ယန်ရှောင်ကျစ်၏ လမ်းညွှန်မှုအတိုင်း ယဲ့ချန်းလည်း ဘားတစ်ခုသို့ ရောက်လာခဲ့သည်။
ဤနေရာရှိ မီးရောင်များမှာ အလွန်မှိန်ပျနေပြီး ယန်ရှောင်ကျစ်ကလည်း နေကာမျက်မှန် တပ်ထားသောကြောင့် သူ(မ)ကို မှတ်မိရန် ခက်ခဲလှသည်။
ယန်ရှောင်ကျစ် ပြုံးလိုက်လေသည်။
"ကျွန်မ စိတ်အခြေအနေ မကောင်းတဲ့အခါ သီချင်းနားထောင်ဖို့ ဒီကိုလာလေ့ရှိတယ်"
"သီချင်းနားထောင်ဖို့လား"
ယဲ့ချန်းခမျာ ခဏမျှအံ့အားသင့်သွားသည်။
ထိုအချိန်တွင် စင်မြင့်ပေါ်၌ လူငယ်အချို့ ဂစ်တာတီးနေကြသည်။
သူတို့သည် လက်ရှိတွင် အလွန်ရေပန်းစားနေသော သီချင်းတစ်ပုဒ်ကို သီဆိုနေကြခြင်းပင်။
တကယ်တော့ ဤဘားက လူငယ်များကို အပန်းဖြေစရာ နေရာတစ်ခုပေးရန် ရည်ရွယ်ထားခြင်းပင်။
ဘားထဲရှိ သီချင်းများမှာ အလွန်ငြိမ့်ညောင်းလှပြီး လူအများကို သက်သောင့်သက်သာဖြစ်စေသည်။
ယဲ့ချန်းနှင့် ယန်ရှောင်ကျစ်တို့လည်း ထောင့်တစ်နေရာသို့ သွားလိုက်ကြသည်။
ဤနေရာက အလွန်တိတ်ဆိတ်ပြီး အပြင်ဘက်မှ အတွင်းဘက်သို့ မြင်ရရန် ခက်ခဲလှသည်။
ယန်ရှောင်ကျစ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
"ဒီပတ်ဝန်းကျင်လေးက ကောင်းတယ်မဟုတ်လား"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။
"အင်း... ပတ်ဝန်းကျင်က တော်တော်ကောင်းပါတယ်"
ထို့နောက် ယဲ့ချန်းက သစ်သီးဖျော်ရည်နှင့် အချိုပွဲအသေးစားလေးများကို မှာလိုက်ပြီးနောက် သူတို့နှစ်ယောက်သား သောက်ကြစားကြရင်း ကောင်းမွန်သော ခံစားချက်ကို တည်ဆောက်နေကြသည်။
စင်မြင့်ပေါ်တွင် အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ယောက်က ဂစ်တာတီးနေချေသည်။
"မင်းအပေါ်ထားတဲ့ ငါ့အချစ်တွေက လရောင်လေးလို နူးညံ့ပါတယ်"
"မင်းကို လွမ်းဆွတ်နေရတာကလည်း လေပြေလေးလို သိမ်မွေ့ပါတယ်"
...
