဲရင့်မှုနှင့် နူးညံ့မှု ကြားတွင် အလွန် ပြီးပြည့်စုံသော ဟန်ချက်ညီမှု တစ်ခုကို ဖန်တီးပေးလိုက်တော့သည်။
"ထုံလီယာ(Tong Liya လို့ Google မှာရှာကြည့်ပါ)နဲ့ နည်းနည်း ဆင်နေသလားလို့" တစ်ဖက်လူ၏ ရုပ်သွင်ကို သေချာ မြင်လိုက်ရသောအခါ စုန့်ချင်းရှု တစ်ယောက် တစ်ခဏမျှ အသိစိတ် လွတ်သွားသကဲ့သို့ ဖြစ်သွားသည်။ ယခင်ဘဝသို့ ပြန်လည် ရောက်ရှိသွားပြီး ရုပ်ရှင် ဇာတ်လမ်းတွဲများထဲမှ ရှေးဟောင်း ဝတ်စုံများဖြင့် နာမည်ကြီးသော လှပသော မင်းသမီးကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူ လျင်မြန်စွာပင် သတိပြန်ဝင်လာသည်။ မျက်စိရှေ့ရှိ အမျိုးသမီးနှင့် ထုံလီယာတို့ ကြားတွင် သိသာ ထင်ရှားသော ကွာခြားချက်များ ရှိနေသည်။ အသားအရေမှာ ထိုမျှလောက် မမည်းသည့် အပြင် အရပ်ကလည်း အနည်းငယ် ပိုရှည်သေးသည်။
"ကျင်းနိုင်ငံရဲ့ နံပါတ်တစ် အလှလေး ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန် ပါပေတယ်။" စုန့်ချင်းရှု ရင်ထဲတွင် တိတ်ဆိတ် ချီးကျူးလိုက်မိသည်။ ယခင်ဘဝက ထုံလီယာ ဆိုသည်မှာ ယောကျ်ား ဘယ်နှစ်ယောက်၏ အိပ်မက်ထဲက ချစ်သူ ဖြစ်ခဲ့သလဲ ဆိုသည်ကို သူ မသိပေ ယခု သူမထက် ပိုမို အဆင့်မြင့်သော အမျိုးသမီး တစ်ဦး ထပ်မံ ရောက်ရှိလာပြီ ဖြစ်ရာ ကျင်းနိုင်ငံမှ တောသားများ အားလုံးကို အလွယ်တကူ အနိုင်ယူသွားနိုင်မည်မှာ သေချာသည်။
ဝူကူလာ ဆိုသည်မှာ ထန်ခိုပြန်၏ ဂျူချန် နာမည်ရင်း ဖြစ်သည်။ စုန့်ချင်းရှုသည် ဤကဲ့သို့သော အသေးစိတ် အချက်အလက်များကို စောစောကတည်းက ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ မျက်စိရှေ့ရှိ အမျိုးသမီးက မိမိကို အလွန် စိုးရိမ် ပူပန်နေသည့် မျက်နှာထားဖြင့် ကြည့်နေသည်ကို မြင်သောအခါ၊ သူ၏ ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ 'ဒီ သနားစရာ မိန်းမလေး... သူမရဲ့ ခင်ပွန်း တကယ် သေသွားပြီ ဆိုတာကို အခုထိ မသိရှာသေးဘူး...'
စုန့်ချင်းရှုက လျင်မြန်စွာပင် မိမိ၏ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး ထန်ခိုပြန်၏ အကျင့် အတိုင်း ရင်ဘတ်ကို 'ဒုန်း... ဒုန်း' မြည်အောင် ပုတ်ပြလိုက်သည်။ "ဘာမှ မဖြစ်ပါဘူး ကိုယ့် ခန္ဓာကိုယ်က သန်မာပါတယ်။ ဒီလောက် ဒဏ်ရာလေးက သေလောက်တဲ့ အထိ မဖြစ်ပါဘူး "
ခင်ပွန်းဖြစ်သူ၏ ကလေးဆန်သော အပြုအမူကို မြင်သောအခါ ဝမ်ယန်ကောပိသည် ရင်းနှီးကျွမ်းဝင်သော ခံစားချက်ကို ရရှိသွားပြီး၊ အလိုအလျောက် ပြုံးလိုက်မိရာ နှုတ်ခမ်းထောင့်တွင် ပါးချိုင့်လေး တစ်ခု ပေါ်လာတော့သည်။ အလှအပများကို အမြဲတမ်း မြင်တွေ့နေကျ ဖြစ်သော စုန့်ချင်းရှု ပင်လျှင် တစ်ခဏမျှ ငေးကြောင်သွားမိသည်။ 'ဘုရား... ဘုရား... နောက်လှည့်ကြည့်လိုက်တဲ့ အပြုံး တစ်ချက်တည်းနဲ့တင် အလှတရားတွေ ရာချီ ပွင့်လန်းသွားတယ် ဆိုတာ... ဒီနေ့တော့ ကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်လိုက်ရပြီပဲ'(နောက်လှည့်အကြည့်တစ်ချက်ဆိုသာရုံလေး ညှို့မျက်ဝန်းရှင်ရယ်....)
