~"စီနီယာက နဂါးနတ်ဆိုး ရဲ့ လက်အောက်ငယ်သား လား"
အဘိုးအို၏ အဆက်မပြတ် ဟိန်းဟောက်သံများကြားထဲမှာပင် ဖုန်းဝူချန်၏ အေးစက်လှသည့် အသံက ရုတ်ချည်း ထွက်ပေါ်လာလေ၏။ ဖုန်းဝူချန်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဂူအတွင်းသို့ တစ္ဆေတစ်ကောင်ပမာ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ရုတ်တရက် ပေါ်လာသော ဖုန်းဝူချန်ကြောင့် အော်ဟစ်နေသော အဘိုးအိုမှာ အကြီးအကျယ် လန့်ဖြန့်သွားရတော့သည်။
"လျှပ်တစ်ပြက် လှုပ်ရှားမှု ပါလား"
အဘိုးအိုက မျက်လုံးအဝိုင်းသားဖြင့် အော်ဟစ်လိုက်၏။ သူသည် ဖုန်းဝူချန်ကို မယုံကြည်နိုင်လောက်အောင် အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေမိ၏။
"မင်းက လျှပ်တစ်ပြက် လှုပ်ရှားမှုကို သိတာလား"
ဖုန်းဝူချန်က အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ၏ စိတ်ထဲတွင်မူ ဤအဘိုးအိုသည် နဂါးနတ်ဆိုး နှင့် တစ်စုံတစ်ရာ ပတ်သက်နေသည်မှာ သေချာသည်ဟု မှတ်ယူလိုက်၏။
"ဟဲ့... လူလည်လေး.. မြန်မြန် ..ငါ့ကို ကယ်စမ်းပါဦး"
ဖုန်းဝူချန် ပြန်ရောက်လာသည်ကို မြင်သောအခါ အဘိုးအိုမှာ အတိုင်းအဆမဲ့ ဝမ်းသာသွားပြီး မှာကြားလိုက်၏။
ဖုန်းဝူချန်ကမူ အေးအေးဆေးဆေးပင် ဆိုလိုက်၏။
"အရင်ဆုံး ကျွန်တော့် မေးခွန်းကို အရင်ဖြေဦးလေ"
"ငါက မီးတောက်နဂါး ကွ၊ နဂါးနတ်ဆိုး ရဲ့ လက်အောက်က စစ်သူကြီး တစ်ယောက်ပေါ့"
အဘိုးအိုက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
"မီးတောက်နဂါး ဟုတ်လား...ခင်ဗျားက မီးတောက်နဂါး လား"
ထိုစကားကြောင့် ဖုန်းဝူချန်၏ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။ နဂါးနတ်ဆိုး ၏ မှတ်ဉာဏ်များအတွင်းမှ မီးတောက်နဂါး၏ ပုံရိပ်မှာ သူ၏ ခေါင်းထဲသို့ ရောက်ရှိလာသော်လည်း... သူ၏ ရှေ့မှ အဘိုးအိုမှာမူ ထိုပုံရိပ်နှင့် လုံးဝ ကွဲပြားနေသည် မဟုတ်ပါလော။
"ခင်ဗျားက မီးတောက်နဂါး မဟုတ်ပါဘူး။ ငါ ဘယ်လိုပဲ ကြည့်ကြည့်...ခင်ဗျားနဲ့ မီးတောက်နဂါးနဲ့က တစက်မှ မတူဘူး"
ဖုန်းဝူချန်က ခေါင်းကို ခါယမ်းလိုက်ရင်း ထပ်မံ မေးမြန်းလိုက်၏။
"ခင်ဗျားက တကယ်တမ်း ဘယ်သူလဲ။ နဂါးနတ်ဆိုး ကိုရော ဘယ်လို သိတာလဲ"
"ဟဲ့... ခွေးကောင်လေး.. ငါ့ကိုများ လာစစ်ဆေးနေသေးတယ်၊ ငါက မီးတောက်နဂါးအစစ်ကွ"
အဘိုးအိုက ဒေါသတကြီးဖြင့် သူ၏ ဖွားလန်နေသော ဆံပင်ဖြူများကို လက်နှစ်ဖက်ဖြင့် ဆွဲဖွလိုက်ပြီး သူ၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာဖြင့် ဖုန်းဝူချန်ကို စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်၏။
