~"ဟန်ထုတ်နေတာလား..."
လိန်ဟွန်း၏ နှုတ်ခမ်းအစုံသည် ရက်စက်လှသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး သူ၏ ဟန်ပန်မှာလည်း အကြီးအကျယ် မောက်မာအေးစက်နေလေ၏။
"နုံအလိုက်တဲ့ ကောင်မလေး... ငါ အရင်ကလည်း ပြောပြီးသားလေ။ နင် ငါ့ကို တားလို့မရပါဘူးဆိုတာ။ ဒီနတ်ဘုရားအသွင်ပြောင်း အကာအကွယ်နဲ့တင် ငါ့ကို ဟန့်တားနိုင်မယ်လို့ ထင်နေတာလား"
လိန်ဟွန်းက မထီမဲ့မြင် ပြုသော လေသံဖြင့် ဆိုလိုက်သည်။
သူက စကားပြောပြောဆိုဆိုပင် သူ၏ လက်အတွင်းမှ မိစ္ဆာဆန်လှသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ရတနာတစ်ခုကို ထုတ်ဖော်လိုက်တော့၏။
"မိစ္ဆာလက်နက် ပါလား..."
ထိုယုတ်မာညစ်ထေးလှသော အရှိန်အဝါကို ခံစားလိုက်ရသောအခါ လင်ရှောင်ရှောင်၏ လှပသော မျက်နှာလေးမှာ ရုတ်ချည်း ပျက်ယွင်းသွားရသည်။ သူမသည် ၎င်းမှာ မိစ္ဆာလက်နက် ဖြစ်ကြောင်း ချက်ချင်းပင် သိရှိလိုက်ခြင်း ဖြစ်၏။
"မိစ္ဆာလက်နက် ဟုတ်လား..."
လျိုချင်းယန်နှင့် အခြားသူများမှာ အလွန်တရာ ထိတ်လန့်သွားကြပြီး လိန်ဟွန်း၏ လက်ထဲရှိ ရတနာကိုသာ စူးစိုက်ကြည့်နေမိကြတော့သည်။
"မိစ္ဆာလက်နက်... အဲဒါက ဘယ်လို ရတနာမျိုးလဲ"
ထျန်းရှန်းဇီ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေပြီး သူ၏ ဇဝေဇဝါဖြစ်မှုမှာ တဖြည်းဖြည်းနှင့် သတိထားစိုးရိမ်မှုအဖြစ်သို့ ပြောင်းလဲလာ၏။
"ဒီယုတ်မာတဲ့ အရှိန်အဝါတွေက တကယ့်ကို ကြောက်စရာ ကောင်းတာပဲ"
လင်မိုယန်က မျက်မှောင်ကို တင်းတင်းကြုတ်ကာ ရေရွတ်လိုက်သည်။ သူ၏ အိုမင်းနေသော မျက်နှာပေါ်တွင်လည်း ထိတ်လန့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
ဆေးဆရာကြီး ဟန်ခွန်းကမူ အကြောက်တရားကြောင့် တဆတ်ဆတ် တုန်ယင်နေသော အသံဖြင့် ဆိုလိုက်သည်။
"ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်ကို တိုက်ခိုက်သွားတဲ့ လျှို့ဝှက်ပုဂ္ဂိုလ်မှာလည်း ဒီလို အရှိန်အဝါမျိုးပဲ ရှိတာ။ လိန်ဟွန်းက သူတို့နဲ့ ပတ်သက်နေတာ သေချာပြီ။ နတ်ဘုရား ဘုရင် နန်းတော်ကိုယ်တိုင်လည်း သူတို့နဲ့ ပူးပေါင်းထားတာ ဖြစ်ရမယ်"
"သူတို့က မိစ္ဆာမျိုးနွယ်စုဝင်တွေပဲ..."
