စုန့်ချင်းရှု၏ မျက်နှာထားမှာ အလွန် ထူးဆန်းနေတော့သည်။ 'ထန်ခိုပြန်က ဒီ ခယ်မလေးနဲ့များ တစ်ခုခု ပတ်သက်နေတာလား' ထန်ခိုပြန်လို မုတ်ဆိတ်မွေးကားကား နှင့် ကြမ်းတမ်းသော ယောကျ်ားကြီးက၊ ကျင်းနိုင်ငံ၏ နံပါတ်တစ် အလှလေးကို ဇနီးအဖြစ် ရထားရုံ သာမက ဇနီးဖြစ်သူ၏ အရင်းအချာ ညီမကိုပါ တိတ်တဆိတ် ကြူထားသေးတာလား လို့ စဉ်းစားနေမိသည်။
"ဝမ်ယန်ပင်းရဲ့ အလှအပကို ခံစားနိုင်စွမ်းက နည်းနည်း ထူးခြားနေသလား လို့ " စုန့်ချင်းရှုက စိတ်ထဲတွင် တိတ်တဆိတ် အထင်သေး ရှုတ်ချလိုက်မိသော်လည်း လျင်မြန်စွာပင် သူ၏ ခန့်မှန်းချက်ကို ပြန်လည် ပယ်ဖျက်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဝမ်ယန်ကောပိ၏ မျက်နှာပေါ်တွင် အနည်းငယ်မျှ မူမမှန်သည့် အရိပ်အယောင် မတွေ့ရပေ၊ ဘယ်လောက်ပဲ သဘောထား ကြီးတဲ့ အမျိုးသမီး ဖြစ်ပါစေ... ကိုယ့်ရဲ့ ခင်ပွန်းနဲ့ ကိုယ့်ရဲ့ ညီမအရင်း ကြားက ဖောက်ပြန်တဲ့ ဆက်ဆံရေးကိုတော့ လုံးဝ သည်းခံနိုင်မှာ မဟုတ်ဘူးပေ
"ပင်းအာက အမြဲတမ်းအဲ့လို နွဲ့ဆိုးတတ်တာ၊ ရှင် စိတ်ထဲ မထားပါနဲ့" ဝမ်ယန်ကောပိက ကုတင် ဘေးတွင် ပြန်ထိုင်လိုက်ပြီး၊ စုန့်ချင်းရှုကို စောင်ခြုံပေးရင်း ပြောလိုက်သည်။
ဝမ်ယန်ကောပိ အနားတွင် လာထိုင်လိုက်သည်နှင့်အတူ သန့်စင် မွှေးကြိုင်သော ရနံ့လေး တစ်ခု ထွက်ပေါ်လာသဖြင့် စုန့်ချင်းရှု တစ်ခဏမျှ အသိစိတ် လွတ်သွားသကဲ့သို့ ဖြစ်သွားသည်။ "ဆိုးသွမ်းတာ ကောင်းပါတယ်။ သူမ ဘဝကို ပူပင်သောက ကင်းကင်းနဲ့ ဖြတ်သန်း နေရတယ် ဆိုတာ ပြနေတာပဲ" မူရင်း ဝတ္ထုထဲမှ ကလဲ့စားချေ သည့် တာဝန်များကို ထမ်းပိုးထားရသော မိန်းကလေးကို ပြန်တွေးမိပြီး စုန့်ချင်းရှု မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
စုန့်ချင်းရှုက တမင် ဟန်ဆောင်ပြီး သန်းဝေပြလိုက်သည်ကို မြင်သောအခါ ဝမ်ယန်ကောပိက သူ့ကို စောင် သေချာ ခြုံပေးပြီးနောက် ပြုံးကာ ပြောလိုက်သည်။ "အခု ရှင့် ခန္ဓာကိုယ်က အရမ်း အားနည်း နေတယ်။ ကျွန်မ ရှင်နဲ့ စကား ဆက်မပြောတော့ဘူး။ ရှင် သေချာလေး အနားယူလိုက်တော့နော် "
"မင်း လည်း သွားပြီး နားလိုက်ပါတော့ ငါ တစ်ခုခု လိုအပ်ရင် အစေခံတွေကို ခေါ်ခိုင်းလိုက်ပါ့မယ်" စုန့်ချင်းရှုက သူမ အမြန်ဆုံး ထွက်သွားမည် ကိုသာ လိုလားနေသည်။
