စီကုန်းယုဖုန်းသည် ကျောက်နက်တောင်ကြားတွင် လုချန်းနှင့် မတိုက်ခင်က နောက်ထပ် မည်သို့ ဆက်လက် လုပ်ဆောင်ရမည်ကို ပြောကြားရန်အတွက် သွေးလင်းယုန်ခန်းမ၏ ဒုတိယ ခန်းမသခင်ထံသို့ သူ၏ နတ်အာရုံကို အသုံးပြုကာ သတင်း ပို့ခဲ့သည်။
ထိုသတင်းကို ရရှိလျှင် သွေးလင်းယုန်ခန်းမ၏ ဒုတိယ ခန်းမသခင် ဖြစ်သူ
ဝိညာဉ်ဆိုး နတ်ဘုရင် အလွန် ကျေနပ်သွား၏။ ယွမ်ယုတိ၏ တပည့်ရင်း သေဆုံးသွားခဲ့လျှင် လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းတို့ အငြိုးအတေးကြီးစွာဖြင့် မလွဲမသွေ တိုက်ခိုက်ကြလိမ့်မည်ဟု သူ ယူဆထားသည်။
ဤသည်က နတ်ဘုရင်အဆင့် အင်အားစု နှစ်ခုကို ဝါးမြိုပစ်ရန် သွေးလင်းယုန်ခန်းမအတွက် ရရှိလာသော အခွင့်အရေး တစ်ရပ်ပင်။
ထိုအချိန်တွင် ဝိညာဉ်ဆိုး နတ်ဘုရင်က အလောင်းတောင်တန်းတစ်ခုအတွင်းရှိ အမျိုးသမီးထံသို့
“ကျင့်ရှူး... ဒီကို ခဏလာခဲ့ဦး”
ဟု သတင်း ပို့လိုက်၏။
ဝိညာဉ်ဆိုး နတ်ဘုရင်၏ သတင်းစကားကို ကြားလျှင် ဘီလူးကြီးတစ်ဦး၏ ခန္ဓာကိုယ်အတွင်း နှလုံးသားနေရာ၌ နေထိုင်သော ဆံပင်နီ အမျိုးသမီးတစ်ဦး သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
ထိုအမျိုးသမီးသည် အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အလွန် ဆွဲဆောင်မှုရှိလှသလို အေးစက်လှသော မျက်နှာထားလည်း ရှိပေသည်။
နောက်တစ်ခဏတွင် သွေးမြစ်အတွင်းမှ အမျိုးသမီး ထလာကာ သူမ၏ ပုံရိပ် လျှပ်ခနဲ လှုပ်ရှားသွားပြီးနောက် ဝိညာဉ်ဆိုး နတ်ဘုရင်၏ ရှေ့တွင် ပေါ်လာတော့၏။
သူမက
“တပည့်ဖြစ်သူက ဒုတိယ ခန်းမသခင် ဝိညာဉ်ဆိုးကို ဂါရဝပြုပါတယ်”
ဝိညာဉ်ဆိုး နတ်ဘုရင်က
“လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချီယန်ဂိုဏ်းတို့ဟာ မကြာခင် စစ်ဖြစ်ကြတော့မယ်။ အဲ့ဒီအချိန်ကျရင် လူတွေ အများကြီး သေကြမှာ မြေကြီးလက်ခတ်မလွဲပဲ။ အဲ့ဒီလူတွေရဲ့ သွေးအဆီအနှစ်တွေက မင်းကို ရွှေနတ်နယ်ပယ်ဆီ အမြန်ဆုံး အဆင့်တက်နိုင်အောင် ကူညီပေးလိမ့်မယ်။”
“ကောင်းကင်ဝံပုလွေမြို့ကို သွားပြီး သူတို့ စတိုက်ခိုက်ကြမဲ့ အချိန်ကို သွားစောင့်နေလိုက်။”
ထိုအရာကို ကြားလျှင် ရှုကျင့်ရှူးက
“ဟုတ်ကဲ့ပါ ခန်းမသခင်”
ဟု ရိုသေစွာ ပြန်တုန့်ပြန်လိုက်သည်။
