~“မြွေခေါင်းပုံ ဓား ဟုတ်လား”
ဆုမို ခေတ္တမျှ ငိုင် သွားပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေ၏။
ယန်ရီဇီသည် ဘေးနားရှိ သစ်ကိုင်းခြောက် တစ်ချောင်းကို ကောက်ယူလိုက်ပြီး မြေကြီးပေါ်တွင် ဓားပုံသဏ္ဍာန် တစ်ခု ရေးဆွဲလိုက်၏။
သို့သော် ဓားလက်ကိုင် ရိုးတံမှာ သာမန် ပုံစံမျိုး မဟုတ်ချေ။
ယင်းအစား ရက်စက်ကြမ်းကြုတ်သော မြွေခေါင်းတစ်လုံး ရစ်ပတ်ထားသည့် ပုံစံမျိုး ဖြစ်နေ၏။
ယန်ရီဇီသည် ပန်းချီပညာတွင် ကျွမ်းကျင်သူ မဟုတ်သော်လည်း... သူ၏ ရေးဆွဲမှုတွင် စစ်မှန်သော ရည်ရွယ်ချက် တစ်ခု ပါဝင်နေသကဲ့သို့ ခံစားရသည်။
ထို့ကြောင့် မြွေခေါင်းပုံစံမှာ အလွန် ရက်စက်ကြမ်းကြုတ်သည့်ဟန် ပေါက်နေလေ၏။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ နှစ်ဦးစလုံး ထိုပုံကို ကြည့်လိုက်ကြပြီး... လုံးဝ ရင်းနှီးခြင်း မရှိသော အရာတစ်ခု ဖြစ်နေကြောင်း ခံစားလိုက်ရသည်။
သူတို့သည် အလိုအလျောက်ပင် ယန်ရီဇီကို မော့ကြည့်လိုက်ကြသည်။
ယန်ရီဇီက ခေါင်းကို ညင်သာစွာ ခါလိုက်၏။
“ငါလည်း ဒီအကြောင်း သိပ်မသိပါဘူး... မင်းအဘိုး ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို မင်းအဖေက လျစ်လျူရှုထားမှာ မဟုတ်ဘူး”
“ဒါပေမဲ့ ဒီကိစ္စရဲ့ အစအဆုံးကို ငါတို့ သေချာ မသိခဲ့ရဘူး”
“သူတို့ရဲ့ အာမခံတာဝန်က ပုံမှန်ပါပဲ... လမ်းခရီးမှာ အခက်အခဲ တချို့ ကြုံခဲ့ရပေမယ့်... အချိန်မီ ပို့ဆောင်နိုင်ခဲ့တယ်”
“အပ်နှံသူရော လက်ခံသူရော နှစ်ဖက်စလုံးကို စုံစမ်းကြည့်တော့ ဘာပြဿနာမှ မရှိဘူး”
“တစ်ခုတည်းသော ပြဿနာက... သူတို့ လမ်းမှာ တွေ့ကြုံခဲ့ရတဲ့ အရာတစ်ခုပဲ”
“အဲဒီတုန်းက မင်းအဖေနဲ့ ငါက တခြားကိစ္စတွေနဲ့ ရှုပ်နေတော့... ဒီကိစ္စကို သေချာ မစဉ်းစားမိလိုက်ဘူး... ဇီယန်ဂိုဏ်း ကို သွားမေးကြည့်တော့လည်း... သူတို့လည်း ဒီတံဆိပ်တုံးအကြောင်း သေချာ မသိကြဘူး”
“ဒါပေမဲ့ သူတို့က ဆက်ပြီး စုံစမ်းပေးမယ်လို့ ပြောခဲ့တယ်”
“အဲဒီ စုံစမ်းမှုက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တာပေါ့”