ဝမ်ယန်ကောပိက ခေါင်းခါလိုက်သည်။ "အစေခံတွေက ကျွန်မ လောက် ဘယ်လိုလုပ် ဂရုစိုက်နိုင်ပါ့မလဲ ကျွန်မ ဒီမှာပဲ နေပြီး ရှင့်ကို အဖော်ပြုပေးမယ်"
စုန့်ချင်းရှု ရင်ထဲတွင် တိတ်တဆိတ် ညည်းတွားလိုက်မိသည်။ သူမက ဘေးကနေ အမြဲတမ်း စောင့်ကြည့်နေမည် ဆိုလျှင် သူက ထန်ခိုပြန် မဟုတ်ကြောင်း ရိပ်မိသွားမည်ကို စိုးရိမ်ရသည့် အပြင်၊ ဘာကိစ္စ မှလည်း လုပ်၍ ရတော့မည် မဟုတ်ပေ၊ တကယ်ပဲ လူမမာ တစ်ယောက်လို ကုတင်ပေါ်မှာ အချိန်ပြည့် လှဲနေရတော့မှာလား
ဝမ်ယန်ကောပိ၏ အသံလေးက နူးညံ့ သော်လည်း သူမ၏ သဘောထားမှာ အလွန် ပြတ်သားနေသဖြင့်၊ စုန့်ချင်းရှု အနေဖြင့် ငြင်းဆန်ရန် အကြောင်းပြချက် မရှိတော့ပေ၊ သူမနှင့် စကား ဆက်ပြောရမည်ကို ရှောင်လွှဲနိုင်ရန် အတွက် မျက်စိမှိတ်ကာ အိပ်ချင်ယောင် ဆောင်နေလိုက်ပြီး၊ စိတ်ထဲတွင်တော့ လွတ်မြောက်မည့် နည်းလမ်းကို အဆက်မပြတ် စဉ်းစားနေတော့သည်။
သို့သော် သူ မည်မျှပင် ခေါင်းစားခံပြီး စဉ်းစားစေကာမူ နှစ်ဖက်စလုံး အတွက် အဆင်ပြေမည့် အကြံကောင်း တစ်ခုမှ ထွက်မလာပေ၊ နောက်ဆုံးတွင် သူမ၏ အိပ်ပျော်စေသောအကြောကို နှိပ်ပြီး သတိလစ်သွားအောင် လုပ်ရန် ဆုံးဖြတ်လိုက်စဉ် ရုတ်တရက် မျက်လုံး ဖွင့်ကြည့်လိုက်ရာ၊ ဝမ်ယန်ကောပိသည် သူမ၏ နဖူးကို လက်တစ်ဖက်ဖြင့် ထောက်ကာ ကုတင် ဘေးတွင် အိပ်မောကျ နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
စုန့်ချင်းရှု ခဏတာ ကြောင်သွားပြီးနောက် ချက်ချင်း သဘောပေါက်သွားသည်။ ဤရက်ပိုင်း အတွင်း ဝမ်ယန်ကောပိသည် ခင်ပွန်းဖြစ်သူ၏ အသက်အန္တရာယ် အတွက် အလွန် စိုးရိမ် ပူပန် နေခဲ့ရသဖြင့် ကောင်းကောင်း အနားယူ နိုင်ခဲ့မည် မဟုတ်ပေ၊ ယခု ခင်ပွန်းဖြစ်သူ အန္တရာယ်ကင်းစွာ ပြန်ရောက်လာသည်ကို မြင်ရသောအခါ တင်းကျပ်နေသော စိတ်အာရုံများ လျော့ကျသွားပြီး ဤမျှ လွယ်လွယ်ကူကူ အိပ်ပျော်သွားခြင်းမှာ အံ့သြစရာ မဟုတ်ပေ
ထိုအခါမှသာ စုန့်ချင်းရှုသည် သူ၏ နာမည်ခံ "ဇနီးသည်" ကို အနီးကပ် သေချာ ကြည့်ရှုရန် အခွင့်အရေး ရသွားတော့သည်။ အပြစ်အနာအဆာ ကင်းမဲ့သော လှပသည့် မျက်နှာလေး ရှိပြီး ရှည်လျားသော မျက်တောင်လေးများက မသိမသာ တုန်ရီနေသည်။ မျက်ခုံး ကြားရှိ ဖုံးကွယ်၍ မရနိုင်သော ပင်ပန်း နွမ်းနယ်မှုများက သူမကို ပို၍ပင် သနားစရာ ကောင်းအောင် ဖန်တီးပေးနေသည်။
