~“မြို့စားမင်းဝူ... စကားကို သတိထားပြီး ပြောပါ”
ယန်ရှောင်ယွင်က အမြန် ဝင်ပြောလိုက်၏။
“ဟုတ်ကဲ့... ဟုတ်ကဲ့... မိန်းကလေး”
မြို့စားမင်းဝူ၏ ရင့်ကျက်တည်ငြိမ်သော မျက်နှာတွင် ဇဝေဇဝါ ဖြစ်မှုများ ပေါ်ပေါက်လာသည်။
သူ ကြားလိုက်ရသည်မှာ အမှား မဟုတ်ကြောင်း သေချာသွားသောအခါ... ကျန်းရှောင်ရှောင်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်ပြီး ခေါင်းကို အသာအယာ ခါယမ်းကာ ပြောလိုက်၏။
“တကယ့်ကို... အံ့မခန်းပါပဲဗျာ”
သူ့ခမျာ ဘာဆက်ပြောရမှန်း မသိတော့သည့်ပုံပင်။
သူတို့ စကားပြောနေသည်ကို ကြားလိုက်ရသောအခါ ကျန်းရှောင်ရှောင်သည် ရုတ်တရက် လှည့်ကြည့်ပြီး အော်ပြောလိုက်၏။
“သခင်ကြီး... ပြန်ရောက်လာပြီလား... ထမင်းစားရအောင်လေ”
“အေးပါ... မင်းပဲ ဆက်စားပါ”
ဆုမိုက လက်ကာပြလိုက်ရာ... ကျန်းရှောင်ရှောင်သည် ချက်ချင်း ခေါင်းညိတ်ပြီး ပြန်ထိုင်ကာ ဆက်လက် စားသောက်နေတော့သည်။
ယန်ရီဇီသည် ခေတ္တမျှ တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီးမှ မျက်ခုံးပင့်လိုက်၏။
“ဒီလောက် အငမ်းမရ စားနေတာ... သူ တကယ်ရော အဆင်ပြေရဲ့လား”
“ပြေပါတယ်”
ဆုမိုက ခပ်ပြုံးပြုံး ပြောလိုက်၏။
“သူ့သိုင်းပညာက ထူးခြားတယ်... သူက အမြဲတမ်း ဒီလိုပဲ စားနေကျပါ”
“သြော်... ဒါဆိုရင်တော့ ဟုတ်ပြီ”
ယန်ရီဇီ ခေါင်းညိတ်လိုက်၏။
“ဒါက ငါ့ကို အတိတ်က အဖြစ်အပျက် တစ်ခုကို ပြန်သတိရစေတယ်... ငါနဲ့ မင်းအဖေ ဇီယန်ဂိုဏ်း မှာ ပညာသင်တုန်းက မိစ္ဆာသိုင်းကျမ်း တစ်ခုအကြောင်း ဖတ်ဖူးခဲ့တယ်”
“ဘာ မိစ္ဆာသိုင်းကျမ်းလဲ”
ဆုမို စိတ်လှုပ်ရှားသွားသည်။
“အင်း... ဝေလငါး အစာမျိုသိုင်း လို့ ခေါ်တယ်”
ယန်ရီဇီက လေးလေးနက်နက် ပြောလိုက်၏။
“ဒီသိုင်းပညာက စားသောက်ခြင်းကို အဓိကထားတယ်... များများစားလေလေ... အတွင်းအား ပိုနက်ရှိုင်းလေလေ ဖြစ်လာတယ်... ဒါပေမဲ့ အဲဒီ ရရှိလာတဲ့ အတွင်းအားတွေက ခန္ဓာကိုယ်ထဲမှာပဲ စုပုံနေပြီး... တစ်စိတ်တစ်ပိုင်းကိုပဲ ထုတ်သုံးလို့ ရတယ်”
“အဲဒီလိုနဲ့ စုပုံပြီးရင်း.. စုပုံလာတာ... တကယ်လို့ ကိုယ်ပိုင်စွမ်းအားအဖြစ် မပြောင်းလဲနိုင်ဘူး ဆိုရင်... နောက်ဆုံးတော့ ဝေလငါး ပျက်သုဉ်းခြင်း ဖြစ်သွားလိမ့်မယ်”
ဆုမို၏ မျက်ခုံးများ အလိုအလျောက် တွန့်ချိုးသွားသည်။
“ဝေလငါး ပျက်သုဉ်းခြင်း ဟုတ်လား”
“ဝေလငါးကြီး တစ်ကောင် သေဆုံးသွားရင်... သတ္တဝါပေါင်း မြောက်မြားစွာ အသက်ရှင်သန်ခွင့် ရကြတယ်... ဒါကြောင့် ဒီသိုင်းပညာကို မိစ္ဆာသိုင်းလို့ သတ်မှတ်ကြတာ”
