ဤလူတစ်စုက လူလိမ်များဖြစ်ကြောင်း လူအများအပြား သတိထားမိနေကြပြီဖြစ်၏။
ထို့ပြင် ဤတစ်ကြိမ်တွင် သူတို့က ငွေတစ်သန်းအထိ လိမ်လည်တောင်းရမ်းလိုက်ခြင်းပင်။
"ကောင်လေး.. ဒီလောက်ပိုက်ဆံအများကြီး ပေးစရာမလိုပါဘူးကွာ"
"ဟုတ်တယ်။ ခုနကတင် ဒီအဘွားကြီးက အကောင်းကြီးရှိနေသေးတာ။ အခု သူ ဟန်ဆောင်နေတာ ရှင်းနေတာပဲ"
"ကောင်လေး.. အဆင်မပြေရင် ရဲသာခေါ်လိုက်။ တရားရုံးရောက်သွားရင်တောင် မင်း ဒီလောက်အများကြီးပေးရမှာ မဟုတ်ဘူး"
ယဲ့ချန်းက အေးအေးလူလူပြောလိုက်သည်။
"ကဲပါ။ ငွေမြန်မြန်လွှဲလိုက်။ ကျုပ် လုပ်စရာရှိသေးလို့"
ထိပ်ပြောင်အမျိုးသားက ဘဏ်အကောင့်နံပါတ်ပြောပြရန် သူ့ဖုန်းကို အမြန်ထုတ်လိုက်သည်။
သူ့ဘေးနားရှိ အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်လေသည်။
တစ်ခုခုတော့ မှားနေပြီဟု သူ(မ) ခံစားရသည်။
ဒီလူငယ်လေးက ငတုံးမှမဟုတ်တာ။ ဒီလောက်များတဲ့ငွေကို ဘာလို့ပေးချင်ရတာလဲ။
သူ(မ)က ထိပ်ပြောင်အမျိုးသားကို ဘေးနားသို့ ဆွဲခေါ်သွားပြီး တီးတိုးပြောလိုက်လေသည်။
"ယောက်ျား.. ဒီလူ တစ်ခုခုထူးဆန်းနေတယ်လို့ ထင်တယ်နော်။ ဒီပိုက်ဆံကို မယူသင့်ဘူးလားလို့"
အမျိုးသားဖြစ်သူကလည်း မျက်မှောင်ကြုတ်လျက် အနည်းငယ် သံသယဝင်သွားသည်။
အရာအားလုံးက ချောမွေ့လွန်းနေချေသည်။
သို့သော် ဤသည်မှာ ငွေတစ်သန်းပင်။ သူ့အနေနှင့် မည်သို့နှယ် မမက်မောဘဲ နေနိုင်မည်နည်း။
ထိုအချိန်တွင် ယန်ရှောင်ကျစ်က မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
"ဘာလို့ သူတို့ကို ပိုက်ဆံပေးမှာလဲ။ ဒီလူတွေက လူလိမ်တွေဆိုတာ အသိသာကြီး"
ယဲ့ချန်းက ဆို၏။
"ဒီလူတွေက လူလိမ်တွေဖြစ်နေရင်တောင် ကိုယ်တို့ ဘာမှလုပ်လို့မရဘူးလေ။ သူတို့ဆီမှာ ဗီဒီယိုသက်သေ ရှိနေတယ်။ မင်းမှာ သက်သေမှမရှိတာ။ အဲဒါကြောင့် ကံဆိုးတယ်လို့သဘောထားပြီး လက်ခံလိုက်ပါ"
ယဲ့ချန်းက သူ(မ)ကို မျက်စိမှိတ်ပြလိုက်ကြောင်း ယန်ရှောင်ကျစ် မြင်လိုက်ရသဖြင့် ဤလူများကို ကိုင်တွယ်ရန် သူ့တွင် အစီအစဉ်ရှိကြောင်း သဘောပေါက်သွားသဖြင့် သရုပ်ဆောင်ရာတွင် အမြန်ပူးပေါင်းလိုက်သည်။
ယန်ရှောင်ကျစ်သည် အစကတည်းက မင်းသမီးတစ်လက်ဖြစ်သောကြောင့် သရုပ်ဆောင်ခြင်းကား သူ(မ)၏ ကျွမ်းကျင်ရာအလုပ်ပင်။
