စုန့်ချင်းရှုသည် စောစောက ဝမ်ယန်ပင်း ထွက်သွားသည့် အချိန်ကို အခွင့်ကောင်း ယူကာ စုန့်ယွမ်ချောင်တို့နှင့် စကားပြောရန်သာ အာရုံရောက်နေခဲ့သဖြင့်၊ ဝမ်ယန်ပင်း ထွက်သွားသည်နှင့် တစ်ပြိုင်နက် တံခါးကြီး ပိတ်သွားမည် ဆိုသည်ကို မေ့လျော့နေခဲ့သည်။ ထို့အပြင် ဤကဲ့သို့ အရေးကြီးသော အကျဉ်းထောင် မျိုးတွင် အကျဉ်းသားများ ထွက်ပြေးမည်ကို ကာကွယ်ရန် အတွက်... တံခါးများကို အပြင်ဘက်မှ သာ ဖွင့်နိုင်ရန် တည်ဆောက်ထားလေ့ ရှိသည်။ သူသည် အကျဉ်းထောင် အတွင်းဘက်တွင် ရောက်နေပြီ ဖြစ်ရာ သိုင်းပညာ မည်မျှပင် မြင့်မားနေပါစေ... တံခါးကို ဖွင့်နိုင်မည်မဟုတ်ပေ။
ဒါပေါ့... အတင်းအကျပ် ဖောက်ထွက်မည် ဆိုပါက မဖြစ်နိုင်သည်တော့ မဟုတ်ပေ၊ သို့သော် ထိုသို့ လုပ်လိုက်ပါက ဤနေရာရှိ အစောင့်များကို သေချာပေါက် သတိပေးလိုက်သလို ဖြစ်သွားမည်။ အကယ်၍ မြွေမရိုက်ဘဲ မြက်ရိုက်မိသလို ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားပါက... အရင်က ကြိုးစားခဲ့သမျှ အရာအားလုံး အလကား ဖြစ်သွားမည် မဟုတ်ပါလား၊
'ဒါဆို နောက်တစ်ယောက် ဝင်လာမယ့် အချိန် အထိ ဒီမှာပဲ ဆက်စောင့်နေရမှာလား၊ တကယ်လို့များ နောက်ရက် အနည်းငယ် ကြာမှ လူ ဝင်လာမယ် ဆိုရင်... ငါ ဘယ်လို လုပ်မလဲ၊ ဝမ်ယန်ကောပိ ဆီမှာလည်း ဖုံးကွယ်ထားလို့ ရတော့မှာ မဟုတ်ဘူး... ပြီးတော့ ဒီမှာ အချိန်ကြာကြာ နေလေ အစောင့်တွေ ရိပ်မိသွားဖို့ အခွင့်အရေး ပိုများလေပဲ... အကျဉ်းထောင် ထဲမှာ အစောင့်တွေ သိပ်မများဘူး ဆိုပေမယ့်၊ လုံးဝ မရှိတာမှ မဟုတ်တာ၊ '
စုန့်ချင်းရှု တစ်ယောက် စိုးရိမ်မှုများစွာဖြင့် ရေနွေးအိုး ပေါ်မှ ပုရွက်ဆိတ် တစ်ကောင်လို ပြာယာခတ်နေစဉ် ရုတ်တရက် နားထဲတွင် လှုပ်ရှားမှု တစ်ခုကို ကြားလိုက်ရသဖြင့်၊ အလျင်အမြန် အရိပ်ထဲသို့ ဝင်ရောက် ပုန်းအောင်းကာ တံခါးမကြီးဆီသို့ စူးစိုက်ကြည့်နေလိုက်သည်။ အသက် အနည်းငယ် ရှူပြီးနောက် တံခါးကြီး ရုတ်တရက် ပွင့်လာပြီး မိန်းမစိုး ပုံစံ ဝတ်ဆင်ထားသော လူတစ်ယောက် ဝင်လာသည်။ ထိုလူက အလွန် စူးရှသော မျက်လုံးများဖြင့် အခန်း အတွင်းသို့ တစ်ချက် လှည့်ပတ် ကြည့်ရှုလိုက်ရာ၊ စုန့်ချင်းရှု ရင်ထဲတွင် လန့်သွားပြီး အလျင်အမြန် အကြည့်လွှဲကာ အရိပ်ထဲသို့ ပိုမို နက်ရှိုင်းစွာ တိုးဝင် ပုန်းအောင်းနေလိုက်သည်။
"အကြီးအကဲကို ဂါရဝပြုပါတယ်။" အကျဉ်းထောင် အတွင်းရှိ အစောင့်များက ထို မိန်းမစိုးကို အလျင်အမြန် အရိုအသေ ပေးလိုက်ကြသည်။
