~နွယ်ပင်ဘီလူးကြီး၏ အသံကြောင့် ယဲ့ဖုန်း လန့်သွား၏။
သူ့အား ကြောက်မက်ဖွယ် ဖိအားပေးနေသော ရှေ့မှ နွယ်ပင်ဘီလူးကြီး ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
“ငါတို့ သိကြလို့လား...”
ခရိုင်ဘုရင်စံအိမ် တွင် ချိန်းဆိုမှု ရှိထားသဖြင့် ယဲ့ဖုန်း သည် ရက်အနည်းငယ် စောထွက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ခရိုင်ဘုရင်မြို့တော်သို့ မရောက်ခင်မှာပင် အဝေးမှ ကောင်းကင်ယံတွင် နွယ်ပင်ဘီလူးကြီး က မြို့ကို တိုက်ခိုက်နေသည့် မြင်ကွင်းကို လှမ်းမြင်လိုက်ရလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
တစ်ဖက်လူ၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ယဲ့ဖုန်း ၏ နှလုံးသား လေးလံသွား၏။
အကယ်၍ ဟူဖေးဖေးသာ နွယ်ပင်ဘီလူးကြီး ကို နိုင်အောင် တိုက်နိုင်သည်ဟု အာမမခံခဲ့လျှင် ယခုအချိန်တွင် ယဲ့ဖုန်း သည် တပည့်များကို ခေါ်ပြီး တကယ် ထွက်ပြေးမိလောက်ပေသည်။
“သေစမ်း... မင်း ငါ့ကို မမှတ်မိရဲဘူးပေါ့လေ...”
နွယ်ပင်ဘီလူးကြီး ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဝိညာဉ်မြွေ ပျံသန်းလှေ ပေါ်ရှိ ယဲ့ဖုန်း ကို လှမ်းအော်လိုက်သည်။ ၎င်း၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ လက်နေပြီး လေထဲတွင် နွယ်ပင်နတ်ဆိုး ပုံစံများ ဖုံးလွှမ်းနေသော နတ်ဘုရားမ နွယ်ပင်မီးခိုးရောင် ၏ မျက်နှာကို ပုံဖော်ပြသလိုက်၏။
“သြော်... မင်းကိုး...”
ယဲ့ဖုန်း တစ်ဖက်လူကို မှတ်မိသွား၏။
သူ့ကို မြင်မြင်ချင်း ခရိုင်ဘုရင်မြို့တော် ကို တိုက်ခိုက်နေတာ ရပ်ပြီး ဒေါသတကြီး ဖြစ်နေတာ မဆန်းပါဘူးလေ။
“ဝူး...”
ထွက်ပြေးနေသော ခရိုင်ဘုရင်မြို့တော် မှ ကျင့်ကြံသူများကို လိုက်လံတိုက်ခိုက်နေသည့် အတောင်ပံနှစ်ဖက်ပါ နတ်ဆိုးများ ပင်လျှင် စုရုံးရောက်ရှိလာပြီး ယဲ့ဖုန်း ကို စိုက်ကြည့်နေကြ၏။
“သောက်ကျိုးနည်း... ငါ့ရဲ့ ရန်သူကို ဆွဲဆောင်နိုင်စွမ်း က ဒီလောက်တောင် မြင့်နေတာလား...”
