ဝေးပေါ်ရှိ ယဲ့ချန်းနှင့် ဝူကောတို့ကြားက အငြင်းပွားမှုမှာ ပရိသတ်များ၏ အာရုံကိုလည်း ဖမ်းစားနိုင်ခဲ့သည်။
"ငါ သုန်းရှောင်ယာကို တော်တော်သဘောကျတယ်။ ဒါပေမဲ့ သူက နာမည်ပျက်စာရင်း အသွင်းခံထားရတယ်လို့ ကြားတယ်။ ဘယ်သူမှ သူ့အတွက် သီချင်းမရေးပေးချင်ကြတော့ဘူး မဟုတ်လား"
"နာမည်ကြီးအောင် လုပ်ယူနေတာ ဖြစ်နိုင်တယ်။ ဒီသီချင်းက သေချာပေါက် အောင်မြင်မှာ မဟုတ်ဘူး"
"အလင်းနှင့်အရိပ်နဲ့ ထျန်းကောလုပ်ငန်းစု နောက်ဆုံးမှာ ဘယ်သူအရှက်ကွဲမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
နောက်တစ်နေ့တွင် ထျန်းကောလုပ်ငန်းစု၌...
ဝူကောသည် အယ်လ်ဘမ်အသစ်၏ အောင်မြင်မှုကို ကြည့်နေချေသည်။
သီချင်းတစ်ပုဒ်က ထိပ်တန်းသီချင်းဆယ်ပုဒ်စာရင်းတွင် ပါဝင်ခဲ့ပြီး ကျန်သီချင်းများမှာ သီချင်းသစ်ဇယား၏ ထိပ်တန်းအပုဒ်သုံးဆယ်စာရင်းတွင် ပါဝင်ခဲ့သည်။
ယခုမှ အသစ်ထွက်ရှိလာသော အယ်လ်ဘမ်တစ်ခုအတွက်မူ ဤရလဒ်မှာ အလွန်ကောင်းမွန်နေပြီဖြစ်၏။
ဤရလဒ်များကို မြင်လိုက်ရသောအခါ ဝူကော၏ ယုံကြည်မှုများမှာ မြင့်တက်လာသည်။
"ဟားဟား.. ငါတို့အဆိုတော်ရဲ့ စွမ်းဆောင်ရည်ကတော့ အံ့မခန်းပဲဟေ့။ တကယ်တမ်း ဘယ်သူအရှက်ကွဲမလဲ ကြည့်ကြသေးတာပေါ့"
ဝူကော ဝေးပေါ်တွင် ပို့စ်တင်လိုက်သည်နှင့် အင်တာနက်အသုံးပြုသူ အများအပြားက အမြန်မှတ်ချက်ဝင်ပေးကြသည်။
"အယ်လ်ဘမ်အသစ်ကို နားထောင်ပြီးပြီ။ တကယ်မဆိုးဘူး"
"ဟုတ်တယ်။ တော်တော်အထင်ကြီးဖို့ကောင်းတဲ့ အယ်လ်ဘမ်အသစ်နော်။ နားထောင်လို့ ကောင်းတယ်"
"မနက်ဖြန်ကျရင် ရှောင်ယာ ဖိအားတွေများနေတော့မှာပဲ။ သူ့ရမှတ်တွေက ပြိုင်ဘက်ကို ကျော်တက်ဖို့ ခက်လိမ့်မယ်ထင်တယ်"
ယဲ့ချန်းမှာမူ အွန်လိုင်းမှတ်ချက်များကို မြင်သော် ပြန်ဖြေလိုက်သည်။
"ဒီလောက်ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်လေးနဲ့ ကြွားလုံးထုတ်နေသေးတယ်။ မနက်ဖြန်ကျရင် ငါတို့ရှောင်ယာက ဘယ်လိုပြန်အရှက်ခွဲမလဲဆိုတာ စောင့်သာကြည့်နေလိုက်"
ယဲ့ချန်းဘက်က ဝေးပေါ်တွင် ပို့စ်တင်လိုက်သည်နှင့် ဝူကောမှာ ဒေါသကြောင့် ရူးမတတ်ဖြစ်သွားတော့သည်။
သေစမ်း... အခုမှ အသစ်ထွက်တဲ့သီချင်းက ရွှေတေးသံစဉ်သီချင်းဇယားမှာ နေရာရတာက အထင်ကြီးစရာကောင်းနေပြီ မဟုတ်ဘူးလား။ ဒါတောင် ဒီကောင်လေးက ကြွားရဲသေးတယ်ပေါ့...
