~အဖျက်အား လေမုန်တိုင်းကြီး တစ်ခုသည် ဟင်းလင်းပြင်အတွင်း၌ ရုတ်ချည်း ပေါ်ပေါက်လာလေ၏။ ထိုမုန်တိုင်းသည် လေဓားသွားပေါင်း ထောင်သောင်းချီကို အရပ်မျက်နှာအနှံ့ ရူးသွပ်စွာ ပစ်လွှတ်နေပြီး ထျန်းကျီဘုံ သတ္တမနှင့် အဋ္ဌမအလွှာရှိ ကျင့်ကြံသူများကိုပင် အပိုင်းပိုင်းအစစ ဖြစ်သွားစေနိုင်သည့် အစွမ်းရှိသည်။
ထိုလေမုန်တိုင်းသည် ခွန်ယွင် နှင့် ကျန်ရှိနေသည့် ထျန်းကျီဘုံ ပညာရှင် ဒါဇင်ကျော်ကို ကာကွယ်ပေးထားသော်လည်း... ရေခဲရုပ်တု ဖြစ်နေသည့် တပည့် ရာပေါင်းများစွာအတွက်မူ လိန်ဟွန်း သည် အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ အကြင်နာကင်းမဲ့စွာ ပစ်ပယ်ထားခဲ့၏။
---
လိန်ဟွန်း၏ ရက်စက်ကြမ်းကြုတ်သော အမူအရာမှာ ဝူမီးတောက် ကို အမြစ်ပြတ် ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားပုံရ၏။ ထက်ရှသော လေမုန်တိုင်းသည် အရပ်မျက်နှာအသီးသီးမှ ဝူမီးတောက်များကို ဝါးမြိုပစ်လိုက်သဖြင့် မီးတောက် လေမုန်တိုင်းကြီးအသွင် ပြောင်းလဲသွားတော့သည်။
"ဟွန်း... မင်း.. ဘာထပ်လုပ်နိုင်ဦးမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့"
လိန်ဟွန်းက မထီမဲ့မြင်ပြုသော လေသံဖြင့် ဆိုလိုက်လေ၏။ သူသည် ဝူမီးတောက်ကို စပါးလုံး တစ်ထောက်စာမျှပင် အရေးမစိုက်ပါချေ။ သို့သော် လိန်ဟွန်းသည် ဝူမီးတောက်ကို အတော်လေး အထင်သေးမိသွားခဲ့ပြီ ဖြစ်သည်။ မိမိ၏ ခွန်အားဖြင့် ထိုမီးတောက်ကို အလွယ်တကူ ဖျက်ဆီးနိုင်မည်ဟု သူက ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်ငြားလည်း... သူ၏ အံ့အားသင့်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားရ၏။ ထိုလေမုန်တိုင်းကြီးမှာ မီးတောက်မုန်တိုင်းအဖြစ် ပြောင်းလဲသွားသည့် အခိုက်အတန့်၌ပင်... ၎င်း၏ စွမ်းအားများသည် မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ပျောက်ကွယ်နေခြင်းကြောင့်ပင် ဖြစ်သည်။
လိန်ဟွန်း၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
သူ၏ ထျန်းကျီဘုံ သတ္တမအလွှာ စွမ်းအားကြီးမှာ ဝူမီးတောက်၏ ဝါးမြိုခြင်းကို အသည်းအသန် ခံနေရပြီပင်။
"သခင်လေး... ဒီမီးတောက်မည်းတွေရဲ့ ဝါးမြိုနိုင်စွမ်းက တကယ့်ကို ကြောက်စရာကြီး။ အတော်လေး သတိထားမှ ဖြစ်မယ်" ခွန်ယွင်က အသည်းအသန် အော်ဟစ် သတိပေးလိုက်၏။ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် တစ်ဦးပင်လျှင် ဤမီးတောက်ကြောင့် ကျောချမ်းနေရပြီ မဟုတ်ပါလော။
မိနစ်ပိုင်းမျှပင် မကြာလိုက်မီမှာပင် လိန်ဟွန်း ဖန်တီးထားသည့် လေမုန်တိုင်းကြီးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။ ထက်ရှသော ဝူမီးတောက်သည် ဖုန်းဝူချန် ၏ ထိန်းချုပ်မှုအောက်တွင် နောက်တစ်ကြိမ် သိပ်သည်းသွားပြီး လိန်ဟွန်းတို့၏ ထွက်ပြေးလမ်းကို ပိတ်ဆို့လိုက်ပြန်၏။
"ခွေးကောင်လေး .. သိပ် မောက်မာမနေနဲ့"
ခွန်ယွင် အေးစက်စွာ ကြိမ်းမောင်းလိုက်ပြီးနောက်... နတ်ဘုရားအသွင်ပြောင်းဘုံ တတိယအလွှာ အရှိန်အဝါအား တောင်ကျရေတံခွန်ပမာ ပေါက်ကွဲစေလိုက်၏။
"ဝီ... ဝီ..."
ထိုကြီးမားလှသော ခွန်အားကြောင့် ပတ်ဝန်းကျင် ပေသောင်းချီသော ဟင်းလင်းပြင် တစ်ခုလုံး ပြိုကွဲပျက်စီးသွားပြီး အမှောင်ထုကြီး ဖုံးလွှမ်းသွားတော့သည်။ ခွန်ယွင် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်းဝူချန်သည်လည်း ဝူမီးတောက်၏ စွမ်းအင်များကို အစွမ်းကုန် ထုတ်လွှတ်လိုက်တော့သည်။
ဟင်းလင်းပြင်အတွင်းရှိ အပူချိန်မှာ အဆမတန် မြင့်တက်လာသည်။ ထိုအပူရှိန်မှာ ဝင်းခနဲ တောက်နေသော သံပူခဲကြီးဖြင့် မျက်နှာကို ကပ်ထားသည့်အလား ပြင်းထန်လှသည်။
"ဒီမီးတောက်ရဲ့ အပူချိန်က..."
