ရဲကားဥသြဆွဲသံများကို ကြားလိုက်ရသောအခါ လူလိမ်များအားလုံး ကြက်သေသေသွားကြသည်။
သူတို့မှာ ထွက်ပြေးဖို့ အခွင့်အရေးလုံးဝမရှိတော့ပေ။
ဘေးနားရှိ လူအုပ်ကြီးက သူတို့ကို ဝိုင်းရံထားပြီးဖြစ်နေချေသည်။
ထိုအချိန်တွင် အမျိုးသမီးဖြစ်သူက မြေပြင်ပေါ်သို့ ခွေကျသွားပြီး ဝမ်းနည်းပက်လက်ဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။
ဘေးနားမှ ဝိုင်းကြည့်နေသူများအားလုံးလည်း တိတ်တဆိတ် ခေါင်းခါမိကြသည်။
"ဒီကောင်လေးက အရမ်းရက်စက်တာပဲ။ ငွေတစ်သန်းတဲ့။ ဒီမိသားစုတော့ ထောင်ထဲမှာ အကြာကြီးနေရတော့မယ်ထင်တယ်"
"ဒီလူငယ်လေးလုပ်တာ မှန်တယ်လို့ထင်တာပဲ။ သူတို့လို လူတွေကပဲ လူ့အသိုင်းအဝိုင်းရဲ့ ပတ်ဝန်းကျင်ကောင်းကို ဖျက်ဆီးနေကြတာလေ။ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်"
ဘေးနားမှ ပြောဆိုဆွေးနွေးသံများကို နားထောင်ရင်း ယန်ရှောင်ကျစ် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။
ယဲ့ချန်းကို ကျေးဇူးတင်ရပေမည်။ သို့မဟုတ်ပါက ယနေ့ကြုံတွေ့ရသော ဤအကျပ်အတည်းကို ဤမျှလွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။
သို့သော် ထိုစဉ်မှာပင် အမျိုးသားဖြစ်သူ၏ မျက်နှာထက်တွင် ကြမ်းကြုတ်ခက်ထန်သော အမူအရာတစ်ခု ပေါ်လာသည်။
"မင်းကြောင့်။ မင်းကြောင့်ဖြစ်တာ။ တုံးလိုက်တဲ့မိန်းမ။ မင်းသာ ငါ့အမေကို မကူညီခဲ့ရင် ငါတို့တစ်မိသားစုလုံး ထောင်ကျစရာ အကြောင်းရှိပါ့မလား"
ယန်ရှောင်ကျစ်ခမျာ ပြောစရာစကားပင် မရှိတော့ပေ။
ဒီလူက အရှက်မရှိလိုက်တာ
သူ့အမှားဖြစ်ကြောင်း သိသာနေသည့်တိုင် ယခုမူ တခြားလူကို အပြစ်ဖို့နေသေးသည်။
သို့သော် ထိုအချိန်တွင် ထိုလူက ဓားတစ်ချောင်းကို ရုတ်တရက်ဆွဲထုတ်ပြီး ယန်ရှောင်ကျစ်ကို ထိုးလေတော့သည်။
ထိပ်ပြောင်အမျိုးသားက သူ(မ)ကို ရုတ်တရက်တိုက်ခိုက်လိမ့်မည်ဟု ယန်ရှောင်ကျစ် လုံးဝထင်မှတ်မထားခဲ့သဖြင့် ရှောင်တိမ်းရန် နောက်ကျသွားခဲ့သည်။
ဓားထက်ထက်တစ်လက်က သူ(မ)ကို ထိုးစိုက်တော့မည်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ယန်ရှောင်ကျစ်လည်း မျက်လုံးသာ မှိတ်ထားလိုက်သည်။
"သွားပြီ။ ဒီနေ့တော့ ငါသေရဖို့ သေချာသွားပြီပဲ"
ဤမျှနီးကပ်သော အကွာအဝေးတွင် ဓားနှင့်သာ အထိုးခံရပါက သူ(မ)အနေနှင့် အသက်ရှင်ရန် လုံးဝလမ်းမမြင်တော့ပေ။
သို့သော် ထိုအချိန်မှာပင် နောက်ကျောဘက်မှ လက်တစ်ဖက် ထွက်ပေါ်လာပြီး ထိုဓားထက်ထက်ကို ဆုပ်ကိုင်ဖမ်းဆွဲလိုက်သည်။
ထို့နောက် ယဲ့ချန်းက ခြေထောက်ဖြင့် ကန်ထုတ်လိုက်လေရာ ထိပ်ပြောင်ပြောင်အမျိုးသားမှာ လွင့်စင်လဲကျသွားလေတော့သည်။
ယန်ရှောင်ကျစ် အံ့သြမှင်တက်သွားသည်။ ယဲ့ချန်းက ရုတ်တရက်ရှေ့ထွက်ပြီး သူ(မ)ကို ကယ်တင်ပေးလိမ့်မည်ဟု လုံးဝထင်မထားပေ။
ယဲ့ချန်း၏လက်တွင် သွေးထွက်နေသည်ကို မြင်လိုက်ရသောအခါ သူ(မ)၏အမူအရာ အနည်းငယ်ပျက်ယွင်းသွားသည်။
"ယဲ့ချန်း ရှင့်လက်..."
