~"ကြည့်ရတာ... ငါတို့ နဂါးနတ်ဘုရား နန်းတော်ကို အတော်လေး အထင်သေးမိသွားတာပဲ"
"အားအနည်းဆုံး တစ်ယောက်တောင်မှ ကောင်းကင်ဘုံလူသား အဆင့် (၂) လွှာ ရှိနေတာလား... မဆိုးဘူးဟ"
"နဂါးနတ်ဘုရား နန်းတော်မှာ ဒီလောက်တောင် အစွမ်းထက်တဲ့ ခွန်အားတွေ ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များ၏ ပေါက်ကွဲထွက်လာသော အစွမ်းအစများကို မြင်လိုက်ရသောအခါ နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များ အားလုံး အံ့အားသင့် မှင်သက်သွားကြလေ၏။ နန်းတော်၏ တပ်မှူးကြီး ခွန်ယွင် ပင်လျှင် သူ၏ မျက်ဝန်းများအတွင်း၌ အံ့အားသင့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ချေ။
လင်ရှောင်ရှောင်သည် ကောင်းကင်ဘုံလူသား အဆင့် (၆) လွှာ၌ ရှိနေသော်လည်း သူမ၏ အရှိန်အဝါမှာ အဆင့် (၈) လွှာနှင့်ပင် ရင်ပေါင်တန်းနိုင်နေပြီ ဖြစ်သည်။ ယဲ့ထျန်းဝေမှာမူ အဆင့် (၉) လွှာတွင် ရှိနေပြီး သူ ထုတ်ဖော်လိုက်သော တိုက်ခိုက်ရေး စွမ်းအားမှာ ထျန်းကျီဘုံ အဆင့် (၁) လွှာနှင့်ပင် ယှဉ်နိုင်လောက်သည်။
လျိုချင်းယန်သည် အဆင့် (၅) လွှာတွင် ရှိသော်လည်း သူ၏ အစွမ်းကုန် ခွန်အားများမှာ အဆင့် (၇) လွှာနှင့် တန်းတူ ဖြစ်နေ၏။
မြောင်ချင်းချင်းမှာမူ နတ်ဘုရား စွမ်းအားများကို လှုံ့ဆော်လိုက်သောအခါ သူမ၏ ခွန်အားမှာ အဆင့် (၇) လွှာ အထွတ်အထိပ်သို့ပင် ရောက်ရှိသွားတော့သည်။
ယီထျန်းချင်း၊ ပေတိုယန်၊ နန်းကုန်းကျန့်၊ လန်ယွီ၊ လေ့ထျန်းကျွယ်နှင့် လျိုယန်တို့ကဲ့သို့သော ပါရမီရှင်များ အားလုံးသည်လည်း သူတို့၏ ကျင့်ကြံခြင်း အဆင့်ထက် သာလွန်သော ကြောက်မက်ဖွယ် စွမ်းအားများကို အသီးသီး ထုတ်ဖော်လိုက်ကြ၏။ နတ်ဘုရား ဘုရင် နန်းတော်မှ ပါရမီရှင် တပည့်များပင်လျှင် သူတို့နှင့် ယှဉ်လိုက်ပါက အားနည်းသည်ဟု ခံစားနေကြရတော့သည်။
"နဂါးနတ်ဘုရား နန်းတော်အတွက် တိုက်ကြစမ်း"
"သွေးမကြောက်တဲ့ သွေးသောက်တွေပဲ ရှေ့ထွက်ခဲ့"
စစ်သည်တော်များ၏ ကြွေးကြော်သံမှာ မိုးခြိမ်းသံပမာ ဟိန်းထွက်နေပြီး သူတို့၏ သွေးများမှာလည်း တိုက်ပွဲဝင်လိုစိတ်ဖြင့် ဆူပွက်နေကြလေ၏။ နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံးမှာ ယခုအခါ၌ ပြတ်သားလှသော သတ်ဖြတ်လိုစိတ်များနှင့် အေးစက်စက် အရှိန်အဝါများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။
"ဝှစ်... ဝှစ်... ဝှစ်..."