အင်တာနက်အသုံးပြုသူများကလည်း တစ်ယောက်ပြီးတစ်ယောက် မှတ်ချက်များ ချန်ထားခဲ့ကြသည်။
"ဟားဟား.. ဥက္ကဋ္ဌယဲ့က နည်းနည်းတော့ ဘဝင်မြင့်တယ်နော်။ ဒီစွမ်းဆောင်ရည်က တကယ်ကောင်းပါတယ်။ မနက်ဖြန် ရှောင်ယာ့ရဲ့သီချင်းက ထိပ်တန်းအပုဒ်နှစ်ဆယ်စာရင်းထဲကို ဝင်ရင်တောင် တော်လှပြီ"
"ဟုတ်တယ်။ အခုကြွားနေပေမဲ့ မနက်ဖြန်ကျရင် အရှက်ကွဲတော့မှာ"
"ရှောင်ယာ့ရဲ့ သီချင်းတွေအကုန်လုံးကို ယဲ့ချန်း ရေးပေးထားတာလို့ ငါ ကြားတယ်"
"သေလိုက်ပါတော့.. ဒီလူက ရုပ်ရှင်တွေလည်း ရိုက်တယ်လို့ ကြားတယ်နော်။ အရမ်းရယ်ရတာပဲ။ ပိုက်ဆံပေါတဲ့ လူချမ်းသာတစ်ယောက် လျှောက်ကစားနေတာ ဖြစ်နိုင်တယ်"
"နည်းနည်းတော့ စိုးရိမ်မိတယ်။ ယဲ့ချန်း ရေးထားတဲ့ သီချင်းတွေက တကယ်ရော ကောင်းပါ့မလား"
ယဲ့ချန်းက ထိုမှတ်ချက်များကို ကြည့်ပြီး ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
သူ စာမပြန်တော့ပေ။
အကြောင်းမှာ သူသည် သုန်းရှောင်ယာ၏ အယ်လ်ဘမ်အပေါ် ယုံကြည်မှုအပြည့်ရှိသောကြောင့်ပင်။
နောက်တစ်နေ့ မနက်ဆယ်နာရီတွင် သုန်းရှောင်ယာ၏ သီချင်းအသစ်များမှာ တရားဝင်အွန်လိုင်းပေါ်သို့ ရောက်လာခဲ့သည်။
ဤအယ်လ်ဘမ် အွန်လိုင်းပေါ်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ပွက်လောရိုက်သွားတော့သည်။
"သေစမ်း... ဒီသီချင်းက အရမ်းကောင်းလွန်းတယ်"
"'ပူဖောင်း'ဆိုတဲ့သီချင်းကို ငါ အရမ်းသဘောကျသွားပြီ"
"ငါကတော့ 'ကောင်းကင်နတ်ဆိုး'ကို ပိုသဘောကျတယ်။ တော်တော်ထူးခြားတာ"
"'အလင်းနှစ်အကွာအဝေး'ကိုလည်း အကြိုက်ဆုံးပဲ"
...
