~ဆေးရနံ့များက လေထုထဲတွင် သင်းပျံ့မွှေးကြိုင်နေ၏။
လီဇီလုံ မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့ရှေ့ရှိ ဆေးလုံး (၃) လုံးကို စိုက်ကြည့်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် အံ့သြမှင်သက်မှုများနှင့် ပြည့်နှက်နေသည်။
“ဒါတွေက... အံ့ဖွယ် အသွင်ပြောင်း ဝိညာဉ်ဆေးလုံး တွေပဲ... ဝိညာဉ်ပင်လယ်အဆင့် ကို ချိုးဖြတ်မယ့် သူတွေနဲ့ ဝိညာဉ်ပင်လယ်အဆင့် အတွင်းမှာ ကျင့်ကြံခြင်း အဆင့်တက်ချင်သူတွေအတွက် သီးသန့် ဖော်စပ်ထားတဲ့ အဆင့်မြင့် ဆေးလုံးတွေ...”
ယဲ့ဖုန်း က စကားကို အပိုအလိုမရှိ ပြတ်သားစွာ ပြောလိုက်သည်။
“ကောင်းကင်နှင်းရည် ကျဆင်းလာတာနဲ့အမျှ အင်အားကြီး ဂိုဏ်းတွေအားလုံးက လူတွေ အဆင့်ချိုးဖြတ်နေကြပြီ... ငါတို့ မြူခိုးဂိုဏ်း လည်း နောက်ကျကျန်နေခဲ့လို့ မဖြစ်ဘူး...”
လီဇီလုံသည် ဆေးလုံးများကို လှမ်းယူလိုက်ပြီး ကျေးဇူးတင်စကား ဆိုရန် ပြင်လိုက်သည်။
“ကျေးဇူးတင်နေစရာ မလိုပါဘူး... ခင်ဗျား ဝိညာဉ်ပင်လယ်အဆင့် ကို အောင်မြင်စွာ ချိုးဖြတ်နိုင်ရင် အဲဒါက ကျုပ်အတွက် အကြီးမားဆုံး ကျေးဇူးဆပ်ခြင်းပါပဲ...”
ထိုသို့ပြောပြီးနောက် ယဲ့ဖုန်း လှည့်ထွက်သွား၏။
ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း လီဇီလုံသည် အံ့ဖွယ် အသွင်ပြောင်း ဝိညာဉ်ဆေးလုံး များကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်နှာထား တည်ကြည်လေးနက်သွားတော့သည်။
‘ဂိုဏ်းချုပ်... စိတ်ချပါ... ဒီ ကောင်းကင်နှင်းရည် ရယ်... အံ့ဖွယ် အသွင်ပြောင်း ဝိညာဉ်ဆေးလုံး (၃) လုံးရယ်... ပြီးတော့ အဆင့်ချိုးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့ စွမ်းအား ခိုင်မာစေခြင်း နည်းစနစ် ကို မကြာသေးမီက ကြိုးကြိုးစားစား ကျင့်ကြံထားတာရယ် ပေါင်းစပ်လိုက်ရင်... ကျွန်တော် ဝိညာဉ်ပင်လယ်အဆင့် ကို သေချာပေါက် တက်လှမ်းနိုင်ရမယ်...’
သူ မော့ကြည့်လိုက်ပြီး ဆေးလုံး (၃) လုံးစလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။
သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး သွေးကြောများတစ်လျှောက် အဆက်မပြတ် စီးဆင်းသွားကာ ဝိညာဉ်ပင်လယ်အဆင့် သို့ ချိုးဖြတ်ဝင်ရောက်ရန် အားဖြည့်ပေးနေတော့သည်။
‘ဝိညာဉ်ပင်လယ်အဆင့် ဆိုတာ ခန္ဓာကိုယ်ထဲက အစစ်အမှန်ယွမ်တွေကို ပင်လယ်ကြီးတစ်စင်းလို ကျယ်ပြောလာအောင် လုပ်ဆောင်ရတာ... ဒါမှ အစစ်အမှန်ယွမ် တွေကို ပိုမို သိုလှောင်နိုင်မယ်... ပြီးတော့ ဝိညာဉ်ပင်လယ် က မျက်ခုံးနှစ်ခုကြားက ဝိညာဉ်အသိပင်လယ် နဲ့ ချိတ်ဆက်ပြီး အဆက်မပြတ် အားဖြည့်ပေးရမယ်... နောက်ဆုံးမှာ အဆင့်မြင့်မားတဲ့ ဝိညာဉ်အာရုံ ကို မွေးဖွားပေးပြီး မူလဝိညာဉ် စုစည်းဖို့အတွက် ခိုင်မာတဲ့ အုတ်မြစ်ချပေးရမယ်...’
