ယန်ရှောင်ကျစ်မှာ စိတ်ထားကောင်းလှသော မိန်းကလေးတစ်ယောက်ပင်။ အဘွားအိုတစ်ယောက် လဲကျသွားသည်ကို မြင်လိုက်ရသောအခါ သူ(မ)လည်း တွေဝေမနေဘဲ ချက်ချင်းပြေးသွားလိုက်သည်။
ထိုအဘွားအိုက မြေပြင်ပေါ်မှာ လဲကျနေပြီး ခန္ဓာကိုယ်ကလည်း တဆတ်ဆတ်တုန်ယင်နေပေသည်။
ယန်ရှောင်ကျစ် လန့်ဖျပ်သွားသည်။
"ဘာဖြစ်တာလဲ အဘွား"
အဘွားအိုက အတုန်တုန်အယင်ယင်ဖြင့် ပြောရှာသည်။
"အဘွားမှာ နှလုံးရောဂါရှိတယ်။ ဆေးတွေက အိတ်ကပ်ထဲမှာ"
ယန်ရှောင်ကျစ်လည်း အဘွားအို၏အိတ်ကပ်ထဲကို လက်နှိုက်ကြည့်လိုက်သော်လည်း ပိုက်ဆံအိတ်တစ်လုံးကိုသာ တွေ့လိုက်ရသည်။
"အဘွား.. အိတ်ကပ်ထဲမှာ ဘာဆေးမှမရှိပါဘူး။ အဘွား အမှတ်မှားနေတာများလား။ ကျွန်မ အဘွားအတွက် ၁၂၀ကို ခေါ်ပေးမယ်နော်"
ယန်ရှောင်ကျစ်က ထိုသို့ပြောပြီးနောက် မတ်တတ်ထရပ်ရန် ပြင်လိုက်သည်။
သို့သော် သူ(မ) မတ်တတ်ရပ်တော့မည့်ဆဲဆဲမှာပင် အစောကမှ သတိလစ်လုမတတ်ဖြစ်နေသော အဘွားအိုက ယန်ရှောင်ကျစ်၏လက်ကောက်ဝတ်ကို ရုတ်တရက်လှမ်းဆွဲလိုက်သည်။
"ကလေးမ… နင်က တော်တော်ရက်စက်တာပဲ။ လူကို ဝင်တိုက်ပြီးတော့ ထွက်ပြေးမလို့ပေါ့"
ယန်ရှောင်ကျစ် ကြက်သေသေသွားလေသည်။
သူ့ဘာသာ လဲကျသွားတာ အသိသာကြီးကို...
ယခုမူ အဘွားအိုက လုံးဝအားနည်းနေခြင်းမရှိတော့ဘဲ အလွန်အားအင်ပြည့်ဝနေဟန်တူသည်။
သူ(မ)၏မျက်လုံးထဲဝယ် မလိုမုန်းထားမှုများ တောက်ပနေလေသည်။
"ငါ့ဘာသာငါ လမ်းလျှောက်နေတာ နင် ငါ့ကို ဝင်တိုက်တာလေ။ နင် လျော်ကြေးမပေးဘဲ ထွက်သွားလို့မရဘူး"
ယန်ရှောင်ကျစ်မှာ ယခင်က ဒဏ်ရာရချင်ယောင်ဆောင်ပြီး ငွေညှစ်သည့် သတင်းများကို မြင်ဖူးသော်လည်း သူ(မ)ကိုယ်တိုင် ဤကိစ္စမျိုး ကြုံရလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။
"ဘာပေါက်ကရတွေ လာပြောနေတာလဲ။ ရှင့်ဘာသာရှင် လဲကျတာလေ။ ကျွန်မက ရှင့်ကို လာကူညီပေးတာကို"
ယန်ရှောင်ကျစ်လည်း ပြန်လည်ချေပလိုက်သည်။
ယန်ရှောင်ကျစ်က ထိုသို့ပြောရင်း အဘွားအို၏လက်ထဲမှ အလွတ်ရုန်းထွက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
သို့သော် အဘွားအိုက မြဲမြဲမြံမြံဆုပ်ကိုင်ထားသဖြင့် ယန်ရှောင်ကျစ်ခမျာ အလွတ်မရုန်းနိုင်ခဲ့ပေ။
