~ကောင်းကင်နှင်းရည် ရွာသွန်းမှု ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
သို့သော် ကျင့်ကြံသူအများစု၏ ကျင့်ကြံခြင်းခရီးလမ်းမှာမူ မပြီးဆုံးသေးပေ။
လူအများအပြားသည် ကောင်းကင်နှင်းရည် ကို မည်သို့ စုဆောင်းရမည်ကို သိရှိထားကြသည်။
အချို့က တူးမြောင်းများ၊ ရေကန်များနှင့် ရေလှောင်ကန်များကို တူးဖော်ကာ ကောင်းကင်နှင်းရည် များကို စုဆောင်းထားပြီး သူတို့၏ မိသားစု သို့မဟုတ် ဂိုဏ်းအတွက် ရေရှည် ရင်းမြစ်အဖြစ် အသုံးပြုရန် ပြင်ဆင်ထားကြသည်။
ကောင်းကင်နှင်းရည် ရပ်တန့်သွားသော်လည်း သူတို့သည် တံခါးပိတ် ကျင့်ကြံနေကြဆဲ ဖြစ်သည်။
ရက်အနည်းငယ် ကြာသည့်တိုင်အောင် ကျင့်ကြံသူအများစုသည် အပြင်မထွက်ကြသေးဘဲ သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းကို ခိုင်မာအောင် လုပ်ဆောင်ခြင်း သို့မဟုတ် ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းနေကြဆဲ ဖြစ်၏။
*
တောင်ပိုင်းမြစ်ဝှမ်း ဒေသ ၏ တောင်ဘက် နယ်စပ်ဒေသတွင် ဖြစ်သည်။
ဒုတိယ ခန်းမသခင် ဟွမ်ကျန့်ပိုင်သည် နောက်ဆုံးတွင် ပျက်စီးနေသော ဘုရားကျောင်းအောက်၌ ဖုံးကွယ်ထားသော ဌာနခွဲ၏ ဗဟိုချက်မသို့ ပြန်ရောက်လာခဲ့သည်။ သူသည် ကောင်းကင်နှင်းရည် များ ပြည့်နေသော မြေအောက်ရေကန်ကြီးအထက်တွင် တင်ပျဉ်ခွေ ထိုင်နေသည့် ခန်းမသခင်ကို တွေ့လိုက်ရပြီး ကပျာကယာ ဒူးထောက်လိုက်၏။
“ခန်းမသခင်... ကျွန်တော် ရေပေါ်ဖြူမြို့တော် ရဲ့ အခြေအနေကို အသေအချာ စုံစမ်းခဲ့ပြီးပါပြီ...”
“ဒီ ရေပေါ်ဖြူမြို့တော် က သာမန် ကြယ်တစ်ပွင့်အဆင့် မြို့လေးပါ... ဘာမှ ထူးခြားမှု မရှိပါဘူး... ဒါပေမဲ့ ဒီမြို့ရဲ့ နောက်ကွယ်မှာ အစွမ်းထက်တဲ့ အင်အားစုတစ်ခု ရှိနေပါတယ်...”
ဟွမ်ကျန့်ပိုင် က အခြေအနေကို အလျင်အမြန် တင်ပြလိုက်သည်။
“အို... ဘယ်လို အင်အားစုမျိုးလဲ...”
ခန်းမသခင် က အနားသို့ တိုးလာသည်။ သူ့မျက်နှာကို အလင်းရောင်ဖြင့် ဖုံးကွယ်ထားသဖြင့် မည်သူမျှ သူ့ရုပ်သွင်အမှန်ကို မမြင်နိုင်ကြချေ။
“မြူခိုးဂိုဏ်းလို့.. ခေါ်တဲ့ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတစ်ခုပါ...”
ဟွမ်ကျန့်ပိုင် က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဖြောင်း...”
ခန်းမသခင် က ဟွမ်ကျန့်ပိုင် ကို ပါးရိုက်ကာ လွင့်စဉ်သွားစေပြီး အေးစက်စွာ ကြိမ်းမောင်းလိုက်၏။
“မင်း ရူးသွားပြီလား... ကြယ်တစ်ပွင့်အဆင့် အင်အားစုက ဘယ်လိုလုပ် အစွမ်းထက်တယ်လို့ ပြောရတာလဲ...”