စကားပြောပြီးသည်နှင့် ရှုကျင့်ရှူးလည်း မဆိုင်းမတွပင် သူမ၏ အာကာသလက်စွပ်အတွင်းမှ နတ်လှေတစ်စင်းကို ထုတ်ယူကာ ကောင်းကင်ဝံပုလွေမြို့ဆီသို့ အမြန် ဦးတည် ထွက်ခွာသွားတော့၏။
……
နတ်လှေတစ်စင်းသည် ကောင်းကင်ဝံပုလွေမြို့ဆီသို့ ဖြည်းညှင်းစွာ ဦးတည်နေ၏။
နတ်လှေအတွင်းမှ အသံများလည်း အဆက်မပြတ် ထွက်ပေါ်နေ၏။
သို့သော် ကံကောင်းထောက်မစွာဖြင့် နတ်လှေပေါ်တွင် အသံလုံ နည်းဗျူဟာပုံစံ ရှိနေသောကြောင့် လှေအတွင်းမှ အသံများကို ဖြတ်သန်းသွားလာနေကြသည့် နတ်များ မကြားနိုင်ကြပေ။
နတ်လှေပေါ်ရှိ အခန်းတစ်ခန်းအတွင်း၌ ရှောင်ရွှီရင်နှင့်အတူ လုချန်းတို့ သံယောဇဉ်များ ပျိုးထောင်နေကြ၏။
ရှောင်ရွှီရင်သည် ကောင်းကင်နတ်တစ်ဦး ဖြစ်ပြီး သူမ၏ လက်ရှိနယ်ပယ်မှာ လုချန်းထက် မြင့်မားသော်လည်း လုချန်း၏ ရှေ့တွင်မူ သူမ လုံးဝ အင်အားမဲ့နေသည်ကို တွေ့ရှိခဲ့ရသည်။
ကြည်နူးမှုကြောင် ရှောင်ရွှီရင် မျက်ရည်များ အကြိမ်ကြိမ် ကျခဲ့ရ၏။ ထိုအခါမှသာ လုချန်း၏ အရင်ဇနီးများ အဘယ်ကြောင့် ကစဉ့်ကလျား ပင်လယ်အထိ လိုက်ပါရန် ဝန်မလေးခဲ့ကြသည်ကို သူမ နားလည်သွားတော့၏။
ကစဉ့်ကလျား ပင်လယ်ကို တွေးမိလျှင် ရှောင်ရွှီရင်၏ စိတ်များ အနည်းငယ် ကြည်လင်သွားကာ လုချန်း၏ လည်ပင်းကို ဖက်ရင်း သူ၏ မျက်လုံးများကို ကြည့်ကာ
“မောင်လေး... ရှင့်... ကစဉ့်ကလျား ပင်လယ်ထဲကနေ ဘယ်လို ထွက်လာခဲ့တာလဲ”
နတ်ဧကရာဇ်တောင်မှ ကစဉ့်ကလျား ပင်လယ်ထဲကနေ ထွက်ခွာနိုင်မဲ့ နည်းလမ်းမခဲ့ရှိပေ။ ကစဉ့်ကလျား ပင်လယ်ထဲ တစ်ခါဝင်သွားလျှင် သေမင်းတံခါးဝသို့ ရောက်ရှိသွားမည်ဟု ကောလာဟလများ ရှိခဲ့သော်လည်း လုချန်းကတော့ ကစဉ့်ကလျား ပင်လယ်မှ အသက်ရှင်လျက် ပြန်လာနိုင်ခြင်းကြောင့် ရှောင်ရွှီရင် အလွန် နားမလည်နိုင် ဖြစ်နေရသည်။
လုချန်းက ကစဉ့်ကလျား ပင်လယ်သို့ လုံးဝ မသွားခဲ့ပဲ တစ်နေရာရာတွင် ပုန်းကွယ်နေပြီး သူ သွားခဲ့သည်ဟု ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ခဲ့ခြင်းများလားဟု သူမ စိတ်ထဲ တွေးတောနေမိ၏။
ကိစ္စများကို အလေးအနက် ကိုင်တွယ်နေသည့် လုချန်းက
“ဟူး... ဒါက ပြောရရင် ရှည်တယ်။ နောက်မှ ကျုပ် ဖြည်းဖြည်းချင်း ပြောပြမယ်”
ရှောင်ရွှီရင်က
“ဒါဆို... တခြား အစ်မတွေကော...”