"ငါ အဆင်ပြေပါတယ်"
ယဲ့ချန်းကမူ ခေါင်းခါပြလိုက်သည်။
"ရှင်ကသာ အဆင်ပြေတယ်ပြောနေတာ။ ရှင့်လက်က သွေးတွေထွက်နေပြီလေ"
ယန်ရှောင်ကျစ်၏ မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာသည်။
သူ(မ)ကြောင့်သာမဟုတ်လျှင် ယဲ့ချန်းလည်း ထိခိုက်ဒဏ်ရာရမည်မဟုတ်ပေ။
ထိုအချိန်တွင် ရဲများ ရောက်လာကြသည်။
ရဲအရာရှိများက လူလိမ်မိသားစုကို အမြန်ဖမ်းဆီးလိုက်ကြသည်။
ရဲတစ်ယောက်က ယဲ့ချန်းထံသို့ ရောက်လာပြီး ပြောလိုက်၏။
"လူကြီးမင်း.. ထွက်ဆိုချက်ပေးဖို့အတွက် ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ"
ထိုအချိန်တွင် ယန်ရှောင်ကျစ်ခမျာ ထိတ်လန့်သွားတော့သည်။
သူ(မ)က ခိုးထွက်လာခဲ့ခြင်းဖြစ်ရာ အကယ်၍ ရဲအရာရှိများက သူ(မ)၏ ထွက်ဆိုချက်ကို ယူမည်ဆိုပါက သူ(မ) မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားပေလိမ့်မည်။
ယဲ့ချန်းက ရယ်မောလိုက်သည်။
"မင်း ဘာအမှားမှမလုပ်ထားပါဘူးလေ။ ဟုတ်တယ်မလား။ ရဲတွေကို ဘာလို့ ဒီလောက်တောင်ကြောက်နေရတာလဲ"
ယန်ရှောင်ကျစ် ရှက်သွေးဖြာသွားလေသည်။
"မဟုတ်ပါဘူး။ ကျွန်မက ဒီတစ်ခေါက် ခိုးထွက်လာတာမလို့ပါ။ အပြင်လောကကို မသိစေချင်လို့"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြပြီး ဖုန်းတစ်ချက် ခေါ်လိုက်သည်။
ရဲစခန်းတွင် ကျိုးစုစုက ယဲ့ချန်းနှင့် ယန်ရှောင်ကျစ်တို့ကို စိုက်ကြည့်နေသည်။
"ဝိုး... ရက်ပိုင်းအတွင်းမှာတင် နာမည်ကြီးအနုပညာရှင်တစ်ယောက်နဲ့ သူငယ်ချင်းတွေ ဖြစ်နေပြီပေါ့လေ"
ကျိုးစုစုက စနောက်လိုက်သည်။
ယဲ့ချန်းက ရယ်မောရင်း ပြောလိုက်သည်။
"တိုက်ဆိုင်သွားရုံပါ။ ဟုတ်တယ်မလား။ သြော်... ဒီကိစ္စကို လျှို့ဝှက်ထားပေးရမယ်နော်"
ကျိုးစုစုက ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ ကျွန်မကလွဲပြီး တခြားဘယ်သူမှ သိမှာမဟုတ်ပါဘူး။ ဟိုလူတွေက အရင်ကလည်း ခဏခဏအဖမ်းခံရဖူးတဲ့ ဝါရင့်တွေလေ။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ရှင်တို့က သူတို့ကို အသေအချာမိသွားအောင် လုပ်လိုက်နိုင်တာဆိုတော့ ထောင်ထဲမှာ အေးအေးဆေးဆေး နေရတော့မှာပါ"
ယဲ့ချန်းက အေးစက်စက် နှာမှုတ်လိုက်သည်။
"သူတို့လိုလူတွေက လူ့အသိုင်းအဝိုင်းကို ပျက်စီးစေတယ်လေ။ သူတို့နဲ့တန်ပါတယ်"