ထိုနေရာတွင် ငေးကြောင်သွားသူမှာ သူ တစ်ယောက်တည်း မဟုတ်ပေ ဝမ်ယန်လျန်မှာလည်း မင်းသား တစ်ပါး ဖြစ်ရာ ဘယ်လို မိန်းမမျိုးကိုမဆို မြင်ဖူးခဲ့ပြီး ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူသည်လည်း အရူးအမူး ဖြစ်သွားပြီး ပါးစပ် အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။ 'တကယ်လို့များ ကောပိကို တစ်ညလောက် အဖော်ပြုခွင့် ရမယ် ဆိုရင်တော့... ဒီဘဝ အတွက် အသက်ရှင်ရတာ တန်ပြီ ဝမ်းနည်းစရာ ကောင်းတာက... ဒီတစ်ကြိမ် ဟွမ်ရုံက ငါ့ လက်ထဲကနေ ထွက်ပြေး လွတ်မြောက်သွားတာပဲ မဟုတ်ရင် ဒီ မိန်းမ လှလှလေး နှစ်ယောက်ကို ဘယ်ယိမ်း ညာနွဲ့ ဖက်ပြီး အိပ်ရမယ် ဆိုရင်... ငါ့ အိမ်တော် ထဲက မောင်းမမိဿံတွေ အားလုံးကို အိမ်ပြန်လွှတ်ပစ်လိုက်လို့ ရပြီ '
ထိုအခါမှသာ ဝမ်ယန်ကောပိသည် ခင်ပွန်းဖြစ်သူ၏ ဘေးတွင် ရှိနေသော ဝမ်ယန်လျန်ကို သတိထားမိသွားသည်။ သူမ၏ မျက်နှာပေါ်ရှိ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး အလျင်အမြန် အရိုအသေ ပေးလိုက်သည်။ "ဟိုင်လင်မင်းသားကို ဂါရဝပြုပါတယ်။"
ဝမ်ယန်လျန်က ဟားတိုက် ရယ်မောလိုက်ပြီး သူမကို တွဲထူရန် ဟန်ပြင်လိုက်သည်။ "ကောပိ... မင်းက အရမ်း အားနာလွန်းနေပြီ မင်းနဲ့ ငါက မောင်နှမ တွေပဲလေ ဒီလောက် အခမ်းအနားတွေ လုပ်နေစရာ မလိုပါဘူး "
ဝမ်ယန်ကောပိက အသာပြုံးလိုက်ပြီး သဘာဝ ကျကျပင် ခန္ဓာကိုယ်ကို မတ်မတ် ပြန်ရပ်လိုက်ကာ ဝမ်ယန်လျန်၏ လက်ကို ရှောင်ဖယ်လိုက်သည်။ "ဧကရာဇ်က အမြဲတမ်း ပြောတယ်။ ဟိုင်လင်မင်းသားက နိုင်ငံရဲ့ အားထားရတဲ့ မဏ္ဍိုင်ကြီး တစ်ခု တဲ့ ကျွန်မ အနေနဲ့ အရိုအသေ ပေးတာ ကလည်း သင့်တော်ပါတယ်။"
သခင်မထန်နှင့် ဝမ်ယန်ကောပိတို့ ကြားရှိ ကွာခြားချက်က ဘာလဲ ဆိုတာကို စုန့်ချင်းရှု နောက်ဆုံးတော့ သဘောပေါက်သွားတော့သည်။ အလှအပ အရ ယှဉ်ကြည့်မည် ဆိုလျှင် သခင်မထန်က အနည်းငယ်မျှ မနိမ့်ကျပေ အကြီးမားဆုံး ကွာခြားချက်မှာ ကိုယ်ရောင်ကိုယ်ဝါ ပင် ဖြစ်သည်။ သခင်မထန် ပေးစွမ်းနိုင်သော