လန်ယွီက ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်၏။
လန်ယွီသည် နတ်သူငယ် မျိုးနွယ်စု မှ ဖြစ်သည့်အတွက် မိစ္ဆာမျိုးနွယ်စု အကြောင်းကို အနည်းငယ် သိရှိထားသကဲ့သို့ ယုတ်မာသော အရှိန်အဝါများကိုလည်း ပိုမို အာရုံခံနိုင်စွမ်း ရှိပါသည်။
"မိစ္ဆာမျိုးနွယ်စု ဟုတ်လား... ရှောင်ရှောင် ပြောခဲ့တဲ့ မျိုးနွယ်စုလား"
လျိုချင်းယန်၏ မျက်နှာမှာ နောက်တစ်ကြိမ် ထပ်မံ၍ သွေးရောင် ဖျော့သွားရပြန်၏။
လင်ရှောင်ရှောင်က မျက်မှောင်ကြုတ်ကာ တည်ကြည်စွာ ဆိုလိုက်၏။
"ဟုတ်တယ်... သူတို့က မိစ္ဆာမျိုးနွယ်စုဝင်တွေပဲ။ လိန်ဟွန်းက ငါတို့ နဂါးနတ်ဘုရား နန်းတော်ကို ဖျက်ဆီးပစ်မယ်လို့ ယုံကြည်ချက် ရှိနေတာက... သူ မိစ္ဆာမျိုးနွယ်စုနဲ့ ပူးပေါင်းထားလို့ ဖြစ်ရမယ်။ သူ့လက်ထဲက ရတနာက မိစ္ဆာမျိုးနွယ်စုရဲ့ 'မိစ္ဆာလက်နက်' တစ်ခုပဲ။ အဲဒါရဲ့ စွမ်းအားက အင်မော်တယ် လက်နက်တွေနဲ့ တန်းတူပဲလေ။ ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်ကို တိုက်ခိုက်တာကလည်း သူတို့ ငါတို့ကို လာမကူနိုင်အောင် ကြိုတင် ပိတ်ဆို့ထားတာပေါ့"
"မိစ္ဆာမျိုးနွယ်စု တဲ့လား..."
ထျန်းရှန်းဇီနှင့် အခြားသူများမှာ ထိုမျိုးနွယ်စု၏ အမည်ကို တစ်ခါမျှ မကြားဖူးခဲ့ကြသော်လည်း ထိုဖြစ်တည်မှုမှာ သူတို့ စိတ်ကူးထားသည်ထက်ပင် အဆပေါင်းများစွာ ပို၍ ကြောက်စရာ ကောင်းလိမ့်မည် ဖြစ်ကြောင်း ခံစားမိနေကြ၏။
"နင်က တော်တော်လေး သိတာပဲနော်"
လိန်ဟွန်းက မထီမဲ့မြင် လေသံဖြင့် လှောင်ပြုံးလိုက်လေသည်။
"မှန်ပါတယ်။ ဒါက တကယ့် မိစ္ဆာလက်နက် တစ်ခုပဲ။ သာမန် မိစ္ဆာလက်နက်တော့ မဟုတ်ဘူးပေါ့"
လိန်ဟွန်း၏ လက်ပေါ်တွင် ဝဲပျံနေသော ထိုရတနာမှာ အမည်းရောင် ပုလဲလေး တစ်ခုဖြစ်ပြီး အနက်ရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေကာ တကယ့်ကို ခြောက်ခြားဖွယ် ကောင်းလှသည်။
"နင်တို့ရဲ့ အကာအကွယ်က ဒီ 'မိစ္ဆာပုလဲ' ကို တားနိုင်မလား ဆိုတာ ကြည့်ကြသေးတာပေါ့"
လိန်ဟွန်းက အေးစက်စွာ ဆိုလိုက်၏။ သူ၏ သေးသွယ်သော မျက်ဝန်းများထဲတွင် ရက်စက်မှုများ ပြည့်နှက်နေတော့သည်။
သူက စကားပြောပြောဆိုဆိုပင် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုမိစ္ဆာပုလဲသည် အနက်ရောင် မြူခိုးများနှင့်အတူ တဟုန်ထိုး ပြေးထွက်သွားတော့သည်။ ဆိုးညစ်သည့် စွမ်းအင်များမှာလည်း တဆက်တည်း၌ပင် သိပ်သည်းသွား၏။
"ဘုန်း..."
"ဝီ... ဝီ..."
