~ယန်ရှောင်ယွင်၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်မှုများ ပေါ်ပေါက်လာသည်။ သူမသည် ဖခင်ဖြစ်သူ ယန်ရီဇီကို တစ်လှည့်၊ ဆုမိုကို တစ်လှည့် ကြည့်ရင်း နားမလည်နိုင်အောင် ဖြစ်နေ၏။
သို့သော် ယန်ရီဇီကမူ တည်ငြိမ်သော မျက်ဝန်းများဖြင့် ဆုမိုကို စိုက်ကြည့်နေလေသည်။
“မင်း ဘာလို့ အဲဒီလို ကောက်ချက်ချလိုက်တာလဲ”
“...ဘာလို့လဲဆိုတော့ ခြေရာခံစရာ သဲလွန်စတွေ ရှိနေလို့ပါ”
ဆုမို ခေတ္တမျှ စဉ်းစားပြီးမှ ပြောလိုက်၏။
“အဘိုး မဆုံးပါးခင်မှာ ဇီယန်ဂိုဏ်း ဆီ ပို့ပေးဖို့ ပစ္စည်းတစ်ခု မှာထားခဲ့တယ်”
“အဖေကလည်း ဇီယန်ဂိုဏ်းမှာ ပညာသင်ခဲ့ဖူးတယ်... ဒီအချက်နှစ်ချက်ကို ကြည့်ရင် ကျွန်တော်တို့ ဆုမိသားစုနဲ့ ဇီယန်ဂိုဏ်းရဲ့ ဆက်ဆံရေးက သာမန် မဟုတ်ဘူးဆိုတာ သိသာနေတယ်”
“အခုချိန်မှာ ရန်သူ့ဘက်က သတင်းအချက်အလက် လစ်ဟင်းမှု ရှိနေနိုင်တယ်”
“ဒါကို အတည်ပြုဖို့က အရေးကြီးဆုံးပဲ”
“အစတုန်းကတော့ ကျွန်တော် ထင်ခဲ့တာ... ဇီယန် အာမခံဌာန ကို ပြန်သွားပြီး အပြင်ပန်းမှာ လျော့ရဲသလိုလိုနဲ့ အတွင်းပိုင်းမှာ တင်းကျပ်ထားမယ်... ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီး ရန်သူ့ရဲ့ အခြေအနေကို စမ်းသပ်မယ်လို့ တွေးခဲ့တာ”
“တကယ်လို့ သူတို့ရဲ့ သတင်းအချက်အလက်တွေက မှန်ကန်နေတယ် ဆိုရင်... သူတို့ကို ထောင်ချောက်ထဲ ဆွဲသွင်းလို့ ရနိုင်တယ်”
“တကယ်လို့ လမ်းခရီးမှာ သူတို့ကို ဖြတ်တောက်နိုင်ခဲ့ပြီး... သတင်းအချက်အလက် လစ်ဟင်းမှု ရှိနေခဲ့မယ်ဆိုရင်... ရလဒ်အနေနဲ့ ခင်ဗျားတို့ အသက်ရှူချောင်သွားမှာ သေချာတယ်”
“ဒါပေမဲ့... ဘယ်လိုမှ ဖျောက်ဖျက်လို့ မရနိုင်တဲ့ ပြဿနာ တစ်ခု ရှိနေတယ်”
“ဘာပြဿနာလဲ”
ယန်ရီဇီက ဆုမိုကို ဆက်လက် စိုက်ကြည့်နေဆဲ။
“ခင်ဗျားတို့က ရှို့ရွှမ် ကို ကာကွယ်ပေးရင်း (၄) လနီးပါး ကြာသွားတယ်... ပြီးတော့ သူ့မျိုးနွယ်စု နယ်မြေဆီ သွားခဲ့ကြတယ်”