သူ(မ)က ယဲ့ချန်း၏လက်ကို ရှက်သွေးဖြာနေဟန်ဖြင့် ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
"အချစ်.. ရှင်က သဘောကောင်းလွန်းတယ်နော်။ နောက်ဆိုရင် အဘွားအိုတွေ မြေကြီးပေါ် လဲကျနေတာ မြင်ရင်တောင် ကျွန်မ ဘယ်တော့မှ ဝင်မပါတော့ပါဘူး"
သရုပ်ဆောင်နေခြင်း ဖြစ်သော်လည်း အချစ်ဟု ခေါ်လိုက်ရသောကြောင့် ယန်ရှောင်ကျစ်၏မျက်နှာလေးမှာ နီမြန်းသွားသည်။
သူ(မ)က နှာခေါင်းစည်းနှင့် နေကာမျက်မှန်ကို တပ်ဆင်ထားသောကြောင့် ယဲ့ချန်း မမြင်နိုင်ပေ။
ယဲ့ချန်းကလည်း အချိတ်အဆက်မိမိ ပူးပေါင်းကာ သူ(မ)၏ခေါင်းလေးကို ကြင်နာစွာ ပွတ်သပ်ပေးရင်း ပြုံးလိုက်သည်။
"ကဲပါ... လိမ္မာတယ်နော်။ ငွေတစ်သန်းတည်းပဲလေ။ ခွေးကျွေးလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ"
ထိပ်ပြောင်အမျိုးသားက ဤအဖြစ်ကို မြင်သောအခါ မည်သည့်ဟာကွက်ကိုမှ သတိမထားမိသဖြင့် သူ့အကောင့်နံပါတ်ကို ပြောပြလိုက်သည်။
ယဲ့ချန်းက ထိုလူ၏အကောင့်ထဲသို့ ငွေကို တိုက်ရိုက် လွှဲပေးလိုက်သည်။ ငွေတစ်သန်း ဝင်လာသောအခါ ထိုလူ၏ မျက်နှာထက်တွင် ဝမ်းသာပျော်ရွှင်မှုများ အထင်းသား ပေါ်လွင်လာသည်။
အမျိုးသမီးက တစ်ခုခုပြောချင်နေသော်လည်း ငွေတစ်သန်းဆိုသည်မှာ သူတို့အတွက် စင်စစ်များပြားလှသော ပမာဏဖြစ်နေချေသည်။
ငွေဝင်လာသည်ကို မြင်သောအခါ ထိုအမျိုးသားလည်း တောက်တောက်ပပပြုံးလိုက်သည်။
ဘေးနားရှိ လူအုပ်ကြီးမှာမူ တိတ်တဆိတ် ခေါင်းခါမိကြသည်။
"ဒီကောင်လေးက တော်တော်အတာပဲ"
"ဟုတ်ပါ့။ ကြည့်လေ ကြည့်လေ ဒီလူတွေက လူလိမ်တွေနဲ့ ပိုတူလေပဲ"
"သူတို့စကားပြောနေတာကို ငါ ခုနတုန်းက ကြားလိုက်တယ်။ သူတို့တွေက မိသားစုဝင်တွေ ထင်တယ်"
ထိုလူလေးယောက်၏ ပျော်ရွှင်နေလေဟန် အမူအရာများကို ကြည့်ခြင်းအားဖြင့် သူတို့အချင်းချင်း ပေါင်းကြံနေကြကြောင်း အရူးပင် သိနိုင်လေသည်။
ယဲ့ချန်းက လှောင်ပြုံးပြုံးလိုက်၏။
"ဘယ်လိုလဲ။ ပိုက်ဆံရောက်လား"
ထိပ်ပြောင်အမျိုးသားက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်၏။
"အင်း ရောက်တယ်။ ရောက်တယ်"
ယဲ့ချန်းက ပြောလိုက်သည်။
"ဒါပေမဲ့ ကျုပ်ကောင်မလေး ဒီအဘွားကို တကယ်ဝင်တိုက်မိလို့ ဒီတစ်သန်းကိုပေးရတာဆိုရင် ဆေးကုသစရိတ်လို့ သတ်မှတ်လို့ရတယ်။ တကယ်လို့ ခင်ဗျားတို့ ကျုပ်တို့ဆီက သက်သက်ငွေညှစ်တာဆိုရင်တော့ တစ်သန်းဆိုတဲ့ပမာဏက ခင်ဗျားတို့ကို တစ်သက်တစ်ကျွန်း ထောင်ချဖို့ လုံလောက်တယ်နော်"