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအမည်းရောင် မိစ္ဆာပုလဲသည် အပြာရောင် အကာအကွယ်ကြီးကို ပြင်းထန်စွာ ဝင်ရောက် ရိုက်ခတ်လိုက်သည်။ အကာအကွယ်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး နန်းတော်အတွင်းရှိ လူတိုင်းမှာလည်း ဟန်ချက်ပျက်ကာ ယိမ်းထိုးကုန်ကြ၏။ နဂါးနတ်ဘုရား နန်းတော်မှ တပည့်များမှာ ထိုအကာအကွယ်ကြီး ချက်ချင်း ပြိုကွဲသွားတော့မည်ဟု ထင်မှတ်ကာ သွေးပျက်မတတ် ကြောက်လန့်သွားကြရသည်။
လင်ရှောင်ရှောင်၏ မျက်နှာမှာလည်း အလွန်တရာ လေးနက်တည်ကြည်နေ၏။ ဤနတ်ဘုရားအသွင်ပြောင်း အကာအကွယ်သည် မိစ္ဆာပုလဲ၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်ပါ့မလား ဆိုသည်ကို သူမကိုယ်တိုင်ပင် အာမမခံနိုင်ပါချေ။
"တောင့်ခံထားနိုင်တုန်းပဲဟေ့... အကာအကွယ် မပျက်သေးဘူး"
လျိုချင်းယန်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
"တကယ်ကြီး တောင့်ခံထားနိုင်တာပဲ"
မိစ္ဆာပုလဲ နောက်သို့ လွင့်ထွက်သွားသည်ကို မြင်သောအခါ နဂါးနတ်ဘုရား နန်းတော်မှ တပည့်များ အားလုံး ဝမ်းသာပီတိ ဖြစ်ကုန်ကြ၏။
ထျန်းရှန်းဇီနှင့် အခြားသူများမှာလည်း သက်ပြင်းချနိုင်ကြသော်လည်း သူတို့၏ မျက်နှာများမှာမူ တင်းမာနေဆဲပင် ဖြစ်သည်။
"အရမ်း စောစောစီးစီး ဝမ်းမသာကြပါနဲ့ဦးကွာ"
လိန်ဟွန်းက အေးစက်စက် လှောင်ပြုံးလေး ပြုံးရင်း ဆိုလိုက်၏။ သူသည် အလွန်ပင် ယုံကြည်မှု ရှိနေသည့်ဟန် ပေါ်နေ၏။
လိန်ဟွန်း၏ စကားကြောင့် နန်းတော်တပည့်များ၏ ဝမ်းသာနေသော မျက်နှာများမှာ တစ်ခဏချင်းမှာပင် တောင့်တင်းသွားကြရပြန်သည်။
ထင်သည့် အတိုင်းပင်။
လိန်ဟွန်း၏ စကားအဆုံးတွင် ထိုမိစ္ဆာပုလဲထံမှ အနက်ရောင် မြူခိုးများ ထွက်ပေါ်လာပြီး အကာအကွယ်ကြီး၏ ပတ်ပတ်လည်သို့ ဖြာထွက်သွားတော့သည်။ ထိုအခိုက်အတန့်၌ ပတ်ဝန်းကျင် တစ်ခုလုံးမှာ သေမင်းတမန် တိတ်ဆိတ်သွားပြီး လူတိုင်း၏ အကြည့်များမှာ ဝေဝါးနေသော အနက်ရောင် မြူခိုးများထံသို့သာ စူးစိုက်ကျရောက်နေကြ၏။ ထိုအနက်ရောင် မြူခိုးများအတွင်း၌ ထူးဆန်းလှသော စွမ်းအားများ ပါဝင်နေသော်လည်း ယုတ်မာလှသော အရှိန်အဝါများက ပိုမို ပြင်းထန်နေသဖြင့် လူတိုင်းကို ကျောချမ်းသွားစေတော့သည်။
"ဒါက ဘယ်လို စွမ်းအားမျိုးလဲ"
နဂါးနတ်ဘုရား နန်းတော်မှ လူများမှာ နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေပြီး ပို၍ပင် စိုးရိမ် ထိတ်လန့်လာကြရ၏။
မိနစ်ပိုင်းမျှပင် မကြာလိုက်မီမှာပင် ထိုအနက်ရောင် မြူခိုးများမှာ အကာအကွယ်ကြီးအတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်လာတော့သည်။
"ဒုက္ခပဲ..."