“လီစစ်ယွင် ကို ကယ်တင်ပြီးတဲ့နောက် ဒဏ်ရာကုသဖို့ ရက်နည်းနည်း ထပ်ကြာသွားတယ်... စုစုပေါင်း (၅) လကျော်၊ နှစ်ဝက်နီးပါးလောက် ကြာမြင့်သွားခဲ့တယ်”
“သိုင်းလောကကြီးက ခြောက်ကပ်နေသလို ထင်ရပေမယ့်... တကယ်လို့ တစ်ယောက်ယောက်က သေချာ စုံစမ်းကြည့်မယ်ဆိုရင်... ခင်ဗျားတို့ လော့ရှားမြို့ ကို နှစ်ဝက်လောက် ပြန်မရောက်ဘူး ဆိုတာ သေချာပေါက် သိနိုင်တယ်”
“အဆိုးဆုံးက... ဒီမတိုင်ခင်တုန်းက အဘိုးနဲ့ အာမခံဌာနက လူတွေအကုန်လုံး အာမခံတာဝန် တစ်ခုမှာ ပျောက်ဆုံးသွားခဲ့ကြတာလေ”
“တကယ်လို့ ခင်ဗျားတို့က လက်ဗလာနဲ့ ပြန်လာခဲ့ရင်... ဖြေရှင်းချက် ပေးစရာ မရှိဘူး”
“အဘိုးရဲ့ ရုပ်အလောင်းကို ပြလိုက်မယ်ဆိုရင်လည်း... အမှန်တရားကို ဖုံးကွယ်ထားလို့ မရတော့ဘူး”
“အဖေ့ရဲ့ စရိုက်နဲ့ဆိုရင်... လမ်းမှာ လူတစ်ယောက်ယောက်ကို သတ်ပြီး ရုပ်အလောင်း ဖျက်ဆီးပြီး အလောင်းအစားထိုးမယ့် အလုပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး”
“ဒါကြောင့် အကောင်းဆုံး နည်းလမ်းကတော့... ဇီယန်ဂိုဏ်းကို အကာအကွယ် ယူလိုက်တာပဲ”
“ဇီယန်ဂိုဏ်းကို သွားပြီး ခရီးသွားအတွေ့အကြုံတွေကို အကုန်ဖွင့်ပြောပြလိုက်မယ်”
“လွန်ခဲ့တဲ့ နှစ်ဝက်လုံးလုံး ဇီယန်ဂိုဏ်းထဲမှာပဲ ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ နေနေခဲ့ပါတယ်လို့ ပြောလိုက်ရင် ရပြီ”
“တကယ်လို့ ရန်သူက ခင်ဗျားတို့ရဲ့ အထောက်အထားကို သိနေရင်တောင်... ဇီယန်ဂိုဏ်းက နောက်ခံအနေနဲ့ ရှိနေသေးတယ်”
“မသိဘူးဆိုရင်တော့... သူတို့ဆီမှာ သတင်းအချက်အလက် လစ်ဟင်းမှု ရှိနေတယ်ဆိုတာ သက်သေပြလိုက်တာပဲ”
“ဒီနည်းနဲ့ ခင်ဗျားတို့က တက်နိုင်သလို ဆုတ်လည်း ဆုတ်နိုင်တဲ့ အနေအထား ရောက်သွားတာပေါ့”
ယန်ရီဇီက ဆုမိုကို တိတ်ဆိတ်စွာ ကြည့်နေပြီးမှ မေးလိုက်၏။
“ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် ဇီယန်ဂိုဏ်းကို ဒုက္ခပေးသလို ဖြစ်မသွားဘူးလား... မင်းအဖေရဲ့ စရိုက်နဲ့ဆိုရင်... ဒီလောက် ကြောက်စရာကောင်းတဲ့ ရန်သူကြီးကို ဇီယန်ဂိုဏ်းဆီ ဘယ်လိုလုပ် ခေါ်သွားမှာလဲ”
