နောက်တစ်လတာကာလအတွင်း ကစဉ့်ကလျား ပင်လယ်၌ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို ဝေမျှရင်း ရှောင်ရွှီရင်နှင့် ဆက်ဆံရေးကို လုချန်း ပျိုးထောင်နေခဲ့သည်။
စနစ်အကြောင်းကိုတော့ ရှောင်ရွှီရင်အား လုချန်း မပြောပြခဲ့ချေ။ အတိတ်ဘဝမှ ဇနီးများကို မည်သို့ ဆုံတွေ့ခဲ့ကြောင်းနှင့် တစ်ဦးချင်းစီကို မည်သို့ တစ်ယောက်ပြီးတစ်ယောက် ရှာဖွေတွေ့ရှိခဲ့ကြောင်းကိုသာ သူမအား သူ ပြောပြခဲ့၏။
လုချန်း ဇနီးတစ်ဦးကို ရှာတွေ့သည့်အကြောင်း ကြားတိုင်း ရှောင်ရွှီရင်၏ စိတ်ထဲတွင် ခံစားချက်ကလေးတစ်ခု နိုးထလာပြီး သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားတတ်သည်။
ထိုအရာက လုချန်းအား အလွန်စိတ်ဝင်စားသွားစေ၏။ ပုံပြင်များကို နားထောင်ရုံမျှဖြင့် ရှောင်ရွှီရင်စိတ်ထဲ ခံစားချက်များ ဖြစ်ပေါ်လာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လတာ အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
အတူတကွ အချိန်ကုန်ဆုံးခဲ့ပြီးနောက် ရှောင်ရွှီရင်လည်း စတင်ဆုံတွေ့စဉ်ကကဲ့သို့ ရှက်ရွံ့မနေတော့ပဲ တဖြည်းဖြည်း ပွင့်လင်းလာခဲ့၏။ နှစ်ပေါင်း သန်းသောင်းချီ၍ အသက်ရှင်ခဲ့သူဖြစ်ရာ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် သူမ လျင်မြန်စွာ ပြောင်းလဲနိုင်စွမ်း ရှိသည်။
အထူးသဖြင့် လုချန်းသည် သူမ အလွန် လေးစားကြည်ညိုရသည့် အမျိုးသား မဟုတ်ပါလား။
ထိုအခိုက်အတန့်တွင် လုချန်းဘေး၌ ရှောင်ရွှီရင် ထိုင်နေရင်း စူးစမ်းစွာ မေးမြန်းလိုက်၏။
“အင်း... ရှင်က ဖန်တီးခြင်း လမ်းစဉ်ကို ကျင့်ကြံတာဆိုတော့ သက်ရှိတွေကို ဖန်တီးတဲ့နေရာမှာ အရမ်း တော်မှာပဲနော်။”
ထိုအရာကို ကြားလျှင် လုချန်းက ပြုံးလျက် ရှောင်ရွှီရင်ကို
“ဘယ်လိုသက်ရှိမျိုးကို အစ်မက ဆိုလိုတာလဲ”
နတ်မိမယ်က အရှက်အကြောက်မရှိပဲ
“သဘာဝအတိုင်း... လူသားမျိုးနွယ်ပေါ့”
လုချန်းက
“လောလောဆယ် ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ မျိုးပွားခြင်းလမ်းစဉ်က စွမ်းအားတစ်စုံတစ်ခုရဲ့ ကန့်သတ်တာ ခံထားရသလိုပဲ။ ကျုပ်က ဖန်တီးခြင်း လမ်းစဉ်ကို ကျင့်ကြံတယ်ဆိုပေမဲ့ ရင်သွေးတွေ ဖန်တီးဖို့က အရမ်းခက်ခဲနေတုန်းပဲ။”
ထိုအချိန်တွင် ရှောင်ရွှီရင်၏ ရီဝေနေသော မျက်ဝန်းများကို လုချန်း ကြည့်လိုက်သည်။
လုချန်းကဆက်လက်၍
“ဒါပေမဲ့ နတ်တွေရဲ့ သက်တမ်းက ရှည်လျားတာကြောင့် ဒီလိုကိစ္စတွေအတွက် လောစရာမလိုပါဘူး။”
ဂုဏ်ယူနေသည့် ဗျိုင်းမလေးကဲ့သို့ သူမ၏ ဖြူဝင်းသော လည်တိုင်ကို မော့ရင်း ရှောင်ရွှီရင် အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် လုချန်းကို
“ရှင်... ပြောတာက...”