ယဲ့ဖုန်း သည် လက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ရပ်နေသော်လည်း ရင်ထဲတွင်မူ အလွန် စိုးရိမ်ပူပန်နေမိသည်။
ခရိုင်ဘုရင်မြို့တော် အတွင်းတွင်မူ၊
လူတိုင်း မော့ကြည့်လိုက်ရာ ယဲ့ဖုန်း နှင့် ဟူဖေးဖေး ကို တွေ့လိုက်ရသဖြင့် မျက်နှာများ ဝမ်းသာအားရ ဖြစ်သွားကြ၏။
လွန်ခဲ့သော တိုက်ပွဲတွင် ဟူဖေးဖေး သည် မဟာ သူတော်စင် တစ်ပိုင်း အဆင့်ရှိသော ရှုဟွာမို ကို ရိုက်နှက်ခဲ့ဖူးသည်။ နွယ်ပင်ဘီလူးကြီး ကို မနိုင်လျှင်တောင်မှ သူမ အနေနှင့် ခံတိုက်နိုင်လောက်သည်။
ပြီးတော့ ခန့်မှန်းရခက်သည့် ဂိုဏ်းချုပ်ယဲ့ တောင် ရောက်နေပြီပဲ။
ဒီပွဲက နိုင်သလောက် ရှိနေပြီ ဖြစ်၏။
“သေစမ်း... ယဲ့ဖုန်း ပါလား... ပြင်ပကမ္ဘာက နတ်ဆိုးမိစ္ဆာတွေ မင်းကို သတ်ပစ်လိုက်ရင် အကောင်းဆုံးပဲ...”
ကြွေထည်ဘုရင် သည် ခန်းမကြီးတစ်ခု၏ ခေါင်မိုးပေါ်တွင် ပုန်းအောင်းနေပြီး နာကျင်နေသေးသော သူ့နှာခေါင်းကို မသိစိတ်ဖြင့် စမ်းသပ်လိုက်မိသည်။
“မြူခိုးဂိုဏ်း က လူတွေပဲ...”
ရှုဟုန်ယွီ မော့ကြည့်လိုက်ရာ ယဲ့ဖုန်း၊ ဟူဖေးဖေး နှင့် အခြားသူများကို တွေ့လိုက်ရပြီး အကြောင်းပြချက်မရှိဘဲ စိတ်သက်သာရာ ရသွား၏။
“ဂိုဏ်းချုပ်ယဲ့ ရောက်လာပြီ... သိပ်ကောင်းတာပဲ...”
ခန်းမသခင် လျူမင်၊ မိုဝမ်ရှီ ၊ ဘိုးဘေးနင်နှင့် အခြားသူများသည် ကုသရေး ဆေးလုံးများကို သောက်သုံးရင်း ဝိညာဉ်မြွေ ပျံသန်းလှေ ကို စိတ်လှုပ်ရှားစွာ လှမ်းကြည့်နေကြ၏။
ခရိုင်ဘုရင်စံအိမ် တွင် ဖြစ်သည်။
တံခါးပိတ် ကျင့်ကြံနေသော ခရိုင်ဘုရင် သည် မျက်လုံးဖွင့်လိုက်ပြီး ယဲ့ဖုန်း ၏ မတ်မတ်ရပ်နေသော ပုံရိပ်ကို ငေးကြည့်ရင်း နှုတ်ခမ်းထောင့်များ ကွေးညွတ်ကာ အနည်းငယ် ပြုံးလိုက်၏။
“ဂိုဏ်းချုပ်ယဲ့ နဲ့ ဂိုဏ်းစောင့် ဟူဖေးဖေး တို့ စောရောက်လာကြတာပဲ... ဒါ ဝမ်းသာစရာ အံ့အားသင့်မှု တစ်ခုပဲ... ငါ အမြန်ဆုံး အဆင့်ချိုးဖြတ်မှ ဖြစ်မယ်... အချိန်ဖြုန်းလို့ မဖြစ်ဘူး...”
ထို့နောက် ခရိုင်ဘုရင် မျက်လုံးပြန်မှိတ်လိုက်ပြီး အဆင့်ချိုးဖြတ်ရန် ဆက်လက် ကြိုးပမ်းလိုက်၏။
*
မိုင်ရာချီ အကွာတွင်၊
ဟန်ရီနှင့် ဟန်အာ တို့သည် ယဲ့ဖုန်း နှင့် ဟူဖေးဖေး ကို စူးစိုက်ကြည့်နေကြပြီး မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။
“ချီးပဲ... ဒုက္ခပေးတဲ့ မြူခိုးဂိုဏ်း က လူတွေ ရောက်လာပြန်ပြီ...”
