ထိုအချိန်တွင် အမျိုးသမီးတစ်ယောက် အမြန်ပြေးလာပြီး ယဲ့ချန်းကို ဘေးသို့ တွန်းဖယ်လိုက်သည်။
"အမလေး အမေ့ရဲ့အသည်းအသက်လေး... ခုနက ဒီလူ မင်းကို နာအောင်လုပ်လိုက်သေးလား"
ထိုသို့ပြောရင်း အမျိုးသမီးက ကလေးကို ပွေ့ဖက်ထားရင်း မျက်ရည်အနည်းငယ်ကိုပင် ညှစ်ထုတ်လိုက်သေးသည်။
ယဲ့ချန်းခမျာ ဆွံ့အသွားရသည်။ သူသည် မိဘများကို ရှာပေးရန် ရည်ရွယ်ချက်ဖြင့် ကလေးကို အသာဖမ်းဆွဲထားရုံသာဖြစ်ပြီး ကလေး၏လက်မောင်းကို တမင်သက်သက် ဖွဖွလေးဆုပ်ကိုင်ထားခဲ့သည်။
သို့သော် ဤအမျိုးသမီးကမူ သူသည် သူ(မ)၏သားကို သတ်ပစ်လိုက်သည့်အလား ပြုမူနေချေသည်။
မိခင်ဖြစ်သူ ရောက်လာသည်ကို မြင်သောအခါ ထိုကလေးကလည်း အားကိုးရာရသွားသည့်နှယ် ယဲ့ချန်းကို လက်ညှိုးထိုးကာ ချက်ချင်းအော်ဟစ်လေတော့သည်။
"သူလုပ်တာ။ ခုနက သူ သားကို အရမ်းနာအောင် ဆွဲဆိတ်ပြီး ရိုက်မလို့လုပ်တယ်"
ထိုသို့ပြောပြီးနောက် ကောင်လေးက ကြီးကြီးမားမား နစ်နာလိုက်ရသကဲ့သို့ ငိုယိုလေတော့သည်။
ထိုစကားကို ကြားသောအခါ ကလေးမိခင်မှာ ချက်ချင်းဆိုသလို မိန်းမကြမ်းတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး ယဲ့ချန်းကို ဆဲဆိုတော့သည်။
"ကလေးတစ်ယောက်ကို အနိုင်ကျင့်ရအောင် ဘယ်လိုတောင်ရိုင်းစိုင်းရတာလဲ။ ရှင်က လူရောဟုတ်ရဲ့လား"
သူ(မ)က ကလေး၏လက်မောင်းကို ပွတ်သပ်ပေးရင်း ထိုသို့ပြောလိုက်သည်။
"သားရဲ့လက်မောင်းလေး ရောင်သွားသေးလား။ မေမေ ကြည့်ပါရစေဦး။ ပုံမှန်ဆိုရင် ငါတောင် သူ့ကို မထိရက်မကိုင်ရက်တာကို ရှင်က သူ့ကို ရိုက်တယ်ပေါ့။ ဒါတော့ လွန်လွန်းသွားပြီ"
ယဲ့ချန်းခမျာ ဆွံ့အသွားရသည်။
"ခင်ဗျားရဲ့သားကမှ ကျွန်တော့်ကားကို ခြစ်သွားတာ။ ဟုတ်ပြီလား"
အစပိုင်းတွင် ယဲ့ချန်းသည် မိဘများကိုသာ ရှာချင်ခဲ့ပြီး သူတို့ဘက်က တောင်းပန်ပါက သည်အတိုင်းခွင့်လွှတ်ပေးရန် ရည်ရွယ်ထားခဲ့သည်။
ဆေးပြန်သုတ်ရန် ယွမ်သိန်းနှင့်ချီ၍ ကုန်ကျမည်ဖြစ်သော်လည်း ထိုပမာဏက ယဲ့ချန်းအတွက် အရေးပါလေသလော။
သို့သော် ဤအမျိုးသမီးကမူ အလျှော့မပေးပါဘဲ ယဲ့ချန်းကိုပင် အပြစ်လာတင်နေသဖြင့် ယဲ့ချန်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။
ယခုဆိုလျှင် ယဲ့ချန်း၏ကားပေါ်တွင် ထိုကလေးရေးဆွဲထားသော လိပ်ပေါက်စလေးကို လူတိုင်း မြင်လိုက်ရပြီဖြစ်၏။
