ကောင်းကင်ဝံပုလွေမြို့နှင့် ချီယန်ဂိုဏ်းတို့မှာ ပူးပေါင်းနေကြကြောင်း ကောက်ရှီယွမ်က ပြောခဲ့သော်လည်း ကောက်ရှီယွမ် တစ်ယောက်တည်းသာ ပြန်လည်ရောက်ရှိလာခဲ့သဖြင့် လုချန်း တစ်စုံတစ်ခု ဖြစ်ပွားခဲ့သလား သို့မဟုတ် ချီယန်ဂိုဏ်းက သူ့ကို ဖမ်းဆီးသွားသလားဟု အကြီးအကဲ များ မလွဲမသွေ တွေးတောမိကြ၏။
လုချန်းသည် လျှို့ဝှက်လဝန်းနန်းတော် သခင်၏ တပည့်ရင်း ဖြစ်၏။
အကယ်၍ သူ့အပေါ် တစ်စုံတစ်ခု ဖြစ်ခဲ့ပါက လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းတို့သည် ဧကန်မုချ စစ်ဖြစ်ကြပေလိမ့်မည်။
ကောက်ရှီယွမ်က
“မောင်လေး လုချန်း အဆင်ပြေပါတယ်။ သူနဲ့ ညီမ ရှောင်ရွှီရင်တို့ ကောင်းကင်ဝံပုလွေမြို့မှာ ကျန်နေခဲ့တယ်”
ထိုအရာကို ကြားလျှင် အကြီးအကဲတစ်ဦးက က အသံကျယ်ကျယ်ဖြင့်
“ဒါက တကယ်ကို ရယ်စရာပဲ။ ကောင်းကင်ဝံပုလွေမြို့နဲ့ ချီယန်ဂိုဏ်းတို့ ပူးပေါင်းနေတာကို သိသိကြီးနဲ့ လျှို့ဝှက်လဝန်းနန်းတော်ကို ချက်ချင်း ပြန်မလာပဲ ဘယ်လိုလုပ် နေနိုင်ရတာလဲ။”
လုချန်းသည် သူတို့ နန်းတော်သခင်၏ တပည့်ရင်း ဖြစ်သည်။
အကယ်၍ လုချန်းအပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သွားပါက နန်းတော်သခင် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည့်အခါ သူတို့ မည်သို့ ပြန်လည်ဖြေရှင်းကြမည်နည်း။
ကောက်ရှီယွမ် ခဏခန့် မှင်တက်သွားပြီးနောက်
“မောင်လေးမှာ နန်းတော်သခင် ပေးထားတဲ့ အသက်ကယ် ရတနာတစ်ခု ရှိတယ်။ ပြီးတော့...”
ထိုအခိုက်တွင် ကောက်ရှီယွမ် ခဏခန့် ရပ်တန့်သွားပြီးနောက်
“ကောင်းကင်ဝံပုလွေမြို့က ကိစ္စတွေက ချီယန်ဂိုဏ်းနဲ့ မပတ်သက်တာလည်း ဖြစ်နိုင်တယ်လို့ မောင်လေးက ပြောတယ်။
“ကျွန်မတို့ကို တိုက်ခိုက်ခဲ့တဲ့ သူဟာ တကယ်တမ်း ချီယန်ဂိုဏ်းက အကြီးအကဲ မ မဟုတ်ပဲ ချီယန်ဂိုဏ်းထဲမှာ ထည့်ထားတဲ့ သွေးလင်းယုန်ခန်းမက သူလျှို ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။”
“သွေးလင်းယုန်ခန်းမရဲ့ ရည်ရွယ်ချက်က သူ့ကို သတ်ဖို့ပဲ။ ချီယန်ဂိုဏ်းနဲ့ လျှို့ဝှက်လဝန်းနန်းတော်ကြားမှာ ပဋိပက္ခဖြစ်အောင် သွေးထိုးပြီး ကြီးကျယ်တဲ့ နတ်ဂိုဏ်းကြီး နှစ်ဂိုဏ်းကို စစ်ဖြစ်စေချင်တာ။”
သွေးလင်းယုန်ခန်းမ...