ယဲ့ချန်းမှာ အွန်လိုင်းမှတ်ချက်များကို မြင်သော် နှုတ်ခမ်းထောင့်စွန်းများ မြင့်တက်သွားသည်။
သုန်းရှောင်ယာ၏ တစ်ကိုယ်တော်သီချင်းများမှာ ခိုင်မာမှုရှိသည်။
ယခု ယဲ့ချန်းအနေနှင့် ဆယ့်နှစ်နာရီတွင် ထွက်ပေါ်လာမည့် ဇယားများကိုသာ စောင့်ဆိုင်းနေသည်။
ထိုအချိန်တွင် ဝူကောကလည်း ရုံးခန်းထဲတွင် ထိုင်နေခဲ့သည်။
သူသည် အင်တာနက်ပေါ်ရှိ နာမည်ကြီး အလှပဂေးလေးနှစ်ဦးကို တစ်ဖက်တစ်ချက်စီတွင်ထားရင်း ဝိုင်နီကို အေးအေးလူလူ သောက်နေခဲ့သည်။
ဝူကောကလည်း သုန်းရှောင်ယာ၏ တစ်ကိုယ်တော်သီချင်းများအတွက် ရလဒ်များ ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေပြီး သူ(မ)ကို အရှက်ခွဲရန် ရည်ရွယ်ထားသည်။
အဆုံးတွင်မူ ဆယ့်နှစ်နာရီထိုးသွားလေပြီ။
ထိုအချိန်တွင် အတွင်းရေးမှူးက ကမန်းကတန်း ပြေးဝင်လာခဲ့သည်။
ဝူကောကလည်း ပျာယာခတ်နေသော အတွင်းရေးမှူးကို တစ်ချက်ကြည့်ပြီး မကျေမနပ်ဖြင့် ပြောလိုက်၏။
"ရှောင်ဝမ်.. တအားပျာယာခတ်မနေနဲ့လို့ မင်းကို ငါ ဘယ်နှခါပြောရမလဲ"
အတွင်းရေးမှူးက ပူပင်သောကရောက်နေဟန် အမူအရာဖြင့် ပြောလိုက်သည်။
"သူဌေး.. သုန်းရှောင်ယာရဲ့ အယ်လ်ဘမ်..."
ဝူကောက မောက်မာစွာ ပြောလိုက်သည်။
"တစ်ကိုယ်တော်သီချင်းနှစ်ပုဒ်သုံးပုဒ်လောက်နဲ့ ထိပ်တန်းအပုဒ်နှစ်ဆယ်စာရင်းထဲ ဝင်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
အတွင်းရေးမှူးခမျာ ပိုသောကရောက်နေလေဟန် အမူအရာဖြင့် ပြောလိုက်၏။
"မဟုတ်ပါဘူး။ တစ်ကိုယ်တော်သီချင်းခြောက်ပုဒ်ပါ"
ဘာ..
ဝူကော၏ မျက်နှာကား ဆိုးဆိုးဝါးဝါး ပျက်ယွင်းသွားတော့သည်။
"တစ်ကိုယ်တော်သီချင်းခြောက်ပုဒ်က ထိပ်တန်းအပုဒ်နှစ်ဆယ်စာရင်းထဲကို ဝင်သွားတာလား"
အတွင်းရေးမှူးက မျက်နှာအပျက်ပျက်အယွင်းယွင်းဖြင့် ပြောလိုက်သည်။
"မဟုတ်ပါဘူး။ တစ်ကိုယ်တော်သီချင်း ခြောက်ပုဒ်က ထိပ်တန်းဆယ်ပုဒ်စာရင်းထဲကို ဝင်သွားတာပါ။ ပြီးတော့ သီချင်းနှစ်ပုဒ်က နံပါတ်တစ်ဆယ့်နှစ်နဲ့ ဆယ့်တစ်နေရာမှာ ရှိနေပါတယ်။ နေ့လယ်လောက်ဆိုရင် ထိပ်တန်းဆယ်ပုဒ်စာရင်းထဲကို ဝင်သွားနိုင်ခြေရှိပါတယ်"
"မင်း ဘာပြောလိုက်တယ်"
ဝူကောက ရုတ်တရက်မတ်တတ်ထရပ်လိုက်သည်။