……
တစ်ချိန်တည်းမှာပင်။
ကောင်းကင်ဝံပုလွေမြို့ရှိ တည်းခိုခန်းတစ်ခုအတွင်း။
အနီရောင် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ကုတင်ပေါ်တွင် မတ်မတ်ထိုင်နေ၏။ သူမသည် သူမ၏ နတ်အာရုံကို အပြင်ဘက်သို့ ဖြန့်ကြက်ကာ လမ်းမများ၊ အရက်ဆိုင်များနှင့် အပျော်ဂေဟာများမှ ဆွေးနွေး ပြောဆိုနေမှု အမျိုးမျိုးကို နားထောင်နေသည်။
“အဲဒီ တိန့်မျိုးနွယ် လူကို ကျုပ် ကြည့်မရတာ ကြာပြီ။ သူက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ရဲတယ်... အထူးသံတမန်ရဲ့ ဖမ်းဆီးတာ ခံရတာ ထိုက်တန်ပါတယ်။”
“တိန့်ချင်းဖုန်းရဲ့ ဝိညာဉ်က အခုလောက်ဆို ပျက်စီးသွားပြီလို့ ခင်ဗျား ထင်လား။”
“မပျက်စီးသေးဘူး။ သူနဲ့အတူ ချီယန်ဂိုဏ်းဘက်က ပါဝင်ခဲ့တဲ့ မိသားစုကြီး အားလုံးကိုလည်း အထူးသံတမန်က ဖမ်းဆီးထားတယ်။”
“တိန့်ချင်းဖုန်းနဲ့ အဲဒီမိသားစုကြီးတွေက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ခဲ့တာဆိုတော့ သတ်ပစ်ရမှာ မဟုတ်လား။ ဘာလို့ တစ်လကြာတဲ့အထိ အကျဉ်းချထားရတာလဲ”
“ဘယ်သူသိမှာလဲ။ ဒါက ချီယန်ဂိုဏ်းနဲ့ ပတ်သက်နေတာဆိုတော့ အထူးသံတမန်က သူတို့ကို သက်သေအဖြစ် လိုချင်နေတာလည်း ဖြစ်နိုင်တယ်။”
“ဒီအထူးသံတမန်က သာမန်ပုဂ္ဂိုလ်မဟုတ်ဘူးလို့ ကျုပ်ကြားတယ်...လျှို့ဝှက်လဝန်းနန်းတော် သခင်ရဲ့ တပည့်ရင်းတဲ့။”
“တကယ်လား”
…..
ကီလိုမီတာ အမြောက်အမြား အကွာအဝေးမှ ဆွေးနွေးမှုများကို ကြားလျှင် ရှုကျင့်ရှူး၏ အေးစက်သော မျက်နှာထက်၌ ဇဝေဇဝါဖြစ်သော အရိပ်အယောင်များ ပေါ်လာခဲ့၏။
ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့စစ်ဖြစ်တော့မည်ဟု ဝိညာဉ်ဆိုး နတ်ဘုရင်က သူမအား ပြောခဲ့သည်။ သို့သော် ကောင်းကင်ဝံပုလွေမြို့၏ အခြေအနေအရ စစ်ပွဲတစ်ပွဲ ဖြစ်ပွားတော့မည့်ပုံ လုံးဝမပေါ်ပေ။
အကယ်၍ ကြီးကျယ်သော နတ်ဂိုဏ်းကြီး နှစ်ခုသည် စစ်ဖြစ်ရန် တကယ်တမ်း နီးကပ်နေပါက ကောင်းကင်ဝံပုလွေမြို့၏ အခြေအနေက ယခုထက် များစွာ ကွဲပြားနေပေလိမ့်မည်။
တကယ်တမ်း ဘာတွေ ဖြစ်ပျက်နေသနည်း။
ကောင်းကင်ဝံပုလွေမြို့၏ လက်ရှိအခြေအနေကို အစီရင်ခံရန် အင်းစာရွက်တစ်ရွက်ကို ရှုကျင့်ရှူး ချက်ချင်းထုတ်ယူကာ ဝိညာဉ်ဆိုး နတ်ဘုရင်နှင့် ဆက်သွယ်လိုက်သည်။
…….