“တုန်းဟွမ် ဒေသ အပြင်ဘက်မှာ... ဒီသိုင်းပညာကို သီးသန့် သင်ကြားပေးတဲ့ မိစ္ဆာဂိုဏ်း တစ်ခု ရှိတယ်လို့ ဆိုကြတယ်... သူတို့က တပည့်တွေကို နေ့ရောညပါ အငမ်းမရ စားသောက်ခိုင်းကြတယ်... ဝေလငါး ပျက်သုဉ်းခြင်း ဖြစ်ခါနီးအချိန် ရောက်ရင်... အဲဒီ တပည့်တွေကို သံလှောင်အိမ်ထဲ ထည့်ပြီး တင်းတင်းကျပ်ကျပ် ပိတ်လှောင်ထားလိုက်ကြတယ်... လှောင်အိမ်အောက်မှာ ယန္တရားတွေ တပ်ဆင်ထားတယ်”
“ဝေလငါး ပျက်သုဉ်းခြင်း စတင်ပြီး ခန္ဓာကိုယ် တုန်ခါလာတာနဲ့... သူတို့ရဲ့ အသားနဲ့ အရိုးတွေ ကြေမွသွားပြီး... ယန္တရား ပွင့်သွားတာနဲ့ သွေးနဲ့ အသားတွေက အောက်ကို လျောကျသွားတယ်”
“ဂိုဏ်းသားတွေက အဲဒီ အကြွင်းအကျန်တွေကို စုဆောင်းပြီး... စွမ်းအားတိုးဆေးတွေအဖြစ် ချက်လုပ်ကြတယ်... အဲဒီဆေးတွေက သူတို့ရဲ့ သိုင်းပညာကို လျင်မြန်စွာ တိုးတက်စေတယ်”
“ရက်စက်လိုက်တာ”
ယန်ရှောင်ယွင်သည်လည်း ထိတ်လန့်တုန်လှုပ်သွားပြီး... ကျန်းရှောင်ရှောင်ကို မသိမသာ လှမ်းကြည့်လိုက်မိသည်။
သူမက အမြဲတမ်း ဒီလိုပဲ စားသောက်နေကျမို့ ဘာမှ မထူးခြားဘူးဟု ထင်ခဲ့သော်လည်း... အခု ပြန်စဉ်းစားကြည့်မှ ယန်ရီဇီ ပြောပြတာနှင့် အရမ်း တူနေသလို ခံစားလိုက်ရသည်။
သို့သော်၊ ဆုမို တွေးနေတာကတော့ ပိုပြီး နက်ရှိုင်းသည်။
ကျန်းရှောင်ရှောင်ရဲ့ သွေးကြောတွေထဲမှာ ကြီးမားသည့် အတွင်းအားတွေ သိုလှောင်ထားပြီး... အဲဒါတွေက ခဲနေ၍ သူမကိုယ်တိုင် ထုတ်သုံးဖို့ ခက်ခဲနေသည် ဆိုတာ ဆုမို သိထားသည်။
ပြီးခဲ့သော (၃) ရက်အတွင်း ယန်ရီဇီနောက် လိုက်နေရင်း... ဆုမိုနှင့် ယန်ရှောင်ယွင်တို့က သူမကို ကူညီပြီး အတွင်းအား တချို့ကို အရည်ဖျော်ပေးခဲ့ကြသည်။
အတိုင်းအတာ တစ်ခုထိ အောင်မြင်ခဲ့သော်လည်း ... လှည်းတစ်စီးစာလောက် လောင်ကျွမ်းနေသော မီးကို ရေတစ်ခွက်နှင့် လှမ်းပက်သလိုမျိုးပင် ဖြစ်နေသေးသည်။
“တကယ်ကို ရက်စက်တဲ့ နည်းလမ်းပါပဲ”
“ဒါကြောင့် ဒီသိုင်းပညာက ပျောက်ဆုံးသွားတာ ကြာပြီလို့ ပြောကြတာ... ဒေသအလိုက် ကွာခြားမှုတွေ ရှိပေမယ့်... အကောင်းနဲ့ အဆိုး ခွဲခြားမှုကတော့ နေရာတိုင်းမှာ အတူတူပါပဲ”
“ဒီနေ့ ဒီကောင်မလေးကို မတွေ့ခဲ့ရင်... ငါ ဒီမှတ်တမ်းအကြောင်းကို မေ့တောင် မေ့နေလောက်ပြီ”
“ဒါပေမဲ့... ဝေလငါး အစာမျိုသိုင်း က ပျောက်ဆုံးနေတာ နှစ်ပေါင်းများစွာ ကြာပြီ... ဇီယန်ဂိုဏ်းမှာတောင်မှ ဒီလိုသိုင်းပညာ ရှိတယ် ဆိုတာလောက်ပဲ မှတ်တမ်းတင်ထားတာ... ဒီကောင်မလေး လေ့ကျင့်ထားတဲ့ ပညာက အဲဒါ ဟုတ်ချင်မှ ဟုတ်မှာပါ”
ဆုမို ခေါင်းညိတ်လိုက်ပြီး မေးလိုက်၏။
“ဦးလေးယန်... ဇီယန်ဂိုဏ်းမှာတုန်းက မှတ်တမ်းတွေ ဖတ်ကြည့်တော့... ဒီပိုးအိမ်ထဲကနေ ဘယ်လို ဖောက်ထွက်ရမလဲ ဆိုတာ ပါသေးလား”
“ဒါက...”