ချီဟွမ်က ရှေ့ဆုံးမှ ဦးဆောင်ကာ စစ်သည်တော် ရာပေါင်းများစွာနှင့်အတူ ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားတော့၏။ သူတို့၏ အဟုန်မှာ စစ်နတ်ဘုရားများ ဆင်းသက်လာသည့်အလား ရဲရင့်လှသည်။
နတ်ဘုရား ဘုရင် နန်းတော်မှ ကောင်းကင်ဘုံလူသား အဆင့်ရှိ တပည့် ရာပေါင်းများစွာသည်လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာ၏။ အခြားသော အစွမ်းထက် ပညာရှင်များမှာမူ နဂါးနတ်ဘုရား နန်းတော်အတွင်းသို့ တဟုန်ထိုး ခုန်ဆင်းလာကြတော့သည်။
"ကိုယ့်ပြိုင်ဘက်ကိုယ် ရှာကြပါ၊ အင်အားချင်း မမျှရင် အသာစီးရအောင် ကစား။ နန်းတော်သခင် မှာထားတာ မှတ်မိကြသေးလား"
ချီဟွမ်က သူ၏ လှံရှည်ကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အသံကုန် ဟိန်းဟောက်လိုက်၏။
"ရက်ရက်စက်စက် သတ်မယ်။ တစ်ချက်တည်းနဲ့ အပြတ်ရှင်းပါမယ်"
စစ်သည်တော်များကလည်း တက်ကြွစွာဖြင့် ပြန်လည် ကြွေးကြော်လိုက်ကြ၏။
"လူခွဲကြဟေ့"
ချီဟွမ်၏ အမိန့်ပေးသံအဆုံးတွင် စစ်သည်တော် ရာပေါင်းများစွာမှာ အရပ်မျက်နှာ အသီးသီးသို့ လျှပ်တစ်ပြက်အတွင်း လူစုခွဲလိုက်ကြလေတော့သည်။
နဂါးနတ်ဘုရား နန်းတော် စစ်သည်တော်များ၏ ရုတ်တရက် လူစုခွဲလိုက်သော နည်းဗျူဟာကြောင့် ရန်သူများမှာ ဇဝေဇဝါ ဖြစ်ကုန်ကြ၏။
"ဒါက ဘာနည်းဗျူဟာလဲ။ တစ်ယောက်ချင်းစီ တိုက်ဖို့ ပြင်နေတာလား"
လိန်ဟွန်းက နားမလည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။ သို့သော် သူတို့ စဉ်းစားနေရန် အချိန်မရလိုက်ပါချေ။ ကြီးမားသော တိုက်ပွဲကြီးမှာ ပေါက်ကွဲထွက်လာခဲ့ပြီ မဟုတ်ပါလော။
"တိုက်ကြစမ်း"
ထျန်းရှန်းဇီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ အဖွဲ့ကို ဦးဆောင်ကာ စတင် တိုက်ခိုက်လိုက်တော့သည်။
လင်ရှောင်ရှောင်၊ လျိုချင်းယန်နှင့် အခြားသူများမှာလည်း သူတို့၏ ပြိုင်ဘက်များကို အသီးသီး ရှာဖွေကာ အတိုဆုံး အချိန်အတွင်းမှာပင် ပြင်းထန်သော ဒဏ်ရာများ ရရှိအောင် တိုက်ခိုက်နေကြတော့သည်။ ထျန်းရှန်းဇီနှင့် ထျန်းကျီဘုံ ပညာရှင်များမှာမူ ကောင်းကင်ယံ အမြင့်ဆုံးနေရာတွင် နတ်ဘုရား ဘုရင် နန်းတော်မှ ထျန်းကျီဘုံ ပညာရှင်များနှင့် ရင်ဆိုင်နေကြ၏။
"အားလုံး သတိထားကြစမ်း။ ဒါက အပျော်ကစားနေတာ မဟုတ်ဘူး။ သေရေးရှင်ရေး တိုက်ပွဲပဲ"
ထျန်းရှန်းဇီက လေးနက်စွာ မှာကြားလိုက်သည်။
"ဒီအဘိုးကြီးတွေကို သတ်နိုင်ရင် သတ်ပစ်ကြ။ အားနာနေဖို့ မလိုဘူး။ သူတို့ ကိုယ်တိုင် သေလမ်းကို ရွေးချယ်ခဲ့တာပဲ"
လိန်ဟွန်းက သူ၏ လူများကို အေးစက်စွာ အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့ပါ သခင်လေး"
ထျန်းကျီဘုံ ပညာရှင် ဒါဇင်ကျော်မှာ ရိုသေစွာ နာခံလိုက်ပြီးနောက် အနည်းငယ်မျှပင် နောက်မတွန့်ဘဲ ဝင်ရောက် တိုက်ခိုက်လိုက်ကြလေတော့သည်။ မော့လင်အာနှင့် ကျူးကော့လျန်ချန်တို့မှာမူ ဘေးမှနေ၍ ပွဲကြည့်နေကြဆဲပင် ဖြစ်၏။
"ဘုန်း... ဘုန်း... ဘုန်း..."