"အင်း..." မိန်းမစိုးက ဂရုမစိုက်သလို ခေါင်းညိတ်ပြလိုက်ပြီး လမ်းလျှောက်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုရင်း ပြောလိုက်သည်။ "ငါ ခုနက လုပ်ကြံသူကို လိုက်ဖမ်းရင်း... လုပ်ကြံသူက ဒီနားရောက်တော့ ပျောက်သွားတယ်။ မင်းတို့ ဒီမှာ ထူးခြားတဲ့ အခြေအနေ တစ်ခုခု ရှိလား၊ "
"အကြီးအကဲကို လျှောက်တင်ပါတယ်။ ကျွန်တော်တို့ ဒီမှာ အစောင့်အကြပ် အရမ်း တင်းကျပ်ပါတယ်။ လုပ်ကြံသူ ဝင်လာဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး ခင်ဗျာ၊ " အစောင့် တစ်ယောက်က အလျင်အမြန် ပြန်ဖြေလိုက်သည်။
"အင်း..." မိန်းမစိုးကလည်း ဒီလိုပဲ ထင်ထားခဲ့သည်။ သူ ဝင်လာပြီး စစ်ဆေး ကြည့်ရှုခြင်းမှာ မဖြစ်သင့်တာ တစ်ခုခု ဖြစ်မည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်သည်။
ထို မိန်းမစိုးသည် စုန့်ချင်းရှု၏ အနားမှ ဖြတ်သွားပြီး ကျောခိုင်း သွားသည့် အချိန်ကို အခွင့်ကောင်း ယူကာ စုန့်ချင်းရှုက ခြေဖျားကို တစ်ချက် ထောက်လိုက်ပြီး... သူ၏ လူရိပ် တစ်ခုလုံး မီးခိုးငွေ့ တစ်တန်း လိုမျိုး တံခါး အပြင်ဘက်သို့ လျှပ်တစ်ပြက် ပျံထွက်သွားတော့သည်။ ထို အစောင့်များ၏ အာရုံစိုက်မှု အားလုံးက ထို မိန်းမစိုးထံတွင်သာ ရှိနေသဖြင့် နားအနီးတွင် လေပြည်လေး တစ်ချက် တိုက်ခတ်သွားသည်ကိုသာ ခံစားလိုက်ရပြီး၊ လူတစ်ယောက် ဤမျှလောက် ပေါ်တင်ကြီး အပြင်သို့ ထွက်သွားလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ကြပေ၊
သို့သော် ထို မိန်းမစိုးကတော့ တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း ရိပ်မိသွားပြီး နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ "ဘယ်သူလဲ၊ "
စုန့်ချင်းရှုသည် တံခါး အပြင်ဘက်သို့ ရောက်သွားသော်လည်း ချက်ချင်း ထွက်မပြေးသေးဘဲ တမင်တကာ နောက်သို့ ပြန်လှည့်လာခဲ့သည်။ ထို မိန်းမစိုး၏ မျက်စိရှေ့တွင် မြင်လိုက်ရသည်မှာ... အနက်ရောင် ဝတ်စုံ ဝတ်ထားသော လူတစ်ယောက်က ခြံဝင်း အပြင်ဘက် မှနေ၍ အတွင်းသို့ မတော်တဆ ဝင်လာသည့် ပုံစံမျိုး ပင် ဖြစ်သည်။
"ဘယ်ကို ပြေးမလို့လဲ၊ " ထို မိန်းမစိုးက လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး သူ၏ တစ်ကိုယ်လုံးမှာ လင်းနို့ကြီး တစ်ကောင် လိုမျိုး စုန့်ချင်းရှုထံသို့ ခုန်ဝင်လာတော့သည်။
စုန့်ချင်းရှု၏ မျက်လုံးများကျဉ်းမြောင်းသွားသည်။ ဤ မိန်းမစိုး၏ သိုင်းပညာက တကယ်ပင် အလွန် မြင့်မားလှသည်။