လီဇီလုံ သည် အဆင့်ချိုးဖြတ်ခြင်း၏ အဓိက သော့ချက်များကို တိတ်တဆိတ် ရွတ်ဆိုလိုက်ပြီး အဆင့်တိုင်းကို အလွန် သတိထားကာ လှမ်းတက်နေ၏။
သူ ကျရှုံး၍ မဖြစ်ပေ။
အကြောင်းမှာ သူ့ပုခုံးပေါ်တွင် မျှော်လင့်ချက်များစွာကို ထမ်းပိုးထားရသောကြောင့်ပင်။
ရန်ယွင် (၁၃) မြို့ မှ သန်းနှင့်ချီသော ပြည်သူများ၏ ပြင်းပြသော မျှော်လင့်ချက်များ၊ ဂိုဏ်းသားများ၏ စောင့်ကြည့်မှုများနှင့် ဂိုဏ်းချုပ် ၏ မှာကြားချက်များ ရှိနေသည်။
ထို့ပြင် သွေးနတ်ဆိုး ခန်းမဆောင် ၏ ဖိအားကလည်း ရှိနေသေးသည်။
ထိုအချက်များ အားလုံးပေါင်းစပ်လိုက်သောအခါ လီဇီလုံ တစ်ယောက် အခြေအနေကို ပေါ့ပေါ့တန်တန် သဘောမထားရဲတော့ပေ။
အဆင့်ချိုးဖြတ်နေသူမှာ လီဇီလုံ တစ်ယောက်တည်း မဟုတ်ပေ။
ဟိုယွင်ကျဲ လည်း ပါဝင်သည်။
သူသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၂) အထွတ်အထိပ်သို့ ရောက်ရှိထားပြီး ဖြစ်သည်။ ယခုအခါ (၃) ရက်ဆက်တိုက် ရွာသွန်းနေသော ကောင်းကင်နှင်းရည် ၏ အကူအညီဖြင့် သူ့ကန့်သတ်ချက်ကို စိန်ခေါ်ကာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၃) သို့ တက်လှမ်းရန် ကြိုးစားနေ၏။
ကုန်းချင်းချိုး လည်း တံခါးပိတ် ကျင့်ကြံနေ၏။
သူမသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၆) အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ နှစ်တစ်ထောင်မှ တစ်ခါသာ ကြုံရသော ဤအခွင့်အရေးကို အသုံးချပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၇) သို့ ထိုးဖောက်ဝင်ရောက်လိုနေသည်။
မိုယင်၊ ရှီလေ့၊ ယန်ရူယွီ၊ ချောင်ကျားရှီး၊ လီကျောက်ကျောက်၊ လုံထျန်ရှင်း၊ ကျီဇီလင်း၊ ဝမ်ဖင်းအန်း၊ ရွှီတာလေ...
အစ်ကိုကြီး ခေါင်းပြား၊ သံမဏိလက်သည်း နဂါးလင်းယုန်၊ မြေခွေးတာ့ဟုန်...