"ဝီ... ဝီ..."
ထျန်းရှန်းဇီ ဦးဆောင်သော ထျန်းကျီဘုံ ပညာရှင်များ၏ တိုက်ပွဲမှာ တကယ့်ကို ထိတ်လန့်ဖွယ်ရာပင်။ ထက်ရှသော စွမ်းအင်လှိုင်းများမှာ အရပ်မျက်နှာ အသီးသီးသို့ လိမ့်ဆင်းသွားကြပြီး ဟင်းလင်းပြင် တစ်ခုလုံးမှာလည်း ပြိုကွဲပျက်စီးနေတော့သည်။ ဒါက ကမ္ဘာပျက်ကိန်းကြီး တစ်ခု ဆိုက်ရောက်လာသည့်အလားပင်။
ထိုအခိုက်အတန့်၌ ထျန်းကျီဘုံ သတ္တမအလွှာရှိ အကြီးအကဲ တစ်ဦးမှာ လိန်ဟွန်းထံသို့ တဟုန်ထိုး ပြေးဝင်သွားပြီး လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားလေ၏။
"သခင်လေး... သတိထား"
ခွန်ယွင် စိုးရိမ်တကြီး သတိပေးလိုက်သည်။
လိန်ဟွန်းကမူ မထီမဲ့မြင် ပြုသော လေသံဖြင့် ဆိုလိုက်၏။
"အဘိုးကြီး... မင်းကတော့ သေတွင်းကို ကိုယ်တိုင် တူးနေတာပဲ"
သူတို့နှစ်ဦးစလုံးမှာ အဆင့်တူ ပညာရှင်များ ဖြစ်ကြသော်ငြားလည်း လိန်ဟွန်းကတော့ ထိုအဘိုးကြီးကို သူ့မျက်စိထဲတောင် ထည့်ထားပုံ မရချေ။
လိန်ဟွန်းက လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး 'ဟင်းလင်းပြင် စွမ်းအား' ကို လှုံ့ဆော်လိုက်၏။ သူ၏ လက်ဖဝါးအတွင်း၌ စွမ်းအင်တန်းလေး တစ်ခုမှာ ကခုန်နေပြီး ကြောက်မက်ဖွယ် ဖိအားကို ထုတ်လွှတ်နေတော့သည်။ သူ၏ မျက်နှာပေါ်တွင်လည်း မောက်မာလှသော အပြုံးတစ်ခု ပေါ်လွင်နေ၏။
"ဘုန်း..."
"ဝေါ့..."