အလျင်စလို အခြေအနေတွင် တစ်ဖက်လူနှင့် လက်ဝါးရိုက်ချက် အနည်းငယ် ဖလှယ်လိုက်သည်။ သို့သော် စုန့်ချင်းရှုသည် သူ၏အတွင်းအားကို အစွမ်းကုန် မသုံးခဲ့ပေ၊ ဆန့်ကျင်ဘက် အနေဖြင့် အတွင်းအား မလုံလောက်တော့ဘဲ တစ်ဖက်လူ၏ တိုက်ခိုက်မှု ကြောင့် အတွင်းဒဏ်ရာ ရသွားသည့် ပုံစံမျိုး ဟန်ဆောင်ကာ၊ အခွင့်ကောင်း ယူ၍ အပြင်ဘက်သို့ ထွက်ပြေးသွားတော့သည်။
ထို မိန်းမစိုးက သူ့ကို ဒီလောက် လွယ်လွယ်နဲ့ ဘယ်လိုလုပ် အလွတ်ပေးနိုင်မည်နည်း၊ အလျင်အမြန် နောက်မှ လိုက်သွားသော်လည်း... စုန့်ချင်းရှုသည် သူ၏ မျက်စိ အောက်မှ လွတ်ကင်းသွားသည်နှင့် တစ်ပြိုင်နက် သူ၏ ကိုယ်ဖော့ပညာကို အစွမ်းကုန် အသုံးပြုလိုက်ရာ၊ လျှပ်တစ်ပြက် အတွင်းမှာပင် အမှောင်ထု ထဲတွင် ပျောက်ကွယ်သွားတော့သည်။ ထို မိန်းမစိုးမှာ အဝတ်လျှော်ဆောင်၏ ခြံစည်းရိုး တံတိုင်း ပေါ်တွင် ရပ်ကာ ဒေါသတကြီးဖြင့် လက်အောက်ငယ်သားများကို အော်ဟစ် အမိန့်ပေးလိုက်သည်။ "အမိန့်ပေးလိုက်... တံခါး လေးပေါက်လုံးကို ပိတ်ဆို့ထား၊ လုပ်ကြံသူကို လွတ်သွားအောင် မလုပ်နဲ့၊ "
သူ ဤသို့ ပြောလိုက်သည်ကို ကြားရသောအခါ အမှောင်ထဲတွင် ပုန်းကွယ်နေသော စုန့်ချင်းရှု နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားသည်။ သူ တမင်တကာ နောက်ကြောင်း ပြန်လှည့်လာရခြင်းမှာ၊ တစ်ဖက်လူက မိမိသည် အကျဉ်းထောင် ထဲမှ ထွက်လာသည် ဟု ရိပ်မိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် မိမိသည် ယနေ့ည နန်းတော် ထဲသို့ ဝင်ရောက်လာသော လုပ်ကြံသူ ဖြစ်သည် ဟု တစ်ဖက်လူ အထင်မှားသွားစေရန် တမင်တကာ ပုံရိပ်ယောင် တစ်ခု ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ဤသို့ မှသာ သူတို့သည် အဝတ်လျှော်ဆောင် အတွင်းရှိ ကိစ္စများကို သံသယ ဝင်တော့မည် မဟုတ်ဘဲ နောင်တစ်ချိန် စုန့်ယွမ်ချောင်တို့ကို ကယ်တင်မည့် အစီအစဉ်ကိုလည်း ထိခိုက်စေမည် မဟုတ်ပေ၊
လိုက်လံ ဖမ်းဆီးသူများ အဝေးသို့ ရောက်သွားပြီးနောက် စုန့်ချင်းရှုသည် အရိပ်ထဲမှ ထွက်လာပြီး ထွက်သွားရန် ပြင်လိုက်စဉ် ရုတ်တရက် ခြေလှမ်း ရပ်တန့်သွားပြီး... အနည်းငယ် တွေဝေပြီးနောက် အရင်က ရှောင်ရှင်းကော်ကို ပုန်းအောင်းစေခဲ့သော နေရာသို့ သွားရောက်လိုက်သည်။ ယခုအခါ နန်းတော် အတွင်းတွင် လုပ်ကြံသူ ဝင်ရောက်လာသဖြင့် အစောင့်အကြပ်များ အလွန် တင်းကျပ်နေမည်မှာ သေချာသည်။ သူ၏ ကိုယ်ဖော့ပညာဖြင့် ဆိုလျှင်ပင် အလွယ်တကူ ထွက်ပြေးနိုင်ရန် အနည်းငယ် ခက်ခဲနိုင်သည်။ မလိုအပ်သော ပြဿနာများကို ရှောင်ရှားနိုင်ရန် အတွက်၊ သူ၏ အဝတ်အစားများကို ပြောင်းလဲကာ... ရှောင်ရှင်းကော်၏ အထောက်အထားကို အသုံးပြုပြီး ရောနှော ထွက်သွားမည် ဆိုပါက အန္တရာယ် ပိုကင်းနိုင်မည် ဟု ဆုံးဖြတ်လိုက်သည်။