ထိုမိန်းကလေးက ခံစားချက်အပြည့်ဖြင့် သီဆိုနေပြီး သူ(မ)ကိုယ်တိုင်လည်း သီချင်း၏ခံစားချက်ထဲတွင် နစ်မျောနေကြောင်း သိသာလှသည်။
"လွဲချော်ခဲ့ရတဲ့ အခွင့်အရေးတွေကို ငါ ဘယ်လိုပြန်ပြီး အစားထိုးရမလဲ"
"မင်းထားရစ်ခဲ့တဲ့ လွမ်းဆွတ်မှုတွေကို ငါ ဘယ်လိုဖျောက်ဖျက်ရမလဲ"
ယန်ရှောင်ကျစ် ပြုံးလိုက်မိသည်။
"ဒီက အဆိုတော်တွေအားလုံးက သူတို့ရဲ့ ကိုယ်ပိုင်သီချင်းတွေကိုပဲ ဆိုကြတာ။ ရှင် ဘယ်လိုခံစားရလဲ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"အင်း... အရမ်းကောင်းတယ်"
"ဒီအဆိုတော်ရဲ့နာမည်က အစ်မယွမ်ယွမ်တဲ့။ သူက ဒီဘားက လောင်ပိုင်ရဲ့ အမျိုးသမီးလေ။ အရမ်းသဘောကောင်းတာ။ ဒီနေရာလေးက သူ ကျွန်မအတွက် အထူးသီးသန့်ဖယ်ထားပေးတာ"
ယဲ့ချန်းမှာ ထိုစကားကို ကြားပြီးနောက် ခဏမျှအံ့အားသင့်သွားသည်။
"သြော်... အဲဒီလိုကိုး"
ယဲ့ချန်းက ပြောလိုက်လေသည်။
"အစ်မယွမ်ယွမ်ရဲ့ သီချင်းဆိုသံက နားထောင်လို့ အရမ်းကောင်းတာပဲ။ သူသာ ပွဲဦးထွက်ရင် နာမည်ကြီးအဆိုတော်တွေထက်တောင် ပိုကောင်းလိမ့်မယ်လို့ ထင်တယ်။ မဟုတ်ဘူးလား"
ယန်ရှောင်ကျစ်ကလည်း ခေါင်းညိတ်ပြလိုက်သည်။
"တကယ်တော့ အစ်မယွမ်ယွမ်က အရင်တုန်းက နာမည်ကြီးအဆိုတော်တစ်ယောက်လေ။ ဒါပေမဲ့ နောက်တော့ အအောင်မြင်ဆုံးအချိန်မှာ အနားယူဖို့ ရွေးချယ်ခဲ့တာ"
အစ်မယွမ်ယွမ် သီချင်းဆိုပြီးသွားသောအခါ စင်မြင့်ပေါ်က ဆင်းသွားပြီးနောက် ဧည့်သည်တချို့က စင်မြင့်ပေါ်တက်၍ သီချင်းဆိုကြသည်။
ဧည့်သည်တချို့က လှပစွာ သီဆိုနိုင်ကြသော်လည်း အချို့မှာမူ တစ္ဆေငိုကြွေးသံအလားပင်။
ပရိသတ်များက အကျယ်ကြီးလှောင်ပြောင်လိုက်ကြသဖြင့် ထိုလူ့ခမျာ ရှက်ရှက်ဖြင့် စင်ပေါ်က ဆင်းသွားလေတော့သည်။
ယန်ရှောင်ကျစ် ရယ်မောလိုက်လေသည်။
"ယဲ့ချန်း.. ရှင်ရော စင်ပေါ်တက်ပြီး သီချင်းတစ်ပုဒ်လောက် သွားမဆိုတော့ဘူးလား"
ယဲ့ချန်းက ဆို၏။
"မင်း ကိုယ့်ကို သီချင်းလာဆိုခိုင်းဖို့ ဒီကိုခေါ်လာတာတော့ မဟုတ်ပါဘူးနော်"
ယန်ရှောင်ကျစ်က ရယ်မောလိုက်သည်။