အဘွားအိုက သူ(မ)၏လက်မောင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားရင်း လမ်းသွားလမ်းလာများကို အော်ခေါ်လိုက်သည်။
"ရက်စက်လိုက်တာနော်။ လူကိုဝင်တိုက်ပြီး ထွက်ပြေးမလို့တဲ့။ ဒီကောင်မလေးက ငါ့ကို ရိုက်လည်းရိုက်သေးတယ်"
ယန်ရှောင်ကျစ်မှာမူ ဒေါသပေါက်ကွဲတော့မတတ်ပင်။ ဇာတ်လမ်းတွဲများထဲရှိ သရုပ်ဆောင်များပင် ဤအဘွားအိုလောက် သရုပ်ဆောင်နိုင်မည်မဟုတ်ပေ။
ထိုအချိန်မှာ ယန်ရှောင်ကျစ်လည်း သူ(မ)အနောက်ရှိ အဘွားအိုထံမှ အမြန်ဆုံးရုန်းထွက်ချင်ရုံသာ ရှိတော့သည်။
ထိုစဉ် ပြစ်တင်ကြိမ်းမောင်းလိုက်သော အသံတစ်သံထွက်ပေါ်လာသည်။
"မိန်းမယုတ်… နင် ငါ့အမေကို ဘာလုပ်လိုက်တာလဲ"
ထိပ်ပြောင်ပြောင်အမျိုးသားတစ်ယောက် ပေါ်လာပြီး ယန်ရှောင်ကျစ်ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
ယန်ရှောင်ကျစ်ကလည်း ခပ်မြန်မြန်ပြောလိုက်လေသည်။
"ကျွန်မ ဘာမှမလုပ်ပါဘူး။ သူ့ဘာသာလဲကျသွားလို့ ကျွန်မက ကူညီပေးချင်ရုံသက်သက်ပါ"
အဘွားအိုက အော်ဟစ်ငိုယိုလိုက်သည်။
"နင်တို့မြို့သူမြို့သားတွေက အရမ်းရက်စက်တာပဲ။ နင် ငါ့ကိုဝင်တိုက်သွားတာ အသိသာကြီးကို"
ထိပ်ပြောင်ပြောင်လူက လှောင်ပြောင်လိုက်လေသည်။
"ကောင်မလေး.. နင် လူကို ဝင်တိုက်တုန်းက တိုက်ထားပြီး ဗြောင်လိမ်ချင်တယ်ပေါ့။ နင်သာ ငါ့အမေကို ဝင်မတိုက်ဘူးဆိုရင် ဘာလို့ လာကူညီပေးမှာလဲ။ နင်ဝင်တိုက်တာပဲဖြစ်ရမယ်"
ထိပ်ပြောင်ပြောင်အမျိုးသား၏ စွပ်စွဲချက်များကြောင့် ယန်ရှောင်ကျစ် ဆွံ့အသွားရသည်။
အဘွားအိုတစ်ယောက် လဲကျသွားတာကိုမြင်လို့ သွားကူညီပေးမိတာ ငါ့အမှားလား
ထိုအချိန်တွင် လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ကြည့်ရန်အတွက် ဝိုင်းလာကြပြီဖြစ်၏။
အမျိုးသမီးတစ်ယောက်က ခုန်ထွက်လာပြီး ယန်ရှောင်ကျစ်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"ဒီကောင်မလေး လိမ်နေတာ။ သူ လူကိုဝင်တိုက်သွားတာ ငါမြင်လိုက်တယ်"
"ငါလည်းမြင်လိုက်တယ်။ သူက အဘွားအိုကို ဝင်တိုက်ပြီး အိတ်ကပ်တွေထဲကို နှိုက်ကြည့်နေတာ။ အဘွားအိုသတိလစ်နေတုန်း ပိုက်ဆံခိုးချင်လို့နေမှာ"
ဤစကားကိုကြားသော် ပတ်ပတ်လည်ရှိ လူများမှာ ယန်ရှောင်ကျစ်ကို ဝိုင်းဝန်းစွပ်စွဲကြတော့သည်။