တစ်ရက်အကြာ။
သွေးလင်းယုန်ခန်းမ၏ အလောင်းတောင်ထိပ်တစ်ခုပေါ်တွင်။
ဝိညာဉ်ဆိုး နတ်ဘုရင်သည် အဝေးမှ သွေးပင်လယ်ပြင်ကြီးကို ကြည့်ရင်း တောင်ထိပ်တွင် ရပ်နေ၏။ ထိုစဉ် သူ၏ရှေ့၌ အလင်းစက်တစ်စက် ပေါ်လာသည်။
လက်ကို သာမန်ကာလျှံကာ မြှောက်လိုက်သည်နှင့် အလင်းစက်ထဲမှ သတင်းစကား သူ၏ စိတ်ထဲသို့ ရောက်ရှိသွားသည်။
ရှုကျင့်ရှူး၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ဝိညာဉ်ဆိုး နတ်ဘုရင်၏ မျက်ခုံးများ တွန့်သွားခဲ့၏။
လျှို့ဝှက်လဝန်းနန်းတော် သခင်၏ တပည့်ရင်းက အသက်ရှင်နေသေးတာလား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
စီကုန်းယုဖုန်းက သူ့ကို သတ်ဖို့ သွားပြီဟု ပြောခဲ့တာ မဟုတ်ပါလား။
လုချန်းသည် မြေနတ်အဆင့်သာရှိပြီး သူ့ကို ကာကွယ်ပေးနေသည့် တပည့်မနှစ်ဦးမှာလည်း ကောင်းကင်နတ်အဆင့်တွင်သာ ရှိကြောင်း စီကုန်းယုဖုန်းက ပြောခဲ့သည်။
စီကုန်းယုဖုန်းကဲ့သို့ ရွှေနတ်အဆင့် တစ်ဦးအတွက် ကောင်းကင်နတ် နှစ်ဦးနှင့် မြေနတ်တစ်ဦးကို သတ်ရန် မည်သည့် အခက်အခဲမှ ရှိမနေသင့်ပေ။
ထို့ပြင် သူတို့၏ နတ်အငွေ့အသက်သည် သာမန်နတ်များအပေါ် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှု အာနိသင် ရှိသည်။
လုချန်းက ဘယ်လိုလုပ် အသက်ရှင်နေရသေးသနည်း။
ကြီးကျယ်သော နတ်ဂိုဏ်းကြီး နှစ်ဂိုဏ်း စစ်ဖြစ်မည့် လက္ခဏာလည်း လုံးဝမတွေ့ရပေ။
ဝိညာဉ်ဆိုး နတ်ဘုရင်၏ ပုံရိပ် ဝေဝါးသွားပြီးနောက် သွေးမီးအိမ်ပေါင်းများစွာ ထွန်းညှိထားသည့် ဂူအတွင်းသို့ ချက်ချင်း ရောက်ရှိသွား၏။ ထို့နောက် စီကုန်းယုဖုန်း၏ သွေးမီးအိမ်အား သူ ကြည့်လိုက်ရာ ငြိမ်းသတ်ခြင်း ခံထားရသည်ကို တွေ့လိုက်ရသည်။
သွေးမီးအိမ် ငြိမ်းသွားခြင်းက ပိုင်ရှင်ဖြစ်သူ သေဆုံးသွားပြီဖြစ်ကြောင်း ဖော်ပြနေသည်။
ဒါက...