"မဟုတ်ပါဘူး။ ကျွန်မက ဒီမှာနေရတာကို သဘောကျလို့ပါ။ တခြားလူတွေ သီချင်းဆိုတာကို နားထောင်လိုက်ရရင် ကျွန်မ အရမ်းစိတ်အပန်းပြေပြီး စိတ်ဖိစီးမှုတွေလည်း လျော့ကျသွားတယ်"
ထိုသို့ပြောရင်း ယန်ရှောင်ကျစ်က စင်မြင့်ထက်တွင် သီချင်းဆိုနေကြသော လူငယ်များကို ကြည့်လိုက်သည်။
"တကယ်တော့လေ တစ်ခါတလေကျရင် ကျွန်မ သူတို့ကို အရမ်းအားကျမိတယ်။ ဘာအပူအပင်မှ မရှိကြဘူး။ လူတော်တော်များများက အနုပညာရှင်တစ်ယောက်ကို အားကျကြပေမဲ့ တကယ်တမ်းကျတော့ အရမ်းပင်ပန်းတယ်။ တစ်ခါတလေကျရင် အသက်ရှူလို့တောင် မရတော့ဘူးလို့ ခံစားရတယ်"
ယန်ရှောင်ကျစ်က သက်ပြင်းချရင်း ပြောလိုက်လေသည်။
"နေ့တိုင်း မဆုံးနိုင်တဲ့ကြေညာချက်တွေ၊ ရိုက်စရာရုပ်ရှင်တွေအများကြီးနဲ့ အင်တာဗျူးတွေကလည်း ဆက်တိုက်ဆိုသလိုရှိနေတာ။ ကျွန်မ အရမ်းပင်ပန်းနေပြီ"
"လက်လျှော့လိုက်ချင်ပေမဲ့ စာချုပ်ချုပ်တုန်းက ကျွန်မရဲ့ဘဝတစ်ခုလုံးကို ပေးလိုက်ရသလိုမျိုး ဖြစ်သွားတာလေ။ အခုဆို ကျွန်မမှာ လွတ်လပ်ခွင့်တောင် မရှိတော့ဘူး"
"ဒါကြောင့်မို့ ဒီနေ့ ကျွန်မ သေသေချာချာလေး အနားယူချင်ခဲ့တာ"
ယဲ့ချန်းမှာ ယန်ရှောင်ကျစ်၏ စကားများကို နားထောင်ရင်း ကောင်းကောင်းနားလည်လိုက်သည်။
သုန်းရှောင်ယာက အနုပညာရှင်တစ်ယောက်ဖြစ်ရခြင်း၏ အခက်အခဲများကို ပြောပြခဲ့ဖူးသည်။
ယဲ့ချန်း ရယ်မောလိုက်ချေသည်။
"ကိုယ်က နောက်နေတာပါ။ မင်း အရင်က ဒီမှာ သီချင်းဆိုဖူးလား"
"ကျွန်မလား။ ဟင့်အင်း.. နောက်နေ့ သတင်းတွေထဲ ပါမသွားချင်ပါဘူး"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်လေသည်။
"ခဏလောက်စောင့်နေနော်"
ထို့နောက် ယဲ့ချန်းက အပြင်သို့ ခဏထွက်သွားပြီး လက်ထဲတွင် တစ်ခုခုကိုကိုင်လျက် ပြန်ရောက်လာသည်။
သူ့လက်ထဲတွင် မျက်နှာဖုံးတစ်ခု ပါလာခဲ့သည်။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"ကိုယ့်ကို ခဏလေးစောင့်ဦး"
ထို့နောက် အစ်မယွမ်ယွမ်ကို သွားရှာပြီး စကားအနည်းငယ်ပြောလိုက်သည်။
ထို့နောက် အစ်မယွမ်ယွမ်က စင်ပေါ်သို့ တက်သွားလေသည်။
"အားလုံးပဲ.. ဒီနေ့ ကျွန်မတို့ မျက်နှာဖုံးစွပ်အဆိုတော်ဆိုတဲ့ ဂိမ်းအသစ်တစ်ခုကို ဆော့ကြမယ်နော်"