“မင်းအဖေ ဒုတိယအကြိမ် ဇီယန်ဂိုဏ်းကို သွားခဲ့တာက... ဒီကိစ္စကြောင့် ဖြစ်လောက်တယ်”
ထိုစကားကို ကြားလိုက်ရသောအခါ ဆုမို၏ စိတ်ထဲတွင် အကြောင်းအရာ တချို့ကို စတင် ဆက်စပ်မိလာ၏။
အတိတ်က ဖြစ်ရပ်တွေက အရမ်း ဝေးကွာလွန်းနေပြီ... ယန်ရီဇီ သိထားတာတွေကလည်း တစ်စိတ်တစ်ပိုင်းလောက်ပဲ ရှိတယ်။ ထင်ကြေးတွေ ရှိနေပေမယ့်... လက်ရှိ အခြေအနေအတွက် သိပ်ပြီး အထောက်အကူ မဖြစ်လှဘူး။
အသုံးအဝင်ဆုံး သဲလွန်စကတော့... ဒီတံဆိပ်တုံး ဖြစ်လောက်တယ်။
“အတိုချုပ် ပြောရရင်... အတိတ်က ဖြစ်ပျက်ခဲ့တာတွေက ဒီလောက်ပါပဲ”
ယန်ရီဇီက ဆက်ပြောလိုက်၏။
“အခု ကောင်းကင်ဂိုဏ်းချုပ် ကို ဖမ်းမိထားပြီဆိုတော့... သူ့ဆီက သတင်းအချက်အလက် တချို့ ရအောင် ယူရမယ်... ဒါပေမဲ့ သူ့ဆီက စကားထွက်အောင် လုပ်ဖို့က မလွယ်ဘူး”
“ဒါဆိုရင်...ဒုက္ခသည် သိုင်းကျမ်း ကို စမ်းသုံးကြည့်မလား”
ယန်ရှောင်ယွင်က ရုတ်တရက် အကြံပြုလိုက်၏။
“ဒုက္ခသည် သိုင်းကျမ်း ဟုတ်လား”
ယန်ရီဇီ အံ့အားသင့်သွားသည်။
“အဲဒီနေ့က လူသားဂိုဏ်းချုပ် ပြောသွားတဲ့ ဟာလား... ကောင်းကင်ဂိုဏ်းချုပ်က ဒါကို လိုချင်နေတာ ကြာပြီတဲ့... ဆရာတော် ဟုန်ယွင် အကြောင်း ကောလာဟလ တချို့လည်း ငါ ကြားဖူးပါတယ်... ဘယ်လိုလဲ ရှောင်မို... မင်းလည်း ဒါကို ကျွမ်းကျင်သလား”
“ကျွမ်းကျင်ရုံတင် မကပါဘူး”
ယန်ရှောင်ယွင်က ပြုံးလိုက်၏။
“ဆရာတော် ဟုန်ယွင် က သူနဲ့ စိတ်တူကိုယ်တူ ဖြစ်လို့ ဆိုပြီး...ဒုက္ခသည် သိုင်းကျမ်း တစ်အုပ်လုံး သင်ပေးလိုက်တာ”
“ဘာ”
ယန်ရီဇီ အံ့သြသွားပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
“သြော်... ဒါပေမဲ့ ရှောင်မို... မင်း ကိုယ့်ကိုယ်ကို ဂရုစိုက်နော်... ဘုန်းကြီးတော့ သွားမဝတ်နဲ့ဦး... ဆုမိသားစု မျိုးဆက်က ရှားပါးတယ်... လယ်ဧက တစ်ထောင်မှာ ပျိုးပင် တစ်ပင်တည်း ရှိတာ”
“မင်း လက်ထပ်ပြီးရင်... ကလေးတွေ မွေးပြီး မျိုးဆက်ပြန့်ပွားအောင် လုပ်ရမယ်... မျိုးဆက်ပြတ်သွားလို့ မဖြစ်ဘူး”
ဆုမို ခေတ္တမျှ စကားဆွံ့အသွားသည်။
“ဦးလေးယန်... ခင်ဗျား ဒီလိုပြောတာက... တစ်မျိုးကြီးပဲ...”