ကုတင်ပေါ်မှ အသံ မထွက်အောင် ဖြည်းညှင်းစွာ ထလိုက်ပြီး ဝမ်ယန်ကောပိ လန့်နိုးလာမည့် အရိပ်အယောင် မရှိသည်ကို မြင်သောအခါ၊ စုန့်ချင်းရှုက တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ "ဒီလို ဇနီးကောင်း မျိုး ရှိနေတာကြောင့်ပဲ... ထန်ခိုပြန် မသေခင်မှာ သူမကို ကာကွယ်စောင့်ရှောက်ပေးဖို့ ငါ့ကို အပ်နှံသွားတာဖြစ်မယ်"
သူမ၏ အသက်ရှူနှုန်း အရ အလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ နေပြီ ဖြစ်ကြောင်း အကဲဖြတ် မိသဖြင့် စုန့်ချင်းရှုသည် သူမကို လန့်နိုးသွားမည်ကို မစိုးရိမ်တော့ဘဲ၊ ဤကဲ့သို့ ကိုယ်ဟန် အနေအထား ဖြင့် အိပ်နေပါက ညောင်းညာသွားမည်ကို စိုးရိမ်သဖြင့် သူမကို ကုတင်ပေါ်သို့ ညင်သာစွာ ပွေ့တင်ပေးလိုက်သည်။
ခန္ဓာကိုယ်၏ ရွေ့လျားမှုကို ခံစားမိသွား၍လား မသိ ဝမ်ယန်ကောပိက 'အင်း' ခနဲ အသံပြုကာ ခန္ဓာကိုယ်ကို အနည်းငယ် လှည့်လိုက်ပြီး၊ စုန့်ချင်းရှု၏ လက်ကို အလိုအလျောက် သိုင်းဖက်လိုက်ရာ သူမ၏ ရင်ဘတ်မှ နူးညံ့သော ထိတွေ့မှုက သူ၏ ရှေ့တွင် အပြည့်အဝ ပေါ်လွင်လာတော့သည်။
စုန့်ချင်းရှုသည် မိန်းမ အတွေ့အကြုံ များပြားသူ တစ်ယောက် ဖြစ်သော်လည်း ယခုအချိန်တွင် ပြိုင်ဘက်ကင်း အလှနတ်သမီးလေး တစ်ဦးက အကာအကွယ် ကင်းမဲ့စွာဖြင့် သူ၏ ဘေးတွင် လှဲလျောင်း နေသည်ကို မြင်ရသောအခါ... ယခု သူ လက်ချောင်းလေး တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် သူမ၏ အင်္ကျီများကို အလွယ်တကူ ချွတ်ချနိုင်ပြီး၊ သူမ နိုးလာလျှင်တောင်မှ အနည်းငယ်မျှ ရုန်းကန် ငြင်းဆန်မည် မဟုတ်ကြောင်း တွေးမိသောအခါ၊ စုန့်ချင်းရှု၏ နှလုံးသား တစ်ခုလုံး တဒိန်းဒိန်း ခုန်လာတော့သည်။
သို့သော် သူသည် အရင်ကလို အရေးကြီး၊ မကြီး မခွဲခြား တတ်သော လူငယ်လေး တစ်ယောက် မဟုတ်တော့ပေ ဤခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ စုန့်ယွမ်ချောင်တို့ကို ကယ်တင်ရန် ဖြစ်ကြောင်း သူ ကောင်းကောင်း သိသည်။ ထို့ကြောင့် သူ၏ စိတ်အာရုံများကို အလျင်အမြန် ပြန်လည် ထိန်းချုပ်လိုက်ပြီး ကောပိ၏ ရင်ခွင်ထဲမှ သူ၏ လက်မောင်းကို ညင်သာစွာ ဆွဲထုတ်လိုက်သည်။ သူမကို အဓိပ္ပါယ်ပါပါ တစ်ချက် စူးစိုက်ကြည့်ပြီးနောက် ပုံရိပ်လေး တစ်ချက် လှုပ်ရှားသွားကာ ကုတင်ပေါ်မှ ဆင်းလိုက်တော့သည်။
