လုချန်းက စီကုန်းယုဖုန်း၏ မျက်နှာအမူအရာကို သေချာစွာ ကြည့်ရှုလိုက်ပြီး အေးဆေးစွာဖြင့်
“စီနီယာကတော့ နောက်နေပြန်ပြီ။ ကျုပ်ကို သတ်ဖို့ လာခဲ့ပြီး ကျုပ်က ဘယ်သူလဲဆိုတာတောင် မသိဘူးလား။”
စီကုန်းယုဖုန်းက နှာခေါင်းရှုံ့လိုက်၏။
သူ့ထက် များစွာအဆင့်နိမ့်သူတစ်ဦးက ဤသို့ပြောခြင်းကို မထီမဲ့မြင် လေသံဖြင့် ပြောရဲနေခြင်းဖြစ်သည်။
“လျှို့ဝှက်လဝန်းနန်းတော်က တပည့်တစ်ယောက်က ဒီကိစ္စတွေကို သိနေလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး။”
“တော်ပြီ... ခင်ဗျား ဘယ်သူဖြစ်ဖြစ် အရေးမကြီးတော့ဘူး။ ဒီအကြောင်းတွေကို သိသွားမှတော့ ခင်ဗျားကို အသက်ရှင်လျက် ထားလို့မဖြစ်တော့ဘူး။”
ထိုစကားများနှင့်အတူ စီကုန်းယုဖုန်း အသံကုန် ဟစ်အော်လိုက်သည်။
သူ၏ မိစ္ဆာစွမ်းအားအားလုံးကို စုစည်းကာ အဆုံးစွန်သော တိုက်ခိုက်မှုကို စတင်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
“ဝိညာဉ်ငရဲ မီးလျှံချိပ်ပိတ်ခြင်း”
စီကုန်းယုဖုန်း၏ ခန္ဓာကိုယ်မှ နက်မှောင်သော မီးလျှံအမြောက်အမြား ပွင့်ထွက်လာကာ ဦးခေါင်းခွံများအဖြစ် ပြောင်းလဲသွားပြီးနောက် လုချန်းတို့အုပ်စုဆီသို့ ပြေးဝင်သွားကြသည်။
ရှောင်ရွှီရင်က လုချန်းကို အလောတကြီး သတိပေးလိုက်၏။
“မောင်လေးချန်း...နန်းတော်သခင် ပေးထားတဲ့ ကျောက်စိမ်းစာလိပ်ကို မြန်မြန်သုံးလိုက်တော့။”
သူမနှင့် ကောက်ရှီယွမ်တို့ နှစ်ဦးအတွက် ဤမိစ္ဆာနတ်၏ စွမ်းအားသည် ကြီးမားလှသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်၏။
ရွှေနတ်တစ်ဦးကို သူတို့သုံးယောက် ယှဉ်နိုင်လိမ့်မည်ဟု ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ နှစ်ဦးလုံး မထင်ချေ။ ယခု အခြေအနေတွင် ထွက်ပြေးခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
သို့သော် လုချန်းက ကျောက်စိမ်းလိပ်ကို မသုံးသည့်အပြင် ထွက်ပြေးမည့် အမူအရာလည်း မပြသဖြင့် သူတို့နှစ်ဦး အံ့အားသင့်သွားကြ၏။ ထို့အစား လုချန်းက တိုက်ကွက်ကိုသာ လျင်မြန်စွာ ဖော်လိုက်သည်။
“နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ”
တစ်ခဏအတွင်းမှာပင် အကာအကွယ်အတွင်း၌ မီးအိမ်အမြောက်အမြား ပေါ်လာပြီး ထိုမီးအိမ်များမှ ထွက်ပေါ်လာသော အလင်းတန်းများက နက်မှောင်သော ဦးခေါင်းခွံများကို ချက်ချင်း ဖိနှိပ်လိုက်၏။
သူ၏ စွမ်းအားများ ဖိနှိပ်ခံလိုက်ရသည်ကို ခံစားမိလျှင် စီကုန်းယုဖုန်း မျက်မှောင်ကြုတ်သွားသည်။ နိမ့်ကျသော မြေနတ်တစ်ဦးက မိစ္ဆာနတ်တစ်ဦး၏ စွမ်းအားကို ဖိနှိပ်နိုင်လိမ့်မည်ဟု သူ မထင်မိပေ။