ကလေးက ကျောက်ခဲဖြင့် ရေးဆွဲခဲ့သောကြောင့် ကားကိုယ်ထည်၏ ဆေးသားကို အစင်းရာထင်သွားစေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ယဲ့ချန်း၏ကားကို ကြည့်လိုက်သည်နှင့် ဈေးကြီးမှန်း လူတိုင်း သိနိုင်ပေသည်။ မိမိ၏ကား အခြစ်ခံရပါက မည်သူကများ စိတ်ချမ်းသာနိုင်မည်နည်း။
သို့သော် ကလေးမိခင်ကတော့ ဂရုမစိုက်ပေ။
"ငါတို့ကလေးက ငယ်သေးတယ်။ ဘာမှ နားမလည်သေးဘူးလေ။ ရှင့်ကားပေါ်မှာ အစင်းရာနည်းနည်းထင်သွားရုံလေးပဲ မဟုတ်ဘူးလား။ အဲဒါက ဘာများ အရေးကြီးနေလို့လဲ။ ရှင်ကမှ လူကိုရိုက်တာ။ အဲဒါကို ရှင် နားမလည်ဘူးလား"
ယဲ့ချန်းခမျာ ထိုစကားကို ကြားသောအခါ အေးစက်စက် ရယ်မောလိုက်သည်။
ဤအမျိုးသမီးက ကလေးအကြောင်းကိုသာ တဖွဖွပြောနေချေသည်။
ကလေး၏ အုပ်ထိန်းသူအနေနှင့် ကြီးကြပ်စောင့်ရှောက်ရမည့် တာဝန်ကို သူ(မ) မကျေပွန်ခဲ့ပေ။
သူ(မ)က ကလေးကို လျှောက်ပြေးခိုင်းထားပြီး စားသောက်နေခဲ့သည်။ ဤတစ်ခါတော့ ကားကိုခြစ်ခဲ့ရုံသာ။ အကယ်၍ သူသာ ကားတိုက်ခံရမည်ဆိုလျှင် ယာဉ်မောင်း၏အပြစ်ဟု ပြောပေဦးမည်။
အထူးသဖြင့် ဤအမျိုးသမီး၏လေသံက သူ(မ)ကသာ အရာရာမှန်ကန်နေသည့်အလား ဒေါသထွက်စရာကောင်းလှပေသည်။
သူ(မ)၏ကလေးက ကလေးတစ်ယောက်ဖြစ်သောကြောင့် သူ(မ)အနေနှင့် မည်သည့်အရာကိုမဆို လုပ်နိုင်သည်။ အရင်ဦးစွာ တိုင်တန်းနိုင်သည်။ အခြားလူများကို တရားဝင်စွပ်စွဲနိုင်သည်ဟု ထင်နေချေသည်။
ယဲ့ချန်းက အေးစက်မာကျောစွာ ပြောလိုက်လေသည်။
"အမိ... ခင်ဗျားပြောတာ မှန်ပါတယ်။ ခင်ဗျားရဲ့ကလေးက နားမလည်ဘူးဆိုပေမဲ့ လူကြီးဖြစ်တဲ့ ခင်ဗျားကရော နားမလည်ဘူးလား။ ခင်ဗျားသားက ကျွန်တော့်ကားကို ခြစ်သွားတဲ့အတွက် ခင်ဗျားက ကျွန်တော့်ကို တောင်းပန်သင့်တာ မဟုတ်ဘူးလား။ တကယ်လို့ ခင်ဗျားသားသာ ကားတိုက်ခံရရင် အဲဒါက ဘယ်သူ့တာဝန်ဖြစ်သွားမလဲ"
ယဲ့ချန်း၏စကားကို ကြားသောအခါ ထိုအမျိုးသမီးမှာ မကျေမနပ်ဖြစ်သွားချေသည်။
"ရှင်က အရမ်းအဆိပ်ပြင်းတာပဲ။ ကျွန်မသားကိုတောင် ကျိန်ဆဲနေတယ်"
ယဲ့ချန်းက အေးစက်စက် နှာမှုတ်လိုက်၏။
"ခင်ဗျားနဲ့ စကားပြောပြီး အချိန်မဖြုန်းချင်တော့ဘူး။ ကျွန်တော့်ကားပြင်စရိတ်ကို လျော်ပေးပြီး ဒီကိစ္စကို ဒီမှာပဲအဆုံးသတ်လိုက်တော့"
ယဲ့ချန်း၏စကားကို ကြားသောအခါ ကလေးမိခင်က အေးစက်စက်နှာမှုတ်လိုက်၏။