ရုပ်ဖျက်ပညာကို တတ်ကျွမ်းပြီးနောက်ပိုင်း သူသည် အားကျူး(အကျူးလို့ဘာသာပြန်ဖူးသည်၊ မုရုံဖုအိမ်တော်ရဲ့အစေခံမလေးပါ)၏ နည်းလမ်းများကို ပိုမို ကောင်းမွန်အောင် ပြုပြင် မွမ်းမံခဲ့ပြီး ပိုမို လွယ်ကူ လျင်မြန်သော ရုပ်ဖျက် နည်းလမ်း တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ၎င်းမှာ... ကြိုတင် ပြင်ဆင်ထားသော ဗလာ မျက်နှာဖုံးကို ပစ်မှတ်၏ မျက်နှာပေါ်တွင် ကပ်လိုက်ရုံဖြင့်၊ တစ်ဖက်လူ၏ မျက်နှာပုံစံကို ပုံတူ ကူးယူနိုင်ခြင်း ပင် ဖြစ်သည်။ ဤနည်းလမ်းက အခြား နည်းလမ်းများ ထက်စာလျှင် အသေးစိတ် အချက်အလက်များတွင် ဟာကွက် ပိုများနိုင်သော်လည်း၊ အလွန် မြန်ဆန် လွယ်ကူသဖြင့် ရုတ်တရက် ကြုံတွေ့ရသော အခြေအနေများတွင် အသုံးပြုရန် ပိုမို သင့်တော်ပေသည်။
ရှောင်ရှင်းကော် ပုန်းအောင်းနေသော နေရာသို့ ရှာတွေ့သောအခါ စုန့်ချင်းရှု၏ ရင်ထဲတွင် အလွန် ထိတ်လန့်သွားတော့သည်။ ဤ မိန်းမစိုး သေသွားပြီ၊
အရင်က သူသည် ထို မိန်းမစိုး၏ မေ့ကြောကိုသာ နှိပ်ခဲ့ခြင်း ဖြစ်ပြီး သေချာပေါက် သေစေနိုင်သည့် အတိုင်းအတာ ထိ မလုပ်ခဲ့ပေ၊ ထို့ကြောင့် သူ ထွက်သွားပြီးနောက် အခြား သူ တစ်ယောက်ယောက် ဤနေရာသို့ ရောက်လာပြီး သူ့ကို သတ်ပစ်လိုက်ခြင်း ဖြစ်မည်မှာ သေချာသည်။ သေချာ စစ်ဆေးကြည့်လိုက်ရာ... တစ်ယောက်ယောက်က သူ၏ လည်ပင်းကို ချိုးပြီး အသက်ရှူ ရပ်သွားအောင် လုပ်လိုက်ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။
"ဘယ်သူကများ သူ့ကို သတ်သွားတာလဲ၊ " စုန့်ချင်းရှု၏ ရင်ထဲတွင် သံသယများ ပြည့်နှက်နေသော်လည်း၊ ယခု အချိန်သည် ဤအရာများကို စဉ်းစားနေရန် အချိန် မဟုတ်ကြောင်း သူ ကောင်းကောင်း သိသည်။ ထို့အပြင် ဤ မိန်းမစိုးမှာ သူနှင့်ဆွေမျိုးလည်း မတော်စပ်သဖြင့်... သေရင်လည်း သေသွားပါစေ သူ ဂရုစိုက်စရာ အကြောင်း မရှိပေ၊ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ရဲ့ သေဆုံးမှုကို လူသတ်သမား ကလွဲလို့ နန်းတော် ထဲက အခြားဘယ်သူမှ သိဦးမှာ မဟုတ်သေးဘူး၊ ငါက သူ့ရဲ့ပုံစံကို ခဏ အသုံးချပြီး နန်းတော် အစောင့်တွေရဲ့ အာရုံစိုက်မှုကို ရှောင်လွှဲဖို့ သက်သက်ပဲ... ပြီးရင် နန်းတော် ထဲက ထွက်သွားတာနဲ့... သူနဲ့ ငါနဲ့ ဘာမှ မပတ်သက်တော့ဘူး၊
