ထိုခဏ၌ သူမ၏ စိတ်ခံစားချက်များကို ရှောင်ရွှီရင် မထိန်းချုပ်နိုင်တော့ပဲ မျက်ဝန်းအစုံမှ မျက်ရည်များ အတားအဆီးမဲ့စွာ စီးကျလာလေတော့၏။
လုချန်းက ရှောင်ရွှီရင်ကို
“စီနီယာအစ်မ... ဘာဖြစ်လို့လဲ”
ရှောင်ရွှီရင် သတိပြန်ဝင်လာကာ လုချန်းအား ချက်ချင်း ဂါရဝပြုလိုက်ရင်း
“ဒီအစေခံက ဘုရင်ကြီးကို ဂါဝရပြုပါတယ်”
အံ့သြဟန်ဆောင်လိုက်ရင်း လုချန်းက
“စီနီယာအစ်မက ကျုပ်သိတဲ့သူ တကယ်ပဲလား။”
ရှောင်ရွှီရင်က
“ဒီအစေခံကို ဘုရင်ကြီး အမှတ်ရနေဦးမယ်လို့ မထင်ထားခဲ့မိပါဘူး... ကျွန်မဟာ အရင်တုန်းက ထျန်းရှနတ်ဘုရားနိုင်ငံတော် နန်းတော်ထဲကနေ ဘုရင်ကြီး ကယ်တင်ခဲ့တဲ့ အစေခံမလေးပါ။”
“အကယ်၍သာ ဘုရင်ကြီး မရှိခဲ့ရင် ဒီအစေခံမဟာ နန်းတော်ထဲက လူတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့ရမှာပါ။”
လုချန်းက
“စီနီယာအစ်မ... အမြန်ထပါ။ အစေခံလို့ ပြောနေဖို့ မလိုပါဘူး... အခုဆိုရင် ခင်ဗျားက ကျုပ်ရဲ့ စီနီယာအစ်မ ဖြစ်နေပြီပဲ။ ကိုယ့်ကိုယ်ကို အစေခံလို့ ဘယ်လိုလုပ် ခေါ်နိုင်ဦးမှာလဲ။”
“ဘုရင်ကြီး ကျွန်မကို ကယ်တင်ခဲ့တဲ့ အချိန်ကစပြီး ဒီဘဝမှာ ဘုရင်ကြီးရဲ့ အစေခံအဖြစ်ပဲ ထာဝရ နေထိုင်သွားမယ်လို့ စိတ်ထဲက ဆုံးဖြတ်ခဲ့ပါတယ်။”
ရှောင်ရွှီရင်သည် ဒူးထောက်ထားဆဲဖြစ်ကာ ထရန် စိတ်မပါသည်ကို မြင်လျှင် လုချန်းက
“စီနီယာအစ်မ... ခင်ဗျား ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ကျုပ် အခုချက်ချင်း လျှို့ဝှက်လဝန်းနန်းတော်ကနေ ထွက်သွားတော့မယ်။”
လုချန်း၏ စကားများကို ကြားလျှင် ရှောင်ရွှီရင် တုန့်ခနဲ ဖြစ်သွားကာ မျက်ရည်များကို သုတ်ရင်း ကြမ်းပြင်မှ အမြန်ထလိုက်၏။
“စီနီယာအစ်မ... ကျုပ်ရဲ့ လက်ရှိ အခြေအနေကို ခင်ဗျား သိထားသင့်တယ်... နှစ်သန်းတစ်သောင်းကျော် ကြာသွားခဲ့ပေမဲ့ ကျုပ်ကို မှတ်မိနေတဲ့သူတွေ ရှိနေသေးသလို ကျုပ်ကို သေစေချင်နေတဲ့သူတွေလည်း အများကြီးပဲ။”