ဟု ဆက်မေးပြန်၏။
လုချန်းသည် မိမိ၏ အမျိုးသမီးများကို အမြတ်နိုးဆုံး အမျိုးသားအဖြစ် ထျန်းရန်နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် လူသိများကြ၏။ လုချန်း ပြန်လာပြီဆိုမှတော့ သူ၏ အမျိုးသမီးများလည်း ပြန်ပါလာသင့်သည်။
လုချန်း သူတို့ကို မည်သည့်နေရာတွင် ထားခဲ့သည်ကို ရှောင်ရွှီရင် သိချင်နေမိ၏။
လုချန်းက
“သူတို့က ကစဉ့်ကလျား ပင်လယ်ထဲမှာပဲ ကျန်ခဲ့ကြတယ်။ နောင်တစ်ချိန် ကိုယ် နတ်ဧကရာဇ် ဖြစ်လာမှ သူတို့ကို သွားခေါ်မယ်။”
ထိုအရာကို ကြားလျှင် ရှောင်ရွှီရင် အနည်းငယ် တုန့်ခနဲ ဖြစ်သွား၏။
ကစဉ့်ကလျား ပင်လယ်ထဲမှာ ရှိနေသေးတာလား။
ထိုအခိုက်အတန့်တွင် လုချန်းက ရုတ်တရက် အင်အားမြှင့်လိုက်ရာ ရှောင်ရွှီရင် သတိပြန်ဝင်လာပြီး
“အင်း... ကစဉ့်... ကလျား ပင်လယ်ဆိုတာ... သေမင်းတမန် နယ်မြေ... မဟုတ်ဘူးလား...”
“တကယ်တော့ အဲ့ဒါက သေမင်းတမန် နယ်မြေပါပဲ။ ဒါပေမဲ့ ကစဉ့်ကလျား ပင်လယ်ထဲမှာ သက်ရှိတွေ နေထိုင်နိုင်မဲ့ စကြဝဠာ တစ်ခုကို ကိုယ် ဖန်တီးထားခဲ့တယ်။”
“ဒါကြောင့်ကိုး...”
သူမ၏ စကားသံများ တိုးသွားပြီးနောက် သူမ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့သဖြင့် ရှောင်ရွှီရင်လည်း ဘာမှ ဆက်မပြောနိုင်တော့ချေ။
အချိန်မည်မျှကြာသွားသည်မသိအောင်
လုချန်း၏ ရင်ခွင်ထဲ၌ ရှောင်ရွှီရင် ခိုလှုံနေ၏။ တစ်ချိန်က လျှို့ဝှက်လဝန်းနန်းတော်၏ အေးစက်လှသော နတ်မိမယ်သည် ယခုအခါ လုချန်း၏ ရင်ခွင်ထဲ၌ နူးညံ့သိမ်မွေ့သော ဇနီးငယ်လေးတစ်ဦးနှင့် တူနေသည်။
လုချန်း၏ စွမ်းအားနှင့်ဆိုလျှင် ကောင်းကင်ဝံပုလွေမြို့သို့ မရောက်မီအထိ ရှောင်ရွှီရင်နှင့်အတူ အဆက်မပြတ် ကျင့်ကြံနိုင်သော်လည်း ရှောင်ရွှီရင်၏ အခြေအနေကို ထောက်ထားသောကြောင့် ဆက်မလုပ်ရန် လုချန်း ဆုံးဖြတ်လိုက်၏။
မည်သို့ပင်ဆိုစေကာ ဆုလာဘ်ကို ရရှိပြီးသား ဖြစ်သလို ရှောင်ရွှီရင်အား ရင်သွေး ရရှိစေရန်မှာလည်း ချက်ချင်း လက်ငင်း ဖြစ်လာမည် မဟုတ်သောကြောင့် အလောတကြီး လုပ်ရန် မလိုအပ်ပေ။
ထိုသို့ တွေးတောရင်း စနစ်မျက်နှာပြင်ကို လုချန်း ဖွင့်လိုက်သည်။
“ဇနီးတစ်ဦး ရရှိသည့်အတွက် သခင်ကို ဂုဏ်ပြုပါတယ်။ ကောင်းကင်အဆင့် ဆေးဖော်စပ်ခြင်း အတတ်ပညာကို ဆုလာဘ်အဖြစ် ပေးအပ်ပါတယ်။”
ထိုဆုလာဘ်ကို မြင်လျှင် လုချန်း ခဏခန့် မှင်တက်သွား၏။
ကောင်းကင်အဆင့် ဆေးဖော်စပ်ခြင်း အတတ်ပညာဆိုသည်မှာ အဘယ်နည်း။