“...ကျွန်တော် ထင်တာကတော့... အဲဒီအချိန်တုန်းက ခင်ဗျားတို့ ထဲက ဘယ်သူမှ ဇီယန်ဂိုဏ်းက တစ်စုံတစ်ယောက်ကို မကြောက်ကြပါဘူး.. ဟုတ်တယ် မလား”
ဆုမိုက ယန်ရီဇီကို ပြန်ကြည့်လိုက်၏။
ယန်ရီဇီ နောက်ဆုံးတော့ မနေနိုင်တော့ဘဲ ဟားတိုက် ရယ်မောလိုက်ပြီး ခေါင်းခါလိုက်၏။
“ယွင်အာ ပြောတာ မှန်ပါတယ်... (၂) နှစ်ကျော် အတွင်းမှာ မင်း တကယ်ပဲ လုံးဝ ပြောင်းလဲသွားခဲ့ပြီပဲ”
“မင်း ပြောတာ မှန်တယ်... ငါတို့ တကယ်ပဲ ဇီယန်ဂိုဏ်းကို သွားခဲ့ကြတယ်”
“အဲဒီတုန်းက ငါကတော့ ပုန်းနေသင့်တယ်... ခြေရာလက်ရာ လုံးဝ မပြသင့်ဘူးလို့ ထင်ခဲ့တာ”
“ဒါပေမဲ့ မင်းအဖေက ပြောတယ်... အဲဒီလို လုပ်လိုက်ရင် ငါတို့ ဒီကိစ္စထဲ ပါဝင်ပတ်သက်နေတယ် ဆိုတာ သက်သေပြလိုက်သလို ဖြစ်သွားမယ်တဲ့”
“အကောင်းဆုံး နည်းလမ်းကတော့ ဇီယန်ဂိုဏ်းကို အားကိုးတာပဲတဲ့... တစ်ဖက်လူက အရိပ်ထဲမှာ လှုပ်ရှားနေတာ... သေချာပေါက် သူခိုးလို လူမျိုးတွေပဲ”
“သူခိုးတွေ အကြောက်ဆုံးက မီးရောင်ပဲလေ”
“တုန်းချန် ရဲ့ ဂိုဏ်းကြီး (၇) ဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ ဇီယန်ဂိုဏ်းဟာ... တုန်းဟွမ် သိုင်းလောကကို လွှမ်းမိုးထားနိုင်တယ်လို့ မဆိုနိုင်ပေမယ့်... လွယ်လွယ်ကူကူ အနိုင်ကျင့်လို့ ရတဲ့ ဂိုဏ်းတော့ မဟုတ်ဘူး”
“ရန်သူက အင်အားကြီးတယ် ဆိုပေမယ့်... တကယ်လို့ သူတို့သာ ဘာမှ စိုးရိမ်စရာ မရှိရင်... ဘာကိစ္စ တိတ်တဆိတ် လှုပ်ရှားနေမှာလဲ”
“ဒါကြောင့်... ငါတို့ တကယ်ပဲ သွားခဲ့ကြတယ်”
“လမ်းခရီးမှာတော့ ခြေရာလက်ရာ ဖျောက်ပြီး သွားကြပေမယ့်... ရောက်သွားတာနဲ့ ဂိုဏ်းထဲမှာ ပေါ်ပေါ်ထင်ထင် နေလိုက်ကြတယ်”
“ဇီယန်ဂိုဏ်းက စည်းလုံးညီညွတ်မှု ရှိတယ်... မင်းအဖေကလည်း အဲဒီမှာ ရေထဲက ငါးတစ်ကောင်လိုပဲ... အဆင်ပြေနေတာ”
“ဂိုဏ်းချုပ်က ကိစ္စတွေကို သိသွားတဲ့အခါ... ဂိုဏ်းထဲက အကြီးအကဲတွေနဲ့ တိုင်ပင်ပြီး ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပေးလိုက်ကြတယ်”