နှစ်ယောက်စလုံး ဒေါသထွက်နေကြသော်လည်း ဘာမှ မတတ်နိုင်ကြပေ။
မြူခိုးဂိုဏ်း အဖွဲ့ ရောက်ရှိလာမှုသည် ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
မရေမတွက်နိုင်သော လူများသည် မျှော်လင့်ချက် ရောင်ခြည်ကို မြင်လိုက်ကြရ၏။
သို့သော် နာကြည်းမုန်းတီးစွာ ကြည့်နေသူများလည်း အများအပြား ရှိနေပေသည်။
ဝိညာဉ်မြွေ ပျံသန်းလှေ ပေါ်တွင်မူ၊
ယဲ့ဖုန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“မင်းသမီးလေး... မင်း တကယ်ပဲ ဟိုကောင်ကြီးကို နိုင်မှာလား...”
ယဲ့ဖုန်း သည် ကြောက်မက်ဖွယ် နွယ်ပင်ဘီလူးကြီး ကို တစ်ချက်ကြည့်ပြီး ဟူဖေးဖေး ထံ အသံလွှဲပြောင်းကာ အမြန် မေးလိုက်သည်။ စောစောက သူမ ကြွားလုံးထုတ်ထားတာ ဖြစ်မှာ စိုးရိမ်နေမိ၏။
နွယ်ပင်ဘီလူးကြီး အကြောင်းကို ခဏ ဖယ်ထားလိုက်ဦးမည်။ ယခုအခါ သူ၏ စွမ်းအားများမှာ အဆမတန် တိုးတက်လာခဲ့ပြီ ဖြစ်ရာ သစ်ပင်ဘုရင် လေးပါး ပူးပေါင်းထားသည့် အရာကိုမူ သူ ကောင်းစွာ ကိုင်တွယ်နိုင်စွမ်း ရှိနေပြီဟု ယဲ့ဖုန်း ခံစားမိလေသည်။
သို့သော်ငြား ထိုထိတ်လန့်ဖွယ် နွယ်ပင်ဘီလူးကြီးနှင့် နှိုင်းယှဉ်လိုက်ပါက သစ်ပင်ဘုရင်များ ဆိုသည်မှာ ဘာမှမဟုတ်သည့် အသေးအဖွဲလေးများသာ ဖြစ်သွားတော့သည်။
အကြောင်းမူကား လျူမင်၊ မိုဝမ်ရှီနှင့် ဘိုးဘေးနင်တို့ အပါအဝင် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် ဒါဇင်ပေါင်းများစွာ အသေအလဲ ပူးပေါင်း တိုက်ခိုက်ခဲ့ရမှသာ ထိုသစ်ပင်ဘုရင်များ၏ ပေါင်းစည်းမှုကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်၏။ယ
သို့သော်... သူတို့ မည်မျှပင် သန်မာနေပါစေ။ နွယ်ပင်ဘီလူးကြီး၏ ဓားတစ်ချက်အောက်တွင်မူ အရာအားလုံးက စက္ကူစုတ်များသဖွယ် အလွယ်တကူ ပြတ်တောက် ပြိုလဲသွားခဲ့ရသည်။
ဤအချက်ကို ထောက်ရှုကြည့်ရုံဖြင့် နွယ်ပင်ဘီလူးကြီး၏ စွမ်းအား မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းနေသနည်း ဆိုသည်ကို ထင်ရှားစွာ သိမြင်နိုင်လေသည်။
“ဂိုဏ်းချုပ်... စိတ်မပူပါနဲ့... ကျွန်မ နိုင်ပါတယ်... ဒါပေမဲ့ စတုတ္ထ တိုက်ခိုက်ရေး ပုံစံ ဝင်ရောက်နိုင်မှ ရမှာပါ...”