ဖုန်းဝူချန်က အနီးကပ် သေသေချာချာ အကဲခတ်လိုက်သောအခါမှသာ... ထိုအဘိုးအို၏ မျက်နှာပေါ်တွင် မီးတောက်နဂါး၏ အရှိန်အဝါအချို့ကို စတင် မြင်တွေ့လိုက်ရတော့သည်။
ဤအဘိုးအိုသည် နှစ်ပေါင်း မည်မျှကြာအောင် ပိတ်လှောင်ခံထားရသည် မသိသဖြင့် ညစ်ပတ်ပေရေနေပြီး သေသေချာချာ မကြည့်ပါက မည်သူမှန်း သိရန် ခဲယဉ်းလွန်းလှပါ၏။
"ခင်ဗျား…တကယ်ပဲ မီးတောက်နဂါး လား"
ဖုန်းဝူချန်က မယုံကြည်နိုင်စွာဖြင့် ထပ်မံ မေးလိုက်ပြန်သည်။
"နုံအလိုက်တဲ့ ကောင်လေးရာ ၊ မင်းက ငါ့ကို တစ်ခါမှ မြင်ဖူးတာလည်း မဟုတ်ဘဲနဲ့... ငါ မီးတောက်နဂါး ဟုတ်မဟုတ် ..မင်း ဘယ်လိုလုပ် သိမှာလဲ"
အဘိုးအိုက အလိုမကျစွာဖြင့် ပြန်လည် အော်ဟစ်လိုက်၏။
"ဒီဒေါသကြီးတဲ့ ပုံစံကတော့ တော်တော် တူတာပဲ"
ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။
သူသည် နဂါးနတ်ဆိုး ၏ မှတ်ဉာဏ်များနှင့် ချိန်ညှိကြည့်လိုက်သောအခါ ဤအဘိုးအိုသည် အမှန်တကယ်ပင် မီးတောက်နဂါး ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်တော့သည်။ မီးတောက်နဂါးသည် နဂါးမျိုးနွယ်စုဝင် တစ်ဦး ဖြစ်သကဲ့သို့ နဂါးနတ်ဆိုး ၏ လက်ရုံးတစ်ဆူလည်း ဖြစ်ခဲ့ရာ သူ၏ ခွန်အားမှာလည်း အကြီးအကျယ် ကြောက်စရာ ကောင်းလှပေ၏။
"ဟဲ့... ကောင်လေး။ မင်းက နဂါးနတ်ဆိုး ရဲ့ ကျင့်စဉ်တွေကို ဘယ်လို ရတာလဲ။ ပြီးတော့ မင်းက လူသားတစ်ယောက် ဖြစ်နေပါလျက်နဲ့... ဘာလို့ နဂါးမျိုးနွယ်စုရဲ့ သွေးမျိုးဆက်တွေ ရှိနေရတာလဲ"
မီးတောက်နဂါးက ဖုန်းဝူချန်ကို စူးစိုက်ကြည့်ကာ မေးမြန်းလိုက်သည်။
"ဝုန်း..."
ဖုန်းဝူချန်သည် သူ၏ ကိုယ်တွင်းမှ ဝူမီးတောက်ကို လှုံ့ဆော်လိုက်ရင်း ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်၏။
"အဲဒါတွေကိုတော့ နောက်မှပဲ ပြောပြတော့မယ်။ အခုတော့ ခင်ဗျားကို အရင် ကယ်ရမယ်။ ကျွန်တော့်မှာ တကယ့်ကို အရေးကြီးတဲ့ ကိစ္စရှိလို့... ခင်ဗျား ခဏလောက် ပါးစပ်ပိတ်ထားပေးရင် ပိုကောင်းလိမ့်မယ်"
---
ဝူမီးတောက်သည် ဂူ၏ ကြမ်းပြင်ပေါ်ရှိ အလင်းတန်း မျက်နှာပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။ ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင် ထိုမီးတောက်မည်းကြီးမှာ အခင်းအကျင်း၏ စွမ်းအားများကို တရစပ် ဝါးမြိုနေတော့၏။ ဖုန်းဝူချန်သည် ထျန်းကျီဘုံ ပထမအလွှာသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ သူ၏ ဝူမီးတောက်အပေါ် ထိန်းချုပ်နိုင်စွမ်းမှာလည်း ယခင်ကထက် အဆပေါင်းများစွာ ပိုမို အားကောင်းလာခဲ့ပြီ ဖြစ်သည်။
"ဝီ... ဝီ..."