ဘာတွေဖြစ်နေတာလဲ။
မြေနတ်တစ်ယောက်က သူ့စွမ်းအားတွေကို ဘယ်လိုလုပ်ပြီး ဖိနှိပ်နိုင်ရတာလဲ။
သူသည် မိစ္ဆာနတ်တစ်ဦး ဖြစ်သည့်အတွက် သာမန်နတ်များကို ဖိနှိပ်နိုင်စွမ်း ရှိသော်လည်း ယနေ့တွင်တော့ ပြောင်းပြန် ဖြစ်နေပြီဖြစ်သည်။
ဤအချက်က လုချန်းသည် မြင်ရသလောက် မရိုးရှင်းကြောင်း စီကုန်းယုဖုန်းအား သွယ်ဝိုက်၍ သိစေခဲ့သည်။
လုချန်းနှင့် ပတ်သက်၍ စီကုန်းယုဖုန်း ပို၍ စိတ်မအေးဖြစ်လာ၏။ ဤလူသည် သွေးလင်းယုန်ခန်းမ၏ ကြံစည်မှုကို သိထားသည့်အပြင် မိစ္ဆာနတ်တစ်ဦး၏ စွမ်းအားကိုပါ ဖိနှိပ်နိုင်နေသည်။
ဤလူကိုသာ ကြီးထွားခွင့် ပေးလိုက်ပါက သွေးလင်းယုန်ခန်းမအတွက် ဧကန်မုချ ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာပေလိမ့်မည်။
စီကုန်းယုဖုန်းသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ နတ်အငွေ့အသက်များကို ထပ်မံ စုစည်းကာ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ပြန်၏။
ဤတစ်ကြိမ်တွင် သူ၏ စွမ်းအား အကုန်နီးပါးကို အသုံးပြုလိုက်ပြီး လုချန်းကို ပွဲချင်းပြီး အဆုံးသတ်ရန် ရည်ရွယ်လိုက်သည်။
“ဝိညာဉ်ငရဲ မဟူရာ မိစ္ဆာလက်ဝါး။”
နက်မှောင်သော နတ်အငွေ့အသက်များ ရောယှက်ကာ လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ကို ဖိအားပေးလိုက်သည်။ နတ်အငွေ့အသက်များကို ထုတ်ဖော်၍ မရတော့သဖြင့် မိန်းကလေးနှစ်ဦး၏ မျက်နှာများ ဖြူလျော့သွားကြ၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်ရှိ မီးအိမ်များထဲသို့ သူခန္ဓာကိုယ်မှ နတ်အငွေ့အသက်များအားလုံးကို လုချန်း ထည့်သွင်းလိုက်၏။ မီးအိမ်များ လင်းလက်လာပြီးနောက် အနီရောင် နတ်အငွေ့အသက်များ ထွက်ပေါ်လာကာ စီကုန်းယုဖုန်း၏ လက်ဝါးကြီးကို ရစ်ပတ်မည့် ကြိုးမျှင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အနီရောင်ကြိုးမျှင်နှင့် မဟူရာ လက်ဝါးကြီး ထိတွေ့မိလျှင် မဟူရာ နတ်အငွေ့အသက်များကို ကြိုးမျှင်က တဖြည်းဖြည်း ဝါးမြိုသွားပြီး စီကုန်းယုဖုန်းလည်း တန်ပြန် သက်ရောက်မှုဒဏ်ကြောင့် သွေးအန်သွားသည်။
သူမြင်နေရသည့်အရာကို စီကုန်းယုဖုန်း မယုံကြည်နိုင် ဖြစ်နေ၏၊
သူက ရွှေနတ်တစ်ဦး မဟုတ်ပါလား။
အဆင့်သုံးဆင့်နိမ့်သော မြေနတ်တစ်ဦး၏ လက်ချက်ဖြင့် ရွှေနတ်တစ်ဦး သွေးအန်သွားရကြောင်း အပြင်လူများ သိသွားပါက လှောင်ပြောင်စရာ ဖြစ်ပေလိမ့်မည်။