ခွန်ယွင်၏ မျက်နှာမှာ အကျည်းတန်
သွားပြီး သူ၏ အစစ်အမှန်ယွမ်များကို အသုံးပြုကာ ထိုအပူရှိန်ကို အသည်းအသန် ခုခံနေရတော့၏။
ဖုန်းဝူချန်သည် ခွန်ယွင်ကို ထိပ်တိုက်ရင်ဆိုင်ရန် အစီအစဉ် မရှိသေးပါချေ။ သူ၏ ပထမဆုံး ပစ်မှတ်မှာ နတ်ဘုရား ဘုရင် နန်းတော်မှ တပည့် ရာပေါင်းများစွာ ဖြစ်သည်။
"ဟွန်း"
ဖုန်းဝူချန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ... ပြန့်ကျဲနေသော ဝူမီးတောက်များသည် ရေပုံးပမာဏခန့် တုတ်ခိုင်လှသော ဧရာမ နဂါးနက်ကြီးများ အဖြစ်သို့ ပြောင်းလဲသွားကြ၏။ ထိုနဂါးနက်ကြီးများသည် ရေခဲရုပ်တု ဖြစ်နေသည့် တပည့်များထံသို့ တဟုန်ထိုး ပြေးဝင်သွားပြီး သူတို့၏ ခန္ဓာကိုယ်များကို ရစ်ပတ်လိုက်တော့သည်။
"အား... အမေရေ... ကယ်ကြပါဦး..."
ရေခဲများ အရည်ပျော်သွားသည်နှင့် တပည့် ရာပေါင်းများစွာမှာ သတ်ရမည့် ဝက်များပမာ အသည်းကွဲမတတ် အော်ဟစ်နေကြရတော့သည်။ သူတို့၏ ကိုယ်ပေါ်တွင် အမည်းရောင် မီးလျှံများ တဟုန်းဟုန်း တောက်လောင်နေပြီး မည်သို့မျှ ရုန်းကန်၍ မရနိုင်တော့ပါချေ။
မျက်တောင်တစ်ခတ်အတွင်းမှာပင်...
နတ်ဘုရား ဘုရင် နန်းတော်မှ တပည့် ရာပေါင်းများစွာနှင့် ထျန်းကျီဘုံ ပညာရှင် အချို့မှာ ပြာအဖြစ်သို့ ပြောင်းလဲသွား၏။
ဝူမီးတောက်၏ လွှမ်းမိုးမှုမှာ တကယ့်ကို ရက်စက်ကြမ်းကြုတ်လှသည်။
မိမိ၏ တပည့်များ အရှင်လတ်လတ် မီးလောင်ပြာကျသွားသည်ကို မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသောအခါ လိန်ဟွန်း၏ မျက်နှာမှာ ရေညှစ်၍ရအောင် မှောင်မိုက်သွားတော့သည်။ သူ၏ ရင်ထဲတွင် ဒေါသမီးများ တဝုန်းဝုန်း ထတောက်လာပြီး သတ်ဖြတ်လိုစိတ်များမှာလည်း ပြင်းထန်လှသည်။
ကျန်ရှိနေသော ထျန်းကျီဘုံ ပညာရှင် ဒါဇင်ကျော်မှာမူ အလွန်အမင်း ထိတ်လန့်နေကြပြီး သူတို့၏ မျက်နှာများမှာ စက္ကူချပ်ပမာ ဖြူလျော့နေကြတော့သည်။ ဖုန်းဝူချန်သည် ဤမျှလောက်အထိ ကြောက်စရာ ကောင်းလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။
"ဝှစ်..."
ဖုန်းဝူချန်၏ ပုံရိပ်မှာ ခွန်ယွင်အား ပတ်၍ လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး လိန်ဟွန်းတို့ အဖွဲ့၏ အနောက်ဘက်တွင် ပြန်လည် ပေါ်ထွက်လာ၏။
"မင်းတို့ တစ်ယောက်မှ... မလွတ်ဘူး"
ဖုန်းဝူချန်၏ အေးစက်လှသော အသံမှာ လူသားဆန်မှု စပါးလုံး တစ်ထောက်စာမျှပင် မပါဝင်တော့ပါချေ။
"ဖုန်းဝူချန် .. ငါ့ကို တားနိုင်မယ် ထင်နေတာလား"
လိန်ဟွန်းက ရက်စက်စွာ ဟိန်းဟောက်လိုက်၏။
"ဝုန်း..."
ဖုန်းဝူချန်က ဘာမှ ပြန်မပြောဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ... အမည်းရောင် မီးလျှံများသည် ဧရာမ သားရဲကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လိန်ဟွန်းတို့ထံသို့ တဟုန်ထိုး ခုန်အုပ်လိုက်တော့သည်။
"ဟင်းလင်းပြင် စွမ်းအား"
လိန်ဟွန်းက သူ၏ စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး ထျန်းကျီဘုံ ပညာရှင်များနှင့်အတူ လေထဲတွင်ပင် ပျောက်ကွယ်သွားလေ၏။