တောင်ထိပ်တွင် စိုက်ပျိုးထားသော နှစ်တစ်ထောင် မီးနဂါးသစ်သီး ကိုင်းဆက် နှင့် ကောင်းကင်ထိ နွယ်ပင်စိမ်း အပါအဝင် အခြားသော ဝိညာဉ်အပင်များကလည်း ကောင်းကင်နှင်းရည် ကို လောဘတကြီး စုပ်ယူနေကြ၏။
ဤသည်ကား မည်သူမျှ လက်လွတ်မခံနိုင်သော အခွင့်အရေးကြီး ဖြစ်ပေသည်။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း တွင် ဖြစ်သည်။
နတ်ဆိုးဂိုဏ်းချုပ်ဟောင်း၊ အထွတ်အထိပ် အကြီးအကဲ (၁၂) ဦး၊ လီမိုဟွမ် နှင့် အခြားသူများသည်လည်း မြေပြင်ပေါ်သို့ တက်လာကြပြီး ကောင်းကင်နှင်းရည် ကို စုပ်ယူနေကြသည်။
*
ထိုစဉ်၊ ချိုင့်ဝှမ်းတစ်ခုတွင် ဖြစ်သည်။
ဝိညာဉ်နှုတ် ဆရာသခင် ၏ လူဝင်စား ဖြစ်သော ကျူးယောင်ဖူ သည် ယဇ်ပလ္လင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။ သူ့ဘေးပတ်လည်တွင် ကောင်းကင်နှင်းရည် များ ပြည့်နေသော ကန်များ ဝိုင်းရံထားပြီး သူ့အရှိန်အဝါများက ရူးသွပ်မတတ် မြင့်တက်လာနေသည်။
လျူယွင်ဂိုဏ်း တွင် ဖြစ်သည်။
တုန်းချန် သည် သူ့ခြံဝင်းထဲတွင် တင်ပျဉ်ခွေ ထိုင်နေသည်။ တုန်းတုန်းချန် ၏ အကူအညီဖြင့် သူ့ပတ်လည်တွင် ဝိညာဉ်ဆွဲဆောင် ဝင်္ကပါ တစ်ခု တည်ဆောက်ထားပြီး အနီးနားရှိ ကောင်းကင်နှင်းရည် အားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ ဆွဲယူနေသဖြင့် ကျင့်ကြံခြင်း အဆင့်များ ပေါက်ကွဲထွက်မတတ် တိုးတက်လာနေ၏။
မိုယင် ၏ အိမ်ဟောင်း၊ ရှေးဟောင်း ဝိညာဉ် မျိုးနွယ်စု ၏ ကျွန်းပေါ်တွင် ဖြစ်သည်။
ယဇ်ပုရောဟိတ်အိုကြီး နှင့် အခြားသော ဝိညာဉ်သတ္တဝါများသည် ကောင်းကင်နှင်းရည် ဖြင့် ရေချိုးနေကြပြီး သူတို့၏ စွမ်းအားများ အနည်းငယ် တိုးတက်လာသည်ကို တွေ့ရှိလိုက်ကြ၏။
“ဒါက သူတော်စင် တစ်ပါးရဲ့ လက်ရာပဲ...”
ယဇ်ပုရောဟိတ်အိုကြီး သည် ကောင်းကင်ကို မော့ကြည့်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့မျက်နှာတွင် မိန်းမောနေသော အမူအရာများ ပေါ်နေ၏။
ဝိညာဉ်သတ္တဝါများ ဖြစ်လာကတည်းက သူတို့သည် ကျွန်းမှ ထွက်ခွာ၍ မရတော့သလို စွမ်းအားလည်း တိုးတက်လာခြင်း မရှိတော့ပေ။
သို့သော် ယခုအခါ သူတော်စင် တစ်ပါးက ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို ကောင်းကင်နှင်းရည် အဖြစ် ချပေးလိုက်သဖြင့် သူတို့ မခံစားရသည်မှာ ကြာပြီဖြစ်သော စွမ်းအားတိုးတက်မှု အရသာကို မြည်းစမ်းခွင့် ရလိုက်ကြသည်။
မလှမ်းမကမ်းရှိ မြေအောက်လိုဏ်ဂူ တံဆိပ်ခတ်ရာ နေရာတွင် ဖြစ်၏။
ကောင်းကင်နှင်းရည် ကျဆင်းလာသည်နှင့်အမျှ အချို့သော ရေများသည် မရေမတွက်နိုင်သော အတားအဆီးများကို ဖြတ်ကျော်ပြီး မြေအောက်လိုဏ်ဂူထဲသို့ စိမ့်ဝင်သွားရာ အချို့သော မြေကမ္ဘာခြား မျိုးနွယ် များ၏ စွမ်းအားကို မြှင့်တင်ပေးလိုက်သလို ဖြစ်သွားသည်။