မြူခိုးမည်းများ အထဲသို့ စိမ့်ဝင်လာသည်ကို မြင်သောအခါ လူတိုင်း၏ မျက်နှာများမှာ ဖြူလျော့သွားကြပြီး ရင်ထဲတွင်လည်း ကြောက်ရွံ့မှု လှိုင်းတံပိုးများ တဝုန်းဝုန်း ရိုက်ခတ်လာတော့သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ယီထျန်းချင်းမှာလည်း ထိုအနက်ရောင် မြူခိုးများကို ကြည့်ရင်း မျက်နှာ တစ်ခုလုံး သွေးရောင် ဖျော့သွားကာ ရေရွတ်လိုက်မိ၏။
"ဒါက ဘယ်လို ဝိညာဉ်လက်နက် မျိုးလဲဗျာ။ အကာအကွယ်ကိုတောင် ဖောက်ပြီး ဖြာထွက်နိုင်တယ် ဆိုတော့..."
လျိုချင်းယန်မှာ အလန့်တကြား အော်ဟစ်လိုက်မိ၏။ သူ၏ ကျောပြင်မှာလည်း ချွေးအေးများဖြင့် ရွှဲနစ်နေပြီး ခန္ဓာကိုယ်မှာလည်း ထိန်းမရအောင် တုန်ယင်နေတော့သည်။
"အကာအကွယ် ပေါက်သွားပြီ... ပေါက်သွားပြီဟေ့"
ဟွမ်ယန်ကလည်း အစွန်းရောက်သော အကြောက်တရားဖြင့် အော်ဟစ်လိုက်၏။
ဟွမ်ယန်တို့မှာ သေရေးရှင်ရေး အခြေအနေများစွာကို ကြုံတွေ့ခဲ့ဖူးသော်ငြားလည်း ယခုကဲ့သို့ စိတ်ကူးနှင့်တောင် မှန်းဆလို့ မရနိုင်သော ကြောက်မက်ဖွယ် စွမ်းအားကြီးနှင့် ရင်ဆိုင်ရသောအခါတွင်မူ ကြောက်ရွံ့နေမိကြသည်မှာ မဆန်းပါချေ။
ထိုခြောက်ခြားဖွယ် ကောင်းလှသော မိစ္ဆာပုလဲမှာ နဂါးနတ်ဘုရား နန်းတော်မှ လူများကို အမှန်တကယ်ပင် ကသောင်းကနင်း ဖြစ်သွားစေခဲ့တော့၏။ လင်ရှောင်ရှောင် အသည်းအသန် ဖန်တီးထားသော အကာအကွယ်ကြီးမှာလည်း အနက်ရောင် မြူခိုးများ ဖုံးလွှမ်းသွားသော နေရာတိုင်းတွင် တဖြည်းဖြည်းနှင့် ပျောက်ကွယ်လာနေပြီ ဖြစ်သည်။
"ဒါ... ဒါက..."
လင်ရှောင်ရှောင်ကိုယ်တိုင်ပင်လျှင် မယုံကြည်နိုင်အောင် ဖြစ်နေရ၏။ ဤအကာအကွယ်မှာ သူမ၏ အဖေကိုယ်တိုင် ဖန်တီးခဲ့သည့် အဆင့်အတန်းရှိသော အရာ ဖြစ်သည့်တိုင်အောင် မိစ္ဆာပုလဲကို မတောင့်ခံနိုင်ခဲ့ပါချေ။
မိစ္ဆာပုလဲမှ ထွက်ပေါ်လာသော အနက်ရောင် မြူခိုးများမှာ အလွန်တရာမှ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော တိုက်စားမှု သဘာဝ ရှိနေပြီး မည်မျှပင် အစွမ်းထက်လှသော စွမ်းအားများ ဖြစ်နေပါစေ ၎င်း၏ တိုက်စားမှုအောက်တွင် လုံးဝ ပြိုကွဲပျက်စီးသွားရသည်မှာ မြေကြီးလက်ခတ်မလွဲပင်။
"ဘယ်လိုလဲ... ငါ ပြောသားပဲ။ နင် ငါ့ကို တားလို့မရပါဘူးဆိုတာ။ ဖုန်းဝူချန် အခုထိ ထွက်မလာသေးတာကတော့ ကိစ္စမရှိပါဘူး။ နင်တို့ အားလုံးကို အပြတ်ရှင်းပြီးမှ သူ့ကို သတ်ရင်လည်း မနောက်ကျသေးပါဘူး။ သူ တစ်သက်လုံး ပုန်းနေနိုင်မလား ဆိုတာ ကြည့်ရသေးတာပေါ့"
အကာအကွယ်ကြီး တဖြည်းဖြည်း ပျောက်ကွယ်လာသည်ကို ကြည့်ရင်း လိန်ဟွန်းက ကောက်ကျစ်စွာ လှောင်ပြုံးလိုက်၏။
"သတ်ကြစမ်း..."