သူသည် ဘေးနားရှိ အင်တာနက်ဆယ်လီများကို တွန်းဖယ်ကာ ကွန်ပျူတာနားသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
ကွန်ပျူတာကိုဖွင့်ပြီး ရွှေတေးသံစဉ်သီချင်းဇယား အဆင့်သတ်မှတ်ချက်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာကား လုံးဝပြောင်းလဲသွားတော့သည်။
သုန်းရှောင်ယာ၏ သီချင်းသစ်အားလုံးက ထိပ်တန်းဆယ်ပုဒ်စာရင်းတွင် ဝင်ရောက်နေပြီး ထိုသီချင်းများက ဇယား၏ထိပ်ဆုံးသုံးနေရာကို ယူထားသည်။
ကျန်သီချင်းသုံးပုဒ်မှာ အဆင့်ငါး၊ အဆင့်ရှစ်နှင့် အဆင့်တစ်ဆယ်တို့တွင် အသီးသီး ရပ်တည်နေသည်။
ဤအောင်မြင်မှုမှာ ဂီတလောကတွင် အံ့ဖွယ်ဖြစ်ရပ်တစ်ခုပင်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဝူကော၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားလေတော့သည်။
အစတုန်းက သူသည် ဤအယ်လ်ဘမ်အသစ်ကို အသုံးချပြီး သုန်းရှောင်ယာမှာ သူမရှိလျှင် မည်မျှသနားစရာကောင်းကြောင်း လူတိုင်းသဘောပေါက်သွားအောင်လုပ်ရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် သုန်းရှောင်ယာ၏ အယ်လ်ဘမ်အသစ်က ဤမျှအထိ ပေါက်သွားလိမ့်မည်ဟု ဝူကော လုံးဝမထင်ထားခဲ့ပေ။
ဟွားနိုင်ငံ၏ ဂီတနယ်ပယ်မှာပင် ဘယ်အယ်လ်ဘမ်ကမှ ဤမျှအထင်ကြီးလောက်စရာကောင်းသော ရလဒ်မျိုးကို တစ်ရက်တည်းဖြင့် မစွမ်းဆောင်နိုင်ခဲ့ဖူးချေ။
"ကျစ်... မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး"
ယခုလေးတင် အတွင်းရေးမှူးကို ဆူပူကြိမ်းမောင်းနေခဲ့သော ဝူကောခမျာ ဆင်ခြင်တုံတရားများ လုံးဝပျောက်ဆုံးသွားပြီး သူ့အရှေ့ရှိ ကီးဘုတ်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ရိုက်ခွဲပစ်လိုက်သည်။
ထိုအချိန်တွင် ဟွားနိုင်ငံရှိ အင်တာနက်တစ်ခွင်လုံးမှာ သုန်းရှောင်ယာ၏ အယ်လ်ဘမ်ကြောင့် ရူးသွပ်လုမတတ် ဖြစ်နေချေသည်။
အဓိကမီဒီယာများကလည်း သတင်းများ ဖော်ပြနေကြသည်။
"သုန်းရှောင်ယာက အားကောင်းကောင်းနဲ့ ပြန်ရောက်လာခဲ့ပါပြီ။ သူ့အယ်လ်ဘမ်အသစ်က စံချိန်သစ်တွေ တင်နိုင်ခဲ့ပါတယ်"
"အယ်လ်ဘမ်အသစ်ဟာ ပရိသတ်တွေဆီကချီးကျူးမှုကို တစ်ခဲနက်ရရှိခဲ့ပြီး သုန်းရှောင်ယာကလည်း အောင်ပွဲခံရင်း ပြန်ရောက်လာခဲ့ပါပြီ"