အစ်မယွမ်ယွမ်၏စကားကို ကြားလိုက်ရသောအခါ အားလုံး ခဏမျှအံ့အားသင့်သွားချေသည်။
"ကျွန်မတို့ရဲ့ အဆိုတော်တွေအားလုံးက မျက်နှာဖုံးတွေတပ်ပြီး စင်ပေါ်တက်လာကြမှာဆိုတော့ အားလုံးအတွက် ပိုပြီး လျှို့ဝှက်ဆန်းကြယ်သွားအောင်လို့ပါ။ ဘယ်လိုသဘောရလဲ"
"မဆိုးဘူး။ ဒီအကြံက မိုက်တယ်"
"ဟားဟား.. ဒီလိုဆိုရင်တော့ သီချင်းဆိုတာ မကောင်းရင်တောင် ဘယ်သူမှ ကိုယ့်ကို မမှတ်မိတဲ့အတွက် အလှောင်ခံရမှာ ကြောက်စရာမလိုတော့ဘူးပေါ့"
ပရိသတ်များထံမှ လက်ခုပ်သံများ ချက်ချင်းထွက်ပေါ်လာသည်။
အစပိုင်းတွင် ကောင်လေးတချို့ စင်ပေါ်သို့ တက်သွားကြသည်။
ထင်ထားသည့်အတိုင်းပင် မျက်နှာဖုံးတပ်ထားသည့်အတွက် အစောက စင်ပေါ်မတက်ရဲသည့် ကောင်လေးများလည်း ဖျော်ဖြေရန် သတ္တိရှိလာကြသည်။
ယဲ့ချန်းက ပြုံးလိုက်၏။
"ကဲ... မင်း ဖျော်ဖြေရမယ့် အလှည့်ရောက်ပြီ"
ယန်ရှောင်ကျစ်လည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် စနိုးဝှိုက်မင်းသမီးမျက်နှာဖုံးကို တပ်၍ စင်မြင့်ပေါ်သို့ တက်သွားလေသည်။
"ကျွန်မ 'ဆုံဆည်းခြင်း'ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးပါ့မယ်။ အားလုံး နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"မင်းနဲ့ဆုံတွေ့ခွင့်ရတာက ငါ့ဘဝရဲ့ကံကောင်းခြင်းလေးပါပဲ"
"မင်းနဲ့ ဆုံတွေ့ခွင့်ရတာက ငါ့ရဲ့ အလှပဆုံးသော အမှတ်တရလေးပါပဲ"
"အချိန်တိုင်းကို ငါ့နှလုံးသားထဲမှာ သိမ်းဆည်းထားချင်တယ်"
"နူးညံ့ကြင်နာမှုလေးတွေအားလုံးကို ငါ့လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားချင်တယ်"
ယန်ရှောင်ကျစ်၏ အသံက အလွန်တရာလှပသည့်အပြင် ဤသီချင်းကလည်း လွမ်းဆွတ်တမ်းတမှု အရိပ်အယောင်ကို သယ်ဆောင်ထားသည်။
ယန်ရှောင်ကျစ်က နောက်တစ်နေ့တွင် တကယ်ပြန်သွားရတော့မည်ဖြစ်ကြောင်း ယဲ့ချန်း နားလည်သွားသည်။
သူ(မ)၏ နာမည်ကြီးအနုပညာရှင်ဘဝသို့ ပြန်သွားရပေတော့မည်။
သီချင်းသံစဉ်များမှတစ်ဆင့် ယန်ရှောင်ကျစ် သူ့အား မခွဲနိုင်မခွာရက်ဖြစ်နေသည်ကို ကြားလိုက်ရသည်။