မိန်းမစိုး၏ မျက်နှာပုံစံကို ပုံတူ ကူးယူပြီးနောက် စုန့်ချင်းရှုသည် လျင်မြန်စွာပင် ရှောင်ရှင်းကော်၏ ရုပ်သွင်ကို ဖန်တီးလိုက်သည်။ ထို့နောက် တိတ်တဆိတ် ရယ်မောလိုက်မိသည်။ 'ငါ ကလည်း လောက တစ်ခွင်မှာ နာမည်ကြီး တဲ့ ထိပ်သီး သိုင်းပညာရှင် ကြီး တစ်ယောက် ဖြစ်နေပြီကို... သိုင်းပညာရှင် ကြီး တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ မျိုး နည်းနည်းလေးတောင် မရှိဘူး၊ တကယ်လို့ တခြား ထိပ်သီး သိုင်းပညာရှင်တွေသာ ဆိုရင်... ကိုယ့် အဆင့်အတန်းကို နှိမ့်ကျခံပြီး မိန်းမစိုး အဝတ်အစား မျိုးလုံးဝ ဝတ်မှာ မဟုတ်ဘူး၊ ' သို့သော် သူသည် အမြဲတမ်း ပေါ့ပေါ့ပါးပါး နေတတ်သူ ဖြစ်ရာ ဘာ အတားအဆီး မှ မရှိခဲ့ပေ။
ရှောင်ရှင်းကော်၏ အလောင်းကို နောက်ပြန် တစ်ချက် ကြည့်လိုက်ပြီး စုန့်ချင်းရှု အနည်းငယ် တွေဝေသွားသည်။ ရုတ်တရက် ဤနေရာသည် အဝတ်လျှော်ဆောင်နှင့် သိပ်မဝေးကြောင်း သတိရသွားပြီး ဒုတိယ နေ့တွင် သူ၏ အလောင်းကို တွေ့ရှိသွားပါက မလိုအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်သည် မဟုတ်ပါလား...
"လူ သေသွားရင် မီး ငြိမ်းသွားသလိုပါပဲ၊ မင်း ကောင်းရာသုဂတိ လားပါစေ လို့ ဆုတောင်းပေးပါတယ်။ နောက်ဘဝ ကျရင်တော့ ပြည့်စုံတဲ့ ယောကျ်ား တစ်ယောက် ဖြစ်ပါစေ၊ " စုန့်ချင်းရှုက အရင်က ဝေရှောင်ပေါင်ထံမှ ရရှိခဲ့သော 'အလောင်းဖျောက် ဆေးမှုန့်' ကို ထုတ်ယူကာ ရှောင်ရှင်းကော်၏ ကိုယ်ပေါ်သို့ ဖြူးချလိုက်သည်။ သိပ်မကြာခင်မှာပင် သူ၏ အလောင်းမှာ သွေးရည် တစ်အိုင် အဖြစ်သို့ ပြောင်းလဲသွားပြီး ဘာ သဲလွန်စ မှ ရှာမရတော့ပေ၊
ထို့နောက် စုန့်ချင်းရှုသည် ရှောင်ရှင်းကော်၏ ဝတ်စုံကို ဝတ်ဆင်ကာ လမ်းမပေါ်တွင် အေးအေးဆေးဆေး လမ်းလျှောက်နေတော့သည်။ ခပ်သုတ်သုတ် ဖြတ်လျှောက်သွားသော နန်းတော် အစောင့်များကို ကြည့်ရင်း သူ၏ ရင်ထဲတွင် တိတ်တဆိတ် ဂုဏ်ယူနေမိသည်။
"ငါက တကယ့်ကို ပါရမီရှင် ပဲ၊ "
စုန့်ချင်းရှု၏ အပြုံးများ ရုတ်တရက် ရေခဲသွားတော့သည်။ အကြောင်းမှာ မလှမ်းမကမ်းရှိ ကျောက်ဆောင်များကြားတွင် လူတစ်ယောက် ပုန်းအောင်းနေကြောင်း သူ ခံစားမိသွားသောကြောင့် ဖြစ်သည်။ သူ၏ ပထမဆုံး အတွေးမှာ လမ်းကြောင်း ပြောင်းပြီး ထွက်ပြေးရန် ဖြစ်သည်။ သို့သော် ထိုသို့ လုပ်လိုက်ပါက အလွန် သိသာလွန်းနေမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူနှင့် ထိုလူ ကြားတွင် ခြေလှမ်း အနည်းငယ်မျှ သာ ကွာဝေးတော့ရာ ဤသို့ ရုတ်တရက် လမ်းကြောင်း ပြောင်းလိုက်ခြင်းက တစ်ဖက်လူကို မိမိက သူ့ကို သတိထားမိသွားပြီ ဟု ပေါ်တင်ကြီး ပြောပြလိုက်သလို ဖြစ်နေမည် မဟုတ်ပါလား။