“အဲဒီလိုနဲ့ ပျောက်ဆုံးနေတဲ့ နှစ်ဝက်အချိန်ကာလကို ဖုံးဖိပေးနိုင်ခဲ့တယ်”
“အဲဒီကာလအတွင်းမှာ... တစ်ယောက်ယောက်က လာချောင်းမြောင်းသလား ဆိုတာ အမြဲ စောင့်ကြည့်နေခဲ့ပေမယ့်... ဘယ်သူမှ ရောက်မလာခဲ့ဘူး”
“အချိန်တွေ ကုန်ဆုံးသွားပြီး... နောက်ထပ် နှစ်ဝက်ကြာမှ ဇီယန် အာမခံဌာနကို ငါတို့ ပြန်ရောက်လာခဲ့ကြတယ်”
“မင်းအမေက မင်းအဖေကို နည်းနည်းပါးပါး ဆူပူတာက လွဲရင်... အာမခံဌာနထဲမှာ အေးဆေးငြိမ်သက်နေခဲ့တယ်”
“အဲဒီတော့မှ ငါတို့ စိတ်အေးသွားပြီး... ရန်သူက ငါတို့ရဲ့ အထောက်အထားမှန်ကို တကယ်ပဲ မသိခဲ့ဘူး ဆိုတာ သေချာသွားတယ်”
“ဒါပေမဲ့ ကိစ္စတွေက ဒီအဆင့်ထိ ရောက်လာမှတော့... ငါတို့ ဘယ်သူမှ စိတ်မအေးနိုင်တော့ဘူး”
“လီစစ်ယွင် က သူ့ဂိုဏ်းထဲက သစ္စာဖောက်ကို ဖမ်းချင်တယ်... စောင့်ရှောက်ထားတဲ့ ပစ္စည်းကို ပြန်ယူချင်တယ်... ငါတို့ကလည်း ယိရွှမ် နတ်ဘုရားသိုင်းကို အလကား ရထားတာ ဆိုတော့... ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ”
“ဒါ့အပြင် လီစစ်ယွင် တို့ မျိုးနွယ်စုရဲ့ ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးတဲ့နောက်... သိုင်းလောက နောက်ကွယ်က ဒီအဖွဲ့အစည်းက ဘယ်လောက် ရက်စက်သလဲ ဆိုတာ သိလိုက်ရတော့... ငါတို့လည်း ကြောက်လန့်သွားကြတယ်”
“တစ်ဖက်လူက ဘာလုပ်ချင်ချင်... တားဆီးမယ့်သူ ရှိကို ရှိရမယ်”
“ဒီကိစ္စအတွက်... ငါတို့ ဆုံးဖြတ်ချက် ချလိုက်ကြတယ်”
ထိုစကားကို ကြားလိုက်ရသောအခါ ဆုမို စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
သူနှင့် ဆုထျန်းယန်၊ ယန်ရီဇီတို့ကြားက အကြီးမားဆုံး ကွာခြားချက်ကတော့... သူရဲကောင်း စိတ်ဓာတ် မရှိတာ ဖြစ်လောက်သည်။
လူအများက ဆုမိုကို မြင့်မြတ်သည့် သူရဲကောင်းလို့ သတ်မှတ်ကြပေမယ့်... သူ ယူချွမ်ဂိုဏ်း က လက်အောက်ငယ်သားတွေကို ကယ်တင်ခဲ့တာတွေက...