ယန်ရီဇီ ခေတ္တမျှ စဉ်းစားလိုက်၏။
“ပါချင် ပါလိမ့်မယ်... ငါ မမှတ်မိတော့ဘူး... ငါ့စိတ်ထဲမှာ စွဲနေတာက သူ့ရဲ့ ရက်စက်တဲ့ ဖော်ပြချက်တွေပဲ”
“သြော်... ဒါဆိုရင်တော့”
ဆုမို သက်ပြင်းချလိုက်၏။ သူ ဇီယန်ဂိုဏ်းကို သွားသင့်၊ မသွားသင့် အကြိမ်ကြိမ် တွေးတောခဲ့ဖူးသည်။
ထိုနေရာကို သွားလျှင် ပြဿနာတွေ ထပ်တိုးလာလိမ့်မည်ဟု အမြဲတစေ ခံစားနေရသည်။
သို့သော်၊ ယခုတော့ ကိစ္စတွေ အားလုံး ရှုပ်ထွေးပွေလီလာပြီ ဖြစ်၍... ဇီယန်ဂိုဏ်းကို မသွားလို့ မဖြစ်တော့သည့် အခြေအနေ ရောက်နေလေပြီ။
အဘိုး ရခဲ့သော တံဆိပ်တုံးအကြောင်း ဇီယန်ဂိုဏ်းက ဘာတွေ ရှာဖွေတွေ့ရှိခဲ့သလဲ ဆိုတာ မသိရသေးပါ။
ပြီးတော့ အတိတ်က ဆုထျန်းယန် ချခဲ့သည့် ဆုံးဖြတ်ချက်နှင့် ဘယ်လောက်ထိ ပတ်သက်နေသလဲ ဆိုတာလည်း မသိရသေး။
ကျန်းရှောင်ရှောင်၏ သိုင်းပညာ တစ်ခုတည်းနှင့်တင်... ဝေလငါး အစာမျိုသိုင်း နှင့် အင်မတန် တူနေချေပြီ။
ယခုလို အခြေအနေမျိုးမှာ... မိမိတို့ ဘယ်လိုလုပ် လျစ်လျူရှုထား၍ ရတော့မည်နည်း။
သူတို့ကို ဆက်လက် စားသောက်ခွင့် ပြုထားပြီး... ဆုမိုနှင့် ကျန်နှစ်ယောက်သည် ယန်ရီဇီနောက်သို့ လိုက်ကာ ဂူ၏ အခြားတစ်ဖက်သို့ ထွက်ခွာသွားကြသည်။
လမ်းကြောင်းအတိုင်း ကွေ့ပတ်သွားပြီးနောက်... ဂူ၏ အခြား အစိတ်အပိုင်း တစ်ခုသို့ ရောက်ရှိသွားကြ၏။
ထိုနေရာတွင် လူနှစ်ယောက်ကို ဖမ်းဆီးချုပ်နှောင်ထားသည်။
တစ်ယောက်က လျိုယွင်ပညာရှင် ဖြစ်ပြီး... နောက်တစ်ယောက်ကတော့ ကောင်းကင်ဂိုဏ်းချုပ် ပင်။
လျိုယွင်ပညာရှင်သည် မော့ကြည့်လိုက်ရာ ဆုမိုနှင့် ယန်ရှောင်ယွင်ကို တွေ့လိုက်ရသဖြင့် ခေတ္တမျှ ကြောင်အမ်းသွားပြီး... ရုတ်တရက် ဟားတိုက် ရယ်မောလိုက်တော့သည်။
“အတိတ်က အကျိုးအပဲ့တွေက... နောက်ဆုံးတော့ ဒီကောင်မလေးနဲ့ ကောင်လေးကိုပါ ဆွဲထည့်လိုက်ပြီပေါ့”
“ဇီယန် အာမခံဌာန ရော၊ သံမဏိသွေး အာမခံဌာနပါ... ပျက်စီးခြင်းကို ဦးတည်သွားပြီ”