သီချင်းဆုံးသောအခါ ပရိသတ်များထံမှ မိုးခြိမ်းသံအလား လက်ခုပ်သံများ ထွက်ပေါ်လာသည်။
"ဒီမိန်းကလေးရဲ့သီချင်းသံက အရမ်းနားထောင်လို့ကောင်းတယ်နော်"
"ဒီသီချင်းက အရမ်းမိုက်တာပဲ"
"မိန်းကလေး.. ကျေးဇူးပြုပြီး နောက်တစ်ပုဒ်လောက် ထပ်ဆိုပြပါဦး"
ယန်ရှောင်ကျစ်က ကျီစယ်လိုဟန်အပြုံးဖြင့် ယဲ့ချန်းကို တစ်ချက်ကြည့်လိုက်သည်။
"အခုတော့ ကျွန်မရဲ့သူငယ်ချင်း ဧည့်သည်နံပါတ်၂၈ကို အားလုံးအတွက် သီချင်းတစ်ပုဒ်လောက်ဆိုပြဖို့ ဖိတ်ခေါ်ချင်ပါတယ်"
မျက်လုံးအားလုံးက ယဲ့ချန်းရှိရာဘက်သို့ လှည့်လာကြသည်။
ဤကောင်မလေးက သူ့ကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်ကြောင်း သိလိုက်သဖြင့် ယဲ့ချန်း ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။
ထို့နောက် မတ်တတ်ထရပ်ကာ စင်ပေါ်သို့ တက်သွားပြီး ယန်ရှောင်ကျစ်၏ လက်ထဲမှ မိုက်ခရိုဖုန်းကို ယူလိုက်၏။
"အရမ်းလှတဲ့ ဒီမိန်းကလေးနဲ့ ဆုံတွေ့ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းနဲ့ဆုံတွေ့ရလို့ ကိုယ် အရမ်းပျော်ပါတယ်။ အခု 'လေပြေလေးတိုက်ခတ်လာတဲ့အခါ'ဆိုတဲ့ သီချင်းလေးတစ်ပုဒ်နဲ့ ဖျော်ဖြေပါ့မယ်"
ခြေလျင်လျှောက်ရတဲ့ ဒီခရီးရှည်ကြီးနဲ့ ရပ်တန့်မှု...
လှည့်လည်သွားလာနေတဲ့ လူငယ်လေးတစ်ယောက်ရဲ့ခြေရာတွေကို လိုက်ရင်း..
ဘူတာရုံထဲက အပြင်မထွက်ခင် အဲဒီအခိုက်အတန့်လေးမှာ...
ငါ နည်းနည်းတုံ့ဆိုင်းသွားခဲ့တယ်...
ဒီကမ္ဘာကြီးကို ငါ ပထမဆုံးသိကျွမ်းခွင့်ရခဲ့တုန်းက...
အရာအားလုံးကို စွဲလမ်းနှစ်သက်နေမိတာ
မိုးကုပ်စက်ဝိုင်းက ကိုယ့်မျက်စိရှေ့မှာတင် ရှိနေသလိုမျိုး လှမ်းကြည့်ရင်း
အဲဒီလမ်းကို ထပ်လျှောက်ရမယ်ဆိုရင် မီးကိုနင်း ရေကိုကျော်ဖြတ်ရမယ်ဆိုရင်တောင် လိုလိုလားလား ရင်ဆိုင်ဝံ့ပါတယ်
အခုတော့ ဒီကမ္ဘာကြီးကို ဖြတ်သန်းခဲ့ပြီးပြီ
အရာအားလုံးကို စွဲလမ်းနှစ်သက်နေမိတယ်
နှစ်တွေကြာလာတာနဲ့အမျှ အချိန်ကာလရဲ့ ဆန့်ကျင်ဘက်မှာရှိတဲ့ မျက်နှာတွေဟာ
မင်းရဲ့အပြုံးတွေဆီကို သတိမထားမိဘဲ ဝင်ရောက်လာခဲ့တယ်
.....