ဟွမ်ကျန့်ပိုင် ခမျာ ဝမ်းနည်းသွားရရှာသည်။
သူသည် ရောင်ရမ်းနေပြီ ဖြစ်သော သူ့ပါးကို ကိုင်လျက် ကမန်းကတန်း ရှင်းပြလိုက်၏။
“မြူခိုးဂိုဏ်း က သာမန် ကြယ်တစ်ပွင့်အဆင့် အင်အားစု မဟုတ်ပါဘူး... သူတို့ဆီမှာ ဝိညာဉ်ပင်လယ်အဆင့် (၁) ကို အခုလေးတင် ချိုးဖြတ်သွားတဲ့ အကြီးအကဲတစ်ယောက် ရှိပါတယ်... ပြီးတော့ မူလနတ်ဘုရား အဆင့် နီးပါး စွမ်းအားကြီးတဲ့ရှုဟွာမို နဲ့ ကြွေထည်ဘုရင်တို့လို ထိပ်တန်းပညာရှင်တွေကို အရုပ်ကစားသလို ကစားနိုင်တဲ့ ဂိုဏ်းစောင့်တစ်ယောက်လည်း ရှိပါတယ်... ဒါ့အပြင် သူတို့ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ကလည်း အင်မတန် ခန့်မှန်းရခက်ပါတယ်...”
“ယဲ့ဖုန်း က အကြိမ်ကြိမ် လှုပ်ရှားဖူးပေမယ့် တစ်ခါမှ မရှုံးဖူးဘူးလို့ ဆိုပါတယ်...”
ဟွမ်ကျန့်ပိုင် က ထပ်ဖြည့်ပြောလိုက်သည်။
“ဟမ်...”
ခန်းမသခင် မျက်မှောင်ကြုတ်လိုက်၏။
“သာမန် ကြယ်တစ်ပွင့်အဆင့် အင်အားစုတစ်ခုက မဟာ သူတော်စင် တစ်ပိုင်း အဆင့် ရှိတဲ့ ရှုဟွာမို လို ထိပ်တန်းပညာရှင်ကို ဖိနှိပ်နိုင်တဲ့သူ ပိုင်ဆိုင်ထားတယ် ဟုတ်လား...”
“ခန်းမသခင်... ဒီသတင်းကိုလည်း ကျွန်တော် စုံစမ်းခဲ့ပါတယ်... မကြာသေးခင်က ကြွေထည်ဘုရင် က မြူခိုးဂိုဏ်း ရဲ့ ယဲ့ဖုန်း ကို သွားရန်စတော့ မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းစောင့်က သူ့ကို ဝက်ခေါင်းဖြစ်သွားအောင် ရိုက်နှက်လိုက်တယ်လို့ ဆိုပါတယ်...ရှုဟွာမို ဆို ပိုတောင် ဆိုးပါသေးတယ်... ခရိုင်ဘုရင်မြို့တော် မှာ လူသန်းပေါင်းများစွာရဲ့ ရှေ့မှောက်မှာ ပါးစပ်က အမြှုပ်ထွက်တဲ့အထိ အရိုက်ခံခဲ့ရတာပါ...”
ပြောပြီးနောက် ဟွမ်ကျန့်ပိုင် သည် သူ့မျက်နှာကို လက်ဖြင့် အမြန် ကာလိုက်မိသည်။ ခန်းမသခင် က နောက်တစ်ကြိမ် ထပ်ရိုက်မှာ ကြောက်သောကြောင့် ဖြစ်သည်။
“ဒီကိစ္စက လူသိရှင်ကြား ဖြစ်ခဲ့တာဆိုရင်... ဘာလို့ ငါတို့ မြူခိုးဂိုဏ်း အကြောင်း တစ်ခါမှ မကြားဖူးရတာလဲ...”
ခန်းမသခင် မေးလိုက်သည်။ သူ့မျက်နှာထားက လေးနက်နေ၏။
“တောင်ပိုင်းမြစ်ဝှမ်း ဒေသ က ကြယ်အဆင့် ဂိုဏ်းတွေရဲ့ မှတ်တမ်းကို နောက်ဆုံး စာရင်းလုပ်ခဲ့တာက လွန်ခဲ့တဲ့ တစ်နှစ်ကပါ... မြူခိုးဂိုဏ်း က လွန်ခဲ့တဲ့ နှစ်ဝက်အတွင်းမှာမှ အားကောင်းမောင်းသန် ထကြွလာတာပါ...”