ဟူဖေးဖေး သည် ပေါက်ကွဲစေသော တုတ်ကို ထမ်းလျက် ဂုဏ်ယူသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဟမ်... စတုတ္ထ တိုက်ခိုက်ရေး ပုံစံ လား...”
ယဲ့ဖုန်း မျက်ခုံးပင့်လိုက်သည်။
ဟူဖေးဖေး၌ တတိယမြောက် တိုက်ခိုက်ရေးပုံစံ အထိသာ ရှိလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့၏။
သို့သော်ငြား သူမသည် စတုတ္ထမြောက် တိုက်ခိုက်ရေးပုံစံ အထိပါ ဝင်ရောက်သွားနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပါပေ။
တကယ်ကို အစွမ်းထက်လှသည်။
“ဝှစ်...”
ထိုအချိန်တွင် ဟူဖေးဖေး သည် ပေါက်ကွဲစေသော တုတ် ကို ကိုင်ဆောင်ကာ ပြေးထွက်သွား၏။
“ယဲ့ဖုန်း ကို အရင်သတ်...”
နောက်ကွယ်မှ ကြိုးကိုင်နေသော နတ်ဘုရားမ နွယ်ပင်မီးခိုးရောင် က လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။
“ရွှပ်... ရွှပ်... ရွှပ်...”
ကျန်ရှိနေသော နတ်ဆိုးမိစ္ဆာ များအားလုံး လှုပ်ရှားလာကြပြီး ဝိညာဉ်မြွေ ပျံသန်းလှေ ကို တိုက်ခိုက်ကြ၏။
“ဟွန်း...”
ယဲ့ဖုန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး နေရာဟင်းလင်းပြင် သံလိုက်အိမ်မြှောင်အား တိတ်တဆိတ် အသက်သွင်းကာ ဝိညာဉ်မြွေ ပျံသန်းလှေ တစ်ခုလုံးကို ခရိုင်ဘုရင်မြို့တော် အထက် ကောင်းကင်ယံသို့ ချက်ချင်း ရွှေ့ပြောင်းလိုက်၏။
သစ်ပင်ဘုရင် နှင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် နတ်ဆိုးမိစ္ဆာ ထောင်ပေါင်းများစွာ အားလုံး ပစ်မှတ်လွဲချော်သွားကြသည်။
“ဒီတိုက်ပွဲမှာ မင်းတို့က ငါတို့ ပြိုင်ဘက် မဟုတ်ဘူး...”
ယဲ့ဖုန်း တပည့်များကို လှည့်ပြောလိုက်သည်။
ထို့နောက် သူ့ပုံရိပ် ယိမ်းနွဲ့သွားပြီး ဟူဖေးဖေး နှင့် ယှဉ်လျက် ရပ်လိုက်ကာ နတ်ဆိုးမိစ္ဆာ အားလုံးကို အထင်သေးစွာ ငုံ့ကြည့်လိုက်၏။
“ယဲ့ဖုန်း... ဒီနေ့ ငါ့ဒေါသပြေအောင် မင်းကို သတ်ပစ်မယ်...”
နွယ်ပင်ဘီလူးကြီး သည် ပေ (၇၀၀) ရှည်လျားသော ဓားကြီးကို ဝှေ့ယမ်းလိုက်ရာ တောင်တစ်သောင်း ပြိုကျသကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် အပေါ်မှ ခုတ်ချလိုက်၏။
တစ်ချိန်တည်းမှာပင် သစ်ပင်ဘုရင် လေးပါး ပြန်လည် ပေါင်းစည်းသွားပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် နတ်ဆိုးမိစ္ဆာ ထောင်ပေါင်းများစွာနှင့်အတူ ကြီးမားသော အရှိန်အဟုန်ဖြင့် ဝင်ရောက် တိုက်ခိုက်လာကြသည်။
“ဂိုဏ်းချုပ်ယဲ့ ကို တစ်ယောက်တည်း တိုက်ခိုက်ခွင့် မပေးနိုင်ဘူး... ငါတို့လည်း တက်ကြစို့...”