“ဘာ တစ်မျိုးကြီးလဲ”
ယန်ရီဇီ နှာမှုတ်လိုက်၏။
“မင်း ငယ်ငယ်တုန်းက ငါနဲ့ ပိုရင်းနှီးခဲ့တာလေ... မင်း အသုံးမကျတုန်းကတောင် ငါက သားရင်းတစ်ယောက်လို ဆက်ဆံခဲ့တာ... အခု သိုင်းပညာတွေ တတ်လာပြီး အတောင်အလက် စုံလာတော့ ငါ့စကား နားမထောင်ချင်တော့ဘူးလား”
“မလုပ်ရဲပါဘူးဗျာ”
ဆုမို ခေါင်းကို အမြန် ခါလိုက်၏။
“မလုပ်ရဲတာ ကောင်းတယ်”
ယန်ရီဇီသည် ဆုမိုကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ကျေနပ်အားရမှုများကို ဖုံးကွယ်မထားနိုင်ပေ။
“ရုတ်တရက် အသိဉာဏ် ပွင့်လင်းလာပြီး ပြန်လည် မွေးဖွားလာသလိုပဲ... နောက်ဆုံးတော့ မင်း အသိတရား ရလာပြီ... လမ်းပျောက်နေတဲ့ သားမိုက် ပြန်ရောက်လာပြီပေါ့... မြေကြီးအောက်က မင်းအဖေတောင် ကျေနပ်နှစ်သိမ့်စွာ အနားယူနိုင်လောက်ပြီ”
“ကဲ... ပြောလို့လည်း တော်တော် စုံပြီ... အခုဒုက္ခသည် သိုင်းကျမ်း ကို အသုံးချပြီး မင်း ဘယ်လောက် စွမ်းသလဲ ဆိုတာ ငါ ကြည့်ချင်တယ်”
ပြောပြီးသည်နှင့် သူ မတ်တတ်ထရပ်လိုက်ပြီး ဂူဘက်သို့ လျှောက်သွားလေ၏။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် လက်ချင်းချိတ်လျက် သူ့နောက်မှ လိုက်ပါသွားကြသည်။
ဆုမိုသည် ယန်ရှောင်ယွင်ကို လှည့်ကြည့်လိုက်ရာ... သူမ၏ မျက်နှာပေါ်တွင် ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော အပြုံးတစ်ခု ပေါ်ပေါက်နေသည်ကို တွေ့လိုက်ရပါ၏။
---
စကားပြောဆိုမှုများ ကြာမြင့်ခဲ့သဖြင့် ဂူအတွင်းရှိ လူများသည် ချက်ပြုတ်စားသောက်နေကြပြီ ဖြစ်သည်။
လူ ၃ ယောက်၊ ၅ ယောက် တစ်စုဖွဲ့ကာ စားသောက်နေကြသည်။
သို့သော် ထိုအထဲတွင် လူအုပ်စု တစ်စုက သိသိသာသာ စုဝေးနေကြပြီး... အံ့သြတကြီး အာမေဍိတ်သံများ ထွက်ပေါ်နေ၏။
“မြို့စားမင်း... ကျုပ်တို့ ညီအစ်ကိုတွေရဲ့ တစ်နေ့တာ ရိက္ခာတွေ ကုန်သွားပြီ”
“တကယ်ပဲ... ဒီ သူရဲကောင်းကြီးက ဘယ်က ရောက်လာတာလဲ... စားနိုင်လိုက်တာ လွန်ရော”
“ကြည့်ရတာ ရိုးသားပြီး သန်မာမယ့်ပုံ ပေါက်ပေမယ့်... စားတာကျတော့... အဲလေ... ထမင်းစားတာကျတော့ တကယ့်ကို အံ့မခန်းပါပဲဗျာ”
ဆူညံသံများကြားမှ သူတို့သုံးဦး လျှောက်သွားလိုက်ရာ... ကျန်းရှောင်ရှောင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ခြောက်သွေ့နေသော အစားအစာများကို ပေါ့ပါးစွာ ကောက်ယူပြီး ပါးစပ်ထဲ ပစ်ထည့်နေလေ၏။