ရဲစခန်းမှ ထွက်လာပြီးနောက် ယန်ရှောင်ကျစ်လည်း အားတုံ့အားနာဖြင့် ပြောလိုက်သည်။
"ရှင့်လက် ထိခိုက်သွားတာ အားလုံး ကျွန်မအပြစ်တွေပါ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်လေသည်။
"ရပါတယ်။ သူတို့ မင်းကို ဓားနဲ့ထိုးမှာကို ငါက ဒီအတိုင်း ရပ်ကြည့်မနေနိုင်လို့ပါ"
ယန်ရှောင်ကျစ်ခမျာ ရှက်သွေးဖြာသွားလေသည်။
"ယဲ့ချန်း.. ရှင်က ဟိုနာမည်ကြီးမင်းသားတွေထက်တောင် ပိုချောတယ်လို့ ကျွန်မ ထင်တယ်"
ယဲ့ချန်းက ခဏမျှ ငြိမ်သက်သွားသည်။
"ကိုယ်လည်း အမြဲတမ်း အဲဒီလိုပဲထင်နေခဲ့တာ"
"ရှင်..."
သူတို့နှစ်ယောက်သား ရဲစခန်းထဲက ထွက်လာခဲ့ကြသည်။
ယန်ရှောင်ကျစ်၏ ဗိုက်ထဲမှ ရုတ်ခြည်း အသံမြည်လာသည်။
ယဲ့ချန်းလည်း မနေနိုင်တော့ဘဲ ရယ်မောလိုက်မိသည်။
ဒီကောင်မလေး ဗိုက်ဆာနေပုံရတယ်။
"သြော်... ဟုတ်သားပဲ.. မင်းကို အရသာရှိတာ တစ်ခုခုလိုက်ကျွေးမယ်လေ"
ယဲ့ချန်းက ရုတ်တရက်ပြောလိုက်သည်။
"ဘယ်လို အရသာရှိတဲ့အစားအစာလဲ"
ယဲ့ချန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။
"ဟိုရောက်ရင် သိမှာပေါ့"
သူတို့နှစ်ယောက်သား အလွန်ချောင်ကျသော လမ်းကြားလေးတစ်ခုသို့ ရောက်လာခဲ့ကြသည်။
သူတို့နှစ်ယောက်သား နေဝင်ဆည်းဆာအောက်တွင် လမ်းလျှောက်နေကြစဉ် ယန်ရှောင်ကျစ်၏ လက်လေးက ပတ်တီးစည်းထားသော ယဲ့ချန်း၏လက်ကို ညင်သာစွာ ထိတွေ့လာသည်။
အနည်းငယ် စိတ်မကောင်းဖြစ်သွားသဖြင့် သူ(မ) ယဲ့ချန်း၏လက်ကို ဆုပ်ကိုင်ထားလိုက်မိသည်။
ယဲ့ချန်း အနည်းငယ်လန့်သွားသော်လည်း နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ် ကွေးတက်သွားသည်။
"ဟိုမှာကြည့်လိုက်..အရင်က ကိုယ် အဲဒီမှာ မူလတန်းတက်ခဲ့တာလေ"
ယဲ့ချန်းက သိပ်မဝေးလှသော နေရာသို့ လက်ညှိုးထိုးပြလိုက်သည်။
ယန်ရှောင်ကျစ်က လှမ်းကြည့်လိုက်၏။
"ရှင် အရင်က ဒီမှာနေခဲ့တာလား"
"အင်း... အရင်က ကိုယ်တို့မိသားစုက ဒီနေရာမှာနေခဲ့ကြတာ။ အခြေအနေပိုကောင်းလာမှ ပြောင်းခဲ့တာပေါ့"
သူတို့နှစ်ယောက် ငါးမိနစ်ခန့် လမ်းလျှောက်ပြီးနောက် လူနေတိုက်ခန်းတစ်ခုသို့ ရောက်သွားကြသည်။
ယဲ့ချန်းက တဲအိမ်လေးတစ်ခုကို လက်ညှိုးထိုးပြရင်း ရယ်မောလိုက်သည်။
"ဒီနေရာလေ"