“အဝေးက လူတွေကို ထားပါဦး... ကျုပ်ရဲ့ လေးစားရတဲ့ ဆရာနဲ့ စီနီယာအစ်မကိုယ်တိုင်တောင် ကျုပ်ကို မုန်းတီးနေကြတာ... သူတို့က ကျုပ်ရဲ့ အရေခွံကို ခွာပြီး အပိုင်းပိုင်း ဖြတ်ပစ်ချင်နေကြတာလေ။”
လုချန်း၏ ဆရာနဲ့ စီနီယာအစ်မတို့က သူ့အား မုန်းတီးနေကြသည်ဟု ကြားလျှင် ရှောင်ရွှီရင် ခဏခန့် ဇဝေဇဝါဖြစ်သွား၏။ မုန်းတီးနေကြသည်ဆိုလျှင် သူ့အား လျှို့ဝှက်လဝန်းနန်းတော်သို့ အဘယ်ကြောင့် ခေါ်ဆောင်လာကြသနည်း။
“ခင်ဗျားကလွဲလို့ ကျုပ်ရဲ့ ဆရာနဲ့ စီနီယာအစ်မ အပါအဝင် ဘယ်သူမှ ကျုပ်ရဲ့ တကယ့် သရုပ်မှန်ကို မသိကြသေးဘူး... ဒါပေမဲ့ စီနီယာအစ်မကတော့ ကျုပ်ကို သံသယဝင်နေပြီ။”
“လျှို့ဝှက်လဝန်းနန်းတော်မှာ နေတုန်းက ကျုပ်ကို စောင့်ကြည့်ဖို့ လူတွေ လွှတ်ခဲ့တယ်... အခု ကောင်းကင်ဝံပုလွေမြို့မှာ လေ့ကျင့်နေတုန်းမှာလည်း ခင်ဗျားနဲ့ စီနီယာအစ်မ ကောက်ကို စောင့်ကြည့်ဖို့ တာဝန်ပေးထားတာလေ။”
ထိုအရာကို ကြားလျှင် သူတို့၏ စီနီယာအစ်မ လုချန်းအား စောင့်ကြည့်ရန် အဘယ်ကြောင့် တာဝန်ပေးခဲ့သည်ကို ကောက်ရှီယွမ် နောက်ဆုံး၌ နားလည်သွား၏။
ချန်းလုသည် တကယ်တော့ လုချန်းဖြစ်နေနိုင်သည်ကို ယဲ့ချူယောင် သံသယဝင်နေခြင်းပင် ဖြစ်သည်။
“အစကတော့ ကျုပ် ခင်ဗျားနဲ့ မတွေ့ချင်ခဲ့ဘူး... ဒါပေမဲ့ ကျုပ်ရဲ့ ကျင့်စဉ်က ထူးခြားနေတယ်... အကယ်၍သာ ကူညီမဲ့သူ တစ်ယောက်ယောက်ကို မရှာနိုင်ရင် ပေါက်ကွဲပြီး သေသွားနိုင်တယ်။”
ရှောင်ရွှီရင်မှာ ရုတ်တရက် သတိဝင်လာကာ
“ဘုရင်ကြီး... ရှင် ကျွန်မကို ဘာပဲလုပ်ခိုင်းလုပ်ခိုင်း ကျွန်မ အကြိမ်တစ်ထောင် သေရမယ်ဆိုရင်တောင် ဝန်လေးမှာ မဟုတ်ပါဘူး”
“စီနီယာအစ်မ... ကိုယ့်ကိုယ်ကို အစေခံလို့ ဆက်ခေါ်နေဦးမယ်ဆိုရင် ကျုပ် လျှို့ဝှက်လဝန်းနန်းတော်ကနေ တကယ် ထွက်သွားတော့မှာနော်။”
“ခင်ဗျား ပေါ့ဆသွားရင် ကျုပ်ရဲ့ သရုပ်မှန်ကို ဖော်ပြသလို ဖြစ်သွားနိုင်တယ်... အဲ့ဒီအချိန်ကျရင် ကျုပ်ဟာ ဆရာနဲ့ စီနီယာအစ်မတို့ လိုက်သတ်ဖြတ်တာကို မလွဲမသွေ ခံရလိမ့်မယ်။”
ဒါက...