ပါးစပ်ကို ဟပြဲ ဖွင့်ထားပြီး... ဖက်ထုပ်များ၊ ပေါက်စီများနှင့် မုန့်လုံးများကို ကိုက်ဝါးနေ၏။ ပါးစပ်ထဲ ဝင်သွားသမျှ အရာအားလုံးသည် ခဏအတွင်းမှာပင် ကြေမွသွားတော့သည်။
သံဒယ်အိုးကို အပူမမှုဘဲ မ,တင်လိုက်ပြီး... ဝေလငါး ရေမျိုသကဲ့သို့ မော့သောက်လိုက်ရာ... ခဏအတွင်း အိုးပြောင်သွားလေ၏။
သူမက အိုးကို ပေါ့ပါးစွာ ပြန်ချလိုက်ပြီး အော်ပြောလိုက်၏။
“နောက်တစ်အိုး ထပ်ယူခဲ့”
လော့ဖုန်းမဟာမိတ်အဖွဲ့မှ လူငယ်များသည် စိတ်အားထက်သန်စွာဖြင့် နောက်ထပ် အိုးတစ်လုံးနှင့် အစားအစာများကို အမြန် သယ်လာပေးကြသည်။
ရိက္ခာကုန်သွားပြီဟု ညည်းညူနေကြသော်လည်း... ကျန်းရှောင်ရှောင် ဘယ်လောက်ထိ စားနိုင်မလဲ ဆိုတာကို သူတို့ တကယ် သိချင်နေကြ၏။
လျိုမို၊ ဖုဟန်ယွမ်၊ ဖုန်းပိုင်ချွမ်းနှင့် အခြားသူများသည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်ကြည့်နေကြပြီး... မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေကြသည်။
ကျန်းရှောင်ရှောင်၏ သိုင်းပညာ ထူးချွန်ကြောင်း သူတို့ သိကြသော်လည်း... ဒီလို ထူးခြားသော ပါရမီ ရှိလိမ့်မည် ဟုတော့ မထင်ထားခဲ့ကြပေ။
ယွီလင်းရှင်း ပင်လျှင် ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိသည်။
ဓားကို ကိုင်စွဲထားသော ကျောက်စိမ်းချီလင် ဓားသမားကတော့... လောကအကြောင်း မသိနားမလည်သူများကို အထင်သေးစွာဖြင့် မျက်လုံးလှန်ကြည့်လိုက်၏။
သို့သော် သူ့ခြေထောက်များကမူ မသိမသာ ဘေးဘက်သို့ ရွေ့သွားသည်။ ကျန်းရှောင်ရှောင် အစားသောင်းကျန်းနေချိန်တွင် သူ့ကိုပါ ဆွဲဝါးလိုက်မှာ စိုးရိမ်နေသကဲ့သို့ပင်။
ဆုမိုနှင့် အဖွဲ့သားများ ပြန်ရောက်လာသည်ကို မြင်သောအခါ... လက်နောက်ပစ်လျက် ဘေးတစ်ဖက်ကို ငေးကြည့်နေသော ဝူတောက်ယို သည် သူတို့ကို ခေါင်းညိတ်ပြပြီး ပြုံးလိုက်၏။
“ခေါင်းဆောင်ဆု... ခင်ဗျားရဲ့ လက်အောက်ငယ်သား သူရဲကောင်းက တော်တော် ထူးခြားတာပဲ”
“ဒီနေ့ သူ တိုက်ခိုက်နေတာကို ကြည့်ပြီး... အားလုံးက ကြောက်ရွံ့အံ့သြခဲ့ကြရတယ်... ဒီလောက် ထူးချွန်တဲ့ ပုဂ္ဂိုလ်ကို ခင်ဗျား ဘယ်ကနေများ ရှာတွေ့ခဲ့တာလဲဗျာ”