~“ဘာလို့လဲ...”
“ငါတို့ ခုလေးတင် ကောင်းကင်နှင်းရည် ခေတ်ကို ဖြတ်သန်းခဲ့ပြီး စည်ပင်ဝပြောတဲ့ ခေတ်ကြီးကို စတင်တော့မှာလေ... ဘာလို့ အခုလို တားဆီးမရနိုင်တဲ့ ရန်သူကြီးနဲ့ ရင်ဆိုင်နေရတာလဲ...”
ခရိုင်ဘုရင်မြို့တော် ရှိ ပြည်သူများသည် ဒေါသနှင့် နာကြည်းမှုများ ပြည့်နှက်နေကြ၏။
သူတို့လည်း ထွက်ပြေးချင်ကြပါသည်။
သို့သော် နွယ်ပင်ဘီလူးကြီး နှင့် နတ်ဆိုးမိစ္ဆာ တပ်မတော်ကြီး၏ အရှိန်အဟုန်သည် အလွန်အမင်း မြန်ဆန်လွန်းလှသည်။
သိပ်မကြာခင်မှာပင် သစ်ပင်ဘုရင် လေးပါးနှင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် နတ်ဆိုးမိစ္ဆာ ထောင်ပေါင်းများစွာသည် ခရိုင်ဘုရင်မြို့တော် နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာပြီး အရှေ့တောင်ဘက် ဧရိယာကို ဝိုင်းရံထားလိုက်ကြ၏။
ထွက်ပြေးချင်လျှင်တောင် အချိန်နှောင်းနေသည်။
“လက်တွန့်မနေနဲ့... အကုန်သတ်ပြီး ဝင်ခဲ့...”
နွယ်ပင်မီးခိုးရောင် ၏ အသံသည် နောက်ဘက်မှ ထွက်ပေါ်လာသည်။
နွယ်ပင်ဘီလူးကြီး သည် သူမ၏ လက်မောင်းတစ်ဖက်ကို အသွင်ယူထားသော ကိုယ်ပွားတစ်ခု ဖြစ်သည်။ အသံသည် ဝိညာဉ်အာရုံ မှတစ်ဆင့် ပျံ့နှံ့လာပြီး နွယ်ပင်ဘီလူးကြီး ထံမှ ထွက်ပေါ်လာကာ ခရိုင်ဘုရင်မြို့တော် အထက်တွင် ပဲ့တင်ထပ်သွား၏။
ထိုအသံကို ကြားလိုက်ရသောအခါ လူအုပ်ကြီး ဆူညံပွက်လောရိုက်သွားကြတော့သည်။
"ဝုန်း"
နွယ်ပင်ဘီလူးကြီး နောက်ဆုံးတွင် စတင် လှုပ်ရှားလိုက်တော့၏။
၎င်းသည် အရှိန်မြှင့်တင်လိုက်ပြီး တောင်ကြီးတစ်လုံးပမာ လေးလံသော ခြေလှမ်းများဖြင့် ခိုင်ခံ့သော မြို့ရိုးများကို နင်းချေဖျက်ဆီးပစ်လိုက်ရာ အပိုင်းအစများ တလိမ့်လိမ့် ပြိုကျကုန်တော့သည်။
“ဆွဲငင်ခြင်း နည်းစနစ် .. စွမ်းအားပြစမ်း...”
မိုဝမ်ရှီသည် ရှေ့ဆုံးမှ ပြေးထွက်လာပြီး သူ့လက်ထဲရှိ ကြာပွတ် ကို ဝှေ့ယမ်းလိုက်သည်။ မရေမတွက်နိုင်သော မျှင်တန်းများသည် ထိုဧရိယာရှိ သက်ရှိအားလုံးနှင့် ချိတ်ဆက်သွားပြီး သူတို့ကို အတင်းဆွဲယူကာ မိုင်ရာချီ ဝေးကွာသော မြို့အတွင်းပိုင်းသို့ ပို့ဆောင်ပေးလိုက်၏။
“အားနည်းတဲ့ကောင်တွေက အားကြီးတဲ့သူတွေရဲ့ ကယ်တင်မှုကို ရထိုက်လို့လား...”
ဟု သစ်ပင်ဘုရင် တစ်ပါးက လှောင်ပြောင်လိုက်သည်။
ထိုအခါ၊ မိုဝမ်ရှီ က ပြတ်သားစွာ ပြန်ပြောလိုက်သည်။
“အားကြီးတဲ့သူက အားနည်းတဲ့သူကို မကာကွယ်ပေးရင်... ဘယ်လိုလုပ် အားကြီးတဲ့သူလို့ ခေါ်နိုင်မှာလဲ...”