"သုန်းရှောင်ယာရဲ့ အယ်လ်ဘမ်အသစ်က ဂီတဇယားတွေကို ကြီးစိုးထားရင်း ဟွားနိုင်ငံရဲ့ နာမည်ကြီးအဆိုတော်တစ်လက် ဖြစ်လာခဲ့ပါတယ်"
အင်တာနက်တစ်ခုလုံး ပေါက်ကွဲထွက်သွားတော့သည်။
"ရှောင်ယာ့ရဲ့သီချင်းတွေက အရမ်းကောင်းလွန်းတယ်"
"ငါ 'ပူဖောင်း'ကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် နားထောင်ပြီးသွားပြီ။ အရမ်းနားထောင်လို့ကောင်းတာပဲ"
"သီချင်းရေးဆရာတွေအားလုံးက စတားလိုက်ဖြစ်နေတာကို သတိထားမိကြလား"
"ဘုရားရေ.. ဒီစတားလိုက်ဆိုတာ ဘယ်သူများလဲ။ အရမ်းအထင်ကြီးဖို့ကောင်းလွန်းတယ်"
ယဲ့ချန်း တက္ကစီမောင်းနေစဉ် သူ့ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။
"ယဲ့ချန်း.. ကျွန်မရဲ့အယ်လ်ဘမ်က ပေါက်သွားပြီ"
"ဂုဏ်ယူပါတယ်။ ဂုဏ်ယူပါတယ်"
ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ သုန်းရှောင်ယာမှာ ခေတ္တမှင်တက်သွားခဲ့သည်။
"ရှင်ကတော့ နည်းနည်းလေးတောင် အံ့သြပုံမပေါ်ပါလား"
ယဲ့ချန်းက ဆိုလိုက်သည်။
"ကိုယ်ရေးတဲ့ သီချင်းတွေနဲ့ဆိုရင် မအောင်မြင်ဖို့ကမှ ပိုခက်လိမ့်မယ်လေ။ အံ့သြစရာဘာရှိလို့လဲ"
သုန်းရှောင်ယာ : "..."
"ယဲ့ချန်း.. ကျေးဇူးတင်ပါတယ်"
သုန်းရှောင်ယာကလည်း ကျေးဇူးတင်စကား ပြောလိုက်သည်။
သုန်းရှောင်ယာသည် ယခင်က ထျန်းကောလုပ်ငန်းစုတွင် အောင်မြင်ခဲ့သော်လည်း ဝူကောက အမွေဆက်ခံသူဖြစ်လာပြီး ထျန်းကောလုပ်ငန်းစုကို ထိန်းချုပ်လိုက်ချိန်မှစ၍ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
သူ(မ)ကို အပိုင်သိမ်းရန်အတွက် ဝူကောက အမြဲကြံစည်နေခဲ့သည်။
ယဲ့ချန်းသာ မရှိလျှင် သူ(မ)အနေနှင့် ဝူကော၏ သားကောင်ဖြစ်သွားနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ သုန်းရှောင်ယာသည် သူ(မ)အနေနှင့် နာမည်ပျက်စာရင်း အသွင်းခံရပြီး လုံးဝအောင်မြင်တော့မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ယဲ့ချန်းက သူ(မ)ကို နာမည်ကြီးအောင် လုပ်ပေးခဲ့ရုံသာမက သူ(မ)၏ကျော်ကြားမှုကလည်း ထိုးတက်သွားလိမ့်မည်ဟု သုန်းရှောင်ယာ အိမ်မက်ပင် မမက်ဖူးချေ။
"ဟားဟား.. ကိုယ့်ကို ဘယ်လိုကျေးဇူးဆပ်မလဲ"
ယဲ့ချန်းက ရယ်မောလိုက်၏။
"ဒီလိုဆိုရင်ရော.. ကျွန်မ ရှင့်ကို ဟော့ပေါ့ ဝယ်ကျွေးမယ်လေ"