လိန်ဟွန်း၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်းများ လက်သွားပြီး သူက လက်သီးကို ရုတ်တရက် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ထိုအခိုက်အတန့်မှာပင် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး ထိုအကြီးအကဲမှာ သွေးများ အန်ကျကာ နောက်သို့ လွင့်ထွက်သွားလေတော့သည်။
ထျန်းကျီဘုံ သတ္တမအလွှာရှိ ထိုအဘိုးကြီးမှာ မျက်တောင်တစ်ခတ်အတွင်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ရပြီ ဖြစ်သည်။
"အကြီးအကဲရန်"
ထျန်းရှန်းဇီက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ထိုနေရာသို့ လျှပ်တစ်ပြက်အတွင်း ပျံသန်းသွားလေတော့သည်။
လိန်ဟွန်း၏ ဟင်းလင်းပြင် စွမ်းအားမှာ အလွန်တရာမှ ကြောက်စရာ ကောင်းလွန်းလှသည်။ ၎င်းကို ရှောင်တိမ်းရန် ဖြစ်နိုင်သော်လည်း ကာကွယ်ရန်မှာမူ လုံးဝ မဖြစ်နိုင်သလောက်ပင်။
"ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတဲ့ကောင်တွေ"
လိန်ဟွန်းက မထီမဲ့မြင် ပြုသော လေသံဖြင့် ဆိုလိုက်၏။
"အကြီးအကဲရန် အကြီးအကဲရန်"
ထျန်းရှန်းဇီ ထိုနေရာသို့ ရောက်ရှိသွားချိန်တွင်တော့ အကြီးအကဲရန်မှာ အသက်ပျောက်နေခဲ့ပြီ ဖြစ်သည်။
မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် ထျန်းကျီဘုံ သတ္တမအလွှာရှိ ပညာရှင် တစ်ဦးမှာ လိန်ဟွန်း၏ လက်ချက်ဖြင့် အသက်ပျောက်သွားခဲ့ရတော့သည်။
"အကြီးအကဲရန် အသတ်ခံလိုက်ရပြီ"
ရှားယွင်ရွှမ်နှင့် အခြားသော ပညာရှင်များမှာ အကြီးအကျယ် ထိတ်လန့်သွားကြရ၏။
"စီနီယာရန်"
လင်ရှောင်ရှောင်နှင့် အခြားသူများမှာလည်း ထိုမြင်ကွင်းကြောင့် မျက်နှာများ ပျက်ယွင်းကုန်ကြသည်။ လိန်ဟွန်း၏ ခွန်အားမှာ သူတို့ ထင်ထားသည်ထက်ပင် ပို၍ ကြောက်စရာ ကောင်းနေပြီ ဖြစ်သည်။
"သေချင်လို့ သေတာပဲလေ။ သူ့အပြစ်နဲ့သူပေါ့"
လိန်ဟွန်းက လှောင်ပြုံးလေး ပြုံးရင်း ဆိုလိုက်၏။
"ခွေးကောင်... မင်းကို ငါ ကိုယ်တိုင် သတ်ပစ်မယ်"
လျိုချင်းယန်မှာ ဒေါသအမျက် ခြောင်းခြောင်းထွက် လာပြီး သူ၏ အင်မော်တယ်လက်နက် ဓားရှည်ကြီးကို ဆွဲထုတ်ကာ လိန်ဟွန်းထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ သူ၏ ကိုယ်မှ ကောင်းကင်ယံအထိ ထိုးတက်နေသော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေ၏။
လင်ရှောင်ရှောင်သည်လည်း ဖုန်းဝူချန် ပေးထားသော အဆင့်မြင့် အင်မော်တယ်ဓားကို ထုတ်ဖော်လိုက်ရာ သူမ၏ အရှိန်အဝါမှာ နောက်တစ်ကြိမ် ထပ်မံ၍ တဟုန်ထိုး မြင့်တက်လာတော့သည်။ သူမ၏ တိုက်ခိုက်ရေး စွမ်းအားမှာ ကောင်းကင်ဘုံလူသား အဆင့် (၉) လွှာ၏ ကန့်သတ်ချက်ကိုပင် ကျော်လွန်သွားခဲ့တော့သည်။
ရုတ်တရက်... လျှပ်တစ်ပြက် လှုပ်ရှားမှု
လင်ရှောင်ရှောင်၊ လျိုချင်းယန်နှင့် အခြားသူများမှာ လျှပ်တစ်ပြက် လှုပ်ရှားမှု ကို အသီးသီး ဖော်ထုတ်လိုက်ကြရာ သူတို့၏ ပုံရိပ်များမှာ တစ္ဆေများပမာ ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြင့် အကြီးအကျယ် ကြောက်စရာ ကောင်းနေတော့သည်။
"ရှူး... ရှူး... ရှူး..."