လိန်ဟွန်း၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် နတ်ဘုရား ဘုရင် နန်းတော်မှ စစ်သည်တော်များမှာ တစ်ပြိုင်နက်တည်း အောက်သို့ တဟုန်ထိုး ခုန်ဆင်းလာကြတော့သည်။ သူတို့၏ သတ်ဖြတ်လိုစိတ်များမှာ တဝုန်းဝုန်း ထတောက်နေပြီး အရှိန်အဝါမှာလည်း အလွန်တရာ ကြမ်းတမ်းလှသည်။
"ကျုပ်တို့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်ဖို့ပဲ ရှိတော့တယ်"
ထျန်းရှန်းဇီက မျက်မှောင်ကြုတ်ကာ ဆိုလိုက်၏။
"လိန်ဟွန်းကိုတော့ ကျုပ် တာဝန်ယူမယ်"
ထျန်းကျီဘုံ သတ္တမအလွှာရှိ အကြီးအကဲ တစ်ဦးက တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်၏။ သူတို့ထဲတွင် ထိုအဘိုးကြီးမှာ အစွမ်းအထက်ဆုံး ပညာရှင် ဖြစ်သည်။
နဂါးနတ်ဘုရား နန်းတော်၏ ဤအရေးကြီးလှသော အခြေအနေတွင် လျိုချင်းယန်သည် သူ၏ ရင်ထဲမှ အကြောက်တရားများကို အတင်းအကျပ် မြိုသိပ်လိုက်ပြီးနောက် အသံကုန် ဟိန်းဟောက်လိုက်လေတော့၏။
"ညီအစ်ကိုတို့... အစွမ်းကုန် တိုက်ကြစမ်း။ သေရမှာကို ကြောက်နေတယ် ဆိုရင်တော့... မင်းတို့ဟာ နဂါးနတ်ဘုရား နန်းတော်ရဲ့ လူတွေ မဟုတ်တော့ဘူး။ လူညံ့တစ်ယောက်လို အသက်ရှင်နေရမယ့်အစား စစ်မြေပြင်မှာ အသေခံတိုက်ပွဲဝင်တာကမှ ပိုဂုဏ်ရှိသေးတယ်"
"နန်းတော်သခင် မရှိတဲ့အချိန်မှာ... ငါတို့ နဂါးနတ်ဘုရား နန်းတော်ကို ငါတို့ ကိုယ်တိုင် ကာကွယ်ရမယ်။ ညီအစ်ကိုတို့... မင်းတို့ သေရမှာ ကြောက်သလား"
ချီဟွမ်ကလည်း ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"မကြောက်ဘူးဟေ့..."
နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များ အားလုံး၏ တိုက်ပွဲဝင်လိုစိတ်များမှာ တဟုန်ထိုး လောင်မြိုက်လာတော့သည်။
"နဂါးနတ်ဘုရား နန်းတော် အတွက် တိုက်ကြစမ်း... သတ်ကြဟေ့..."
ချီဟွမ်က ထပ်မံ၍ အော်ဟစ်လိုက်ပြီး သူ၏ လက်ကို လေထဲသို့ ဆန့်ထုတ်ကာ အဆင့်နိမ့် အင်မော်တယ်လက်နက် လှံရှည်ကြီး တစ်ခုကို အမိအရ ဆုပ်ကိုင်လိုက်၏။ သူ၏ ကိုယ်မှ ပြတ်သားလှသော သတ်ဖြတ်လိုစိတ်များမှာလည်း နေရာအနှံ့ ဖြာထွက်သွားတော့သည်။
"သတ်ကြ..."