စီကုန်းယုဖုန်းက လုချန်းကို ခက်ထန်စွာ စိုက်ကြည့်ရင်း
“ခင်ဗျား ဘယ်လို နတ်ကျင့်စဉ်ကို သုံးနေတာလဲ။ ကျုပ်ခန္ဓာကိုယ်ထဲက နတ်အငွေ့အသက်တွေကို ဘယ်လိုလုပ်ပြီး ဖိနှိပ်ထားနိုင်ရတာလဲ။”
လုချန်းက စီကုန်းယုဖုန်းကို မတုံ့ပြန်ပဲ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကိုသာ ဆက်လက် အသက်သွင်းလိုက်ရာ အနီရောင် ကြိုးမျှင်က စီကုန်းယုဖုန်းဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။
အနီရောင်ကြိုးမျှင်ထံမှ ခြိမ်းခြောက်မှုကို ခံစားမိသဖြင့် စီကုန်းယုဖုန်းလည်း သူ၏ အာကာသလက်စွပ်အတွင်းမှ မြေအဆင့် နတ်ဓားတစ်လက်ကို အလျင်အမြန် ထုတ်ယူလိုက်ရသည်။ ထို့နောက် ထိုဓားဖြင့် အနီရောင် ကြိုးမျှင်ကို ပိုင်းချလိုက်၏။
မြေအဆင့် နတ်လက်နက်ကို အသုံးပြုလိုက်သောကြောင့် သူ၏ တိုက်ခိုက်မှုစွမ်းအား သိသိသာသာ မြင့်တက်သွားစေခဲ့သည်။
ဓားအရှိန်အဝါ၊ ဓား၏စွမ်းအားနှင့် နတ်အငွေ့အသက်များ ပေါင်းစပ်သွားကာ အနီရောင် ကြိုးမျှင်ကို ဖျက်ဆီးလိုက်သဖြင့် ကောင်းကင်ထက်ရှိ မီးအိမ်များလည်း ပေါက်ကွဲကာ ပျောက်ကွယ်သွားကြသည်။
သူ၏ ခန္ဓာကိုယ်အတွင်းသို့ တန်ပြန်သက်ရောက်လာသော စွမ်းအားကို လုချန်း ခံစားလိုက်ရသဖြင့် နတ်အငွေ့အသက်များကို အမြန်လှည့်ပတ်ကာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းလိုက်ရ၏။
မည်သို့ပင်ဆိုစေ သူက မြေနတ်အဆင့်၌သာ ရှိသေးသည် မဟုတ်ပါလား။
နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက စီကုန်းယုဖုန်း၏ နတ်အငွေ့အသက်ကို ဖိနှိပ်နိုင်သော်လည်း အဆင့်ကွာဟချက်က ကြီးမားလွန်းသည့်အပြင် စီကုန်းယုဖုန်းက မြေအဆင့် နတ်လက်နက်ကို အသုံးပြုလိုက်သဖြင့် လုချန်းကို အားနည်း သွားစေခြင်းဖြစ်သည်။
ထို့ကြောင့် ဤတိုက်ပွဲတွင် သူအနိုင်ရရန် တစ်ခုတည်းသော နည်းလမ်းမှာ နတ်ဘုရင်၏ ကျိန်စာကို အသုံးပြုရန်သာဖြစ်ကြောင်း လုချန်း သိရှိလိုက်၏။
လက်ထဲရှိ ဓားကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် နက်မှောင်သော နတ်အငွေ့အသက်များကို စုစည်းရင်း စီကုန်းယုဖုန်းက
“ကလေး... အများကြီး သိလွန်းတာက ကောင်းတဲ့အရာ မဟုတ်ဘူး။ အခုတော့ မင်း သွားရမယ့် အချိန်ရောက်ပြီ။”
ထိုသို့ပြောပြီးနောက် စီကုန်းယုဖုန်းက ဓားဖြင့် ပိုင်းချလိုက်၏။
ဤတစ်ကြိမ်တွင် သူ၏ နတ်အငွေ့အသက်အားလုံးကို ဓားချက်တစ်ချက်တည်းတွင် စုစည်းလိုက်ပြီး လုချန်းကို ချေမှုန်းရန် ကြိုးပမ်းလိုက်သည်။
“နဂါးစိမ်း မိစ္ဆာဓား... ပိုင်းချစမ်း..”