သူတို့သည် ရူးသွပ်သွားကြပြီး အတားအဆီး တံဆိပ်များကို မနားတမ်း ရိုက်နှက် တိုက်ခိုက်နေကြတော့သည်။
"ဝုန်း"
နောက်ဆုံးတွင် မသိမသာ အက်ကွဲကြောင်းလေးတစ်ခု တံဆိပ်မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့ပြီး မြေကမ္ဘာခြား မျိုးနွယ် များ၏ တိုက်ခိုက်မှုကြောင့် တဖြည်းဖြည်း ကျယ်ပြန့်လာ၏။
တံဆိပ် အက်ကွဲသွားခြင်းသည် အချိန်ကိစ္စသာ ဖြစ်တော့သည်။
ခရိုင်ဘုရင်မြို့တော် တွင် ဖြစ်သည်။
ယဇ်ပလ္လင် တစ်ခုပေါ်တွင်၊
ခရိုင်ဘုရင် သည် လက်ကွက်ဖော်ကာ တင်ပျဉ်ခွေ ထိုင်နေ၏။ သူ့အရှိန်အဝါသည် ကြံ့ခိုင်သန်စွမ်းပြီး စကားဖြင့် ဖော်ပြ၍ မရနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုများကို ထုတ်လွှတ်နေသည်။
သူ့ခေါင်းအထက်တွင် မှေးမှိန်သော အပြာရင့်ရောင် လူပုံသဏ္ဌာန် အရိပ်တစ်ခု စုစည်းနေသည်။ ပိုမို ခိုင်မာလာသည်နှင့်အမျှ ခရိုင်ဘုရင် ၏ မျက်နှာနှင့် ထပ်တူကျသော မျက်နှာတစ်ခု ပေါ်လာ၏။
မိုင်ရာချီ ဝေးကွာသော နေရာတွင် ဖြစ်သည်။
စံအိမ်ကြီးတစ်ခု အတွင်း၌၊
ဟန်ရီ နှင့် ဟန်အာ တို့သည် ကောင်းကင်နှင်းရည် ဖြင့် ရေချိုးနေကြပြီး သူတို့၏ မျက်နှာများတွင် ရက်စက်သော အပြုံးများ ပေါ်နေကြသည်။
“သိပ်ကောင်းတာပဲကွာ... ကောင်းကင်နှင်းရည် တွေ ကျလာပြီ... ငါတို့ ဒါတွေကို စုဆောင်းပြီး ပြင်ပကမ္ဘာက အစွမ်းထက် နတ်ဆိုးမိစ္ဆာ ကို ဆင့်ခေါ်မယ်... ခရိုင်ဘုရင်မြို့တော် ကို သွေးချောင်းစီးစေမယ်... ပြီးရင် မြူခိုးဂိုဏ်း က အဲဒီ စိတ်ပျက်စရာကောင်းတဲ့ ယဲ့ဖုန်း ကို သွားသတ်ကြတာပေါ့...”
ဟန်ရီ သည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မျက်လုံးများ တဖြည်းဖြည်း မည်းမှောင်လာ၏။
မိုင်ထောင်ချီ ဝေးကွာသော နေရာတွင် ဖြစ်သည်။
မိုမင်ရှီ သည် မျက်နှာဖုံးပဝါကို ချွတ်လိုက်ပြီး ကောင်းကင်ယံတွင် တင်ပျဉ်ခွေ ထိုင်နေသော ပုံရိပ်ကို ကြည့်ကာ သူမဘေးရှိ နဂါးပြာဘုရင် ကို ပြောလိုက်၏။
“အဖေက မူလနတ်ဘုရား အဆင့် ကို ချိုးဖြတ်ဖို့ အရေးကြီးတဲ့ အချိန်ရောက်နေပြီ... ကျွန်မတို့ မကျင့်ကြံရင်တောင် အဖေ့ကို ကာကွယ်ပေးရမယ်...”
“မဟာမိတ်ခေါင်းဆောင်ငယ် စိတ်မပူပါနဲ့... မဟာမိတ်ခေါင်းဆောင်ကြီး က အစွမ်းထက်ပြီးသားပါ... အဆင့်ချိုးဖြတ်နေချိန်မှာတောင် သူ့ကို စစ်မှန်သော နဂါးအရှိန်အဝါ က လွှမ်းခြုံထားမှာ... သာမန်ရိုင်းပင် သားရဲလောက်က သူ့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ပါဘူး...”