တစ်နေကုန် နီးပါး အချိန်ကုန် လူပန်းခံ ခဲ့ရပြီးနောက် ယခုအခါ ညဉ့်နက်ပိုင်း သို့ ရောက်ရှိလာပြီ ဖြစ်ရာ၊ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် အကောင်းဆုံး အချိန် ပင် ဖြစ်သည်။ စုန့်ချင်းရှုက ယူဆောင်လာသော အထုပ်ထဲမှ ကြိုတင် ပြင်ဆင်ထားသော အနက်ရောင် ညဝတ်စုံကို ထုတ်ယူ ဝတ်ဆင်လိုက်ပြီး လိုအပ်သော ကိရိယာ အချို့ကို အင်္ကျီ ရင်ဘတ် ထဲသို့ ထည့်လိုက်သည်။ တံခါးဝသို့ ရောက်သောအခါ အနည်းငယ် တွေဝေသွားပြီး နောက်လှည့်ကာ ဝမ်ယန်ကောပိကို တစ်ချက် ကြည့်လိုက်ရာ၊ သူမ အလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် မျက်နှာပေါ်ရှိ အရေခွံ မျက်နှာဖုံးကို ချွတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤခရီးစဉ်တွင် နန်းတော် ထဲသို့ ညအချိန် ခိုးဝင်ရမည် ဖြစ်ရာ၊ ထန်ခိုပြန်သည် ဧကရာဇ်၏ သမက်တော် ဖြစ်သဖြင့် နန်းတော် အတွင်း သူ့ကို သိသူ အများအပြား ရှိသည်။ တကယ်လို့များ တစ်ယောက်ယောက်က သူ့ကို မှတ်မိသွားမည် ဆိုပါက ထန်ခိုပြန်၏ အထောက်အထားကို ဆက်လက် အသုံးပြုရန် အဆင်ပြေတော့မည် မဟုတ်ပေ
ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားပြီးနောက် သူ၏ ပုံရိပ်သည် အမှောင်ထု ထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
နန်းတော်၏ အစောင့်အကြပ်များ အလွန် တင်းကျပ် သော်လည်း စုန့်ချင်းရှု၏ လက်ရှိ သိုင်းပညာနှင့် ကိုယ်ဖော့ပညာ အရ ဆိုလျှင်၊ ဧကရာဇ် သို့မဟုတ် မိဖုရားခေါင်ကြီးတို့၏ နန်းဆောင်များဆီသို့ တိုက်ရိုက် မသွားသရွေ့... လူသူကင်းမဲ့သော နေရာ တစ်ခုသို့ ဝင်ရောက် သကဲ့သို့ လွယ်ကူလှသည်။ သိပ်မကြာခင်မှာပင် သူသည် နန်းတော်၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိသွားတော့သည်။