"ဟွန့်... ကလေးတစ်ယောက်က ရှင့်ကားပေါ်မှာ ပုံလေးဆွဲမိတာကို ရှင်က ကလေးတစ်ယောက်ကို ပြဿနာရှာနေတာပေါ့။ ယောကျ်ားရော ဟုတ်ရဲ့လား။ ချမ်းသာတာနဲ့ပဲ အကြင်နာတရားကင်းမဲ့တော့မှာလား။ အဆင့်မြင့်ကားမောင်းဖို့ ရှင့်ကို ဘယ်သူက ပြောလို့လဲ။ ဒီမှာ..အတွေ့အကြုံရှိတဲ့ လူတစ်ယောက်အနေနဲ့ ရှင့်ကို ပြောလိုက်မယ်။ အရမ်းယုတ်မာမနေနဲ့"
ယဲ့ချန်းမှာ မရယ်ဘဲ မနေနိုင်တော့ချေ။
ယုတ်မာတယ်တဲ့လား။ ဒါဆို သူက အရမ်း ယုတ်မာနေတာပေါ့။
သူ့ကား အခြစ်ခံရတာကို သူက ကျေးဇူးတင်နေရမှာလား။
ကလေးလေး မင်းဆွဲထားတာ သိပ်လှတာပဲ။ နောက်တစ်ခါ လာဆွဲဦးနော်လို့ ပြောရမှာလား။
ဤအမျိုးသမီး၏ အတွေးအခေါ်မှာ လုံးဝအဓိပ္ပာယ်မဲ့လွန်းလှသည်။
ယခုမူ ဤကလေးက သူ့ကားကို ဘာကြောင့် ခြစ်ခဲ့ရသည်ကို ယဲ့ချန်း နောက်ဆုံးတော့ နားလည်လိုက်လေပြီ။
ထိုကဲ့သို့သောမိဘမျိုးရှိနေမှတော့ ကလေးဆိုးဖြစ်လာရန် သေချာနေချေပြီ။
ဤကလေးက အလိုလိုက်ခံထားရလွန်း၍ ပျက်စီးနေမှန်း သိသာလှ၏။
ယဲ့ချန်းလည်း ကားပြင်ဆိုင်မှ လူတစ်ယောက်ကို ဖုန်းဆက်ခေါ်လိုက်သည်။
"တစ်ချက်လောက် ကြည့်ပေးပါဦး။ ဒါကို ဆေးပြန်သုတ်မယ်ဆိုရင် ဘယ်လောက်ကျမလဲ"
ပြင်ဆင်ရေးဝန်ထမ်းက တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
"ကလေးက တံခါးပေါ်မှာ ဆွဲထားတာဆိုတော့ တံခါးတစ်ချပ်လုံးကို ဆေးပြန်သုတ်ဖို့ လိုပါလိမြၽမယ်။ အဲဒါကြောင့် ကုန်ကျစရိတ်က တော်တော်များလိမ့်မယ်။ ခန့်မှန်းခြေအားဖြင့် ယွမ်သုံးသိန်းလောက် ကျပါမယ်"
ထိုပမာဏကို ကြားလိုက်ရသောအခါ အမျိုးသမီး၏မျက်နှာကား ချက်ချင်းပျက်ယွင်းသွားလေတော့သည်။
"ရှင်တို့ ဓားပြတိုက်နေတာလား။ ဆေးပြန်သုတ်ရုံလေးကို ဒီလောက်တောင်ဈေးကြီးရသလား"
ယဲ့ချန်းက အေးစက်စက် ရယ်မောလိုက်၏။
"အမိ သေချာကြည့်ပါဦး။ ကျွန်တော့်ကားက လိုင်ကန်နော်။ ယွမ်သုံးသိန်းဆိုတာကတင် အရမ်းဈေးပေါနေပြီ"
ထိုအချိန်တွင် ပြင်ဆင်ရေးဝန်ထမ်းကလည်း အေးစက်ခက်ထန်စွာ ပြောလိုက်၏။
"မိန်းကလေး..ကျွန်တော်တို့ပြောထားတဲ့ ဈေးနှုန်းက တော်တော်သက်သာနေပါပြီ။ ဥက္ကဋ္ဌယဲ့ကသာ ကျွန်တော်တို့ရဲ့ အဆင့်မြင့်ဗီအိုင်ပီမဟုတ်ဘူးဆိုရင် အနည်းဆုံး ယွမ်ငါးသိန်းလောက်ကျမှာပါ"
ယခုအချိန်တွင် ယဲ့ချန်းသည် ဤအမျိုးသမီးနှင့် ပတ်သက်နေရသည်ကို ပင်ပန်းလာသဖြင့် ရဲကိုသာ တိုက်ရိုက်ဖုန်းဆက်လိုက်သည်။
ထိုအချိန်တွင် ဘေးနားက စောင့်ကြည့်နေသူ အများအပြားက ယဲ့ချန်းကို ထောက်ခံလာကြသည်။
"ဒီလိုကလေးဆိုးတွေကို ဆုံးမဖို့ လိုတယ်။ အရင်က ငါ့ကားလည်း အခြစ်ခံခဲ့ရဖူးတယ်"