ရွှေနတ်အဆင့်ဖြစ်သော စီကုန်းယုဖုန်းသည် မြေနတ်တစ်ဦးနှင့် ကောင်းကင်နတ် နှစ်ဦးကို ချောင်းမြောင်း တိုက်ခိုက်ခဲ့သော်လည်း ရှုံးနိမ့်ကာ အသတ်ခံလိုက်ရတာလား။
ဝိညာဉ်ဆိုး နတ်ဘုရင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“အသုံးမကျတဲ့ကောင်”
ထို့နောက် ရှုကျင့်ရှူးထံသို့ သူ ဆက်သွယ်ကာ လောလောဆယ်တွင် ဘာမှ မဆင်မခြင် မလုပ်ရန် ညွှန်ကြားလိုက်သည်။
ရှုကျင့်ရှူးသည် သွေးလင်းယုန်ခန်းမ၏ သူတော်စင်မ ဖြစ်ရာ မည်သည့် အမှားအယွင်းမှ ဖြစ်၍ မရပေ။
သို့သော် လုချန်းဆိုသူကတော့ ဧကန်မုချ သေရမည်သာ ဖြစ်သည်။
သို့သော် ထိုအတွက် ရှုကျင့်ရှူး ကိုယ်တိုင် ပါဝင်လုပ်ဆောင်ရန် မလိုအပ်ပေ။
ရွှေနတ်အဆင့်က လုချန်းကို မသတ်နိုင်ပါက နတ်ဘုရင်ခံတစ်ဦးကို စေလွှတ်ရုံသာ ရှိသည်။
သို့သော် နတ်ဘုရင်ခံတစ်ဦး ကောင်းကင်ဝံပုလွေမြို့သို့ ရောက်ရှိလာလျှင် လျှို့ဝှက်လဝန်းနန်းတော် သခင် သို့မဟုတ် ချီယန်ဂိုဏ်းချုပ်၏ အာရုံကို ဆွဲဆောင်မိသွားနိုင်သည်။
ထို့နောက် တစ်စုံတစ်ဦးကို ဝိညာဉ်ဆိုး နတ်ဘုရင် ဆက်သွယ်လိုက်သည်။
“ထျန်းရှောင်... ကျုပ်ဆီ လာခဲ့”
ထိုစကားများနှင့်အတူ သွေးစွန်းနေသော အမျိုးသားတစ်ဦး ဝိညာဉ်ဆိုး နတ်ဘုရင်၏ ရှေ့၌ ပေါ်လာ၏။
ထျန်းရှောင်က
“သခင်... ကျုပ်ကို ဘာခိုင်းဖို့ ရှိလို့လဲ”
ဝိညာဉ်ဆိုး နတ်ဘုရင်က
“လျှို့ဝှက်လဝန်းနန်းတော် သခင်ရဲ့ တပည့်ရင်းက ကောင်းကင်ဝံပုလွေမြို့မှာ ရှိနေတယ်။ သူ့ကို သွားသတ်ပြီး လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချီယန်ဂိုဏ်းကြား စစ်ပွဲဖြစ်အောင် ချီယန်ဂိုဏ်းကို အပြစ်ပုံချလိုက်။”
ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ ထျန်းရှောင်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားသည်။
ထို့နောက် ထျန်းရှောင်က
“ကျုပ် အခုချက်ချင်း သွားလိုက်မယ်”
နတ်ဘုရင်ခံ ထျန်းရှောင်သည် လုချန်း၏ စွမ်းအားနှင့် ပတ်သက်၍ပင် မမေးမြန်းခဲ့ပေ။ ဝိညာဉ်ဆိုး နတ်ဘုရင်က သူ့အား သတ်ခိုင်းသည်ဆိုမှတော့ ထိုပစ်မှတ် သူ့ထက် အားနည်းရမည်ဟု သူ ယူဆထား၏။ ပစ်မှတ်၏ အစွမ်းကို မေးမြန်းနေခြင်းက အပိုသာ ဖြစ်လိမ့်မည်။
ထိုသို့ပြောပြီးနောက် နတ်ဘုရင်ခံ ထျန်းရှောင်လည်း အလင်းစက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ဝံပုလွေမြို့ဆီသို့ ပျံသန်းသွားခဲ့သည်။
ဝိညာဉ်ဆိုး နတ်ဘုရင်က အဝေးသို့ ပျံသန်းသွားသော သွေးရောင်အလင်းစက်ကို ကြည့်လိုက်ကာ