အကြီးမားဆုံး ခံစားချက်မှာ လှပပြီး ဆွဲဆောင်မှု ရှိခြင်း ပင် ဖြစ်သည်။ ဝမ်ယန်ကောပိ၏ စောစောက အပြုံးလေးမှာလည်း အလွန် ဆွဲဆောင်မှု ရှိသော်လည်း သူမက အပြုံးကို ရုပ်သိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးတွင် ခန့်ညား ထည်ဝါသည့် ကိုယ်ရောင်ကိုယ်ဝါ မျိုး ချက်ချင်း ပေါ်လွင်လာတော့သည်။ ယောကျ်ားများတွင် အလွန် ဆိုးရွားသော အကျင့် တစ်ခု ရှိသည် မဟုတ်ပါလား အလွယ်တကူ ရနိုင်သော အရာများကို တန်ဖိုး မထားတတ်ကြဘဲ ခန့်ညား ထည်ဝါပြီး ရယူရန် ခက်ခဲသော အမျိုးသမီးများကိုသာ ပိုမို သိမ်းပိုက်လိုစိတ် ပြင်းပြတတ်ကြသည်။
ထို့ကြောင့် အမျိုးသမီး နှစ်ဦးလုံး၏ ရုပ်ရည်မှာ တစ်ယောက် တစ်မျိုးစီ လှပနေသော်လည်း ကိုယ်ရောင်ကိုယ်ဝါ(အရှိန်အဝါ) ကွာခြားမှု ကြောင့် 'ကျင်းနိုင်ငံ၏ နံပါတ်တစ် အလှလေး' ဆိုသည့် သရဖူမှာ သခင်မထန်၏ ခေါင်းပေါ် မရောက်ဘဲ ဝမ်ယန်ကောပိ၏ ခေါင်းပေါ်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
ဝမ်ယန်ကောပိသည် ဝမ်ယန်လျန်နှင့် ပေါ့ပေါ့ပါးပါး စကား အနည်းငယ် ပြောပြီးနောက် လျင်မြန်စွာပင် သူမ၏ အာရုံစိုက်မှု အားလုံး ခင်ပွန်းဖြစ်သူ ထံသို့ ပြန်လည် ရောက်ရှိသွားတော့သည်။ ခင်ပွန်းဖြစ်သူ၏ ဖြူရော်နေသော မျက်နှာကို မြင်သောအခါ (စုန့်ချင်းရှုက ဆေးဖက်ဝင် အပင်များ၏ အရည်ကို လိမ်းကျံထားပြီး၊ အတွင်းအားကို အသုံးပြုကာ ဤကဲ့သို့ အားနည်းနေသည့် ပုံစံကို တမင် ဖန်တီးထားခြင်း ဖြစ်သည်)၊ သူမ၏ ရင်ထဲတွင် အလွန် နာကျင်သွားရသည်။ "ဝူကူလာ... အိမ်မြန်မြန် ပြန်ပြီး သေချာ အနားယူရအောင် "
စုန့်ချင်းရှု၏ မျက်နှာပေါ်တွင် အခက်တွေ့နေသည့် အမူအရာ ပေါ်လာသည်။ အမှန်တိုင်း ပြောရလျှင် မျက်စိရှေ့ရှိ အမျိုးသမီးမှာ အလွန်တရာ လှပလွန်းသော်လည်း ယခုအချိန်တွင် သူသည် သူမနှင့် နှစ်ယောက်တည်း အတူတူ မနေချင်သေးပေ ထို့ကြောင့် အကြောင်းပြချက် တစ်ခု ရှာကာ ပြောလိုက်သည်။ "ကိုယ် အုပ်ချုပ်ရေးဝန်ကြီးရုံးကို သွားပြီး အစီရင်ခံစာ တင်ရဦးမယ်..."