အချိန်မည်မျှ ကြာအောင် လှည့်လည် သွားလာမိသည် မသိ နောက်ဆုံးတွင် စုန့်ချင်းရှုမှာ စိတ်ပျက်လက်ပျက်ဖြင့် ဝန်ခံလိုက်ရသည်။ ဤ စစ်ဆင်ရေးမှာ အလွန် အလောတကြီး ဖြစ်လွန်းခဲ့သည်။ နိုင်ငံ တစ်နိုင်ငံ၏ နန်းတော် ဆိုသည်မှာ မည်မျှ ကြီးမား ကျယ်ပြန့် သနည်း။ အရင်က ချင် မင်းဆက်၏ နန်းတော်တွင် သူ အလွယ်တကူ သွားလာနိုင်ခဲ့ခြင်းမှာ နန်းတော် အတွင်း တာဝန် ထမ်းဆောင်ခဲ့သည့် အချိန် အတော်ကြာ ရှိခဲ့သောကြောင့် ဖြစ်သည်။ သို့သော် သူသည် ကျင်းနိုင်ငံ သို့ တစ်ခါမှ မရောက်ဖူးခဲ့သလို ကျင်းနိုင်ငံ နန်းတော်၏ တည်ဆောက်ပုံကိုလည်း လုံးဝ မသိရှိပေ ယခု မျက်လုံးစုံမှိတ် ယင်ကောင် တစ်ကောင်လို ဝင်လာပြီး ဤမျှလောက် အချိန်ကြာအောင် လှည့်ပတ် သွားလာနေတာတောင်၊ ကင်းလှည့်နေသော အစောင့်များ၏ မမိသေးခြင်း ကိုပဲ ကျေးဇူးတင်ရမည် ဖြစ်သည်။
အစကတော့ သူသည် ချင် မင်းဆက်၏ နန်းတော်ကို အလွန် ကျွမ်းကျင်ထားသဖြင့် ကျင်းနိုင်ငံနှင့် ချင် မင်းဆက်တို့မှာ ဂျူချန် လူမျိုးများ ဖြစ်ကြရာ... ဗိသုကာ ပုံစံ လည်း ဆင်တူလိမ့်မည် ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် အထဲဝင်ပြီး အချိန်အတော်ကြာ လှည့်ပတ် သွားလာပြီးမှသာ အနည်းငယ်မျှ ဆင်တူသည့် နေရာ မရှိကြောင်း တွေ့လိုက်ရသဖြင့်... ချင် မင်းဆက်၏ နန်းတော်မှာ သူတို့ ကိုယ်တိုင် တည်ဆောက်ခဲ့ခြင်း မဟုတ်ဘဲ မင်မင်းဆက်၏ တားမြစ်မြို့တော်ကို ဆက်လက် အသုံးပြုထားခြင်း ဖြစ်ကြောင်း သူ ရုတ်တရက် သတိရသွားတော့သည်။ ကျင်းနိုင်ငံ၏ နန်းတော်ကိုတော့ ကျင်းနိုင်ငံသားများ ကိုယ်တိုင် အခြား နိုင်ငံများ၏ အားသာချက်များကို ပေါင်းစပ် တည်ဆောက်ထားခြင်း ဖြစ်ရာ ပုံစံက လုံးဝ ကွဲပြားခြားနား နေမည်မှာ သေချာသည်။
ယခုအချိန်အထိ လှည့်ပတ် သွားလာနေခဲ့သော်လည်း စုန့်ချင်းရှုသည် ဧကရာဇ်၊ မိဖုရားကြီး၊ မိဖုရားနှင့် ကိုယ်လုပ်တော်များ၏ အဆောင်များကိုပင် ကွဲပြားအောင် မခွဲခြား နိုင်သေးရာ၊ အဝတ်လျှော်ဆောင်ကို ရှာတွေ့ရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။
"အင်း... ပြန်သွားပြီး သေချာ ပြန်စဉ်းစား မှ ရတော့မယ် " စုန့်ချင်းရှု လှည့်ထွက်ရန် ပြင်လိုက်စဉ် ရုတ်တရက် နားထဲတွင် အသံ တစ်ခု ကြားလိုက်ရသဖြင့်၊ ဘေးရှိ ကျောက်ဆောင်ကြီး၏ အရိပ် ထဲသို့ အလျင်အမြန် ပုန်းအောင်းလိုက်သည်။