သူ ကြာပွတ်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြီး မရေမတွက်နိုင်သော လူများကို ထပ်မံ ကယ်တင်လိုက်ပြန်သည်။
လူများသည် မြေပြင်ပေါ်သို့ ကျရောက်သွားကြပြီး မျက်ရည်များ ဝေဝါးနေသော မျက်လုံးများဖြင့် မိုဝမ်ရှီ ၏ အိုမင်းသော ကျောပြင်ကို ကျေးဇူးတင်စွာ ငေးကြည့်နေကြ၏။
မိုဝမ်ရှီ... လေးစားထိုက်သော အကြီးအကဲပေတည်း။
“အဓိပ္ပာယ်မရှိတာ...”
သစ်ပင်ဘုရင် တစ်ပါးသည် ကောင်းကင်ယံကို ဖြတ်ပျံလာပြီး လက်ကိုမြှောက်ကာ နွယ်ပင်များဖြင့် ယက်လုပ်ထားသော ရတနာတံဆိပ်တော်တစ်ခုကို စုစည်းလိုက်သည်။ “ဝုန်း” ခနဲ အသံနှင့်အတူ မိုဝမ်ရှီ ကို ရိုက်ထုတ်ပစ်လိုက်၏။
“အ...”
မိုဝမ်ရှီ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သူ ယှဉ်နိုင်စွမ်း မရှိပေ။
သူသည် ဝိညာဉ်ပင်လယ်အဆင့်သို့ ယခုမှ ဝင်ရောက်ထားသူ ဖြစ်သည်။ ဝါရင့် ဝိညာဉ်ပင်လယ်အဆင့် ဘုရင်တစ်ပါး ဖြစ်သော သစ်ပင်ဘုရင် ကို မည်သို့ ယှဉ်နိုင်မည်နည်း။
“အကြီးအကဲ မိုဝမ်ရှီ... ထိပ်တန်း သူကောင်းမျိုးနွယ် (၁၀) စု လာကူညီပြီ...”
ဘိုးဘေးနင်နှင့်အတူ ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် (၉) ဦး လေကြောင်းမှ ရောက်ရှိလာကြသည်။ မိုဝမ်ရှီ နှင့်ပေါင်းလိုက်သောအခါ ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် (၁၁) ဦးသည် ခိုင်မာသော ကာကွယ်ရေး မျဉ်းတစ်ကြောင်းကို ဖန်တီးလိုက်ကြ၏။
သူတို့၏ နောက်တွင် ဝိညာဉ်ပင်လယ်အဆင့် (၁၀) ဦးကျော်နှင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပညာရှင် ရာပေါင်းများစွာ ဆက်တိုက် ရောက်ရှိလာကြသည်။
သူတို့လည်း အသက်လုပြီး ထွက်ပြေးချင်ကြပါသည်။
သို့သော် သူတို့၏ နှလုံးသားထဲမှ အတားအဆီးကို မကျော်ဖြတ်နိုင်ကြပေ။
ဒီတိုက်ပွဲကနေ ဆုတ်ခွာသွားခဲ့လျှင် အသက်ရှင်ကျန်ရစ်လျှင်တောင် တစ်သက်လုံး နှလုံးသားနတ်ဆိုး ခြောက်လှန့်တာ ခံရမှာ ဖြစ်ပြီး ကျင့်ကြံခြင်း အဆင့်လည်း ဘယ်တော့မှ တက်တော့မှာ မဟုတ်ပေ။
“ဟဲဟဲ... မကောင်းတဲ့ အသက်ရှင်ခြင်းထက် ကောင်းမွန်တဲ့ သေဆုံးခြင်းက ပိုမြတ်တယ်... မင်းတို့က သူရဲကောင်းတွေပဲ... ငါကတော့ မဟုတ်ဘူး... ဒါပေမဲ့ ငါတို့ ထွက်ပြေးဖို့ အချိန်ဆွဲပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ...”