ဟု နဂါးပြာဘုရင် က လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်၏။
*မိုင်သောင်းချီ ဝေးကွာသော နေရာ၊
မြင့်မြတ်သော လေဓားဂိုဏ်း ၌ ဖြစ်သည်။
ဓားကလေး မူရူရွှယ် သည် ဓားကို ကိုင်ဆောင်ကာ ကောင်းကင်ထက်တွင် ကခုန်နေ၏။ သူမ၏ အရှိန်အဝါသည် တရိပ်ရိပ် မြင့်တက်လာနေ၏။ ပေါ့ပေါ့ပါးပါး ဓားဝှေ့ယမ်းမှု တစ်ချက်ကပင် ကောင်းကင်ကို ခွဲခြမ်းနိုင်ပြီး လူကို တုန်လှုပ်သွားစေနိုင်သော စူးရှအေးစက်သည့် ဓားအလင်းတန်းကို ဖြစ်ပေါ်စေသည်။
ခဏအကြာတွင် သူမ ကခုန်ခြင်းကို ရပ်တန့်လိုက်ပြီး လေနှင့် မိုးရေများကြားတွင် မတ်တပ်ရပ်နေလိုက်သည်။
“ကောင်းကင်နဲ့ မြေကြီးရဲ့ ထူးခြားဖြစ်စဉ်က နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ... ဂိုဏ်းချုပ်၊ အထွတ်အထိပ် အကြီးအကဲ၊ မဟာအကြီးအကဲ နဲ့ တခြားသူတွေ အားလုံး အဆင့်ချိုးဖြတ်ဖို့ တံခါးပိတ် ကျင့်ကြံနေကြပြီ... ဒီအချိန်မှာ အစွမ်းထက်တဲ့သူ တစ်ယောက်ယောက်ကများ လာတိုက်ခိုက်ရင် တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခုလုံး အန္တရာယ် ရှိနိုင်တယ်...”
မူရူရွှယ် ညင်သာစွာ သက်ပြင်းချလိုက်သည်။
ထို့နောက်၊ မြူခိုးဂိုဏ်း ရှိရာဘက်သို့ လှမ်းမျှော်ကြည့်ရင်း ပုံရိပ်တစ်ခုကို မြင်ယောင်လိုက်မိသည်။
မြူခိုးတောင်ထိပ် ပေါ်တွင် တိတ်ဆိတ်စွာ ရပ်လျက် တပည့်များကို လေဒဏ်မိုးဒဏ်မှ ကာကွယ်ပေးနေသော မြင့်မားသည့် ပုံရိပ်တစ်ခု။
“ဒီမိုး ရွာပြီးရင်... သူ့ရဲ့ စွမ်းအားတွေက ပိုပြီး ခန့်မှန်းရခက်လာတော့မှာပဲ...”
သူမ တီးတိုးရေရွတ်လိုက်ပြီးနောက် အမြင့်ဆုံးအဆင့်သို့ ချိုးဖြတ်ဝင်ရောက်ရန် အပြစ်ပေးခုံရုံး တောင်ထိပ် ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ တံခါးပိတ် ကျင့်ကြံလိုက်လေတော့သည်။
ကောင်းကင်နှင်းရည် သည် (၃) ရက် (၃) ည တိုင်တိုင် ရွာသွန်းခဲ့၏။
လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် အတွင်းရှိ တောင်များနှင့် မြစ်များအားလုံး ကောင်းကင်နှင်းရည် များနှင့် ပြည့်လျှံနေပြီး ပေါများကြွယ်ဝသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေကြသည်။
ကောင်းကင်နှင်းရည် ကို မျိုချမိသော သာမန်ငါးအချို့၏ မျက်လုံးများမှာ တက်ကြွလာကြသည်။ သူတို့၏ မှတ်ဉာဏ်သည် (၇) စက္ကန့်မျှသာ မဟုတ်တော့ဘဲ ပိုမို များပြားသော အရာများကို မှတ်မိလာကြသည်။
အချို့သော ငါးများမှာမူ အသွင်ပြောင်းလဲမှုကို ကြုံတွေ့ရပြီး ရေပန်းများ မှုတ်ထုတ်ကာ သားကောင်များကို ထိုးဖောက်တိုက်ခိုက်နိုင်လာကြသည်။ အခြေခံအားဖြင့် အဆင့်နိမ့် နတ်ဆိုးသားရဲ များ ဖြစ်လာကြခြင်းပင်။
မြူခိုးဂိုဏ်း တွင် ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ တောင်များနှင့် မြစ်များတွင် ဝိညာဉ်သွေးကြော အသစ်များ မွေးဖွားလာခြင်း မရှိသော်လည်း ဝိညာဉ်စွမ်းအင် ဝဲကတော့ များ သိသိသာသာ ကျယ်ပြန့်လာကြောင်း ယဲ့ဖုန်း တွေ့ရှိလိုက်ရသည်။ ၎င်းတို့ ထုတ်လွှတ်သော ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် အသေးစား ဝိညာဉ်သွေးကြော များထက် မလျော့နည်းပေ။
မြူခိုးဂိုဏ်း အတွင်းရှိ ဝိညာဉ်သွေးကြော (၄) ခုစလုံးပင်လျှင် အသွင်ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရပုံရပြီး ထုတ်လွှတ်သော ဝိညာဉ်စွမ်းအင် သိပ်သည်းဆ များစွာ မြင့်တက်လာ၏။
အသေးစား ဝိညာဉ်သွေးကြော (၂) ခု၏ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် နှစ်ဆ တိုးလာသည်။
ကျန်ရှိသော ဝိညာဉ်စမ်းရေတွင်း (၂) ခုသည်လည်း ဝိညာဉ်စွမ်းအင် အရည်အသွေးနှင့် သိပ်သည်းဆ တိုးတက်လာခဲ့သည်။ နှစ်ဆ မတိုးသော်လည်း များစွာ ကွာခြားခြင်း မရှိတော့ပေ။
ဤအရာအားလုံးသည် ရှေးဟောင်း သူတော်စင် ကျောင်းယန် ၏ ကောင်းချီးပေးမှုကြောင့်ပင် ဖြစ်သည်။
“သိပ်ကောင်းတာပဲ...”