"ဟုတ်တယ်။ ဒီလို အလိုလိုက်ခံထားရတဲ့ ကလေးတွေကို အခွင့်အရေးပေးထားလို့ မရဘူး"
"ခံရတာတန်ပါတယ်။ ဒီလိုကလေးမျိုးကို မထိန်းချုပ်ဘူးဆိုရင် နောက်ပိုင်း ပိုဆိုးလာလိမ့်မယ်"
မကြာခင်မှာပင် ရဲအရာရှိများမှာ အခင်းဖြစ်ပွားရာနေရာသို့ ရောက်လာခဲ့သည်။
ရဲများကို မြင်သောအခါ ထိုအမျိုးသမီးမှာ နစ်နာသူတစ်ဦးနှယ် ဟန်ဆောင်လေသည်။
"အရာရှိကြီး.. ကျွန်မကလေးက သူ့ကားကို မတော်တဆခြစ်မိသွားတာတောင် သူက ကျွန်မကလေးကို ရိုက်တယ်ရှင့်"
ယဲ့ချန်းက အေးစက်မာကျောစွာ နှာမှုတ်လိုက်သည်။
"မိန်းကလေး.. အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောပါနဲ့။ ဒီမှာ ကင်မရာတွေ ရှိတယ်။ ရဲတွေအနေနဲ့ ဗီဒီယိုမှတ်တမ်းကို ဆွဲထုတ်ပြီး ကျွန်တော် ခင်ဗျားကလေးကို ရိုက်မရိုက်ကြည့်လို့ရတယ်နော်"
ယဲ့ချန်း၏စကားကို ကြားသောအခါ ထိုအမျိုးသမီးခမျာ ဘာလုပ်ရမှန်းမသိတော့ပေ။
အခြေအနေကို နားလည်သွားသည့်နောက် ရဲအရာရှိကလည်း အေးစက်စက်ဆိုလိုက်သည်။
"မိန်းကလေး.. ခင်ဗျားရဲ့သားက သူများကားကို ခြစ်ခဲ့တဲ့အတွက် အုပ်ထိန်းသူဖြစ်တဲ့ ခင်ဗျားမှာ အပြည့်အဝ တာဝန်ရှိပါတယ်။ ခင်ဗျားက လျော်ကြေးပေးမယ်ဆိုရင် ဒီကိစ္စကို သီးသန့်ဖြေရှင်းပြီးသားလို့ ယူဆလို့ရပါတယ်။ တကယ်လို့ ခင်ဗျားဘက်က မလျော်ဘူးဆိုရင် ပမာဏက များတဲ့အတွက် ကျွန်တော်တို့နဲ့အတူ စခန်းကို လိုက်ခဲ့ရပါလိမ့်မယ်"
ရဲစခန်းသို့သွားရမည်ဟု ကြားလိုက်ရသောအခါ ထိုအမျိုးသမီးခမျာ ကြောက်လန့်သွားချေသည်။
ယွမ်သုံးသိန်း ဆုံးရှုံးရတော့မည်ဟု တွေးမိသောအခါ သူ(မ)မှာ အသည်းကွဲသလို ခံစားလိုက်ရသည်။
ထိုယွမ်သုံးသိန်းမှာ ကားဝယ်ရန် ရည်ရွယ်ထားခြင်းဖြစ်လေရာ ယခုမူ ဤကလေးဆိုးလေးကြောင့် ကားဝယ်ရန် ပိုက်ဆံထပ်စုရပေတော့မည်။
လျော်ကြေးပေးပြီးနောက် ထိုအမျိုးသမီးက သူ(မ)၏သားနှင့်အတူ စိတ်ပျက်လက်ပျက် ပြန်သွားလေတော့သည်။
အနည်းငယ်ဝေးသောနေရာသို့ ရောက်သောအခါ ပိုဒေါသထွက်လာသော အမျိုးသမီးသည် သူ(မ)၏သားကို ခပ်ကြမ်းကြမ်း ဆူပူကြိမ်းမောင်းလေတော့သည်။
ဘေးနားမှ ကြည့်နေသူများလည်း မရယ်ဘဲ မနေနိုင်ကြတော့ချေ။
ယဲ့ချန်း ကားပေါ်သို့ ပြန်တက်လာချိန်တွင် သုန်းရှောင်ယာက ပြောလိုက်၏။
"ယဲ့ချန်း.. ရှင်လုပ်တာ လုံးဝမှန်တယ်။ ကလေးဆိုးတွေကို အလိုလိုက်ထားလို့ မရဘူး"