ရှောင်ရွှီရင် ခဏခန့် မှင်တက်သွားပြီးနောက်
“စီနီယာ... မောင်လေး။ တို့ လျှို့ဝှက်လဝန်းနန်းတော်ကနေ အတူတူ ထွက်သွားကြရအောင်လေ။”
လျှို့ဝှက်လဝန်းနန်းတော်တွင် ရန်သူများ ရှိနေမှတော့ အဘယ်ကြောင့် ဆက်နေရမည်နည်း။ နန်းတော်အပေါ် သံယောဇဉ် ရှိသော်ငြားလည်း လုချန်းနှင့် နှိုင်းယှဉ်လျှင် ထိုသံယောဇဉ်က အရေးမပါလှပေ။
“ကျုပ်ရဲ့ စွမ်းအားတွေက အကုန်ပြန်မရသေးဘူး... ကျင့်စဉ်အတွက် အရင်းအမြစ်တွေ အမြောက်အမြား လိုအပ်နေသလို သွားစရာ တခြားနေရာလည်း မရှိသေးတော့ လောလောဆယ် လျှို့ဝှက်လဝန်းနန်းတော်ကနေ ထွက်ဖို့ မစဉ်းစားသေးဘူး။”
ဒါကတော့...
ရှောင်ရွှီရင်လည်း သူမ၏ စိတ်ခံစားချက်များကို ထိန်းသိမ်းလိုက်ရင်း
“မောင်လေးရဲ့ ကျင့်စဉ်က ထူးခြားနေပြီး အကူအညီ လိုအပ်နေတာလား... မဟုတ်ရင် ပေါက်ကွဲပြီး သေနိုင်တယ်လို့ ခုနက ပြောလိုက်တာလား။”
“ဟုတ်တယ်”
“ကျုပ်ကျင့်တဲ့ နတ်လမ်းစဉ်က ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့ စွမ်းအားတွေကို အမြဲတစေ တိုးပွားစေတယ်... အဲ့ဒီစွမ်းအားတွေကို ခန္ဓာကိုယ်ထဲကနေ တိုက်ရိုက် ထုတ်ပစ်လို့မရပဲ ယင်ယန် ဟန်ချက်ညီအောင် လုပ်ရတယ်။”
“အရင်က ထျန်းရန်နတ်ဘုရားနယ်မြေမှာ ရှိတုန်းက ကျုပ်ရဲ့ စွမ်းအားတွေကို ဟန်ချက်ညီအောင် ကူညီပေးနိုင်မဲ့ ဇနီးတွေ အများကြီး ရှိခဲ့တယ်... ဒါပေမဲ့ အခုတစ်ခေါက် ပြန်လာတော့ ဘယ်သူမှ ပါမလာဘူး... ပြင်းထန်တဲ့ စွမ်းအားတွေ အဆက်မပြတ် စုစည်းလာတာကြောင့် ကျုပ်ရဲ့ ခန္ဓာကိုယ်က မခံနိုင်တော့ပဲ ပျက်စီးတော့မဲ့ အခြေအနေကို ရောက်နေပြီ။”
ထိုအရာကို ကြားလျှင် လုချန်း၏ ဆိုလိုရင်းကို ရှောင်ရွှီရင် ချက်ချင်းပင် နားလည်သွားကာ ပါးပြင်နှစ်ဖက်လည်း ချက်ချင်းပင် နီရဲသွား၏။ နှစ်ပေါင်း သန်းတစ်သောင်းကျော်တိုင်အောင် လုချန်းအား စိတ်ထဲမှ ကြည်ညို နေခဲ့သော်လည်း ထိုနှစ်များတစ်လျှောက် လုချန်းသည် သူမ၏ အိပ်မက်ထဲတွင်သာ ရှိနေခဲ့၏။ သူ့အား တစ်ခါမှပင် မတွေ့ခဲ့ရပေ။
ယခု လုချန်းနှင့် ပြန်လည် ဆုံတွေ့ပြီးနောက် ချက်ချင်းပင် စုံတွဲကျင့်စဉ် ကျင့်ကြံရန်က သူမအား အလွန် ရှက်ရွံ့သွားစေသည်မှာ ထင်ရှားလှသည်။
သို့သော် ရှောင်ရွှီရင်က
“မောင်လေး... ကူညီဖို့ ကျွန်မ အသင့်ရှိနေပါတယ်”