ဟွမ်ကျန့်ပိုင် က အလျင်အမြန် ရှင်းပြလိုက်သည်။
ခန်းမသခင် ဘာမှ ဆက်မပြောတော့ပေ။
‘အကယ်၍ ဟွမ်ကျန့်ပိုင် ပြောတာသာ မှန်ခဲ့ရင် မြူခိုးဂိုဏ်း က တကယ်ကို ကြောက်စရာ ကောင်းနေပြီ။ သူတို့ကို ဖိနှိပ်နိုင်ဖို့ဆိုရင် သွေးနတ်ဆိုး ခန်းမဆောင် ပင်မဌာနချုပ်က မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် တစ်ပါးပါးကို လှမ်းခေါ်မှ ရမယ့် အခြေအနေပဲ။
နီရှန်နန်းတော်နဲ့ ဝူဝူခိုင်လောက်အတွက်နဲ့တော့ အင်အားအလုံးအရင်း သုံးစရာ မလိုပါဘူးလေ။’
နောက်ဆုံးတွင် ခန်းမသခင် ဆုံးဖြတ်ချက် ချလိုက်သည်။
“ဒီကိစ္စကို ခဏ ထားလိုက်ဦး...”
ဟွမ်ကျန့်ပိုင် ကို ပြန်လွှတ်လိုက်ပြီးနောက် သူကိုယ်တိုင် ကျောင်းတော်မှ ထွက်ခွာလာပြီး တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခွင် လှည့်လည်ကာ နေ့ဝက်ခန့် သတင်းစုံစမ်းလိုက်သည်။ ရရှိသော သတင်းအများစုက ဟွမ်ကျန့်ပိုင် တင်ပြသည်နှင့် ကိုက်ညီနေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် ခန်းမသခင် သည် ရွှေရောင် စက္ကူကြိုးကြာ တစ်ကောင်ကို ထုတ်ယူလိုက်ပြီး အစစ်အမှန်ယွမ် အမြောက်အမြား မှုတ်ထည့်ကာ လွှတ်တင်လိုက်၏။
“ဒီကိစ္စက အရေးကြီးတယ်... ပင်မခန်းမသခင်ကြီးဆီ သတင်းပို့မှ ဖြစ်မယ်...”
စက္ကူကြိုးကြာ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားသည်ကို ကြည့်ရင်း ခန်းမသခင် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။
...
မြူခိုးဂိုဏ်း ၏ တောင်ကြီး (၄) လုံးသည် တိမ်တိုက်များနှင့် မြူခိုးများ လွှမ်းခြုံထားလျက် ရှိသည်။
ယဲ့ဖုန်း သည် ပြုံးရွှင်နေကြသော ပထမနှင့် ဒုတိယမျိုးဆက် တပည့်များကို ကြည့်ရင်း ပျားရည်သောက်ထားရသကဲ့သို့ ရင်ထဲတွင် ချိုမြိန်နေ၏။
“ဒီ ကောင်းကင်နှင်းရည် ကိစ္စပြီးတော့... တပည့်တွေရဲ့ ကျင့်ကြံခြင်း အဆင့်တွေက အနည်းဆုံး ချီကျင့်ကြံခြင်း အဆင့် (၅) ကို ရောက်ကုန်ကြပြီ... အမြင့်ဆုံးကတော့ မိုယင် ပေါ့... ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၄) ကို ရောက်ပြီး ဂိုဏ်းချုပ်တစ်ယောက်နဲ့ တန်းတူ ဖြစ်နေပြီ...”
“ကုန်းချင်းချိုး က ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၇)... လီဇီလုံ က ဝိညာဉ်ပင်လယ်အဆင့် (၁) ကို ရောက်သွားပြီ...”
“အစ်ကိုကြီး ခေါင်းပြား နဲ့ လောင်ဆု (ထင်းရှူးပင်အိုကြီး) တို့လည်း အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် အဆင့်ကို ရောက်ကုန်ကြပြီ... ရေပေါ်ဖြူ နတ်ဆိုး (၅) ဖော်၊ သံမဏိလက်သည်း နဂါးလင်းယုန်၊ ရွှေမွေး ရှဉ့်နဲ့ အခြားသော ဂိုဏ်းစောင့် ဝိညာဉ်သားရဲတွေ အားလုံးလည်း အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အဆင့်ကို ရောက်ကုန်ကြပြီ... တိုးတက်မှုက တကယ့်ကို အံ့မခန်းပါပဲလား...”
“နန်လုတောင်တန်း ဂူသင်္ချိုင်းထဲမှာ ပုန်းအောင်းနေတဲ့ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်တောင် အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်ကို ရောက်သွားပြီတဲ့...”