သို့သော် လူတိုင်းတွင် သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲသော သတ္တိ မရှိကြပေ။ လူအများအပြားသည် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး ထွက်ပြေးခြင်း အလင်းတန်းများ ခြုံလွှမ်းကာ အဝေးသို့ ထွက်ပြေးကုန်ကြ၏။
ထိုအထဲတွင် နာမည်ကျော် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် အချို့လည်း ပါဝင်၏။
ဘယ်သူမှ မလှောင်ပြောင်ကြ... ဘယ်သူမှ ဒေါသမထွက်ကြပေ။
အသက်နဲ့ သေခြင်း ကြားက ရွေးချယ်မှုဆိုတာ အရမ်း ခက်ခဲသည့် အရာလေ။
အသက်ရှင်ဖို့ ရွေးချယ်တာက မမှားပါ။
“အရင်ဆုံး ထွက်ပြေးတဲ့ ကောင်တွေကို သတ်ပစ်... တစ်ကောင်မှ အလွတ်မပေးနဲ့...”
နွယ်ပင်ဘီလူးကြီး ထံမှ နွယ်ပင်မီးခိုးရောင် ၏ ရက်စက်သော အသံ ထွက်ပေါ်လာသည်။
ထိုစကားကို ကြားသောအခါ ထွက်ပြေးနေသူများ ခြေခေါက်မလို ဖြစ်သွားကြသည်။
ဘာကြီးလဲဟ...
မပြေးတဲ့ သူတွေကို မသတ်ဘူးလား...
ဒါ အဓိပ္ပာယ်မရှိလိုက်တာ...
သူတို့ ငိုချင်လာကြသည်။ ကျိန်ဆဲရင်း ညည်းတွားလိုက်ကြသည်။
“သတ်...”
ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် နတ်ဆိုးမိစ္ဆာ ထောင်ပေါင်းများစွာသည် ရှေ့သို့ တိုးဝင်လာကြပြီး ထွက်ပြေးနေသော ကျင့်ကြံသူအများအပြားကို ချက်ချင်း ချေမှုန်းပစ်လိုက်ကြသည်။ ခန္ဓာကိုယ်များ ပေါက်ကွဲထွက်ကုန်ကြပြီး အချို့မှာ မုန့်လုံးများ သီထားသကဲ့သို့ ထိုးဖောက်ခံရကာ ကောင်းကင်မှ ပြုတ်ကျကုန်ကြ၏။
“မင်းတို့ တော်တော် ရဲတင်းပါလား...”
မိုဝမ်ရှီ၊ ဘိုးဘေးနင် နှင့် အခြားသူများအားလုံး ဝင်ရောက် တိုက်ခိုက်လိုက်ကြသည်။
“အားလုံး မကြောက်ကြနဲ့... ငါတို့ လာကူညီပြီ...”
ခရိုင်ဘုရင်မြို့တော် အတွင်းမှ ကြံ့ခိုင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် ခရိုင်ဘုရင် လက်အောက်ရှိ စစ်ဘုရင်ကြီး ဆယ်ပါးသည် ကောင်းကင်ယံသို့ ပျံတက်လာကြပြီး ခမ်းနားသော အလင်းတန်းကြီးများအဖြစ် စစ်မြေပြင်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
သူတို့သည် အစွမ်းထက် မန္တန်များကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ် အသက်စွမ်းအင်များ ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်သွားပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် နတ်ဆိုးမိစ္ဆာ ရာပေါင်းများစွာကို ချက်ချင်း သတ်ဖြတ်ပစ်လိုက်၏။
ခဏတာမျှ ခရိုင်ဘုရင်မြို့တော် ရှိ ပြည်သူများ၏ နှလုံးသားများ စိတ်သက်သာရာ ရသွားကြသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် လက်များကို မြှောက်ကာ အော်ဟစ်ကြွေးကြော်ရင်း ဤစွမ်းအားကြီး ပုဂ္ဂိုလ်များကို ချီးကျူးနေကြတော့သည်။
သစ်ပင်ဘုရင် လေးပါးသည် ဒေါသတကြီးဖြင့် ပေတစ်ရာခန့် မြင့်မားသော ဧရာမ သစ်ပင်ဘုရင်ကြီး တစ်ပါးအဖြစ် ပေါင်းစည်းလိုက်ပြီး ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။ သူတို့သည် မိုဝမ်ရှီ နှင့် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် ဒါဇင်ပေါင်းများစွာကို ချက်ချင်း ရိုက်ထုတ်ပစ်လိုက်သည်။
“ပြေးကြ...”