မိန်းမစိုး ပုံစံ ဝတ်ဆင်ထားသော လူတစ်ယောက်က အဝေးမှ ခပ်သုတ်သုတ် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ စုန့်ချင်းရှုက ထိုလူ ဝတ်ဆင်ထားသော အဝတ်အစားကို သေချာ ကြည့်လိုက်ရာ လျှပ်တစ်ပြက် အတွင်းမှာပင် ထိုလူ၏ နန်းတွင်း ရာထူးမှာ မနိမ့်ကျကြောင်း ခန့်မှန်း သိရှိလိုက်သည်။
သို့သော် သူ့ကို ပိုမို အံ့သြသွားစေသည်မှာ ဤလူသည် အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက် ကြီးမား တောင့်တင်းကာ၊ သာမန် မိန်းမစိုးများတွင် တွေ့ရလေ့ ရှိသော မိန်းမဆန်သည့် အရိပ်အယောင် အနည်းငယ်မျှ မရှိခြင်း ပင် ဖြစ်သည်။ စုန့်ချင်းရှု၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။ "မိန်းမစိုး အတု များ ဖြစ်နေမလား " မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် အများကြီး ဂရုစိုက်နေရန် မဖြစ်နိုင်တော့ပေ သူ့ဆီကနေ သတင်း တစ်ခုခု ရနိုင်မလား ဆိုတာ စမ်းကြည့်တာ ပိုကောင်းမယ် လို့ တွေးလိုက်ပြီး၊ စုန့်ချင်းရှုသည် ပုံရိပ်လေး တစ်ချက် လှုပ်ရှားသွားကာ သူ၏ ရှေ့သို့ ရုတ်တရက် ရောက်ရှိသွားတော့သည်။
ရုတ်တရက် ရှေ့သို့ ရောက်လာသော စုန့်ချင်းရှုကို မြင်သောအခါ ထို မိန်းမစိုး၏ မျက်လုံးများ ပြူးကျယ်သွားပြီး၊ ပါးစပ် ဟကာ အော်ဟစ်ရန် ပြင်လိုက်သည်။ သို့သော် တစ်ဖက်လူ၏ မင်ရည် ကဲ့သို့ မည်းနက်နေသော မျက်လုံးများကို သတိထားမိလိုက်သည် နှင့် တစ်ပြိုင်နက် သူ တစ်ကိုယ်လုံး ကျောက်ရုပ် တစ်ရုပ်လို ငြိမ်သက်သွားတော့သည်။
စုန့်ချင်းရှုက စိတ်ညှို့ပညာကို အသုံးပြုရင်း မေးလိုက်သည်။ "မင်း နာမည် ဘယ်လို ခေါ်လဲ နန်းတွင်း မှာ ဘာရာထူး ရှိလဲ "
ထို မိန်းမစိုးက တစ်ခုချင်းစီ ပြန်ဖြေလိုက်သည်။ "ကျွန်တော်မျိုးရဲ့ နာမည်က ရှောင်ရှင်းကော်ပါ။ နန်းတွင်း အဝတ်အစားဆောင်ရဲ့ အကြီးအကဲ ပါ "
"နန်းတွင်း အဝတ်အစားဆောင်" စုန့်ချင်းရှု၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။ ကျင်းနိုင်ငံ နန်းတွင်း၏ မိန်းမစိုး ဖွဲ့စည်းပုံကို သေချာ မသိသော်လည်း ဤလူက အကြီးအကဲ လို့ ခေါ်နေမှတော့ ရာထူး မနိမ့်ကျတာ သေချာတယ်။ ထို့ကြောင့် သူက အနည်းငယ် စိတ်လှုပ်ရှားစွာ ဖြင့် မေးလိုက်သည်။ "ဒါဆို... အဝတ်လျှော်ဆောင်က ဘယ်နားမှာ ရှိလဲ ဆိုတာ မင်း သိလား "
***