လျူမင် အသက်ပြင်းပြင်း ရှူလိုက်သည်။
“တသ်သောင်းသော မွေးရာပါ စွမ်းရည်..”
ဤသည်မှာ သူ့၏ မွေးရာပါ ပါရမီ ပင်။
တစ်သောင်းသော မွေးရာပါ စွမ်းရည် ကို အသက်သွင်းလိုက်သည်နှင့် လျူမင် သည် မီတာ (၁၀၀၀) မြင့်မားသော ရွှေရောင် မိုးမခပင်ကြီး တစ်ပင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံတွင် ပျံဝဲနေ၏။ မရေမတွက်နိုင်သော သစ်ရွက်များ ကြွေကျလာပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် စွမ်းအားရှိသော သားရဲပုံရိပ် အမျိုးမျိုးအဖြစ် ပြောင်းလဲကာ နတ်ဆိုးမိစ္ဆာ များဆီသို့ ဝင်ရောက် တိုက်ခိုက်ကြသည်။
ဘိုးဘေးနင်၊ မိုဝမ်ရှီ နှင့် ခရိုင်ဘုရင်စံအိမ် မှ စစ်ဘုရင်ကြီး ဆယ်ပါး အပါအဝင် ပညာရှင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက် တိုက်ခိုက်ကြ၏။
“ပုရွက်ဆိတ်လို ကောင်တွေကများ တိုက်ပွဲဝင်ချင်သေးတယ်...”
နွယ်ပင်ဘီလူးကြီး သည် ဧရာမ ဓားကြီးကို လှည့်လိုက်ရာ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ကောင်းကင်ယံကို လွှမ်းမိုးသွား၏။ ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် ဒါဇင်ပေါင်းများစွာ လွင့်စဉ်သွားကြပြီး ဒဏ်ရာများ ပိုမို ပြင်းထန်သွားကြသည်။
ဧရာမ ဓားကြီးသည် ဆက်လက် ကျဆင်းလာပြီး လျူမင် နှင့် အခြားသူများကို ဖိချေသတ်ဖြတ်ရန် ကြိုးစား၏။
“ထန်...”
ပန်းရောင် အလင်းတန်းတစ်ခု ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ဧရာမ ဓားကြီးအောက်တွင် ပေါ်လာကာ အစွမ်းကုန် ခုခံလိုက်၏။
"ဝုန်း"
ပေါက်ကွဲစေသော တုတ် ပင်လျှင် ကွဲအက်သွားပြီး ဟူဖေးဖေး ၏ ခန္ဓာကိုယ်သည် ကြေမွသွားကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး ဥက္ကာခဲ ဝင်တိုက်သကဲ့သို့ ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။
“ဒါ...”
“ဂိုဏ်းစောင့် မင်းသမီးလေး ဟူဖေးဖေး တောင် မယှဉ်နိုင်ဘူးလား...”
“သွားပြီ... အကုန် သွားပြီ...”
လူအုပ်ကြီး၏ နှလုံးသားများ အေးခဲသွားကြ၏။
ထို့နောက် သူတို့သည် ကောင်းကင်ယံတွင် ရပ်နေသော ယဲ့ဖုန်း ကို လှမ်းကြည့်လိုက်ကြပြီး မျှော်လင့်ချက် အားလုံးကို သူ့အပေါ် ပုံအပ်လိုက်ကြတော့သည်။
လူတိုင်း၏ အမြင်တွင် ဟူဖေးဖေး ကို နာခံစေနိုင်သော ယဲ့ဖုန်း သည် ဟူဖေးဖေး ထက် ပိုမို စွမ်းအားကြီးရမည်ဟု ယူဆထားကြ၏။
ကောင်းကင်ယံ အမြင့်တွင် ဖြစ်သည်။
ယဲ့ဖုန်း သည် ဟူဖေးဖေး ပြုတ်ကျသွားသော နေရာကို ကြည့်ရင်း မျက်နှာထား တင်းမာနေ၏။
ဟူဖေးဖေး သည် ဒုတိယ တိုက်ခိုက်ရေး ပုံစံ သို့ ဝင်ရောက်ပြီး ဖြစ်ကာ ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း လွယ်ကူစွာ ရိုက်နှက်ခံလိုက်ရသည်။
နွယ်ပင်ဘီလူးကြီး က တကယ်ကို ကြောက်စရာ ကောင်းတာပဲ။
“ခက်ခဲမယ့် ကောင်လို့ ထင်နေတာ... ဒီလောက်ပါပဲလား...”