ခရိုင်ဘုရင်မြို့တော် မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော သာမန်ပြည်သူများသည် ကြင်နာတတ်သော ကျင့်ကြံသူအချို့၏ အကူအညီဖြင့် ယာယီ ဘေးကင်းသော မြို့လယ်ခေါင်သို့ အမြန်ဆုံး အရှိန်ဖြင့် ထွက်ပြေးနေကြ၏။
ဤကဲ့သို့သော ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရချိန်တွင် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်များပင်လျှင် အလွန်အမင်း အားငယ်မှုကို ခံစားနေကြရသည်။
တိုက်ပွဲဝင်ဖို့ နေနေသာသာ... တိုက်ပွဲရဲ့ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုလောက်နှင့်တင် သူတို့ ပြာဖြစ်သွားနိုင်၏။
ကောင်းကင်ယံတွင် ဖြစ်သည်။
ပေတစ်ရာခန့် မြင့်မားသော ဧရာမ သစ်ပင်ဘုရင်ကြီး ၏ ပေါင်းစပ်စွမ်းအားသည် သာမန်မဟုတ်ပေ။ မြို့လယ်ခေါင်ရှိ ကြွေထည်ဘုရင် ကိုပင် ဖိအားပေးနေ၏။
“ဒီ နတ်ဆိုးမိစ္ဆာတွေက တော်တော် သန်မာတာပဲ... ငါ ကိုယ်တိုင် ဝင်တိုက်ရင်တောင် မနိုင်နိုင်ဘူး... ဟို ခရိုင်ဘုရင်ကောင် ဝင်တိုက်မှပဲ ရမှာ...”
ကြွေထည်ဘုရင် သည် ပေတစ်ရာခန့် မြင့်မားသော ဘီလူးကြီး၏ ကျောဘက်ကို စိုက်ကြည့်ရင်း ၎င်း၏ နောက်တွင် လမ်းလျှောက်လာနေသော ပေပေါင်း ထောင်ချီ မြင့်မားသည့် နွယ်ပင်ဘီလူးကြီး ကို သတိထားမိလိုက်သည်။ သူ့မျက်လုံးများထဲတွင် လှောင်ပြောင်သော အရိပ်အယောင်များ ပေါ်လာ၏။
“ပြီးတော့ ဒီလောက် ကြောက်စရာကောင်းတဲ့ မူလနတ်ဘုရား အဆင့် နွယ်ပင်ဘီလူးကြီး ရှိနေမှတော့... ခရိုင်ဘုရင် အဆင့်ချိုးဖြတ်နိုင်ရင်ရော ဘာထူးမှာလဲ... အနှိပ်ကွပ် ခံရမှာပဲလေ...”
“ဟဲဟဲ... ခရိုင်ဘုရင်မြို့တော် ကတော့ သေချာပေါက် ကျဆုံးတော့မှာပဲ...”
“ငါကတော့ ထွက်ပြေးဖို့ အခွင့်အရေး အမြန် ရှာမှ ဖြစ်မယ်...”
ထိုသို့ တွေးမိပြီးနောက် ကြွေထည်ဘုရင် သည် စက္ကူတစ်ရွက်ကို ထုတ်ယူလိုက်သည်။
၎င်းသည် သူ့မျိုးနွယ်စုမှ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် တစ်ပါး ရေးဆွဲပေးထားသော လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း တာအိုစာရွက် ဖြစ်ပြီး အသက်အန္တရာယ် ကြုံလာပါက လွတ်မြောက်နိုင်စွမ်း ရှိပေသည်။
“ဝုန်း...”