စောစောက ရှောင်ရှင်းကော်နှင့် အတူ ရှိခဲ့သည့် အချိန်ကို ပြန်တွေးကြည့်မည် ဆိုလျှင်၊ ရှောင်ရှင်းကော်မှာ သိုင်းပညာ အနည်းငယ်မျှပင် နားမလည်ကြောင်း သိသာလှသည်။ သို့ဆိုလျှင် သူက တစ်ဖက်လူကို ဘယ်လိုလုပ် သတိထားမိနိုင်မည်နည်း။
စုန့်ချင်းရှု အနေဖြင့် တစ်ဖက်လူက ဘယ်သူလဲ ဆိုတာကို သေချာ မသိပေ၊ တကယ်လို့များ လုပ်ကြံသူသာ ဆိုရင်တော့ ထားတော့... တကယ်လို့များ နန်းတော် ထဲက လျှို့ဝှက် အစောင့် တစ်ယောက်ယောက် သာ ဖြစ်နေပြီး၊ မိန်းမစိုး လေး တစ်ယောက်က သိုင်းပညာ အရမ်း မြင့်မားနေတာကို သတိထားမိသွားရင်... ငါ့ရဲ့သရုပ်မှန် ပေါ်သွားမှာ မဟုတ်ဘူးလား၊
သူသည် သိုင်းပညာ မြင့်မားသဖြင့် သတ္တိလည်း ကောင်းသူ တစ်ယောက် ဖြစ်ရာ၊ လျှပ်တစ်ပြက် အတွင်းမှာပင် ဆုံးဖြတ်ချက် ချလိုက်ပြီး ရှေ့သို့ ဆက်လက် လမ်းလျှောက် သွားလိုက်သည်။ အခြေအနေ အရ ကြည့်ပြီး ဖြေရှင်းမည် ဟု တွေးလိုက်သည်။
ထိုလူ ရှိနေသည်ကို မသိချင်ယောင် ဆောင်ကာ စုန့်ချင်းရှုက ကျောက်ဆောင်ကို အေးအေးဆေးဆေး ဖြတ်လျှောက်သွားလိုက်သည်။ တစ်ဖက်လူထံမှ ဘာတုံ့ပြန်မှုမှ မရှိသည်ကို မြင်သောအခါ သူ သက်ပြင်းချရန် ပြင်လိုက်စဉ်... ရုတ်တရက် တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။ အကြောင်းမှာ ထိုလူက ဓားတစ်လက်ကို ဆန့်ထုတ်ကာ သူ၏ ကျောပြင်ကို ထောက်ထားလိုက်သောကြောင့် ဖြစ်သည်။
စုန့်ချင်းရှု ရင်ထဲတွင် တိတ်တဆိတ် သတိထား ပြင်ဆင်လိုက်သည်။ တကယ်လို့ တစ်ဖက်လူက ဓားကို ရှေ့ကို နည်းနည်းလေး ထပ်တိုးလာမယ် ဆိုရင်... သူက ချက်ချင်း နောက်လှည့်ပြီး မိုးကြိုး ပစ်သလို အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြန်လည် တိုက်ခိုက်တော့မည် ဖြစ်သည်။
"မလှုပ်နဲ့... အသံလည်း မထွက်နဲ့၊ မဟုတ်ရင် ငါ ဓား တစ်ချက်တည်းနဲ့ နင့်ရဲ့ အသက်ကို နှုတ်ယူပစ်မယ်၊ " နောက်ကျောဘက်မှ အလွန် အားနည်းသော အမျိုးသမီး အသံလေး တစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။ စုန့်ချင်းရှု၏ မျက်နှာထားမှာ အလွန် အံ့သြသွားတော့သည်။ ဤ အသံက ဘယ်နေရာမှာ ကြားဖူးသလဲ လို့ စဉ်းစားနေမိသည်။
***