ထိုစကားနှင့်အတူ ထွက်ပေါ်လာသော ဓားအရှိန်အဝါက နက်မှောင်သော မိစ္ဆာနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီးနောက် ကျောက်နက်တောင်ကြားတစ်ခုလုံး နဂါးဟိန်းသံများ ဖုံးလွှမ်းသွားသည်။
၎င်းကို မြင်လျှင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ မျက်နှာပျက်သွားကြပြီး လုချန်းကို ကာကွယ်ပေးရန်အတွက် ချက်ချင်း ပျံတက်လိုက်ကြ၏။
ထင်မှတ်မထားသည်က လုချန်းကလည်း ကောင်းကင်ထက်သို့ ပျံတက်သွားကာ သူတို့နှစ်ဦး၏ ရှေ့တွင် နေရာယူလိုက်သည်။
မိန်းကလေးနှစ်ဦး စကားမပြောရသေးမီမှာပင် လုချန်းက တွန့်ဆုတ်မနေပဲ နတ်ဘုရင်၏ ကျိန်စာကို အသက်သွင်းလိုက်၏။ တစ်ခဏအတွင်းမှာပင် လုချန်း၏ နဖူးထက်၌ ကြာပန်းပုံစံ အမှတ်အသားတစ်ခု ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှ ခန့်ညားထည်ဝါသော ဖိအားများ ထွက်ပေါ်လာသည်။
ထိုဖိအားကြောင့် ရှောင်ရွှီရင်၊ ကောက်ရှီယွမ်နှင့် စီကုန်းယုဖုန်းတို့ ကောင်းကင်ထက်မှ ပြုတ်ကျသွားပြီး မြေပြင်ပေါ်သို့ ရောက်သည့်တိုင် မတ်တပ်မရပ်နိုင် ဖြစ်နေကြ၏။ လုချန်းထံမှ ဖိအားကို ခံစားမိလျှင် ထိုသုံးဦးစလုံး မှင်တက်သွားကြ၏။
နတ်ဘုရင်....
ဤအရာက နတ်ဘုရင်တစ်ပါး၏ ဖိအား ဖြစ်သည်။
သူက တကယ်ပဲ နတ်ဘုရင်တစ်ပါး ဖြစ်နေတာလား။
မိန်းကလေးနှစ်ဦးလည်း လုချန်းကို ဇဝေဇဝါဖြင့် ကြည့်နေမိကြ၏။ စီကုန်းယုဖုန်းကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် လုချန်းကို စိုက်ကြည့်နေသည်။
ဤအခြေအနေတွင် သူ့အတွက် အနိုင်ရရန် အခွင့်အလမ်း လုံးဝမရှိတော့ကြောင်း စီကုန်းယုဖုန်း နားလည်သွားခဲ့သည်။
ဒီလူက နတ်ဘုရင်တစ်ပါး ဖြစ်နေတာကိုး။
နတ်ဘုရင်တစ်ပါး မြေနတ်အယောင်ဆောင်နေတာ တကယ့်ကို အရှက်မရှိတဲ့ လုပ်ရပ်ပဲ။
အစောပိုင်းက သူ့ကို လုချန်း ဘာကြောင့် ဖိနှိပ်နိုင်ခဲ့သလဲဆိုတာ အံ့ဩစရာ မဟုတ်တော့ပေ။ ဤလူက အယောင်ဆောင်ထားသော နတ်ဘုရင်တစ်ပါး ဖြစ်နေသည် မဟုတ်ပါလား။
လုချန်း ရယ်မောရင်း
“အခုတော့ ကျုပ်အလှည့် ရောက်ပြီ”
ထိုသို့ပြောပြီးနောက် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လုချန်း ထပ်မံ အသုံးပြုလိုက်ရာ ကျောက်နက်တောင်ကြား၏ ကောင်းကင်ယံတစ်ခုလုံးတွင် မီးအိမ်များ ပေါ်လာပြန်၏။ မီးအိမ်များမှ အနီရောင် နတ်အငွေ့အသက်များ ထွက်ပေါ်လာကာ သွေးနီရောင် ပိုးချည်မျှင်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး ထိုဖိအားက ယခင်ထက်ပင် ပို၍ ထိတ်လန့်ဖွယ် ကောင်းနေသည်။
၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် စီကုန်းယုဖုန်း၏ တစ်ကိုယ်လုံး မီးလောင်နေသကဲ့သို့ ခံစားလိုက်ရ၏။ စီကုန်းယုဖုန်း မျက်နှာ ပျက်သွားကာ အလျင်အမြန်ပင်