ယဲ့ဖုန်း ပြုံးလိုက်သည်။
“ဝှစ်...”
ထိုအချိန်မှာပင် ဖေးလိုင်တောင်ထိပ် ပေါ်မှနေ၍ လီဇီလုံ ၏ ခန္ဓာကိုယ်သည် လေထဲသို့ ပျံတက်လာ၏။ သူ့ပတ်လည်တွင် ကျဆင်းနေသော ကောင်းကင်နှင်းရည် များသည် တုန်ခါသွားပြီး မြူခိုးများအဖြစ် ပြောင်းလဲကာ သူ့ဘေးပတ်လည်တွင် လျင်မြန်စွာ လည်ပတ်နေကြသည်။ သူ့ကို ပိုမို မြင့်မားသော နေရာသို့ မ,တင်ပေးနေသကဲ့သို့ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များလည်း ပိုမို သိပ်သည်းလာ၏။
“သူ အဆင့်ချိုးဖြတ်တော့မှာလား...”
ယဲ့ဖုန်း အစပိုင်းတွင် အံ့သြသွားသော်လည်း ချက်ချင်းပင် ဝမ်းသာသွား၏။
သူ စနစ် ကို အမြန် မေးမြန်းကြည့်လိုက်ရာ လီဇီလုံ ၏ အောင်မြင်နိုင်ချေသည် (၉၀) ရာခိုင်နှုန်းကျော်အထိ ရောက်ရှိနေကြောင်း သိလိုက်ရသည်။
“ကောင်းကင်နှင်းရည် ကျဆင်းလာတာနဲ့အမျှ ကျင့်ကြံခြင်း အဆင့်ချိုးဖြတ်နိုင်တဲ့ အောင်မြင်နိုင်ချေက အများကြီး တိုးတက်လာတာပဲ... ပုံမှန်အချိန်ဆိုရင် လီဇီလုံ ရဲ့ အောင်မြင်နိုင်ချေက (၅၀) ရာခိုင်နှုန်းတောင် ကျော်မှာ မဟုတ်ဘူး...”
ယဲ့ဖုန်း တောင်ထိပ်ပေါ်တွင် ရပ်လျက် လီဇီလုံ ၏ အဆင့်ချိုးဖြတ်မှုကို စောင့်ကြည့်နေလိုက်သည်။
မိုင်ပေါင်း ဒါဇင်ချီ ဝေးကွာသော နေရာတွင် ၊
သွေးနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် မော့ကြည့်လိုက်ရာ ဖေးလိုင်တောင်ထိပ် ဆီမှ ပေါက်ကွဲထွက်ပေါ်လာသော အားကောင်းသည့် အရှိန်အဝါကို သတိပြုမိလိုက်သဖြင့် မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။
“မြူခိုးဂိုဏ်း က တစ်ယောက်ယောက် ဝိညာဉ်ပင်လယ်အဆင့် ကို တက်လှမ်းသွားတာလား...”
ထိုလူသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ပြဿနာတက်တော့မည့် အငွေ့အသက်ကို ခံစားလိုက်ရသောကြောင့် ဖြစ်ပေသည်။