ဂိုဏ်းချုပ် ခန်းမဆောင်အတွင်းမှ နားကွဲမတတ် ကျယ်လောင်သော အသံကြီး ရုတ်တရက် ထွက်ပေါ်လာသည်။
ခန်းမသခင် လျူမင် နောက်ဆုံးတွင် အဆင့်ချိုးဖြတ်နိုင်ခဲ့တော့၏။
အလယ်အလတ် နတ်ဆိုးဘုရင် အဆင့် အရှိန်အဝါကို သယ်ဆောင်လျက် သူသည် စစ်မြေပြင်သို့ အတင်းအဓမ္မ ဝင်ရောက်လာပြီး ခရိုင်ဘုရင်မြို့တော် ၏ စစ်ဘုရင်ကြီး ဆယ်ပါး၊ ထိပ်တန်း သူကောင်းမျိုးနွယ် (၁၀) စု မှ အကြီးအကဲများ၊ မိုဝမ်ရှီ နှင့် အခြားသော ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်များနှင့် ပူးပေါင်းကာ ပေတစ်ရာခန့် မြင့်မားသော ပေါင်းစပ် သစ်ပင်ဘုရင်ကြီး ကို ဖိနှိပ်တိုက်ခိုက်လိုက်သည်။
ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် ဒါဇင်ပေါင်းများစွာ၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် အပြန်အလှန် တိုက်ခိုက်မှု အနည်းငယ် ပြုလုပ်ပြီးနောက် သစ်ပင်ဘုရင်ကြီး ကွဲအက်သွားပြီး လွင့်စဉ်ထွက်သွားကာ ပေါင်းစပ်ပုံစံကို မထိန်းသိမ်းနိုင်တော့ဘဲ သစ်ပင်ဘုရင် လေးပါးအဖြစ် ပြန်လည် ကွဲထွက်သွား၏။
သို့သော် မည်သူ့မျက်နှာပေါ်တွင်မှ ပျော်ရွှင်ရိပ် မတွေ့ရပေ။
အဘယ်ကြောင့်ဆိုသော် နွယ်ပင်ဘီလူးကြီး သည် ကြည့်နေဆဲ ဖြစ်သောကြောင့်ပင်။ ၎င်းသည် ကျော်လွှား၍ မရနိုင်သော မိုးမျှော်တောင်ကြီး တစ်လုံးပမာ ရပ်နေပြီး ပြိုင်ဘက်ကင်းသော ခံစားမှုကို ပေးစွမ်းနေ၏။
“မင်းတို့ အားလုံးက အရမ်း အားနည်းလွန်းတယ်...”
နွယ်ပင်ဘီလူးကြီး နောက်ဆုံးတွင် စကားပြောလာသည်။ သူ့စကားထဲတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေ၏။
ပေ (၇၀၀) ရှည်လျားသော ဧရာမ ဓားကြီးကို ဝှေ့ယမ်းကာ ရက်စက်စွာ ခုတ်ချလိုက်၏။
ဓားခုတ်ချက်ကြောင့် ဖြစ်ပေါ်လာသော လေပြင်းသက်သက်ကပင် မြေကြီးကို ကွဲအက်သွားစေပြီး မရေမတွက်နိုင်သော သက်ရှိများကို သေဆုံးစေခဲ့သည်။ လျူမင်၊ မိုဝမ်ရှီ နှင့် ဘိုးဘေးနင် တို့ကဲ့သို့ သန်မာသူများပင် လွင့်စဉ်သွားကြပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျကာ သွေးအန်ကုန်ကြ၏။
ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူ အများအပြားသည် အရှိန်ကြောင့် လွင့်စဉ်သွားကာ ပွဲချင်းပြီး ပေါက်ကွဲသေဆုံးကုန်ကြ၏။
မိုင်ရာချီ ပတ်လည်အတွင်းတွင် သာမန်ပြည်သူ သန်း (၂၀) ကျော်သည် ကြောက်မက်ဖွယ် အသံလှိုင်းများကြောင့် တုန်ခါသွားပြီး နေရာမှာတင် သွေးအန်ကုန်ကြသည်။
အချို့ဆိုလျှင် တိုက်ရိုက် အငွေ့ပျံသွားကြသည်။
ဓားတစ်ချက်တည်း၏ ကြောက်မက်ဖွယ် အစွမ်းပင်တည်း။
“သေစမ်း... မုန်းလိုက်တာ...”
မိုဝမ်ရှီ သည် မြေကြီးကို လက်သီးဖြင့် ပြင်းထန်စွာ ထုလိုက်သည်။ သူ့မျက်လုံးများထဲတွင် ရူးသွပ်မှုများ ပြည့်နှက်နေ၏။
သန်းပေါင်းများစွာသော လူများ ဒဏ်ရာအပြင်းအထန် ရနေသည်ကို၊ သန်းနှင့်ချီသော လူများ သေဆုံးနေသည်ကို ကြည့်ရင်း သူ့ခန္ဓာကိုယ်ကြီး ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ခံစားလိုက်ရပြီး မျက်လုံးများမှ သွေးမျက်ရည်များ စီးကျလာ၏။
ခရိုင်ဘုရင်စံအိမ် တွင် …
ရှုဟုန်ယွီ သည် ထိုမြင်ကွင်းကို ကြည့်ရင်း မျက်ရည်များ စီးကျနေ၏။
သူမသည် မြင့်မြတ်သော ခရိုင်မင်းသမီး ၊ အနာဂတ် ခရိုင်ဘုရင် ဖြစ်ပြီး ယခုအခါ သူမ၏ လက်အောက်မှ မြို့သူမြို့သားများ ဆိုးရွားစွာ ဒုက္ခရောက်နေသည်ကို ကြည့်ရင်း သူမ၏ နှလုံးသားများ သွေးထွက်နေ၏။
“ငါ ပြိုင်ဘက်ကင်း မဟာတန်ခိုးရှင် တစ်ယောက် မဟုတ်ခဲ့တာကို မုန်းတယ်...”