ထို့နောက် စစ်ဆေးရန်အတွက် ဖွင့်ကြည့်လိုက်၏။
[ကောင်းကင်အဆင့် ဆေးဖော်စပ်ခြင်း ပညာ : အသုံးပြုပြီးနောက် သခင်သည် ကောင်းကင်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သည့် စွမ်းရည်ကို ရရှိမည် ဖြစ်သည်။]
စနစ်၏ ရှင်းပြချက်ကို မြင်လျှင် လုချန်း ထပ်မံ မှင်တက်သွားပြန်၏။ စနစ်ကို ရရှိကတည်းက သူ့ကို ဤကဲ့သို့သော အရာမျိုး တစ်ခါမျှ ဆုမပေးဖူးပေ။ ကောင်းကင်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သည့် စွမ်းရည်ကို တိုက်ရိုက် ရရှိခြင်းက နောင်တွင် သူ ဆေးဆရာတစ်ဦး ဖြစ်လာမည်ဟု ဆိုလိုခြင်းလား။
သူ ချန်ဘုရင် ဖြစ်စဉ်ကလည်း ဆေးလုံးများ ဖော်စပ်နိုင်သော်လည်း ကျော်ကြားသော ဆေးဆရာတစ်ဦးလို့တော့ မသတ်မှတ်နိုင်ခဲ့ပေ။ အလွန်ဆုံးမှ သာမန်ဆေးလုံး အချို့ကိုသာ ဖော်စပ်နိုင်ခဲ့ပြီး သူ ဖော်စပ်နိုင်သည့် အဆင့်မှာလည်း လျှို့ဝှက်အဆင့်သာ ရှိခဲ့သည်။
ထျန်းရန်နတ်ဘုရားနယ်မြေတွင် ဆေးလုံးများ၊ နတ်လမ်းစဉ်များနှင့် နတ်လက်နက်များ၏ အဆင့်များကို အနိမ့်၊ အလယ်၊ အမြင့် အဆင့်များအဖြစ် ထပ်မံ ခွဲခြားထားပြီး အဆင့်အတန်းများကို အောက်ပါအတိုင်း သတ်မှတ်ထားသည်။
အဝါရောင်၊ လျှို့ဝှက် ၊မြေ၊ ကောင်းကင်၊ သူတော်စင်၊ နတ် ဟူ၍ ဖြစ်သည်။
ကောင်းကင်အဆင့် ဆေးလုံးများသည် နတ်သခင်အဆင့်ရှိ ပုဂ္ဂိုလ်များအတွက် အသုံးဝင်ပြီး ထျန်းရန်နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင်ပင် ကောင်းကင်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သည့် ဆေးဆရာ အရေအတွက် တစ်သောင်းအောက်သာ ရှိသည်။
ကျယ်ပြောလှသော ထျန်းရန်နတ်ဘုရားနယ်မြေတွင် ကောင်းကင်အဆင့် ဆေးဆရာ တစ်သောင်းသာ ရှိခြင်းက အလွန်ပင် ရှားပါးသည်ဟု သတ်မှတ်နိုင်သည်။
မည်သည့် ကောင်းကင်အဆင့် ဆေးဆရာမဆို ထိပ်တန်း အင်အားစုများ၏ အထူးဧည့်သည်တော်အဖြစ် ဆက်ဆံခြင်း ခံရမည် ဖြစ်၏။
အကယ်၍ သူသာ ကောင်းကင်အဆင့် ဆေးလုံးများကို အမြောက်အမြား ဖော်စပ်နိုင်လျှင် သူ၏ အင်အားစုကို ပြန်လည် တည်ဆောက်ရန် ပိုမို လွယ်ကူသွားလိမ့်မည်ဟု လုချန်း တွေးလိုက်မိ၏။
ငါးကိုပေးသည်ထက် ငါးဖမ်းနည်း သင်ပေးခြင်းက ပိုကောင်းသည်ဟု ဆိုသကဲ့သို့ ယခုတစ်ကြိမ်တွင် စနစ်က ငါးဖမ်းနည်း တစ်ခုကို ဆုပေးလိုက်ခြင်းပင်။