“ယန်ရီဇီ... မင်း ဆုထျန်းယန် ပေးဆပ်ခဲ့တဲ့ အသက်နဲ့ ထိုက်တန်ရဲ့လားကွ”
ယန်ရီဇီ၏ မျက်နှာထား မဲမှောင်သွား၏။
သို့သော် ဆုမို၏ ရယ်သံလွင်လွင်ကို ကြားလိုက်ရသည်။
“ဦးလေး လျိုယွင် က တက်ကြွနေတုန်းပါလား... ခင်ဗျား စိတ်ဓာတ်မကျတာ မြင်ရတော့ ကျွန်တော် စိတ်အေးသွားပြီ”
“...ဘာ... မင်း ဘာလုပ်မလို့လဲ”
လျိုယွင်ပညာရှင် မျက်လုံး ပြူးသွားသည်။
ပုံမှန်အားဖြင့် ဆုမိုက သူ့ကို ဒီလောက် ယဉ်ကျေးနေမှာ မဟုတ်ဘူး။ သူ လေသံပျော့လေလေ... ကံဆိုးမိုးမှောင်ကျဖို့ နီးလေလေ ဆိုတာ သေချာသည်။
ဆုမို ခေါင်းခါလိုက်၏။
“ကျွန်တော် ကြားတာကတော့... ဦးလေး လျိုယွင် ရော၊ သုံးပါးအစွန်းရောက်ဂိုဏ်း က ကောင်းကင်ဂိုဏ်းချုပ် ရော...ဒုက္ခသည် သိုင်းကျမ်းကို လိုချင်နေကြတယ် ဆို”
“တိုက်တိုက်ဆိုင်ဆိုင်ပဲ... ကျွန်တော်လည်း ဒီလမ်းစဉ်ကို နည်းနည်းပါးပါး လေ့လာထားမိတယ်... ဒီနေ့ ခင်ဗျားတို့ နှစ်ယောက်စလုံးကို ဒီသိုင်းပညာနဲ့ မိတ်ဆက်ပေးမလို့ပါ”
“ကျွန်တော့်ရဲ့ စေတနာကို မငြင်းပါနဲ့နော်”
ပြောရင်းဆိုရင်း သူက လူတစ်ယောက်ကို လှောင်အိမ်တံခါး ဖွင့်ခိုင်းလိုက်ပြီး အထဲသို့ ဝင်သွားလေ၏။
လျိုယွင်ပညာရှင်၏ မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားသည်။
“မင်း... မင်း... အနားမလာနဲ့နော်”
ဒုက္ခသည် သိုင်းကျမ်း ဆိုတာ ဘယ်လိုအရာမျိုးလဲ။
သတင်းများက အလွန်အမင်း ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် သုံးပါးအစွန်းရောက်ဂိုဏ်းက ဤကိစ္စအား ပစ်မှတ်ထားလာခြင်း ဖြစ်၏။
ဆရာတော် ဟုန်ယွင်က ဤသိုင်းပညာကို အားကိုးကာ မြစ်ကြောင်းတစ်လျှောက်ရှိ သူခိုးဓားပြများကို သူ၏ ခြေရင်း၌ ဝပ်တွားခယစေခဲ့သည်။ ဤသိုင်းကျမ်းအား တောင့်ခံနိုင်ရန် မလွယ်ကူကြောင်းကို ထိုအချက်က ခိုင်မာစွာ သက်သေပြနေတော့၏။
ဆုမို လျှောက်လာတာကို မြင်တော့... လျိုယွင်ပညာရှင်က သရဲတစ္ဆေ မြင်လိုက်ရသလို တုန်လှုပ်ချောက်ချား သွားတော့သည်။