သူမ၏ ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး လက်ရန်းရှေ့တွင် ဒူးထောက်ကျသွား၏။
သူမသာ လုံလောက်အောင် စွမ်းအားကြီးခဲ့လျှင် သူမ မျက်စိရှေ့က အဖြစ်ဆိုးကြီး ဖြစ်လာခဲ့မှာ မဟုတ်ပေ။
“ချွင်...”
နွယ်ပင်ဘီလူးကြီး သည် ဧရာမ ဓားကြီးကို မြှောက်လိုက်ပြီး အောက်ဘက်ရှိ ပုရွက်ဆိတ်ကဲ့သို့ သတ္တဝါများကို အထင်သေးစွာ ပြုံးပြလိုက်သည်။
“ငါ့ရဲ့ ဒီ ကိုယ်ပွား ဖိအားအောက်မှာတောင် မင်းတို့ ပုရွက်ဆိတ်တွေက အသက်ရှင်ဖို့ ကြိုးစားချင်သေးတာလား... ဒီနေ့ ခရိုင်ဘုရင်မြို့တော် ကို သွေးချောင်းစီးစေပြီး ငါ့ရဲ့ စစ်မှန်သော ခန္ဓာကိုယ် နဲ့ ရှေးဟောင်း နွယ်ပင် ဘိုးဘေး ကို ဆင့်ခေါ်ပစ်မယ်...”
နွယ်ပင်ဘီလူးကြီး ပြောလိုက်ရာ အေးစက်သော အသံ ထွက်ပေါ်လာသည်။
ထိုအချိန်မှာပင်၊
“နတ်ဆိုးမိစ္ဆာ... ငါ့တုတ်ကို စားလိုက်စမ်း...”
တောင်ဘက် ကောင်းကင်ယံမှ ကျယ်လောင် စူးရှသော အော်သံတစ်သံ ထွက်ပေါ်လာပြီး နောက်တစ်ခဏတွင် ကြောက်မက်ဖွယ် ကောင်းသော တုတ်အရိပ်တစ်ခု ကောင်းကင်မှ ဆင်းသက်လာကာ နွယ်ပင်ဘီလူးကြီး ၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။
“ဘုန်း...”
နွယ်ပင်ဘီလူးကြီး ယိမ်းယိုင်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။ ခေါင်းတစ်ခုလုံး ကွဲထွက်မတတ် ခံစားလိုက်ရပြီး အသံလာရာဆီသို့ နာကြည်းစွာ လှမ်းကြည့်လိုက်၏။
နွယ်ပင်ဘီလူးကြီး သာမက... နေရာတွင် ရှိနေသူ အားလုံး အသံလာရာဆီသို့ အာရုံစိုက်လိုက်ကြသည်။
ကောင်းကင်ယံတွင် ၊
ပြင်းထန်သော ဖိအားကို ထုတ်လွှတ်နေသည့် ကြီးမားသော ဝိညာဉ်လှေ တစ်စင်း ပျံသန်း ဝင်ရောက်လာသည်။
လှေဦးတွင် ဖြစ်သည်။
ပုံစံအမျိုးမျိုးဖြင့် ရပ်နေကြသော လူ (၅) ဦးသည် နွယ်ပင်ဘီလူးကြီး ကို စိုက်ကြည့်နေကြ၏။
ခေါင်းဆောင် ဖြစ်သူ ချောမောသော လူငယ်ကို မြင်လိုက်ရသောအခါ နွယ်ပင်ဘီလူးကြီး ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး ဒေါသတကြီး သတ်ဖြတ်လိုသော အသံဖြင့် အော်ဟစ်လိုက်၏။
“ဘာလို့ မင်းပဲ ဖြစ်နေရပြန်တာလဲ... မကျွတ်မလွတ်နိုင်တဲ့ ကောင်ရယ်…”