ပိတ်ဆို့ခြင်း အခင်းအကျင်းကြီးမှာ ပြင်းထန်စွာ တုန်ခါလာပြီး တောက်ပလှသော အပြာရောင် အလင်းတန်းများက ဂူတစ်ခုလုံးကို ပြည့်နှက်သွားစေတော့သည်။ လျှို့ဝှက် မီးတောက် ဂူ အပြင်ဘက်ရှိ ကူတင့်နှင့် အခြားသူများမှာမူ ထိုဖျက်ဆီးခြင်း အရှိန်အဝါကြီးကြောင့် မိစ္ဆာမီးတောက်များ ပြန်ထွက်လာပြီဟု ထင်မှတ်ကာ ထွက်ပြေးကုန်ကြရ၏။
"ဒီမီးတောက်မည်းတွေက... ဝါးမြိုနိုင်စွမ်း အရမ်း ကြောက်စရာ ကောင်းတာပဲ။ ဒါ ရှေးဦး ဝူမီးတောက် များလား"
မီးတောက်နဂါးပင်လျှင် ဝူမီးတောက်၏ စွမ်းအားကြောင့် အကြီးအကျယ် ထိတ်လန့်နေမိတော့သည်။
'ဒီအခင်းအကျင်းရဲ့ စွမ်းအားက အရမ်း ကြီးလွန်းတယ်။ ငါ့ခန္ဓာကိုယ်က ဒီလောက်အင်အားတွေကို တောင့်ခံနိုင်ပါ့မလား မသိဘူး'
ဖုန်းဝူချန် စိတ်ထဲမှ တိတ်တဆိတ် တွေးတောရင်း အံကို တင်းတင်းကြုတ်ထားလိုက်၏။
ဝူမီးတောက်သည် အခင်းအကျင်း၏ စွမ်းအားများကို အငမ်းမရ ဝါးမြိုနေပြီး ထိုစွမ်းအားများမှာ ဖုန်းဝူချန်၏ သွေးကြောများအတွင်းသို့ ဒလဟော စီးဝင်လာပြီ ဖြစ်သည်။ သွေးကြောများ ပြည့်လျှံလာမှုကြောင့် ဖုန်းဝူချန်၏ မျက်နှာမှာလည်း နာကျင်မှုကြောင့် ပုံပျက်နေတော့သည်။
"ပုံရိပ်ယောင် သိုင်းကွက်"
ဖုန်းဝူချန်က အသံကုန် ဟိန်းဟောက်လိုက်ပြီး သူ၏ ရှေးဦး ဝိညာဉ် ပုံရိပ်ယောင် (၁၂) ခုကို လျှပ်တစ်ပြက်အတွင်း ထုတ်ဖော်ကာ ထိုကြီးမားလှသော စွမ်းအားများကို ကူညီ သန့်စင်စေလိုက်၏။
"ဒါ... ဒါက ပုံရိပ်ယောင် သိုင်းကွက် မဟုတ်လား"
မီးတောက်နဂါးမှာ ထိုပုံရိပ်ယောင်များကို မြင်လိုက်ရသောအခါ အိုမင်းနေသော မျက်လုံးများ ပြူးကျယ်သွားရတော့သည်။
'ဒီကောင်လေးက ဘယ်သူလဲ။ နဂါးနတ်ဘုရား သိတဲ့အရာမှန်သမျှကို သူက ဘာလို့ သိနေရတာလဲ။'
စွမ်းအားများ သန့်စင်သွားသည်နှင့်အမျှ ဖုန်းဝူချန်၏ ကျင့်ကြံခြင်း အဆင့်မှာလည်း တဟုန်ထိုး မြင့်တက်လာပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
"ဖြောင်း... ဖြောင်း..."
"ဒိုင်း..."