"ဟုတ်တယ်။ တကယ်တော့ သူတို့မိဘတွေက ကိုယ့်ကို ကျေးဇူးတင်သင့်တာ။ ဒီလိုသင်ခန်းစာသာ မရှိခဲ့ဘူးဆိုရင် နောက်နောင် သူ့သားက ဘယ်လိုပြဿနာမျိုးတွေ ရှာလာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ"
ယဲ့ချန်းလည်း ကားမောင်း၍ သုန်းရှောင်ယာကို အိမ်သို့ လိုက်ပို့ပေးခဲ့သည်။
သုန်းရှောင်ယာက မိဘများနှင့်အတူ နေထိုင်လေသည်။ အချိန်လည်း လင့်နေပြီဖြစ်၍ ဝင်ရောက်လည်ပတ်ရန် အဆင်မပြေသောကြောင့် ယဲ့ချန်းမှာ သူ့အိမ်ကိုသာ ပြန်လာခဲ့လိုက်သည်။
ဟွားစံအိမ်တော်သို့ ပြန်ရောက်သော် ဗီလာထဲရှိ မီးများ လင်းထိန်နေသည်ကို တွေ့ရသဖြင့် လင်းဝမ်ယိုပြန်ရောက်ပြီဖြစ်ကြောင်း သိလိုက်ရသောကြောင့် ယဲ့ချန်း၏ နှလုံးသားထဲဝယ် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
ယဲ့ချန်းမှာ ဓာတ်လှေကားဖြင့် အခန်းရှိရာသို့ တက်လာခဲ့လေရာ လင်းဝမ်ယိုက ဓာတ်လှေကားတံခါးဝတွင် ရပ်စောင့်နေပေသည်။
"အိမ်ပြန်ရောက်လာတာ ကြိုဆိုပါတယ် သခင်လေး"
"ဝမ်ယို.. နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီပဲ။ ကိုယ် မင်းကို အရမ်းလွမ်းနေတာ"
လင်းဝမ်ယိုခမျာ ရှက်သွေးဖြာသွားချေသည်။
"ကျွန်မလည်း သခင်လေးကို လွမ်းနေတာပါ"
"ဟားဟား.. ကိုယ်တို့ လေ့ကျင့်ခန်းမလုပ်ဖြစ်တာ တော်တော်တောင် ကြာသွားပြီပဲ။ ဒီညတော့ သေချာလေး လေ့ကျင့်ခန်း လုပ်ကြရအောင်"
လင်းဝမ်ယို၏မျက်နှာကား နီရဲသွားသည်။
"သခင်လေး.. ရှင်က အရမ်းဆိုးတာပဲ"
နောက်တစ်နေ့တွင် ယဲ့ချန်း ပြက္ခဒိန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့အဖေ၏ အသက်၆၀ပြည့်မွေးနေ့ပင် နီးကပ်နေလေပြီ။
ထို့ကြောင့် ဖခင်ဖြစ်သူ နှစ်သက်မည့် လက်ဆောင်တချို့ပေးရန် သူ ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ရေဒီယိုမှ မိုတု မော်တော်ယာဉ်ပြပွဲအကြောင်း သတင်းကြေညာနေပေသည်။
သူ့အဖေက ကားမောင်းရခြင်းကို အလွန်နှစ်သက်ကြောင်းနှင့် သူတို့၏ကားကလည်း မောင်းနှင်နေသည်မှာ နှစ်အတော်ကြာပြီဖြစ်ကြောင်း ယဲ့ချန်း သတိရလိုက်သည်။
အစပိုင်းတုန်းက ယဲ့ချန်းသည် သူ့အဖေအတွက် ကားအသစ် လဲပေးချင်ခဲ့သော်လည်း ဖခင်ဖြစ်သူက ထိုကားဟောင်းကို သံယောဇဉ်တွယ်နေပြီဖြစ်၍ မစွန့်လွှတ်ရက်ကြောင်း ပြောခဲ့သည်။
ဤတစ်ကြိမ်တွင်မူ ယဲ့ချန်းသည် သူ့အဖေ၏မွေးနေ့ကို အသုံးချပြီး စင်စစ်ကောင်းမွန်သော လက်ဆောင်တချို့ပေးရန် ဆုံးဖြတ်လိုက်၏။
••••••••••••••