ယဲ့ချန်း၏စကားကို ကြားသော် ထိပ်ပြောင်အမျိုးသားလည်း အံ့အားသင့်သွားပြီးနောက် လှောင်ပြုံးပြုံးလိုက်သည်။
"မင်းကောင်မလေးက ငါ့အမေကို ဝင်တိုက်မိတာ အမှန်ပဲလေ။ ငါတို့လိမ်တယ်ဆိုတဲ့ သက်သေ မင်းဆီမှာရှိလို့လား"
ထိပ်ပြောင်အမျိုးသားမှာ ယခု ပိုက်ဆံရထားပြီဖြစ်ရာ ဤနေရာက အမြန်ထွက်သွားပြီး အောင်ပွဲခံချင်နေပေသည်။
ယဲ့ချန်းက အသာပြုံးလိုက်လေသည်။
"တကယ်တော့ ခင်ဗျားတို့ သတိမထားမိတာဖြစ်မယ်။ ဟိုဘက်မှာ ကင်မရာတစ်လုံး ရှိတယ်။ ဒီက အဖြစ်အပျက်တွေအားလုံးကို မှတ်တမ်းတင်ထားလောက်ပြီ။ လိမ်လည်တာ ဟုတ်မဟုတ်ဆိုတာ ရဲတွေအနေနဲ့ ဗီဒီယိုမှတ်တမ်းကို စစ်ဆေးကြည့်လို့ရတာပဲ"
ဤစကားကို ကြားသောအခါ သူတို့ မျက်နှာပျက်သွားကြသည်။
သူတို့ လိမ်လည်မှုမလုပ်ခင် စစ်ဆေးခဲ့စဉ်က အနီးပတ်ဝန်းကျင်တွင် ကင်မရာများ မရှိခဲ့ပေ။
ယခုမှသာ မျက်နှာချင်းဆိုင်ရှိ စူပါမားကတ်မှ ကင်မရာသည် သူတို့ရှိရာဘက်သို့ အတိအကျ ချိန်ရွယ်ထားကြောင်း သတိထားမိလိုက်ကြသည်။
သူတို့မှာ လွန်ခဲ့သည့် မိနစ်အနည်းငယ်ကပင် အလွန်ကျေနပ်နေခဲ့ကြသော်လည်း ယခုမူ သူတို့၏အမူအရာများ ရုတ်တရက် ပြောင်းလဲသွားလေပြီ။
အမျိုးသမီးက မနေနိုင်တော့ဘဲ ပြောလိုက်၏။
"လောဘကြီးတဲ့ ရှင့်အပြစ်တွေချည်းပဲ။ ဒီပိုက်ဆံကို ကျွန်မတို့ မယူသင့်ဘူးလို့ ပြောသားပဲ။ ဒါပေမဲ့ ရှင် လက်မခံခဲ့ဘူးလေ။ ကျွန်မတို့ ထောင်ကျရင် ဘယ်လိုလုပ်မလဲ။ ကျွန်မတို့ကလေးရော ဘယ်လိုလုပ်မလဲ။ ရှင့်ကြောင့် ကျွန်မပါ ဒုက္ခရောက်ပြီ"
အမျိုးသမီးက အမျိုးသားကို 'ယောက်ျား' ဟု ခေါ်လိုက်သည်ကို ကြားရသဖြင့် ပတ်ဝန်းကျင်တွင် ဆူညံသွားတော့သည်။
"သေလိုက်ပါတော့... သူတို့က မိသားစုတွေ ဖြစ်နေတာကိုး"
"လူလိမ်တွေဆိုတာ ပေါ်သွားပြီပဲ။ သူတို့ကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး"
"အရမ်းရွံစရာကောင်းတာပဲ။ ငါ ရဲကို ဖုန်းဆက်ပြီးသွားပြီ။ သူတို့ကို ဖမ်းကိုဖမ်းရမယ်"
"ဒီလူငယ်လေးက သူတို့ကို ငွေတစ်သန်းတောင် ပေးလိုက်သေးတယ်။ အရမ်းလောလွန်းတယ်"
လူအုပ်ကြီး၏ ပြောဆိုသံများကို ကြားရသောအခါ ထိပ်ပြောင်အမျိုးသား၏ မျက်နှာကား မည်းမှောင်သွားတော့သည်။