မိနစ်ပိုင်းမျှသော အချိန်အတွင်းမှာပင် ထိုခိုင်မာလှသော အခင်းအကျင်းကြီးမှာ ဝူမီးတောက်၏ ဝါးမြိုမှုအောက်တွင် လုံးဝ ပြိုကွဲ ပျက်စီးသွားခဲ့တော့သည်။
"ပွင့်သွားပြီ ၊ အခင်းအကျင်း ပွင့်သွားပြီဟေ့"
မီးတောက်နဂါးက အတိုင်းအဆမဲ့ ဝမ်းသာပီတိ ဖြစ်စွာဖြင့် အော်ဟစ်လိုက်လေတော့၏။
"ဟူး..."
ဖုန်းဝူချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်၏။
သူသည် အခင်းအကျင်းကို ဖျက်ဆီးပြီးသည်နှင့် မီးတောက်နဂါးကို စပါးလုံး တစ်ထောက်စာမျှ ဂရုမစိုက်တော့ဘဲ... လျှပ်တစ်ပြက် လှုပ်ရှားမှုကို အသုံးပြုကာ နဂါးနတ်ဘုရား နန်းတော်ရှိရာ ဆီသို့ တဟုန်ထိုး ပြန်လည် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
သူ၏ အတွင်းစိတ်က နဂါးနတ်ဘုရား နန်းတော်တွင် ဆိုးရွားလှသော ကိစ္စတစ်ခုခု ဖြစ်နေပြီဟု အသည်းအသန် သတိပေးနေသောကြောင့်ပင်။
"ဒီကောင်လေးကတော့... ပြေးလိုက်တာ မြန်လိုက်တာကွာ"
မီးတောက်နဂါးမှာ ခေတ္တမျှ ကြောင်အသွားပြီးမှ ခေါင်းကို ခါယမ်းလိုက်၏။
"နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရပြီးမှတော့... အခု ငါလည်း လောကကြီးကို ပြန်ပတ်ကြည့်ရတာပေါ့ဟေ့"
ပြောပြောဆိုဆိုပင် မီးတောက်နဂါး၏ ပုံရိပ်မှာလည်း တိတ်ဆိတ်စွာ ပျောက်ကွယ်သွားလေတော့သည်။
သူ၏ ကျင့်ကြံခြင်း အဆင့်မှာ မည်မျှ ကြောက်စရာ ကောင်းနေသနည်း ဆိုသည်မှာ ထိုပျောက်ကွယ်သွားသော ပုံရိပ်လေးကပင် သက်သေပြနေပြီ ဖြစ်သည်။
နဂါးနတ်ဘုရား နန်းတော်မှ ငိုရှိုက်သံများ..
နဂါးနတ်ဘုရား နန်းတော်သို့ ပြန်ကြည့်လိုက်မည် ဆိုလျှင်မူ... လင်ရှောင်ရှောင် ဒုတိယအကြိမ် ဖန်တီးထားသော အကာအကွယ်ကြီးမှာ မိစ္ဆာပုလဲ၏ တိုက်စားမှုကြောင့် လုံးဝ ပြိုကွဲ ပျက်စီးသွားတော့၏။ နတ်ဘုရား ဘုရင် နန်းတော်မှ ပညာရှင်များမှာမူ အကြင်နာ ကင်းမဲ့စွာဖြင့် စတင် တိုက်ခိုက်နေကြတော့သည်။
တိုက်ပွဲကြီးမှာ နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲထွက်လာခဲ့ပြီ ဖြစ်သည်။ ထျန်းရှန်းဇီနှင့် အခြားသူများမှာ အစွမ်းကုန် တိုက်ခိုက်နေကြသော်လည်း... သူတို့ဘက်မှ မဟာမိတ်များစွာမှာ တစ်ယောက်ပြီးတစ်ယောက် အသက်ပေးနေကြရသည်။
ကျန်ရှိနေသူများမှာလည်း အပြင်းအထန် ဒဏ်ရာများဖြင့် တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးနေကြရရှာလေ၏။
နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များမှာ ပို၍ပင် အထိနာနေကြရတော့သည်။ ပေတိုထျန်းယဲ့၊ လျိုယန်၊ ဟိုမင်နှင့် တောက်ဟွန်းတို့ကဲ့သို့သော ညီအစ်ကိုများ အားလုံးမှာလည်း အသက်ပေးသွားခဲ့ကြရတော့သည်။ လျိုချင်းယန်နှင့် ယီထျန်းချင်းတို့မှာလည်း အပြင်းအထန် ဒဏ်ရာရထားကြပြီး... အကယ်၍ လန်ယွီ၏ 'ရေဝိညာဉ် အကာအကွယ်' သာ အချိန်မီ ထွက်မလာခဲ့ပါက သူတို့အားလုံး အသက်ရှင်နိုင်ကြမည် မဟုတ်ပါချေ။
ဒါက နဂါးနတ်ဘုရား နန်းတော်အတွက်တော့ အဆိုးရွားဆုံးသော ရှုံးနိမ့်မှုကြီး တစ်ခုပင် ဖြစ်သည်။ စစ်သည်တော် သုံးရာကျော်မှာ အသက်ပေးသွားခဲ့ကြရပြီး မဟာမိတ်များစွာလည်း ကျဆုံးနေကြရတော့၏။
လင်ရှောင်ရှောင်၏ လှပသော မျက်နှာလေးမှာလည်း သွေးရောင် ဖျော့ နေပြီ ဖြစ်သည်။ သူမသည် နန်းတော်ကြီးကို ကာကွယ်ရန်အတွက် သူမ၏ စွမ်းအားများ အားလုံးကို အသုံးချခဲ့သဖြင့် ယခုအခါတွင် အားအင်များ ကုန်ခမ်းနေရ၏။
"နုံအလိုက်တဲ့ ကောင်မလေး... အခုတော့ အားကုန်သွားပြီ မဟုတ်လား။ နင့်ရဲ့ အကာအကွယ်တွေက ငါ့ကို မတားနိုင်ပါဘူးဆိုတာ သိသွားပြီလား"
လိန်ဟွန်းက ရက်စက်စွာ လှောင်ပြုံးရင်း ဆိုလိုက်၏။
"နင် သတ္တိရှိရင် ငါ့ကို အခုချက်ချင်း သတ်လိုက်လေ"
လင်ရှောင်ရှောင်က အားအင်ကုန်ခမ်းနေသော်လည်း အနည်းငယ်မျှ နောက်မဆုတ်ဘဲ အေးစက်စွာ စိန်ခေါ်လိုက်၏။
သူမသည် ဖုန်းဝူချန်အတွက် ဤနန်းတော်ကြီးကို အသေခံ၍ ကာကွယ်ရန် ဆုံးဖြတ်ထားသူ မဟုတ်ပါလော။
"နင့်ကိုတော့ ငါ မသတ်သေးပါဘူး။ ဒါပေမဲ့ ကျန်တဲ့လူတွေ အကုန်လုံးကတော့ သေရမယ်"
လိန်ဟွန်းက အေးစက်စွာ ကြွေးကြော်လိုက်သည်။
"ဟို မောက်မာလှတဲ့ ကောင်လေးကို အရင်ဆုံး သတ်ပစ်ကြစမ်း"
သူက လျိုချင်းယန်ကို လက်ညှိုးထိုးကာ အမိန့်ပေးလိုက်လေ၏။ ထျန်းကျီဘုံ ပညာရှင် တစ်ဦးက ရိုသေစွာ နာခံလိုက်ပြီးနောက်... လေထဲသို့ လက်တစ်ချက် ဝှေ့ယမ်းကာ အပြင်းအထန် ဒဏ်ရာရနေသော လျိုချင်းယန်ကို ကောင်းကင်ယံသို့ ဆွဲတင်လိုက်လေတော့သည်။
"အစ်ကိုလျို"
မြောင်ချင်းချင်းမှာ မျက်နှာ ပျက်ယွင်းသွားပြီး လျိုချင်းယန်ကို ဆွဲဖမ်းရန် အသည်းအသန် ရှေ့သို့ တိုးဝင်သွားလေ၏။
"ချင်းယန်"
လင်ရှောင်ရှောင်နှင့် အခြားသူများမှာလည်း အစွန်းရောက်သော နာကျည်းမှုများနှင့်အတူ ထိတ်လန့်တုန်လှုပ်ကုန်ကြသော်လည်း... မည်သူကမျှ ဝင်ရောက် ကူညီနိုင်လောက်သော အားအင် မရှိကြတော့ပါချေ။