"ဝိုး... ရင်းနှီးနေတဲ့အရသာလေး"
သိပ်မဝေးလှသော နေရာတစ်ခုတွင် ရိုးရှင်းလှသည့် ဆန်ခေါက်ဆွဲဆိုင်လေးတစ်ဆိုင်ကို မြင်လိုက်ရသဖြင့် ယန်ရှောင်ကျစ် အနည်းငယ် အံ့အားသင့်သွားသည်။
နာမည်ကြီးကြယ်ပွင့်တစ်ဦးအနေနှင့် ယန်ရှောင်ကျစ်သည် များသောအားဖြင့် ကြယ်ပွင့်အဆင့်ရှိ ဟိုတယ်များကိုသာ သွားလေ့ရှိသည်ဖြစ်ရာ ဤကဲ့သို့ လမ်းဘေးဆိုင်တွင် တစ်ခါမှမစားဖူးပေ။
ဤဆိုင်လေးမှာ အလွန်စုတ်ချာလှပြီး စားပွဲခုံများနှင့် ဆေးရောင်များပင် ဟောင်းနွမ်းနေပြီဖြစ်၏။
ယဲ့ချန်းက ပြုံးလိုက်သည်။
"ဒီဆိုင်လေးက ကိုယ် မူလတန်းတက်ကတည်းက ရှိတာ။ သူတို့ရဲ့ဆန်ခေါက်ဆွဲက အရမ်းအရသာရှိတယ်"
ယန်ရှောင်ကျစ်က ပြောလိုက်၏။
"ကောင်းပါပြီ။ ကျွန်မလည်း အရင်က ကြားဖူးရုံပဲကြားဖူးတာ။ ဆန်ခေါက်ဆွဲကို ပထမဆုံးအကြိမ် စားဖူးတာပဲ"
ယဲ့ချန်းက ရယ်မောလိုက်၏။
"မြည်းကြည့်လိုက်။ မင်း နောင်တရမှာ မဟုတ်ဘူး"
သူတို့နှစ်ယောက်သား ဆိုင်ငယ်လေးထဲသို့ ဝင်သွားပြီးနောက် ယဲ့ချန်းက ပြောလိုက်သည်။
"ဦးလေးဝမ်.. သီးသန့်အခန်းထဲမှာ နေရာကျန်သေးလားဗျ"
"ရှိတာပေါ့။ ရှောင်ချန်း ဒီကိုမလာတာတောင် တော်တော်ကြာနေပြီနော်။ ဒါ မင်းရဲ့ကောင်မလေးလား"
တစ်စုံတစ်ယောက်က သူ(မ)ကို ချစ်သူကောင်မလေးဟု အထင်မှားသွားကြောင်း ကြားလိုက်ရသဖြင့် ယန်ရှောင်ကျစ်၏မျက်နှာလေး နီမြန်းသွားသည်။
"မဟုတ်ပါဘူးဗျာ။ ရိုးရိုးသူငယ်ချင်းတွေပါ"
ဆိုင်ရှင်က အားရပါးရ ရယ်မောလိုက်သည်။
"ရှက်မနေပါနဲ့ကွာ။ အထဲဝင်ထိုင်ကြလေ"
ယဲ့ချန်းက ခေါင်းတညိတ်ညိတ်လုပ်၍ ယန်ရှောင်ကျစ်ကို သီးသန့်အခန်းထဲသို့ ခေါ်သွားလေသည်။
"တကယ်တော့ အပြင်မှာစားရတာကမှ ပိုနေလို့ကောင်းတာ။ ဒါပေမဲ့ မင်းက ပြဿနာတက်နေတာဆိုတော့ ကိုယ်တို့ သီးသန့်အခန်းထဲမှာပဲ စားရတာပေါ့"
ယန်ရှောင်ကျစ်က ပြုံးလိုက်သည်။
"ကျွန်မတော့ ရှင့်ကို အားကျမိတယ်။ ဒီနေရာမှာထိုင်ပြီး ဆန်ခေါက်ဆွဲစားခွင့်ရတယ်။ သာမန်ဘဝနဲ့နေရတာ ကောင်းပါတယ်"
ယဲ့ချန်းက ဆို၏။
"အနုပညာရှင်တစ်ယောက် ဖြစ်ရတာရော မကောင်းဘူးလား။ ပိုက်ဆံလည်း အများကြီးရှာနိုင်သလို ပရိသတ်တွေလည်း အများကြီး ရနိုင်တယ်လေ"
ယန်ရှောင်ကျစ်က သက်ပြင်းချလိုက်လေသည်။
"အာ... အနုပညာရှင်တစ်ယောက်ဖြစ်ရတဲ့ ဒုက္ခကို ရှင် မှန်းကြည့်လို့တောင်ရမှာမဟုတ်ပါဘူး"