နွယ်ပင်ဘီလူးကြီး သည် အောက်ဘက်ရှိ တွင်းကြီးကို အထင်သေးစွာ ဟားတိုက်ရင်း ကြည့်လိုက်သည်။
[ဟူဖေးဖေး၏ အဆင့်မြှင့်တင်မှု စွမ်းအင် - ၃၆ %]
ထိုအချိန်တွင် ယဲ့ဖုန်း သည် စနစ်၏ အသိပေးသံကို ကြားလိုက်ရပြီး စွမ်းအင်သည် ၃၅.၇ % မှ ၃၆ % သို့ တိုးတက်သွားကြောင်း တွေ့လိုက်ရသည်။ သို့သော် နောက်တစ်ခဏတွင် နောက်ထပ် အသိပေးသံတစ်ခု ထွက်ပေါ်လာပြန်သည်။
[ဟူဖေးဖေး၏ အဆင့်မြှင့်တင်မှု စွမ်းအင် - ၂၆ %]
ထိုအသံကို ကြားသောအခါ ယဲ့ဖုန်း ကြောင်အသွား၏။
စွမ်းအင်က လျော့လို့လည်း ရတာလား။
“ဝုန်း...”
နောက်တစ်ခဏတွင် ဟူဖေးဖေး ရှိနေသော ဥက္ကာခဲတွင်းကြီးသည် ရုတ်တရက် ကွဲအက်သွားပြီး သူမသည် ကောင်းကင်ကို ထိုးဖောက်သွားသော ဓားတစ်စင်းပမာ ပျံတက်လာကာ လူတိုင်း၏ မြင်ကွင်းထဲသို့ ပြန်လည် ရောက်ရှိလာ၏။
ယခုအချိန်တွင် သူမသည် ဒုတိယ တိုက်ခိုက်ရေး ပုံစံ တွင် ရှိနေဆဲပင်။
သို့သော် သူမ၏ ဒဏ်ရာများ အားလုံး လုံးဝ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်၏။
ပေါက်ကွဲစေသော တုတ် ပင်လျှင် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီး မျက်နှာပြင်ပေါ်တွင် ထူးခြားဆန်းပြားသော ပုံစံများ ပေါ်ပေါက်လာကာ ယခင်ကနှင့် လုံးဝ မတူတော့ပေ။
“ဒီအတိုင်းဆိုရင်တော့ သူ နွယ်ပင်ဘီလူးကြီး ကို ယှဉ်နိုင်မှာ မဟုတ်ဘူး...”