ယဲ့ချန်းက ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ။ ပုသုန်းမှာ ကျွီရှန်းကျွမ့် ဟော့ပေါ့ဆိုင်အသစ် ဖွင့်ထားတယ်လို့ ကြားတယ်။ ဒီတစ်ခါ မင်းရဲ့အယ်လ်ဘမ်လည်း အရောင်းသွက်တယ်ဆိုတော့ ကိုယ် အားမနာတော့ဘူးနော်"
သုန်းရှောင်ယာကလည်း ခပ်ဖွဖွပြုံးလိုက်၏။
"ရပါတယ်။ ပြဿနာမရှိပါဘူး"
"ကောင်းပြီလေ။ ဒါဆိုရင် ဒီည ကျွီရှန်းကျွမ့်ဟော့ပေါ့ဆိုင်မှာ တွေ့ကြတာပေါ့"
သုန်းရှောင်ယာက ပြောလိုက်၏။
"ရတယ်လေ"
ညရှစ်နာရီတွင် ယဲ့ချန်းသည် ဟော့ပေါ့ဆိုင်သို့ မသွားခင် တက္ကစီမောင်းလိုက်သေးသည်။
သီးသန့်ခန်းသို့ ရောက်သောအခါ သုန်းရှောင်ယာက သူ့ကို စောင့်နှင့်နေပြီဖြစ်၏။
သုန်းရှောင်ယာက စိတ်လှုပ်ရှားစွာဖြင့် သူ(မ)၏ဖုန်းကို ထုတ်ယူလိုက်၏။
"ယဲ့ချန်း.. ကျွန်မရဲ့ သီချင်းရှစ်ပုဒ်လုံးက အခု ထိပ်တန်းဆယ်ပုဒ်စာရင်းထဲ ရောက်နေပြီ"
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်၏။
"ထင်ထားတဲ့အတိုင်းပါပဲ"
သုန်းရှောင်ယာက တအံ့တသြရေရွတ်လိုက်သည်။
"ယဲ့ချန်း.. ရှင်က အရမ်းအံ့သြဖို့ကောင်းတာပဲ"
ယဲ့ချန်းကလည်း တဟားဟားရယ်မောလေသည်။
"သာမန်ပါပဲ။ ထူးထူးခြားခြား မဟုတ်ပါဘူး"
ဟော့ပေါ့စားပြီးနောက် ယဲ့ချန်းနှင့် သုန်းရှောင်ယာတို့ စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။
သူတို့ ဝင်ပေါက်သို့ ရောက်သောအခါ ယဲ့ချန်း၏ ပြိုင်ကားပေါ်တွင် ကောင်လေးတစ်ယောက် တစ်ခုခုရေးဆွဲနေကြောင်း မြင်လိုက်ရသည်။
သေစမ်း... ဒီနေ့စီးလာတဲ့ ကားက လိုင်ကန်ကားကြီး...
ယဲ့ချန်းလည်း အနားသို့ အမြန်သွားပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
"ဟေ့ကောင်လေး.. မင်း ဘာလုပ်နေတာလဲ။"
ကောင်လေးက ယဲ့ချန်းကို မြင်သောအခါ ချက်ချင်းထွက်ပြေးရန် ကြိုးစားတော့သည်။
သို့သော် ယဲ့ချန်းက သူ့ကို ချက်ချင်း ဖမ်းဆွဲထားလိုက်သည်။
သူ့ကားကိုယ်ထည်ပေါ်တွင် လိပ်ပေါက်စလေးတစ်ကောင် ရေးဆွဲထားကြောင်း ယဲ့ချန်း မြင်လိုက်ရသည်။
"မင်းရဲ့မိဘတွေ ဘယ်မှာလဲ"
ယဲ့ချန်းက အေးစက်ခက်ထန်စွာ မေးလိုက်သည်။
ထိုအချိန်တွင် အမျိုးသမီးတစ်ယောက်က သုတ်သီးသုတ်ပျာ ရောက်ချလာသည်။
"ရှင် ဘာလုပ်နေတာလဲ။ ကလေးကို အနိုင်ကျင့်နေတာလား"
•••••••••••••••••