"ဒီကောင်မလေး ဘယ်လိုလုပ်ပြီး လုပ်ရက်ရတာလဲ"
"ဟုတ်ပါ့။ ကိုယ်ကျင့်တရား မရှိတာပါ"
"ဒီနေ့ခေတ်လူငယ်တွေများ"
ယန်ရှောင်ကျစ်ခမျာ နာကျည်းလွန်းသဖြင့် ငိုမိသည်။
"ကျွန်မ တကယ်ဝင်မတိုက်ခဲ့ပါဘူး"
ထိပ်ပြောင်ပြောင်အမျိုးသားက ယန်ရှောင်ကျစ်ကို ခက်ထန်စွာ လက်ညှိုးထိုးပြလိုက်သည်။
"ဒီကောင်မလေးက တော်တော်ယုတ်မာတာပဲ။ ငါ့အမေကို ဝင်တိုက်တဲ့အပြင် ပိုက်ဆံပါ ခိုးချင်သေးတယ်။ ဒီနေ့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စဉ်းစားထားလိုက်"
ယန်ရှောင်ကျစ်ခမျာ အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
"ရှင်တို့တွေအကုန်လုံးလိမ်နေတာ။ ကျွန်မ သူ့ကိုဝင်မတိုက်ဘူး။ သူ့ဘာသာလဲကျသွားတာ။ ကျွန်မက ကူညီပေးချင်ရုံပဲ။ ဒါပေမဲ့ သူက ကျွန်မကို ရိုက်စားလုပ်ချင်တာ။ ကျွန်မက သူ့အတွက် ဆေးရှာပေးချင်တာ။ ပိုက်ဆံခိုးဖို့မဟုတ်ဘူး"
"တရားမျှတမှုဆိုတာ မရှိတော့ဘူးပဲ။ သူ ငါ့ကိုဝင်တိုက်သွားတာ အသိသာကြီးတောင် ဝန်မခံဘူး"
အဘွားကြီးက မြေပြင်ပေါ်တွင် လှဲချပြီးနောက် အော်ဟစ်ကာ သောင်းကျန်းလေတော့သည်။
အစောက ဝင်ပြောပေးသည့် အမျိုးသမီးကြီးကလည်း မောက်မောက်မာမာပြောပြန်သည်။
"ဟဲ့ ကောင်မလေး.. ငါ အကုန်လုံးကို ဗီဒီယိုရိုက်ထားတယ်နော်။ နင် ငြင်းချင်သေးလား"
ထိုအမျိုးသမီးကြီးက သူ(မ)၏ဖုန်းကို ဆွဲထုတ်ကာ ဘေးနားရှိ လူများကို ပြလိုက်၏။
"ဒီကောင်မလေးကိုကြည့်စမ်း.. အဘွားရဲ့အိတ်ကပ်ကိုနှိုက်နေတာနော်။ ပိုက်ဆံခိုးတာမဟုတ်ရင် အဲဒါ ဘာလုပ်နေတာလဲ"
"တကယ်ပါပဲ။ ရုပ်လေးက သနားကမားလေးနဲ့ တော်တော်ယုတ်မာတာပဲ"
"အဲဒါကြောင့် နှာခေါင်းစည်းနဲ့ နေကာမျက်မှန်တပ်ပြီး သူ့မျက်နှာကို လုံလုံခြုံခြုံဖုံးထားတာကိုး။ မကောင်းတာလုပ်ထားတော့ လူမိသွားမှာကြောက်တယ်ထင်ပါရဲ့"
"ဒီလိုလူမျိုးကို အလွတ်ပေးလို့မဖြစ်ဘူး"
ဘေးနားရှိ လူအုပ်ကြီးက ယန်ရှောင်ကျစ်ကို ဝိုင်းဝန်းဆဲဆိုကြတော့သည်။
ယန်ရှောင်ကျစ်မှာ ကိုယ့်ကိုယ်ကိုယ်မကာကွယ်နိုင်တော့သဖြင့် သူများကိစ္စကို ဝင်ပါခဲ့မိသည့်အတွက် နောင်တရနေမိတော့သည်။
ယခုမူ ဤသည်မှာ ငွေလိမ်ဂိုဏ်းတစ်ခုဖြစ်ကြောင်း သူ(မ) သဘောပေါက်လိုက်လေပြီ။
ဤသည်မှာ အစကတည်းက ထောင်ချောက်ဆင်ထားခြင်းပင်။