“သိပ်ကောင်းတာပဲ... ဘာနဲ့မှ လဲလို့ မရဘူး...”
ယဲ့ဖုန်း သည် ဂိုဏ်း၏ အခြေအနေကို ပြန်လည် သုံးသပ်ရင်း နှုတ်ခမ်းထောင့်များ ကွေးညွတ်ကာ ပြုံးလိုက်မိသည်။
ဒီ ကောင်းကင်နှင်းရည် ကိစ္စက အံ့သြစရာ ရလဒ်တွေ ထွက်ပေါ်စေခဲ့သည်ပင်။
မြူခိုးဂိုဏ်း အတွင်း၌သာမက လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံးရှိ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူတိုင်း အဆင့်ငယ် တစ်ဆင့်စီ တက်လှမ်းသွားကြသည်။
ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူများမှာမူ ယေဘုယျအားဖြင့် အဆင့်ငယ် (၃) ဆင့်ခန့်အထိ သိသိသာသာ မြင့်တက်သွားကြ၏။
ထိုမျှမက ရေပေါ်ဖြူမြို့တော်ရှိ နီရှန်နန်းတော် သခင်မ၊ ဓားသိုင်းအရှင်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ ငှက်မွှေးတောင်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ဒုတိယမြို့စားမင်း တို့ကဲ့သို့ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ဝါရင့်ကျင့်ကြံသူများသည်လည်း သူတို့၏ အတွေ့အကြုံများကို စုစည်းကာ ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့် အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားကြတော့သည်။
“နှမြောစရာကောင်းတာက... ဒီလို ကောင်းကင်နှင်းရည် မျိုးက နှစ်တစ်ထောင်မှ တစ်ခါလောက်ပဲ ကြုံရတာ...”
ယဲ့ဖုန်း ညင်သာစွာ သက်ပြင်းချလိုက်သည်။
အကယ်၍ ဘိုးဘေး လင်မြောင် သာ ဟင်းလင်းပြင် ဖြိုခွဲ အဆင့်သို့ မတက်ရောက်နိုင်ခဲ့လျှင်၊ ရှေးဟောင်း သူတော်စင် ကျောင်းယန်နှင့် ချိတ်ဆက်မှု မရရှိခဲ့လျှင် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် သည် ဒီလို အသွင်ပြောင်းလဲမှုကို ဘယ်တော့မှ ကြုံတွေ့ရမည် မဟုတ်ပေ။
ယခုအခါ ခိုင်မာသော အုတ်မြစ်ကို ချမှတ်ပြီးဖြစ်ရာ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်အနေဖြင့် ကြယ်လေးပွင့်အဆင့် အင်အားစု တစ်ရပ်အဖြစ်သို့ ရောက်ရှိလာရန် သိပ်မလိုတော့ချေ။
သို့သော်ငြား နောင်တစ်ချိန်တွင် ဤနိုင်ငံတော်အတွင်းမှ ဟင်းလင်းပြင် ဖြိုခွဲခြင်းအဆင့် ပညာရှင်အသစ်များ ထပ်မံ ပေါ်ထွက်လာခဲ့လျှင်တောင်မှ ဒုတိယအကြိမ် ကောင်းကင်နှင်းရည် ရွာသွန်းမှုမျိုး ထပ်မံ ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။
ဤကဲ့သို့သော မဟာကံတရားမျိုးကို ထပ်မံ ကြုံတွေ့လိုပါက၊ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်ထဲမှ တစ်စုံတစ်ယောက်သည် ချီငါးပါး ပေါင်းစည်းခြင်းကို အောင်မြင်ပြီး သူတော်စင် အဖြစ်သို့ ချက်ချင်း တက်လှမ်းသွားနိုင်မှသာ ရနိုင်မည် ဖြစ်၏။
အကြောင်းမူကား ထိုအရာက လွန်စွာမှ ခက်ခဲကြမ်းတမ်းသော ကိစ္စရပ်တစ်ခု ဖြစ်နေသောကြောင့်ပင်။
သာမန် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ဆိုသည်မှာ ထားလိုက်ဦး... အထွတ်အထိပ်၊ နတ်ဘုရားနှင့် မြင့်မြတ်သော အဆင့်ရှိ ပါရမီရှင်များပင်လျှင် သူတော်စင်အဖြစ်သို့ ရောက်ရှိရန် ခဲယဉ်းလှသည်။
သူတော်စင် တစ်ပါး ဖြစ်လာရန်မှာ ပါရမီ ပါရုံသက်သက်ဖြင့် မရနိုင်။ ကြီးမားလှသော ပါရမီက ကျင့်ကြံသူများကို ဟင်းလင်းပြင် ဖြိုခွဲခြင်းအဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်စွမ်း ရှိလေသည်။
သို့ရာတွင် သူတော်စင်အဖြစ်သို့ ရောက်ရှိရန်အတွက်မူ ပါရမီထက် ပိုမိုနက်နဲသော အရာများစွာ လိုအပ်လှ၏။ မဆုတ်မနစ်သော ဇွဲလုံ့လ၊ ရှားပါးလှသည့် အခွင့်အလမ်းနှင့် ရဲရင့်သော သတ္တိသွေး... ဤအရာများ အားလုံးမှာ မရှိမဖြစ် လိုအပ်လှပေတော့သည်။
“ဂိုဏ်းချုပ်ယဲ့... ကျုပ် လျူယွင်ဂိုဏ်း က အကြီးအကဲ လူရှန်ယွဲ့ ပါ... မတွေ့တာတောင် ကြာပြီနော်...”