အမျိုးသမီးက သူ့ကို 'ယောက်ျား'ဟု ခေါ်လိုက်သည်နှင့်တစ်ပြိုင်နက် အရာအားလုံး ပေါ်သွားပြီဖြစ်၏။
ထိုအချိန်တွင် အမျိုးသမီးခမျာ မည်သည့်အရာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ယဲ့ချန်း၏ရှေ့တွင် ဒူးထောက်ချလိုက်သည်။
"လူကြီးမင်း... ကျွန်မတို့ မှားသွားပါတယ်။ ကျွန်မတို့က လူလိမ်တွေပါ။ ကျေးဇူးပြုပြီး ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ။ ငွေတစ်သန်းကို အခုချက်ချင်းပြန်ပေးပါ့မယ်"
"ဘာပြန်ပေးရမှာလဲ။ နင် ရူးနေတာလား။ ဒါက ငွေတစ်သန်းတောင်နော်"
အဘိုးအိုကလည်း မနေနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။
မြေပြင်ပေါ်ရှိ အဘွားအိုကလည်း ရုတ်တရက်ကြီး ခြေထောက်ပြန်ကောင်းသွားပြီး မတ်တတ်ထရပ်လိုက်သည်။
"ငတုံးမ.. ကြောက်တတ်လိုက်တာ။ ဒီကောင့်ဆီက အလကားရတဲ့ ငွေတစ်သန်းကို ငါတို့က ဘာလို့မယူရမှာလဲ"
ယခုဆိုလျှင် အရာအားလုံးက ဘူးပေါ်သလို ပေါ်သွားခဲ့လေပြီ။
အမျိုးသမီးမှာမူ ကြောက်လန့်တကြား တုန်ယင်နေချေသည်။
သူ(မ)တွင် ကလေးအများကြီးရှိသည်။ အကယ်၍ သူ(မ)သာ ထောင်ကျသွားပါက သူတို့ ဘာဖြစ်သွားကြမလဲ။
"လူကြီးမင်း... ကျွန်မတို့ ပိုက်ဆံပြန်ပေးပါ့မယ်။ ကျွန်မတို့ကို ချမ်းသာပေးပါ"
ထိုအမျိုးသမီးက တောင်းပန်လေသည်။
ထိပ်ပြောင်အမျိုးသားက ဒေါသမထိန်းနိုင်တော့ဘဲ ထိုမိန်းမကို ပါးချလိုက်သည်။
"ငတုံးမ... နောက်ဆုံးမှာမှ ငါတို့မိသားစု ထီပေါက်သလို အခွင့်အရေးရလိုက်တာကို မင်းက ငါပိုက်ဆံရမှာကို မကြည့်ရက်ဘူးလား"
ပါးရိုက်ခံရပြီးနောက် ထိုအမျိုးသမီးခမျာ မအောင့်နိုင်တော့ဘဲ ငိုချလိုက်လေသည်။
"ဒီလိုနှလုံးသားမဲ့တဲ့အလုပ်တွေ မလုပ်သင့်ဘူးလို့ ကျွန်မပြောသားပဲ။ ရှင်တို့က ငွေတစ်သန်းရဖို့အတွက် အတင်းလိမ်လည်ချင်နေကြတာ။ ဒါက ပြစ်မှုကြီးနော်။ ကျွန်မတို့ထောင်ကျသွားရင် ကျွန်မတို့ကလေးတွေ ဘယ်လိုလုပ်ကြမလဲ"
အနည်းဆုံးတော့ ဤအမျိုးသမီးတွင် အသိတရားနည်းနည်း ရှိနေသေးသည်ဟု ဆိုရပေမည်။
ဝိုင်းအုံကြည့်နေကြသော လူအုပ်ကြီးမှာ အံ့သြမှင်တက်သွားကြသည်။
တစ်ထောင်နှစ်ထောင်လောက်ဆိုလျှင် သူတို့အနေနှင့် ရက်အနည်းငယ်သာ အချုပ်ကျနိုင်သော်လည်း တစ်သန်းဆိုလျှင်မူ...