“နတ်ဘုရင်ခံတစ်ဦးတောင် ခင်ဗျားကို မသတ်နိုင်ဘူးဆိုတာ ကျုပ် လုံးဝ မယုံဘူး”
ထိုအခိုက်အတန့်တွင် ဝိညာဉ်ဆိုး နတ်ဘုရင်က နတ်ဘုရင်ခံတစ်ဦးကို စေလွှတ်လိုက်ကြောင်း လုချန်းနှင့် ရှောင်ရွှီရင်တို့ သိထားခြင်း မရှိသေးပေ။ ဖန်တီးခြင်း လမ်းစဉ်ကိုသာ သူတို့ ဆက်လက် ရှာဖွေကျင့်ကြံနေကြသည်။
………
လျှို့ဝှက်လဝန်းနန်းတော်။
ပြန်လည်ရောက်ရှိလာသည်နှင့် ကောင်းကင်ဝံပုလွေမြို့တွင် ဖြစ်ပျက်ခဲ့သည့် အရာများကို ယဲ့ချူယောင်ထံသို့ ကောက်ရှီယွမ် ချက်ချင်း အစီရင်ခံလိုက်သည်။ ထို့ကြောင့် အခြေအနေကို ဆွေးနွေးရန် လျှို့ဝှက်လဝန်းနန်းတော်ရှိ အတွင်းစည်း အကြီးအကဲ အားလုံးကို အလျင်အမြန် စုဝေးစေခဲ့၏။
အတွင်းစည်း အကြီးအကဲ အားလုံးကို ယဲ့ချူယောင်က အရေးတကြီး ခေါ်ယူခြင်းအပေါ် အကြီးအကဲများ ဇဝေဇဝါ ဖြစ်နေကြသည်။ ပုံမှန်အားဖြင့် လျှို့ဝှက်လဝန်းနန်းတော်သို့ ရန်သူများ ကျူးကျော်လာခြင်းမျိုး မရှိပါက အတွင်းစည်း အကြီးအကဲ အားလုံးကို စုဝေးလေ့ မရှိပေ။
သို့သော် ယခု လျှို့ဝှက်လဝန်းနန်းတော်အပေါ် မည်သည့် ရန်သူ၏ တိုက်ခိုက်မှုကိုမှ သူတို့ မတွေ့ရှိခဲ့ကြပေ။
နတ်ဘုရင်ခံ အဆင့်ရှိကြသော အတွင်းစည်း အကြီးအကဲများသည် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်း ဖြစ်ပျက်သမျှကို ကောင်းစွာ ခံစားသိနိုင်စွမ်း ရှိကြ၏။ အကယ်၍ တိုက်ခိုက်မှု တစ်စုံတစ်ရာ ရှိခဲ့လျှင် သူတို့ ဧကန်မုချ သိကြမည် ဖြစ်သည်။
နန်းတော်သခင်၏ ရေခဲကျောက်ဖျာ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အောက်ရှိ အတွင်းစည်း အကြီးအကဲများကို ယဲ့ချူယောင် ကြည့်လိုက်သည်။
ယဲ့ချူယောင်က
“အားလုံး စုံပြီဆိုတော့... ကောင်းကင်ဝံပုလွေမြို့မှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ ညီမ ကောက် ရှင်းပြလိုက်ပါဦး။”
“ကောင်းကင်ဝံပုလွေမြို့” ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် အချို့သော အတွင်းစည်း အကြီးအကဲများ၏ စိတ်ထဲ မကောင်းသော အငွေ့အသက်များကို ချက်ချင်း ခံစားလိုက်ရသည်။
ကောက်ရှီယွမ်က
“မောင်လေး လုချန်းနဲ့အတူ လေ့ကျင့်ဖို့ ကောင်းကင်ဝံပုလွေမြို့ကို ကျွန်မ လိုက်သွားခဲ့ပါတယ်။ အဲဒီကို ရောက်ရောက်ချင်းမှာပဲ ကောင်းကင်ဝံပုလွေ မြို့တော်ဝန်နဲ့ မိသားစုကြီး တွေဟာ ချီယန်ဂိုဏ်းနဲ့ ပူးပေါင်းနေကြတာကို တွေ့ခဲ့ရတယ်...”
ထိုအခိုက်တွင် အကြီးအကဲတစ်ဦးက ချက်ချင်း ဖြတ်မေးလိုက်သည်။
“ခင်ဗျား ဘာလို့ တစ်ယောက်တည်း ပြန်လာတာလဲ ... ရှီယွမ်။ လုချန်း ဘာဖြစ်သွားလို့လဲ။”
***