ထိုအချိန်တွင် အကာအကွယ်အတားအဆီး အပြင်ဘက်မှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာ၏။
ယဲ့ဖုန်း အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။
မလှမ်းမကမ်း ကောင်းကင်ယံတွင် ပျံသန်းလှေ တစ်စင်း ရပ်တန့်နေ၏။
လူရှန်ယွဲ့ သည် လှေဦးတွင် ရပ်နေပြီး သူ့နောက်တွင် ပေါက်ကွဲထွက်မတတ် ကိုယ်ခန္ဓာအချိုးအစားနှင့် မျက်နှာဝိုင်းဝိုင်း အမျိုးသမီးငယ်တစ်ဦး ရပ်နေ၏။
လျူယွင်ဂိုဏ်း အတွင်းစည်းတပည့် ဖန်ဟိုင်ယွင်ပင်။
“ဟော... မတွေ့တာ ရက်ပိုင်းပဲ ရှိသေးတယ်... အကြီးအကဲလူ က ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၄) ကို ရောက်နေပြီပဲ... မိတ်ဆွေဖန် လည်း ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကို ရောက်သွားပြီ... ဂုဏ်ယူပါတယ်ဗျာ...”
ယဲ့ဖုန်း ပြုံးလျက် သူတို့အနားသို့ သွားကာ နှုတ်ဆက်လိုက်သည်။
“ကောင်းကင်နှင်းရည် ကျေးဇူးကြောင့်ပါဗျာ... ရေဆန်လမ်းကို လှော်ခတ်နိုင်ခဲ့ပြီး အခုလို အဆင့်ကို ရောက်လာတာပါ...”
လူရှန်ယွဲ့ ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
သူ့ပါရမီက အဆင့်နိမ့်သာ ရှိသည်။
အကယ်၍ ဒီလို ရှားပါးတဲ့ အခွင့်အရေးမျိုးနဲ့သာ မကြုံခဲ့ရရင် တစ်သက်လုံး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၃) အထွတ်အထိပ်ကို ရောက်ဖို့တောင် ခက်ခဲမှာ... အခုလို အဆင့် (၄) ရောက်ဖို့ဆိုတာ ဝေလာဝေးပေါ့။
“ဂိုဏ်းချုပ်ယဲ့... နေကောင်းလားရှင်...”
ဖန်ဟိုင်ယွင် က နှစ်လိုဖွယ် အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
ယဲ့ဖုန်း ခေါင်းညိတ် အသိအမှတ်ပြုလိုက်ပြီး မေးလိုက်သည်။
“ခင်ဗျားတို့နှစ်ယောက် အဝေးကြီးကနေ ဘာကိစ္စများ ရှိလို့ပါလိမ့်...”
“ကျွန်တော်တို့က ခင်ဗျားတို့ဂိုဏ်းကို ခရိုင်ဘုရင်မြို့တော် မှာ ကျင်းပမယ့် နတ်ဆိုးသတ်ဖြတ်ပွဲ ဖိတ်ကြားဖို့ လာတာပါ... ဂိုဏ်းချုပ်ယဲ့... ခင်ဗျား ဒီပွဲအကြောင်း မေ့နေတာတော့ မဟုတ်ပါဘူးနော်...”