စစ်သည်တော်များ၏ သွေးများမှာ ဆူပွက်လာကြပြီး နဂါးနတ်ဘုရား နန်းတော်မှ ပြင်းထန်လှသော အရှိန်အဝါ တစ်ခုမှာ ကောင်းကင်ယံသို့ တဟုန်ထိုး ထိုးတက်သွားလေတော့သည်။ သူတို့၏ ကြွေးကြော်သံကြောင့် ကြားရသူတိုင်း၏ နှလုံးသားများမှာ တုန်လှုပ်ခြောက်ခြား သွားကြရလေ၏။ သူတို့၏ ကိုယ်မှ ရဲရင့်ပြတ်သားလှသော သတ်ဖြတ်လိုစိတ်များနှင့်အတူ စစ်သည်တော် တစ်ဦး၏ စိတ်ဓာတ်များမှာလည်း ကွက်ကွက်ကွင်းကွင်း ပေါ်လွင်နေတော့သည်။
နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များမှာ သူတို့၏ အင်မော်တယ်လက်နက်များနှင့် ဝိညာဉ်လက်နက်များကို အသီးသီး ဆွဲထုတ်လိုက်ကြပြီး... အမြင့်မြတ်ဆုံး ခန္ဓာကိုယ်၏ ပထမအဆင့် စွမ်းအားများကိုပါ လှုံ့ဆော်လိုက်ကြ၏။ ထို့အပြင် ကိုယ်ဖော့ပညာများကိုပါ အသုံးပြုလိုက်ကြရာ သူတို့၏ အရှိန်အဝါမှာ ရူးသွပ်စွာ မြင့်တက်လာတော့သည်။
ဒါက နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များ သူတို့၏ အစွမ်းကုန် ခွန်အားများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်၏။ ကောင်းကင်ဘုံလူသား အဆင့် (၂) လွှာရှိ စစ်သည်တော်များ၏ အရှိန်အဝါမှာ အဆင့် (၄) လွှာ နှင့်ပင် နှိုင်းယှဉ်နိုင်သော အနေအထားသို့ ရောက်ရှိသွားခဲ့တော့သည်။
ကောင်းကင်ဘုံလူသား အဆင့် (၃) လွှာရှိ စစ်သည်တော်များ၏ အရှိန်အဝါမှာလည်း မျက်တောင်တစ်ခတ်အတွင်း အဆင့် (၅) လွှာအထိ ထိုးတက်သွားခဲ့ရပြီ ဖြစ်သည်။ ချီဟွမ်၏ အရှိန်အဝါမှာမူ ကောင်းကင်ဘုံလူသား အဆင့် (၆) လွှာအထိပင် ရောက်ရှိသွားရာ... သူသည် စစ်သည်တော်များ အားလုံးထဲတွင် အစွမ်းအထက်ဆုံးသူ ဖြစ်လာခဲ့တော့၏။
စစ်သည်တော်များ၏ အရှိန်အဝါများမှာ ရူးသွပ်စွာ မြင့်တက်လာသဖြင့် ထျန်းရှန်းဇီ အပါအဝင် နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များ အားလုံးမှာလည်း အကြီးအကျယ် အံ့အားသင့် သွားကြရတော့သည်။ နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များသည် ဤမျှလောက်သော ခွန်အားများကို ဖုံးကွယ်ထားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြသည်မှာ သေချာလှသည်။
"ဪ... အညတရ နဂါးနတ်ဘုရား နန်းတော် ဆိုပြီးတော့... ကောင်းကင်ဘုံလူသား အဆင့်မှာ ဒီလောက်တောင် အစွမ်းထက်တဲ့ ခွန်အားတွေကို ဖုံးကွယ်ထားနိုင်တာပဲလား"
လိန်ဟွန်းပင်လျှင် ထိုမြင်ကွင်းကြောင့် ခေတ္တမျှ မှင်သက်သွားရလေ၏။