“ကျုပ်က သွေးလင်းယုန်ခန်းမရဲ့ အကြီးအကဲ တစ်ယောက်ပဲ... ခင်ဗျား ကျုပ်ကို သတ်လို့မဖြစ်ဘူး။ သတ်လိုက်ရင် သွေးလင်းယုန်ခန်းမက ကျုပ်အတွက် လက်စားချေပြီး လျှို့ဝှက်လဝန်းနန်းတော်ကို အမြစ်ပြတ် ချေမှုန်းလိမ့်မယ်။”
လုချန်းက နှာခေါင်းရှုံ့လိုက်ရင်း
စီကုန်းယုဖုန်း၏ ခြိမ်းခြောက်မှုကို လုံးဝဂရုမစိုက်သည့် လေသံဖြင့်
“ခင်ဗျားကို မသတ်လည်း သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို ရန်မူဦးမှာပဲ။ ကဲ... ခင်ဗျား သွားရမယ့် အချိန်တန်ပြီ။”
ထိုသို့ပြောကာ စီကုန်းယုဖုန်းဆီသို့ အနီရောင် ပိုးချည်မျှင် ပြေးဝင်သွားစေရန် သူ၏ လက်တစ်ဖက်ကို လုချန်း မြှောက်လိုက်၏။ ၎င်းကို မြင်လျှင် ကျောက်နက်တောင်ကြားမှ ထွက်ခွာနိုင်ဖို့ အာကာသ ကူးပြောင်းခြင်းကို သုံးရန် စီကုန်းယုဖုန်း ပြင်လိုက်သည်။
သို့သော် သူ အာကာသကို ချိပ်ပိတ်နိုင်သကဲ့သို့ လုချန်းကလည်း ပိတ်နိုင်၏။
နတ်ဘုရင်တစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားသော လုချန်း၏ ချိပ်ပိတ်မှုကို ထူးခြားသော မှော်ရတနာ မရှိပဲ ဖောက်ထွက်ရန်က စီကုန်းယုဖုန်းအတွက် လုံးဝ မဖြစ်နိုင်ပေ။
အနီရောင်ပိုးချည်မျှင် နီးကပ်လာသည်ကို မြင်လျှင် စီကုန်းယုဖုန်းလည်း သူ၏ စွမ်းအားအားလုံးကို စုစည်းကာ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို နောက်တစ်ကြိမ် ဖျက်ဆီးရန် ကြိုးပမ်းလိုက်၏။
“နဂါးစိမ်း မိစ္ဆာဓား...”
ကံဆိုးစွာပင် ယခုတစ်ကြိမ်ကတော့ စီကုန်းယုဖုန်း မျှော်လင့်ထားသလို ဖြစ်မလာခဲ့ချေ။ မိစ္ဆာနဂါး အနီရောင်ကြိုးမျှင်ကို ဝင်တိုက်မိလျှင် ချက်ချင်းပင် သွေးနီရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ကြိုးမျှင်၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။ ထို့နောက် ကြိုးမျှင်က စီကုန်းယုဖုန်းကို လုံးဝ ရစ်ပတ်လွှမ်းခြုံသွား တော့သည်။
အနီရောင် ကြိုးမျှင်နှင့် စီကုန်းယုဖုန်း၏ ခန္ဓာကိုယ် ထိတွေ့မိသည်နှင့် သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်တို့ အငွေ့ပျံလာပြီး ထူထပ်သော မြူဖြူများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင်တော့ စီကုန်းယုဖုန်း၏ နာကျင်စွာ အော်ဟစ်သံများ ကျောက်နက်တောင်ကြား တစ်ခုလုံး ဟိန်းထွက်သွား တော့သည်။
“အားးးးးးး”
“မဖြစ်နိုင်ဘူးးး”
တစ်ခဏအကြာတွင် စီကုန်းယုဖုန်း၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်တို့ လုံးဝ ပျောက်ကွယ်သွားတော့၏။
***