ယခင်က စနစ်မှ ပေးအပ်ခဲ့သော ဆေးလုံးများ သို့မဟုတ် လက်နက်များသည် ကောင်းကင်အဆင့် ဆေးဖော်စပ်ခြင်း အတတ်ပညာနှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။
သတိပြန်ဝင်လာလျှင် လုချန်းလည်း မဆိုင်းမတွပင် ကောင်းကင်အဆင့် ဆေးဖော်စပ်ခြင်း အတတ်ပညာပေါ်သို့ တိုက်ရိုက် နှိပ်လိုက် တော့သည်။
နောက်တစ်ခဏတွင် ဆေးဖော်စပ်ခြင်းဆိုင်ရာ အသိပညာများ သူ၏ စိတ်ထဲသို့ အလုံးအရင်းနှင့် စီးဝင်လာကာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ရောင်စုံ မီးလျှံတစ်ခု ပေါ်လာသည်ကို လုချန်း တွေ့ရှိလိုက်ရ၏။
ယေဘုယျအားဖြင့် အဆင့်မြင့် ဆေးဆရာများတွင် ထူးခြားသော မီးလျှံများ ရှိတတ်ကြသော်လည်း မည်သည့် ထူးခြားသော မီးလျှံကမှ ရောင်စုံ ဖြစ်နေသည်ကို သူ တစ်ခါမျှ မကြားမမြင်ဖူးသောကြောင့် လုချန်း ခဏခန့် တုန့်ခနဲ ဖြစ်သွား၏။
လုချန်းက စနစ်ကို စိတ်ထဲမှ မေးလိုက်၏။
“စနစ်... ဒါက ဘယ်လို ထူးခြားတဲ့ မီးလျှံလဲ။ ဘာလို့ ဒီလို ရောင်စုံ မီးလျှံမျိုးကို ငါ တစ်ခါမှ မကြားဖူးတာလဲ။”
စနစ်က
“ဒီထူးခြားတဲ့ မီးလျှံကို ချုံးဟွာပိလော့ မီးလျှံလို့ ခေါ်ပါတယ်။ အဲ့ဒါက ထျန်းရန်နတ်ဘုရားနယ်မြေက မဟုတ်ပါဘူး။”
စနစ်၏ အဖြေကို ကြားလျှင် ဆက်မမေးရန် လုချန်း ဆုံးဖြတ်လိုက်၏။ ဤလောကမှ မဟုတ်ဟု စနစ်က ပြောနေမှတော့ ထပ်မေးနေလည်း စနစ်က ဖြေမည် မဟုတ်ပေ။
ယင်း၏ တကယ့် မူလအစကို သိရှိနိုင်ရန်အတွက် သူ နတ်ဧကရာဇ် တစ်ဦး ဖြစ်လာရန် လိုအပ်သည်။
ထိုအချိန်တွင် လုချန်း၏ နတ်အာရုံသည် နတ်လှေကို ဖြတ်ကျော်ကာ ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်ယံထက်သို့ ကြည့်လိုက်၏။
ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်ယံ၌ ရောင်စုံ အလင်းတန်းများ ဖြာထွက်နေကာ အိပ်မက်ဆန်လှသည်။ ဤနေရာသည် နတ်ဘုရား ကမ္ဘာတစ်ခုနှင့် တူနေသော်လည်း ချုံးဟွာပိလော့ မီးလျှံ ဤကမ္ဘာမှ မဟုတ်ကြောင်း ကြားလိုက်ရချိန်တွင် ထျန်းရန်နတ်ဘုရားနယ်မြေသည်လည်း သေးငယ်သော နေရာတစ်ခုသာ ဖြစ်နိုင်ကြောင်း လုချန်း သဘောပေါက်သွားတော့၏။
အရင်တုန်းက ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း၌ ရှိနေစဉ်ကကဲ့သို့ပင် ဖြစ်သည်။ ကစဉ့်ကလျား သားရဲ၏ အတွင်းကမ္ဘာသည် အလွန်ပင် ကျယ်ပြောလှသည်ဟု ထင်ရသော်လည်း ကောင်းကင်၏ အပြင်ဘက်တွင် ကောင်းကင်များ ရှိနေသေး၏။
ထျန်းရန်နတ်ဘုရားနယ်မြေ၏ အပြင်ဘက်တွင် ဘာတွေ ရှိနေမလဲဆိုသည်က တွေးတောစရာပင် ဖြစ်တော့၏။
***