ယန်ရှောင်ကျစ်ခမျာ ဘေးနားရှိ လူများကိုသာ ရှင်းပြရတော့သည်။
"ကျွန်မ တကယ် ဘယ်သူ့ကိုမှ ဝင်မတိုက်ခဲ့ပါဘူး။ သူ့မှာ နှလုံးရောဂါရှိတယ်ဆိုလို့ သူ့ဆေးကို ကူရှာပေးနေတာပါ"
ထိုအချိန်မှာပင် အဘိုးကြီးတစ်ယောက်က လူအုပ်ကြီးထဲမှ ထွက်လာပြီး ယန်ရှောင်ကျစ်ကို လက်ညှိုထိုးပြလိုက်သည်။
"နင်က ငြင်းချင်သေးတယ်ပေါ့။ နင့်လိုလူတွေကြောင့် လူ့အဖွဲ့အစည်းတစ်ခုလုံး ကိုယ်ကျင့်တရားတွေ ပျက်စီးနေရတာ"
ထိုအဘိုးကြိး၏စကားများက ဘေးနားရှိ လူအုပ်ကြီးကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားလေသည်။
"ဟုတ်ပါ့။ လူကို ဝင်တိုက်ပြီးတော့ ကောင်းတာလုပ်တယ်လို့ ပြောရဲသေးတယ်။ နည်းနည်းပါးပါးရှက်တတ်ပါဦး"
"သက်ကြီးရွယ်အိုဆီက ပိုက်ဆံခိုးဖို့ ကြိုးစားတာကတော့ တော်တော်လွန်သွားပြီ"
...
သက်လတ်ပိုင်းအရွယ် အမျိုးသမီးက မောက်မာစွာ ပြောလိုက်၏။
"ငါ့ဆီမှာ ဗီဒီယိုသက်သေရှိနေတာတောင် ဒီကောင်မလေးက ငြင်းနေသေးတယ်။ ဒါမျိုးက ခွင့်လွှတ်ပေးလို့ကိုမရတာ"
ပွဲကြည့်သူများလည်း ဒေါသထွက်လာကြတော့သည်။
ထိုအချိန်တွင် ထိပ်ပြောင်ပြောင်အမျိုးသားက ထီမထင်ဟန်အမူအရာဖြင့် ပြောလိုက်သည်။
"ဟမ့်… ဒီကောင်မလေးက လူကောင်းလို့ ငါတော့မထင်ဘူး။ မဟုတ်ရင် ဒီလောက်အထိ ဘာလို့လုံလုံခြုံခြုံဖုံးထားမှာလဲ။ သူ့နှာခေါင်းစည်းနဲ့ နေကာမျက်မှန်ကိုချွတ်ပြီး သူ့မျက်နှာအစစ်ကို ကြည့်ရအောင်"
အမျိုးသမီးကြီးကလည်း ထောက်ခံလိုက်သည်။
"ဟုတ်တယ်။ လူတိုင်းမြင်အောင် သူ့မျက်နှာကို ဖော်ထုတ်ပစ်လိုက်"
ဤလူများ၏စကားကြောင့် ယန်ရှောင်ကျစ် ကြောက်လန့်သွားသည်။
မည်သို့ပင်ဖြစ်စေ သူ(မ)က အနုပညာရှင်တစ်ယောက်ပင်။ နေကာမျက်မှန်နှင့် နှာခေါင်းစည်းကို ချွတ်လိုက်ပါက ဤလူများ သူ(မ)ကို မှတ်မိသွားပေလိမ့်မည်။
သံသယဖြစ်စရာမလိုပေ။ အကယ်၍ သူ(မ)ကိုသာ မှတ်မိသွားပါက နောက်တစ်နေ့တွင် ဖျော်ဖြေရေးသတင်းခေါင်းကြီးပိုင်းတွင် သူ(မ) သေချာပေါက် ပါလာပေလိမ့်မည်။
ပိုဆိုးသည်မှာ ယခုအချိန်တွင် သူ(မ)သည် မတရားစွပ်စွဲခံနေရသည်ဖြစ်ရာ အကယ်၍ သတင်းထဲ ပါသွားခဲ့လျှင်…
ပြင်းထန်လှသော အကျိုးဆက်များကို တွေးမိပြီး ယန်ရှောင်ကျစ်၏ရင်ထဲတွင် လေးလံသွားသည်။