ထိုစကားများနှင့်အတူ ရှောင်ရွှီရင် လက်ကို ဝေ့ယမ်းလိုက်ရာ သူမ၏ ပြင်ပဝတ်ရုံသည် အလင်းစက်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲကာ ပျောက်ကွယ်သွားပြီး အဖြူရောင် အတွင်းခံအင်္ကျီသာ ကျန်ရှိတော့၏။
ရှောင်ရွှီရင် သဘောတူသည်ကို မြင်လျှင် လုချန်းသည်လည်း တုံ့ဆိုင်းမနေတော့ပေ။ ပြောစရာရှိသည်များကို နောက်မှသာ ပြောဆိုနိုင်သည်။
လုချန်းက လက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ အဝတ်အစားများလည်း ချက်ချင်း ပျောက်ကွယ်သွား၏။ ထို့နောက် ရှောင်ရွှီရင်ကို သူ၏ ရင်ခွင်ထဲသို့ လုချန်း ဆွဲသွင်းလိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းကို ခေါင်းငုံ့ကာ နမ်းလိုက်သည်။
ထိုအခိုက်အတန့်တွင် လုချန်း၏ စကားများကို ရှောင်ရွှီရင် လုံးဝ သံသယ မဖြစ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ချန်ဘုရင်မှလွဲ၍ သူမ၏ အခြေအနေကို အခြားသူ မသိနိုင်သောကြောင့် ဖြစ်၏။ ထိုအကြောင်းကို လုချန်းက ပွင့်ပွင့်လင်းလင်း ပြောပြနေမှတော့ သူသည် လုချန်း ဧကန်မုချ ဖြစ်ရမည်ဖြစ်သည်။
ထို့ပြင် ချန်းလုအား ပထမဆုံး မြင်လိုက်ကတည်းက အရင်က လုချန်းနှင့် ချွပ်စွပ်တူနေသည်ဟု သူမ ခံစားခဲ့ရ၏။ အရေးကြီးဆုံးအချက်က လုချန်းသည် အရင်အတိုင်းပင် ဖြစ်နေခြင်းပင်။
ချန်ဘုရင်သည် အလှအပကို နှစ်သက်ပြီး ဆွဲဆောင်မှုရှိသူ ဖြစ်ကြောင်းကို ရှောင်ရွှီရင် ကောင်းကောင်း သိထားသည်။
လုချန်း၏ ကျင့်စဉ်အတွက် ထိုအရာ တကယ် လိုအပ်နေသလားဆိုတာကို ရှောင်ရွှီရင် အနည်းငယ် သံသယရှိသော်လည်း သူမ ဂရုမစိုက်တော့ပေ။ သူမ သိထားသည်က လုချန်းသည် သူမအား တမ်းတနေပြီး သူမ၏ ခန္ဓာကိုယ်ကို လိုချင်နေသည်ဟူသောအချက်သာ ဖြစ်၏။
သူတို့၏ နှုတ်ခမ်းများ ထိတွေ့သွားချိန်တွင် ရှောင်ရွှီရင်၏ ကျင့်စဉ်အဆင့်မှာ ထိုအခိုက်အတန့်၌ပင် ရုတ်တရက် မြင့်တက်သွားရာ သူသည် လုချန်း အစစ်ဖြစ်ကြောင်း သူမ၏ စိတ်ထဲ ဝမ်းသာအားရ သိလိုက်ရ၏။
ကောင်းကင်နတ်နယ်ပယ်သို့ ရောက်ရှိကတည်းက သူမ၏ ကျင့်စဉ်အဆင့် တိုးတက်မှု မရှိတော့ပေ။ ထိုသို့ဖြစ်ရခြင်းက လုချန်းကြောင့် ဖြစ်သည်။
ချစ်ရသူနှင့် အတူမရှိနိုင်သောကြောင့် သူမ၏ စိတ်အခြေအနေ ပြည့်စုံမှု မရှိခဲ့ချေ။ ချစ်ရသူနှင့် အတူရှိမှသာ ထိုအဆင့်ကို ကျော်ဖြတ်နိုင်မည် ဖြစ်၏။