ယဲ့ဖုန်း.. ဟူဖေးဖေး ကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော် ဒုတိယ တိုက်ခိုက်ရေး ပုံစံ တွင် ရှိနေသော ဟူဖေးဖေး ၏ ခန္ဓာကိုယ်ပတ်လည်တွင် ပန်းရောင် အလင်းတန်းများ စီးဆင်းနေပြီး တတိယ တိုက်ခိုက်ရေး ပုံစံ သို့ ဝင်ရောက်တော့မည့်ပုံ ပေါက်နေသည်။
သူမ၏ ပန်းရောင် ဆံပင်များသည် (၃) မီတာအထိ ရုတ်တရက် ရှည်ထွက်လာပြီး လေထဲတွင် ရေတံခွန်တစ်ခုသဖွယ် ယိမ်းနွဲ့နေ၏။
သို့သော် သူမသည် တတိယ တိုက်ခိုက်ရေး ပုံစံ သို့ ဝင်ရောက်ခြင်း မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဟူဖေးဖေး ၏ နောက်ကျောဘက်မှ အမြီးတစ်ချောင်းသည် အရိုင်းဆန်စွာ ကြီးထွားလာပြီး (၉) ချောင်းအဖြစ် ပြောင်းလဲသွားသောကြောင့်ပင်။
ပေါက်ကွဲစေသော တုတ် သည်လည်း ပိုမို ရှည်လျားလာပြီး မျက်နှာပြင်ပေါ်ရှိ ရှေးဟောင်း ပုံစံများသည် ပိုမို တောက်ပလာကာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလာ၏။
“ဒါက... စတုတ္ထ တိုက်ခိုက်ရေး ပုံစံ... ကိုးမြီး ကောင်းကင် မြေခွေး ပဲ...”
ထိုမြင်ကွင်းကို ကြည့်ရင်း ယဲ့ဖုန်း ၏ စိတ်ထဲသို့ သတင်းအချက်အလက်များ ဝင်ရောက်လာပြီး မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွား၏။
‘ဒါဆို စွမ်းအင် (၁၀) ရာခိုင်နှုန်း အကုန်ခံလိုက်ရင် ဒုတိယအဆင့်ကနေ စတုတ္ထအဆင့်ကို တိုက်ရိုက် ပြောင်းလဲနိုင်တာပေါ့။’
ဟူဖေးဖေး ၏ တိုက်ခိုက်ရေး ပုံစံ ပြောင်းလဲမှု ပြီးဆုံးသွားသည်နှင့် နွယ်ပင်ဘီလူးကြီး ထက် မလျော့နည်းသော ပေါက်ကွဲထွက်မတတ် စွမ်းအင်လှိုင်းကြီးတစ်ခု စတင် ပဲ့တင်ထပ်လာ၏။
ပန်းရောင် လှိုင်းလုံးများသည် ခရိုင်ဘုရင်မြို့တော် ၏ ကောင်းကင်ယံ တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားပြီး ဟင်းလင်းပြင်ကိုပင် တုန်ခါသွားစေကာ လူတိုင်းကို ထိတ်လန့်သွားစေသည်။
“ငါ နောက်ဆုံးတော့ အောင်မြင်ပြီ...”
ဟူဖေးဖေး သည် ပေါက်ကွဲစေသော တုတ် ကို ထမ်းလျက် နှုတ်ခမ်းထောင့်များ ကွေးညွတ်ကာ ပြုံးလိုက်သည်။ သူမပုံစံက အတော်လေး ဂုဏ်ယူနေပုံ ရသည်။
တဆက်တည်း၌၊ ကြောက်မက်ဖွယ် ဖိနှိပ်မှု အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာတော့၏။
နွယ်ပင်ဘီလူးကြီး သည် အရှိန်အဝါ၏ ရိုက်ခတ်မှုကြောင့် ခြေလှမ်း (၃) လှမ်း နောက်ဆုတ်သွားရ၏။
ထိုမြင်ကွင်းသည် ရှိနေသူ အားလုံးကို အံ့အားသင့်သွားစေသည်။
“ဒီ ဖိအားက... မူလနတ်ဘုရား အဆင့် ဖိအားပဲ...”
ဟူဖေးဖေး ကို ကြည့်ရင်း နွယ်ပင်ဘီလူးကြီး ၏ မျက်လုံးများထဲတွင် ပထမဆုံးအကြိမ်အဖြစ် သတိထား စောင့်ကြည့်သော အရိပ်အယောင်များ ပေါ်လာ၏။