"ရှင်တို့ လွန်နေပြီနော်။ နှာခေါင်းစည်းနဲ့ နေကာမျက်မှန်တပ်တာက ကျွန်မရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နော်"
အဘိုးကြီးက နှာခေါင်းရှုံ့လိုက်သည်။
"ဟမ့်… မင်းကို လူမြင်သွားမှာကြောက်နေတာပဲ။ သူ့ကို ရဲတွေမှတ်မိသွားမှာ ကြောက်နေတာပဲဖြစ်မယ်"
လူတစ်စု၏ သွေးထိုးလှုံ့ဆော်မှုကြောင့် လူအုပ်ကြီးကလည်း စတင်အော်ဟစ်လေတော့သည်။
"ဟုတ်တယ်။ ဟုတ်တယ်။ သူ့နှာခေါင်းစည်းနဲ့ နေကာမျက်မှန်ကို ချွတ်လိုကု်။ သူက ဝရမ်းပြေးဟုတ်မဟုတ် ကြည့်ကြတာပေါ့"
"ဟုတ်တယ်။ ဟုတ်တယ်။ လူဆိုးတွေကို အလွတ်ပေးလို့မဖြစ်ဘူး"
လူအုပ်ကြီးမှာ အရူးအမူးဖြစ်သွားလေသည်။
လူအုပ်ထဲရှိ လူအများစုမှာ အမှန်တရားကို မသိကြဘဲ ရောယောင်၍ ဝင်ပါကြသည်။
ယန်ရှောင်ကျစ်ခမျာ စိတ်ဖိစီမှုကြောင့် ငိုမိတော့မတတ်ဖြစ်နေလေပြီ။
ဤလူများက အလွန်မုန်းစရာကောင်းပြီး လူအုပ်ကြီးကို အဆက်မပြတ်သွေးထိုးလှုံ့ဆော်နေကြသည်။
လူအုပ်ကြီး၏ စွပ်စွဲမှုအောက်တွင် ထိုအမျိုးသားက ယန်ရှောင်ကျစ်ကို ဖမ်းဆွဲရန် လက်လှမ်းလိုက်သည်။
"မိန်းမယုတ်.. နင့်ရုပ်အစစ်က ဘယ်လိုလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ယန်ရှောင်ကျစ် မျက်နှာပျက်သွားလေသည်။
သွားပါပြီ..
အပြင်ခိုးထွက်လာမိသည်ကို သူ(မ)နောင်တရမိသွားသည်။
ထိုအမျိုးသားက ယန်ရှောင်ကျစ်ဆီသို့ လက်လှမ်းလိုက်ချိန်မှာပင် အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
"ရပ်လိုက်စမ်း"
ခက်ထန်လှသော ထိုအသံကြောင့် ထိုအမျိုးသားလည်း လန့်ဖျပ်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။
ယဲ့ချန်းက ယန်ရှောင်ကျစ်အရှေ့တွင် ရပ်လိုက်သည်။
"ဘယ်သူလှုပ်ရဲလဲဆိုတာ ကြည့်ရသေးတာပေါ့"
ယဲ့ချန်းကို မြင်သောအခါ အစောတုန်းက မျှော်လင့်ချက်မဲ့နေရှာသော ယန်ရှောင်ကျစ်လည်း ရုတ်ခြည်းစိတ်သက်သာရာရသွားသည်။
"ယဲ့ချန်း.. ရှင်ရောက်လာပြီပဲ"
ဤလူများက ယန်ရှောင်ကျစ်ကို ပစ်မှတ်ထားနေကြောင်း မြင်လိုက်ရကတည်းက သူ ဒေါသထွက်နေခြင်းပင်။
ထို့ကြောင့် ထိုအမျိုးသား၏လက်ကို ပုတ်ချလိုက်ပြီးနောက် အဘွားအိုကိုလည်း တွန်းဖယ်လိုက်သည်။
ဩဇာညောင်းလေဟန်တူသော အမျိုးသားကို မြင်လိုက်ရချိန်ဝယ် လူအုပ်ကြီး၏အမူအရာကား ပြောင်းလဲသွားသည်။
••••••••••••••••