ရှောင်ရွှီရင် အဆင့်တက်သွားသည် ခံစားမိလိုက်သောအခါ လုချန်း မှင်တက်သွားသည်။
ရှောင်ရွှီရင်အား နမ်းရုံသာ နမ်းရသေး၏။
သူမက ဘယ်လိုလုပ် အဆင့်တက်သွားရသနည်း။
ရှောင်ရွှီရင်၏ မျက်ဝန်းများကို ကြည့်ရင်း လုချန်းနှင့် ရှောင်ရွှီရင်တို့ ဖြည်းညှင်းစွာ ခွာလိုက်ကြ၏။ ရှောင်ရွှီရင်က နီရဲနေသော မျက်နှာဖြင့် လုချန်းကို ကြည့်ကာ
“မောင်လေး... ကျေးဇူးတင်ပါတယ်”
“ဒါက ကျုပ်နဲ့ မဆိုင်သလိုပဲနော်”
“ရှင့်ရဲ့ ကယ်တင်မှုကို ကျွန်မ ကျေးဇူးမဆပ်ရသေးလို့ စိတ်အခြေအနေ မပြည့်စုံပဲ စစ်မှန်သောနတ် နယ်ပယ် အဆင့်ကို မတက်နိုင်ခဲ့တာပါ... အခု ရှင် ပြန်ရောက်လာပြီး ကျေးဇူးဆပ်ခွင့် ရတော့မှာမို့လို့ ကျွန်မရဲ့ စိတ်အခြေအနေ ပြည့်စုံသွားပြီး အဆင့်တက်သွားတာပါ။”
ရှောင်ရွှီရင်၏ ဆိုလိုရင်းကို လုချန်း ချက်ချင်းပင် နားလည်သွားကာ
“ဒါကြောင့်ကိုး”
လုချန်းက ပြုံးလိုက်ရင်း
“ကျုပ်ကြောင့် စီနီယာအစ်မရဲ့ စိတ်အခြေအနေ ပြည့်စုံသွားပြီဆိုရင် စီနီယာအစ်မကလည်း ကျုပ်ကို ပြန်ကူညီဖို့ မလိုဘူးလား။”
ရေခဲတမျှ အေးစက်သော အလှနတ်သမီးက ရှက်ရွံ့စွာဖြင့်
“စီနီယာအစ်မကို မောင်လေး စိတ်ကြိုက် အသုံးချပါ။”
ရှောင်ရွှီရင်က ထိုသို့ ပြောလာမှတော့ လုချန်း ဘာပြောစရာ ရှိတော့မည်နည်း။
ထို့နောက် ရှောင်ရွှီရင်ကို ကုတင်ပေါ်သို့ တိုက်ရိုက် လှဲသိပ်လိုက်ပြီးနောက် သူမနှင့်
ထိကပ်လိုက်လေတော့၏။
…….
တစ်ချိန်တည်းမှာပင်။
သွေးလင်းယုန်ခန်းမ။
ထိုကမ္ဘာပေါ်တွင် သွေးချောင်းစီးနေသည့် အလောင်းတောင်တန်းများ ရှိနေ၏။ တောင်ထိပ်များသည် ဦးခေါင်းပြတ်နေသော ဘီလူးအလောင်းကြီးများဖြင့် တည်ဆောက်ထားပြီး စီးဆင်းနေသော မြစ်ချောင်းအိုင်များမှာလည်း နီရဲသော အရည်များသာ ဖြစ်သည်။
တောင်ထိပ်တစ်ခုပေါ်ရှိ သွေးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူတစ်ယောက်က လေထဲတွင် ဝဲပျံနေသည့် ရွှေရောင်အလင်းလုံးတစ်ခုကို ရုတ်တရက် လှမ်းဖမ်းလိုက်၏။
ထို့နောက် သူက
“ယွမ်ယုတိရဲ့ တပည့်ရင်းလား... စိတ်ဝင်စားဖို့ ကောင်းသားပဲ။ သူရဲ့ တပည့်ရင်း အသတ်ခံလိုက်ရတာကို သိရင် ယွမ်ယုတိတစ်ယောက် ဘယ်လို မျက်နှာပေးမျိုး ရှိမလဲဆိုတာ သိချင်မိတယ်”
ဟု ရေရွတ်လိုက်၏။
***