အစတုန်းက ဤလူငယ်လေး ဘာကြောင့် ငွေတစ်သန်းလွှဲပေးလိုက်ရသလဲဆိုသည်ကို ယခုမူ လူတိုင်း နားလည်သွားကြပြီဖြစ်၏။
သို့သော် တစ်ပါးသူကို ကူညီပေးတတ်သည့် လူမှုရေးဓလေ့စရိုက်ကောင်းများကို ဖျက်ဆီးပစ်သည့် ထိုကဲ့သို့သောလူများမှာ တစ်သက်တစ်ကျွန်းထောင်ဒဏ်နှင့်သာ ထိုက်တန်ကြောင်း သိထားသဖြင့် လူတိုင်း ကျေနပ်အားရသွားကြသည်။
"ဒါပေါ့။ ဒီမိသားစုက လူဘယ်နှယောက်ကို လိမ်ခဲ့ပြီးပြီလဲဆိုတာ ဘယ်သူသိမှာလဲ။ တစ်သက်တစ်ကျွန်းဆိုတာတောင် ပေါ့သေးတယ်လို့ ခံစားရတယ်။ သူတို့ကို သေဒဏ်ပေးသင့်တာ"
"ဟုတ်တယ်။ သူတို့လိုလူတွေကြောင့် နောင်တစ်ချိန် ငါတို့ လဲကျခဲ့ရင်တောင် ကူညီမယ့်လူ ရှိမှာမဟုတ်ဘူး။ သူတို့နဲ့တန်တယ်"
"သူတို့ကို လွှတ်ပေးလို့ မဖြစ်ဘူး။ ရဲခေါ်ပြီး ဖမ်းခိုင်းရမယ်"
ဤအချိန်တွင် လူအုပ်ကြီးက အခြေအနေအရပ်ရပ်ကို အပြည့်အဝ နားလည်သဘောပေါက်သွားကြသည်။
ကြောက်ရွံ့သွားသော အဘိုးအိုက ကပျာကယာပြောလိုက်၏။
"မောင်ရင်... ငါတို့ကိုသနားပါကွာ။ ပိုက်ဆံပြန်ပေးပါ့မယ်။ ငါတို့ကိုသာ လွှတ်ပေးပါ"
ယဲ့ချန်းက အေးစက်စက် ရယ်မောလိုက်သည်။
"သနားရမယ်ပေါ့။ ခင်ဗျားတို့ သူများကို ဒုက္ခပေးတုန်းကရော သနားဖို့တွေးခဲ့လို့လား"
ယဲ့ချန်း၏စကားကို ကြားသော် လူတိုင်း သဘောတူလက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
တစ်ခါတုန်းက အဘွားအိုတစ်ယောက် လဲကျသွားခဲ့ပြီး မည်သူကမှ မကူညီရဲသောကြောင့် အသက်ဆုံးရှုံးခဲ့ရဖူးသည်။
ထိုကဲ့သို့သော အခြေအနေမျိုး ပေါ်ပေါက်လာရခြင်းမှာ လူလိမ်များ အလွန်များပြားလွန်းသောကြောင့်ပင်။
ထို့ကြောင့် ဤလူများမှာ သေချာပေါက် အရေးယူခံရပေမည်။ သူတို့နှင့် ထိုက်တန်သော ပြစ်ဒဏ်ကို ခံယူသင့်သည်။
ထိုအချိန်တွင် အဝေးမှ အရေးပေါ်အချက်ပေးသံများကို ကြားလိုက်ရသည်။ ရဲအရာရှိများ ရောက်ရှိလာခဲ့ပြီဖြစ်၏။
အချက်ပေးသံများကို ကြားလိုက်ရသောအခါ ထိုအမျိုးသား၏ မျက်နှာကား ပို၍ပင် ပျက်ယွင်းသွားလေတော့သည်။
အဘွားအို၏ ခြေထောက်များမှာ ခွေကျသွားပြီး ဤတစ်ကြိမ်တွင်မူ မြေပြင်ပေါ်သို့ အမှန်တကယ် လဲကျသွားတော့သည်။
••••••••••••••••