ဝမ်ယန်ကောပိက ခေါင်းခါလိုက်ပြီး အနားသို့ လျှောက်လာကာ သူ၏ လက်မောင်းကို သဘာဝ ကျကျပင် ချိတ်ဆွဲလိုက်သည်။ "ကျွန်မ စောစောကတည်းက ဧကရာဇ်ဆီကို ဝင်ပြီး ဒီကိစ္စကို ပြောပြပြီးပြီ ဧကရာဇ်ကလည်း ရှင့်ကို အရင် သေချာ အနားယူဖို့ သဘောတူထားတယ်။ အုပ်ချုပ်ရေးဝန်ကြီးရုံးက အလုပ်တွေကို လောလောဆယ် ခေါင်းထဲ ထည့်မထားနဲ့ဦး ပြီးတော့ ခိုင်ဖုန်းမြို့က အခြေအနေတွေနဲ့ ပတ်သက်ပြီး... နောက်ရက်ကျရင် အိမ်ကို ကိုယ်တိုင် လာမေးမယ့် သူ ရှိလိမ့်မယ် "
"အာ... ဒီလိုလား " သူမ၏ ရင်အစုံက မိမိ၏ လက်မောင်းကို လာရောက် ထိတွေ့နေသည်ကို ခံစားရသောအခါ စုန့်ချင်းရှု၏ မျက်နှာထား လုံးဝ ထူးဆန်းသွားတော့သည်။
ဝမ်ယန်လျန်၏ မျက်လုံးထဲတွင် မနာလိုသည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားပြီးနောက် ဟားတိုက် ရယ်မောလိုက်သည်။ "အစ်ကို ထန်ခိုက တကယ်ကို ကံကောင်းတာပဲ ညီမတော်က ဧကရာဇ်ရဲ့ အချစ်ဆုံး ညီမလေး ဆိုတော့... သူမက ကိုယ်တိုင် သွားတောင်းဆိုပေးမှတော့ ဧကရာဇ်က သေချာပေါက် ခွင့်ပြုမှာပေါ့ "
ဝမ်ယန်ကောပိက ချိုသာစွာ ပြုံးလိုက်သည်။ "လမ်းတစ်လျှောက်လုံး ဝူကူလာကို ဂရုစိုက်ပေးခဲ့တဲ့ ဟိုင်လင်မင်းသားကိုလည်း ကောပိက ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်... အခု သူက ဒဏ်ရာ အပြင်းအထန် ရထားတော့ သူ့ကို ကုသပေးဖို့ နန်းတွင်း သမားတော်တွေကို ခေါ်ရဦးမယ် မင်းသားကို ဧည့်ခံဖို့ အချိန် မရှိတော့ဘူး... အင်း... နောက် နှစ်ရက် သုံးရက် နေလို့ ဝူကူလာ ပြန်ကောင်းလာတဲ့ အခါကျရင်... ကျွန်မတို့ ဇနီးမောင်နှံ နှစ်ယောက် မင်းသားရဲ့ ကျေးဇူးကို ဆပ်တဲ့ အနေနဲ့ သေချာ ဧည့်ခံပါ့မယ် "
သူမ၏ စကားများက ယဉ်ကျေး သယောင် ရှိသော်လည်း နှုတ်ဆက် ထွက်ခွာခိုင်းသည့် အဓိပ္ပါယ်က အလွန် သိသာလွန်းနေသည်။ ဝမ်ယန်လျန် အနေဖြင့်လည်း မျက်နှာပြောင်တိုက်ပြီး ဆက်လက် လိုက်ပါသွားရန် အဆင်မပြေတော့သဖြင့် ရယ်မောကာ ပြန်ပြောလိုက်သည်။ "အဲဒီ စားပွဲ အတွက်... ကျုပ်ကလည်း အစ်ကို ထန်ခို အမြန်ဆုံး ပြန်ကောင်းလာပါစေ လို့ ကြိုပြီး ဆုတောင်းပေးပါတယ်။ ဟားဟားဟား"
မိမိကို ကုသပေးရန် နန်းတွင်း သမားတော်များကို ခေါ်မည် ဟူသော စကားကို ကြားရသောအခါ စုန့်ချင်းရှု၏ ရင်ထဲတွင် ညည်းတွားလိုက်မိသည်။ သူမက စေတနာနဲ့ ပြောနေတာ မှန်း သိပေမယ့်... သူက တကယ် ဒဏ်ရာ ရထားတာ မှ မဟုတ်တာ၊ တကယ်လို့ နန်းတွင်း သမားတော်တွေက သောက်ရမ်းအရည်အချင်းရှိပြီး သူ့ရဲ့ ဟန်ဆောင်မှုတွေကို ရိပ်မိသွားရင် ဘယ်လို လုပ်မလဲ။
***