လင်ရှောင်ရှောင်နှင့် လျိုချင်းယန်တို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များမှာ တစ်ယောက်ပြီးတစ်ယောက် အတုံးအရုံး ကျဆုံးကုန်ကြ၏။ ဒါက တိုက်ပွဲ မဟုတ်တော့ဘဲ သွေးချောင်းစီး သတ်ဖြတ်ခြင်းကြီး တစ်ခုပမာ ဖြစ်နေတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လူဒါဇင်ပေါင်းများစွာမှာ အကြင်နာ ကင်းမဲ့စွာဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ကြရ၏။
နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များမှာ သူတို့ကို ပြန်လည် မခုခံနိုင်ရုံသာမက လင်ရှောင်ရှောင်တို့၏ အရှိန်အဝါကိုပင် အာရုံမခံနိုင်ကြတော့ဘဲ အစွန်းရောက်သော အကြောက်တရားများဖြင့် ကသောင်းကနင်း ဖြစ်ကုန်ကြတော့သည်။
တစ်ချိန်တည်းမှာပင်... လူစုခွဲထားသော နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များကလည်း လျှပ်တစ်ပြက် လှုပ်ရှားမှုကို စတင် အသုံးပြုလိုက်ကြတော့၏။
ရှေ့သို့ တိုးဝင်လာသော နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များမှာလည်း ထိုနည်းတူပင်။ သူတို့သည် ဘာဖြစ်မှန်းပင် မသိလိုက်ဘဲ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် အသတ်ခံနေကြရပြီး အလောင်းများမှာလည်း ကောင်းကင်ယံမှ နေ၍ ကျီးကန်းတောင်မှောက် ကျဆင်းလာကြရာ... သွေးမိုးများ ရွာချနေသည့်အလားပင် ဖြစ်နေတော့သည်။
ကောင်းကင်ဘုံလူသား အဆင့် (၂) လွှာ နှင့် (၃) လွှာရှိ နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များပင်လျှင် သူတို့၏ ခွန်အားများကို လျှပ်တစ်ပြက် လှုပ်ရှားမှုနှင့် ပေါင်းစပ်လိုက်သောအခါ... နတ်ဘုရား ဘုရင် နန်းတော်မှ အဆင့် (၅) လွှာရှိ တပည့်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်နေပြီ ဖြစ်၏။
ဤလျှပ်တစ်ပြက် လှုပ်ရှားမှုမှာ တကယ့်ကို ပြိုင်ဘက်ကင်းလှသော သတ်ဖြတ်ခြင်း အတတ်ပညာပင်။
တားဆီး၍ မရနိုင်သော ထိုသတ်ဖြတ်ကွက်များကြောင့် နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များမှာ အကြီးအကျယ် အထိနာနေကြရတော့သည်။ သူတို့သည် အစုအဖွဲ့ လိုက် မဟုတ်ဘဲ လူစုခွဲခံလိုက်ရသဖြင့် အချင်းချင်း ကူညီရန်လည်း မဖြစ်နိုင်တော့ပါချေ။
ဒါကပင်.. လူစုခွဲလိုက်သော နည်းဗျူဟာ၏ အားသာချက်ပင် ဖြစ်၏။ ရန်သူ၏ ကာကွယ်ရေးကို အားနည်းသွားစေပြီး မိမိတို့၏ သတ်ဖြတ်နိုင်စွမ်းကိုမူ အမြင့်ဆုံးသို့ မြှင့်တင်လိုက်ခြင်းပင် မဟုတ်ပါလော။
"ဪ... ဒီလောက်တောင် စွမ်းကြတာလား"
လိန်ဟွန်းပင်လျှင် ဤမြင်ကွင်းကြောင့် မျက်မှောင်ကြီး ကြုတ်သွားလေသည်။