မကြာခင်မှာပင် အပြင်ဘက်မှ ဆန်ခေါက်ဆွဲ၏ မွှေးကြိုင်လှသောရနံ့လေး လွင့်ပျံ့လာသည်။
ယန်ရှောင်ကျစ်လည်း လေကို ရှူသွင်းလိုက်သည်။
"မွှေးလိုက်တာ"
"ဟုတ်တယ်။ ဒီဆိုင်လေးက အရသာမပြောင်းလဲဘဲ ဖွင့်လာခဲ့တာ ဆယ်စုနှစ်တွေအများကြီး ကြာပြီလေ။ စားကြည့်လိုက်။ နောင်တမရစေရဘူး"
ထိုအချိန်တွင် ဆိုင်ရှင်က အငွေ့တထောင်းထောင်းထနေသော ဆန်ခေါက်ဆွဲနှစ်ပန်းကန်ကို ယူလာပေးသည်။
ယန်ရှောင်ကျစ်လည်း ဇွန်းအသေးလေးတစ်ချောင်းကိုယူကာ ဟင်းရည်ကို မြည်းကြည့်လိုက်သည်။
"ဝိုး... အရမ်းမွှေးပြီး အရမ်းအရသာရှိတာပဲ"
ယဲ့ချန်းက ပြုံးလိုက်လေသည်။
"ဘယ်လိုလဲ။ ကြယ်ငါးပွင့်စားသောက်ဆိုင်တွေက အစားအသောက်တွေနဲ့ ယှဉ်ရင်တောင် မနိမ့်ဘူးမလား"
ယန်ရှောင်ကျစ် ခေါင်းညိတ်ပြလိုက်လေသည်။
ဆန်ခေါက်ဆွဲတစ်လုတ် စားပြီးနောက် ယန်ရှောင်ကျစ်က တအံ့တသြရေရွတ်လိုက်သည်။
"ဝိုး... ဒီအထိအတွေ့လေးက အံ့ဩစရာကောင်းလိုက်တာ။ ကျွန်မစားဖူးတဲ့ ကြယ်ပွင့်အဆင့်ဟိုတယ်တွေထက်တောင် ပိုကောင်းနေသေးတယ်"
"မြင်လား။ ကိုယ် မင်းကို မလိမ်ဘူးနော်"
ယန်ရှောင်ကျစ်လည်း ဆန်ခေါက်ဆွဲပန်းကန်လုံးကြီးတစ်လုံးကို အကုန်စားပစ်လိုက်ပြီး ဟင်းရည်ကိုပင် တစ်စက်မကျန် သောက်ချလိုက်သည်။
စားသောက်ပြီးနောက် ဖောင်းကားနေသော သူ(မ)၏ဗိုက်လေးကို ပုတ်လိုက်သည်။
"ယဲ့ချန်း...ကျွန်မ ရှင့်ကိုမုန်းတယ်။ ကျွန်မ ဝလာတော့မှာပဲ"
ယန်ရှောင်ကျစ်က ရယ်မောလိုက်၏။
"ဒါနဲ့ ဆန်ခေါက်ဆွဲစားပြီးရင် ကျွန်မ ရှင့်ကို တစ်နေရာကိုခေါ်သွားမယ်"
"ဘယ်နေရာလဲ"
ယဲ့ချန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ယန်ရှောင်ကျစ်က လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြောလိုက်သည်။
"ခဏနေရင် သိရမှာပေါ့"
ယန်ရှောင်ကျစ်၏ လျှို့ဝှက်ဆန်းကြယ်နေသော ဟန်ပန်ကို မြင်လိုက်ရသဖြင့် ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်သည်။
"ကောင်းပြီလေ"
ဆန်ခေါက်ဆွဲစားပြီးနောက် ယဲ့ချန်းက ကားမောင်းရင်း မေးလိုက်သည်။
"အခု ဘယ်သွားကြမှာလဲဆိုတာ ပြောပြလို့ ရပြီလား"
ယန်ရှောင်ကျစ် ပြုံးလိုက်လေသည်။
"ကျွန်မ သဘောအကျဆုံးနေရာတစ်ခုကိုလေ"
•••••••••••••••••