ဟု လူရှန်ယွဲ့ က စနောက်သလို ပြောလိုက်သည်။
ထိုအခါ၊ ယဲ့ဖုန်း နဖူးကို ရိုက်လိုက်မိသည်။
လူရှန်ယွဲ့သာ ဝင်ရောက် မသတိပေးခဲ့ပါက သူ အမှန်တကယ်ပင် လုံးဝ မေ့လျော့နေခဲ့ပြီ ဖြစ်၏။
လွန်ခဲ့သော လအနည်းငယ်ခန့်က မြူခိုးဂိုဏ်းသည် ရေပေါ်ဖြူမြို့တော်၏ နတ်ဆိုးသတ်ဖြတ်ပွဲ၌ ပထမဆု ဆွတ်ခူးရရှိခဲ့ပြီး၊ ခရိုင်ဘုရင်မြို့တော်တွင် ကျင်းပမည့် ပွဲတော်ကြီးသို့ တက်ရောက်ရန် ရွေးချယ်ခံခဲ့ရသည် မဟုတ်လော။ အချိန်ကာလကို ပြန်လည် တွက်ချက်ကြည့်လိုက်သည့်အခါ ပွဲတော်ရက်မှာ အလွန်ပင် နီးကပ်လွန်းနေလေပြီ။
ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် တစ်ပြိုင်နက် သူ နောက်ထပ် ဖိတ်စာတစ်စောင် လက်ခံရရှိထားသည်ကိုပါ ရုတ်တရက် ပြန်လည် အမှတ်ရသွားတော့သည်။ ခရိုင်ဘုရင်မြို့တော်သို့ ခြေချပါက ခရိုင်ဘုရင်စံအိမ်တော်မှ ကြီးမှူးကျင်းပမည့် တွေ့ဆုံပွဲသို့ပါ မလွဲမသွေ တက်ရောက်ရဦးမည် ဖြစ်သည်။
“သြော်... ဒါကြောင့်ကိုး...”
ခဏမျှ စဉ်းစားပြီးနောက် ယဲ့ဖုန်း မေးလိုက်သည်။
“ခရိုင်ဘုရင်မြို့တော် ကို ဘယ်တော့လောက် သွားကြမလဲ... ပြီးတော့ လူဦးရေ ကန့်သတ်ချက်ရော ရှိလား...”
“ပွဲက (၇) ရက်နေရင် စမှာပါ... လူဦးရေ ကန့်သတ်ချက် မရှိပါဘူး... ဂိုဏ်းချုပ်ယဲ့ သဘောအတိုင်း စီစဉ်နိုင်ပါတယ်... ဒါက တရားဝင် ဖိတ်ကြားစာပါ... သေချာ သိမ်းထားပါဦး...”
လူရှန်ယွဲ့ က ရွှေရောင် ဖိတ်ကြားစာတစ်စောင်ကို ယဲ့ဖုန်း ထံ ကမ်းပေးလိုက်သည်။
အနည်းငယ် စကားစမြည် ပြောပြီးနောက် လူရှန်ယွဲ့ နှင့် ဖန်ဟိုင်ယွင် တို့သည် ရေပေါ်ဖြူမြို့တော် ဘက်သို့ ထွက်ခွာသွားကြပြီး ကျောက်စိမ်း မျှော်စင်သို့ ဝင်ရောက်သွားကြသည်။ ရှင်းကွမ်ရွှမ်နှင့် ပန်းတစ်ရာ ရှောင်တို့၏ ဧည့်ခံမှုအောက်တွင် ကျောက်စိမ်းမျှော်စင် ၏ နာမည်ကြီး ပြည့်တန်ဆာမလေးကို ရွေးချယ်လိုက်ကြလေသည်...
ဒါကိုတော့ ယဲ့ဖုန်း မသိလိုက်ချေ။
ဖိတ်ကြားစာကို ကိုင်ဆောင်လျက် သူသည် ဂိုဏ်းပင်မရင်ပြင် တွင် ရပ်ကာ အကြီးအကဲများနှင့် တပည့်အားလုံးကို စုရုံးလိုက်သည်။ နတ်ဆိုးသတ်ဖြတ်ပွဲ အကြောင်း ကြေညာလိုက်ရာ လူတိုင်း စိတ်ဝင်စားသွားကြ၏။
မိုင်ပေါင်း ထောင်ချီ ဝေးကွာသော နေရာတွင် ဖြစ်သည်။
သွေးနတ်ဆိုး ခန်းမဆောင် ၏ ဌာနခွဲတွင်။
ခန်းမသခင် သည် နောက်ဆုံးတွင် ပင်မခန်းမကြီး ထံမှ သတင်းစကား ရရှိလိုက်၏။