မကြာခဏ ဆိုသလို အခြေအနေအရ လုပ်လိုက်ရတာတွေပါပင်။
ထို့အပြင် လှုပ်ရှားလိုက်တိုင်း... ဒီအခြေအနေမှ ဘယ်လို အကျိုးအမြတ် ရနိုင်မလဲ၊ ဘယ်လို အခွင့်ကောင်း ယူမလဲ ဆိုတာကိုပဲ သူ အရင် စဉ်းစားလေ့ ရှိ၏။
အန္တရာယ် ကြုံနေရသူကို တွေ့တာနှင့် ပြေးကယ်တတ်သည့်... လမ်းမှာ မတရားတာ တွေ့လျှင် ဓားဆွဲထုတ်ပြီး ကူညီတတ်သည့် လူမျိုး မဟုတ်ပါ။
နောက်ဆုံး ပြောရလျှင်... ဆုမိုက ကိုယ်ကျိုးကြည့်သော တစ်ကိုယ်ကောင်းသမား တစ်ယောက်ပါပင်။
ကိုယ့်ကို မထိခိုက်သရွေ့... ဘယ်သူသေသေ ငတေမာလျှင် ပြီးရော ဆိုသည့် စိတ်ဓာတ်မျိုး။
သူရဲကောင်း လမ်းစဉ် ဆိုတာက... ဆုထျန်းယန်နှင့် ယန်ရီဇီတို့လို လူမျိုးတွေကို ပြောတာ ဖြစ်လောက်သည်။
သိုင်းပညာ လေ့ကျင့်ပြီး... ရဲရင့်သော နှလုံးသားကို မွေးမြူကာ... သိုင်းလောက ခရီးလမ်းကို လျှောက်လှမ်းကြသူတွေ။
သင်ယူထားသော ပညာတွေကို အလဟဿ မဖြစ်စေရ... ဘဝရဲ့ အကောင်းဆုံး အချိန်တွေကို အချည်းနှီး မကုန်ဆုံးစေရ... သူရဲကောင်း ကျင့်ဝတ်ကို မဖောက်ဖျက်ပေ။
သို့သော်၊... ဒီ သူရဲကောင်း စိတ်ဓာတ်အတွက် ပေးဆပ်ရသည့် တန်ဖိုးကတော့ ကြီးမားလှပါသည်။
ယန်ရီဇီသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ... နောက်ဆုံးတွင် စကားပြန်စလိုက်၏။
“ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့... ပထမဆုံး အချက်က ငါတို့ ကိုယ့်ကိုယ်ကို ကောင်းကောင်း ဖုံးကွယ်ထားရမယ်”
“ဒီလူတွေက ငါတို့နဲ့ စည်းကမ်းတကျ ကစားမယ့်သူတွေ မဟုတ်ဘူး... ဉာဏ်ရည်ချင်း ယှဉ်ပြိုင်တဲ့ ကစားပွဲမှာ... ငါတို့ ဘေးနားက လူတွေရဲ့ ဘေးကင်းရေးကို ထည့်စဉ်းစားရမယ်”
“ဒါကြောင့်... ငါတို့ရဲ့ မူလသိုင်းပညာတွေကို သုံးလို့ မရသလောက်ပဲ”
“ကျင်းဟုန် ဖေးရွှယ် လက်ဝါးသိုင်း နဲ့ ယိရွှမ် နတ်ဘုရားသိုင်း က အကောင်းဆုံး ရွေးချယ်စရာတွေ ဖြစ်လာတာပေါ့”
“ဒါပေမဲ့... ဒီသိုင်းပညာကို စမလေ့ကျင့်ခင်မှာ ရှုပ်ထွေးမှု တချို့ ရှိခဲ့တယ်...”
သူက ဆုမိုကို ကြည့်ပြီး ခေါင်းကို ညင်သာစွာ ခါလိုက်၏။ သူ့မျက်ဝန်းများထဲတွင် သဘောမကျသည့် အရိပ်အယောင် အနည်းငယ် ပေါ်လာ၏။
“မင်းအဖေက ရုပ်အဖြောင့်ကွ... မင်းလိုပဲပေါ့”
“သူကလေ... သူ့ဘဝတစ်လျှောက်လုံး အချစ်ကြွေးတွေ အများကြီး တင်ခဲ့တဲ့ကောင်...”
“....”
ဆုမို မျက်လုံးများ ပြူးကျယ်သွားသည်။ ဘာအကြောင်းတွေ လာပြောနေတာလဲ။
ယန်ရှောင်ယွင်လည်း နားစွင့်လိုက်မိသည်။
သို့သော် ယန်ရီဇီ စကားမဆုံးခင်မှာပင်... အမျိုးသမီးတစ်ယောက်၏ အေးစက်သော အသံ ထွက်ပေါ်လာ၏။
“ယန်ခေါင်းကြီး.. ရှင် သေချင်နေပြီလား”