ယဲ့ချန်းတွင် နတ်ဘုရားအဆင့် သီချင်းဆိုစွမ်းရည်ရှိပြီး တမ်းတဖွယ်ကောင်းသော ဤသီချင်းကို အလွန်ဆွဲဆောင်မှုရှိသော နည်းလမ်းဖြင့် သီဆိုခဲ့သည်။
ယဲ့ချန်း၏သီချင်းကို နားထောင်ရင်း ယန်ရှောင်ကျစ်မှာ လုံးဝအံ့အားသင့်သွားလေသည်။
ဒါက ထမင်းစားပွဲမှာ ထွင်းထုထားတဲ့ ကဗျာလေး မဟုတ်ဘူးလား။
အစကတော့ ထိုအရာကို ယဲ့ချန်းရေးထားသော ကဗျာတစ်ပုဒ်ဟု ထင်ခဲ့သော်ငြား တကယ်တမ်းတော့ သူရေးထားသည့် သီချင်းတစ်ပုဒ် ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် ယဲ့ချန်း၏သီချင်းကို နားထောင်ရင်း ယန်ရှောင်ကျစ်ခမျာ အနည်းငယ်စွဲလမ်းသွားသလို ခံစားလိုက်ရသည်။
အရမ်းလည်းချောတယ်။ အရမ်းလည်း ချမ်းသာတယ်။ အရေးအကြီးဆုံးကတော့ အရမ်းအရည်အချင်းရှိတာပဲ။
ဤသည်မှာ ကောင်းကင်ဘုံက သူ(မ)ကို လက်ဆောင်အဖြစ် ပေးသနားလိုက်သော ယောက်ျားများလား။
ယဲ့ချန်းက ယန်ရှောင်ကျစ်ကို ဟိုတယ်သို့ ကားဖြင့် ပြန်ပို့ပေးခဲ့သည်။
ယန်ရှောင်ကျစ်မှာမူ အနည်းငယ် မခွဲနိုင်မခွာရက်ဖြစ်နေပေသည်။
"ကျွန်မ မနက်ဖြန်ကျရင် ပြန်တော့မယ်"
"အင်း... ဒါပေမဲ့ မင်းကို တီဗီမှာ မြင်နေရဦးမှာပဲလေ"
"ဒါပေမဲ့ ကျွန်မက ရှင့်ကိုမမြင်ရဘူးလေ"
ယန်ရှောင်ကျစ်ခမျာ လွမ်းဆွတ်တမ်းတလေဟန် လေသံဖြင့် ပြောလိုက်သည်။
"မင်း ကိုယ့်ကိုလွမ်းရင် ဖုန်းဆက်လို့ရတာပဲ"
ယန်ရှောင်ကျစ်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်သားပဲ။ ရှင်က တက္ကစီမောင်းနေတာဆိုတော့ ကျွန်မ ရှင့်ကို ကြယ်ငါးပွင့်ပေးရမလား"
"တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ငါးခုမြောက်ကြယ်ငါးပွင့်ကို အသက်သွင်းလိုက်နိုင်တဲ့အတွက် စနစ်ဆုကြေးအဖြစ် စိတ်ခံစားချက်သဘောကျနှစ်သက်မှု အမှတ်ပေးစနစ်ကို ရရှိပါတယ်"
ယဲ့ချန်းမှာ ခဏမျှအံ့အားသင့်သွားသည်။
အမှတ်ပေးစနစ်လား။
နာမည်က ဖော်ပြထားသည့်အတိုင်း မိန်းကလေးတစ်ယောက် သူ့အပေါ်ထားသော သဘောကျနှစ်သက်မှုကို သိရှိနိုင်ခြင်းပင်။
သူ့အပေါ်ထားရှိသော ယန်ရှောင်ကျစ်၏ စိတ်ခံစားမှုရမှတ်ကို သူ ကြည့်လိုက်သည်။
ယခုအချိန်တွင် ယဲ့ချန်းအပေါ်ထားသော ယန်ရှောင်ကျစ်၏ သဘောကျနှစ်သက်မှုမှာ ရှစ်ဆယ့်ငါးမှတ်အထိ မြင့်တက်သွားသည်။
ဤသဘောကျနှစ်သက်မှုရမှတ်ကို ကြည့်ပြီးနောက် ယဲ့ချန်း အနည်းငယ်အံ့အားသင့်သွားသည်။
ဤမိန်းကလေးက သူ့အပေါ် ခံစားချက်ရှိနေပုံရပြီး သဘောကျနှစ်သက်မှုသာ ကိုးဆယ်အထိ ရောက်သွားပါက သူတို့နှစ်ယောက် ချစ်သူများ ဖြစ်သွားတော့မည့်အကြောင်း သူ နားလည်လိုက်သည်။
••••••••••••••