ထိုစကားလုံး သုံးလုံးကို ကြားလိုက်ရသည်နှင့် ရှိနေကြသော အကြီးအကဲ အားလုံး၏ မျက်နှာများ တည်သွားခဲ့သည်။
သွေးလင်းယုန်ခန်းမသည် မိစ္ဆာ နတ်ဂိုဏ်း တစ်ဂိုဏ်းဖြစ်ပြီး သူတို့၏ နတ်အငွေ့အသက်က သာမန်နတ်များ၏ အငွေ့အသက်ကို ဖိနှိပ်နိုင်စွမ်း ရှိသည်။
သွေးလင်းယုန်ခန်းမသည် လွန်ခဲ့သော နှစ်များအတွင်း အလွန်ပင် လှုပ်ရှားမှု များပြားလာခဲ့ပြီး အပြင်ဘက်သို့ အစဉ်တစိုက် နယ်မြေချဲ့ထွင်နေခဲ့၏။
ထိုအခိုက်အတန့်တွင် ယဲ့ချူယောင်က
“ရှင်တို့ကို သတ်ဖို့ ကြိုးစားခဲ့တာ တကယ်ပဲ ချီယန်ဂိုဏ်း အကြီးအကဲလား။
“သူက နန်းတော်သခင် ပေးထားတဲ့ အသက်ကယ် ကျောက်စိမ်းလိပ်ကို သုံးခဲ့တာလား။”
“ပြီးတော့ အဲ့ဒီလူက ချီယန်ဂိုဏ်းထဲမှာ ထည့်ထားတဲ့ သွေးလင်းယုန်ခန်းမက သူလျှိုဆိုတာကို မောင်လေး လုချန်းက ဘယ်လိုသိတာလဲ။”
လုချန်းတို့ အသက်ရှင် နေခြင်းအပေါ် ယဲ့ချူယောင် မအံ့ဩပေ။
နတ်ဘုရင်တစ်ဦး ပေးခဲ့သော ကျောက်စိမ်းလိပ် ရှိပါက လုချန်း၏ အသက်ကို ထိန်းသိမ်းစောင့်ရှောက်ရန် အခက်အခဲ ရှိမည် မဟုတ်ချေ။
သူမကို စူးစမ်းလိုစိတ် အဖြစ်စေဆုံးအရာက သူတို့ကို တိုက်ခိုက်ခဲ့သော ချီယန်ဂိုဏ်း အကြီးအကဲ သွေးလင်းယုန်ခန်းမမှ လူဖြစ်ကြောင်း လုချန်း မည်သို့ အတည်ပြုနိုင်သနည်း ဟူသည့် အချက် ဖြစ်၏။
“ဟုတ်ကဲ့ အစ်မ။ ကျွန်မတို့ဟာ ရွှေနတ်တစ်ဦးရဲ့ ဝိုင်းရံတိုက်ခိုက်တာကို ခံခဲ့ရပေမဲ့ နန်းတော်သခင် ပေးထားတဲ့ မှော်ရတနာကို သုံးပြီး မောင်လေး လုချန်းက အဲဒီရွှေနတ်ကို ပြန်သတ်နိုင်ခဲ့တယ်။”
“အဲ့ဒီလူက ချီယန်ဂိုဏ်းထဲက သွေးလင်းယုန်ခန်းမ သူလျှိုဆိုတာကို မောင်လေး လုချန်း ဘယ်လိုသိသလဲဆိုရင်တော့ သူ့အဆိုအရ သူ့မှာ လူတစ်ယောက်ရဲ့ သရုပ်မှန်ကို ခွဲခြားသိမြင်နိုင်တဲ့ နန်းတော်သခင် ပေးထားတဲ့ အထူးမှော်ရတနာတစ်ခု ရှိတယ်လို့ ပြောပါတယ်။”
ကောက်ရှီယွမ်၏ အဖြေကို ကြားလျှင် ယဲ့ချူယောင် အနည်းငယ် မှင်တက်သွားခဲ့၏။
သူမသည် ဆရာ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့သော်လည်း တစ်စုံတစ်ဦး၏ သရုပ်မှန်ကို သိမြင်နိုင်သည့် ထိုကဲ့သို့သော မှော်ရတနာမျိုးအကြောင်း သူမ တစ်ခါမှ မကြားဖူးခဲ့ချေ။
အကယ်၍ ထိုကဲ့သို့သော မှော်ရတနာမျိုး ရှိခဲ့လျှင် ၎င်းသည် ကောင်းကင်လျှို့ဝှက်ချက်ကိုပင် စုံစမ်းထောက်လှမ်းနိုင်သည့် စွမ်းရည် ရှိရပေမည်။
ကောင်းကင်လျှို့ဝှက်ချက်ကို စုံစမ်းထောက်လှမ်းနိုင်သော ထိုကဲ့သို့သော ရတနာမျိုးကို အသုံးပြုခြင်းက ဆိုးကျိုးများ ဖြစ်ပေါ်လာစေနိုင်သည်။
ထားလိုက်ပါတော့......
လက်ရှိကိစ္စက သွေးလင်းယုန်ခန်းမက ကြီးကျယ်သော နတ်ဂိုဏ်းကြီး နှစ်ဂိုဏ်းကြား စစ်ပွဲဖြစ်အောင် တကယ် သွေးထိုးလိုခြင်း ရှိမရှိ အတည်ပြုရန် ဖြစ်၏။
ယဲ့ချူယောင်က
“မောင်လေး လုချန်း ပြောတာသာ အမှန်ဆိုရင် ကျွန်မတို့ နိုးနိုးကြားကြား ရှိနေရမယ်။ ပြီးတော့ ချီယန်ဂိုဏ်းကိုလည်း ပြင်ဆင်ထားနိုင်ဖို့ အသိပေးရမယ်။”
“သွေးလင်းယုန်ခန်းမက နတ်ဂိုဏ်းကြီး နှစ်ဂိုဏ်းကြားမှာ စစ်ပွဲဖြစ်အောင် သွေးထိုးချင်နေတာ... ဖြစ်နိုင်တာက ကျွန်မတို့ နှစ်ဖက်လုံး တိုက်ပွဲကြောင့် မောပန်းနွမ်းနယ်နေချိန်မှာ ကျွန်မတို့ကို ဝါးမြိုပစ်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်။”
“အခု သူတို့ လုချန်းကို သတ်ဖို့ မအောင်မြင်တော့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်အောင် တခြားနည်းလမ်းတွေနဲ့ ဧကန်မုချ ကြိုးစားကြဦးမှာပဲ။”
ထိုအခိုက်တွင် ခရမ်းရောင် တိမ်တိုက်ဝတ်ရုံ ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦးက ရှေ့သို့ လှမ်းထွက်လာပြီး
“ကျွန်မ ကောင်းကင်ဝံပုလွေမြို့ကို သွားလိုက်မယ်။ ပြီးတော့ ချီယန်ဂိုဏ်းကိုလည်း ပြင်ဆင်နိုင်အောင် ဒီကိစ္စကို အသိပေးလိုက်မယ်”
“ချီယန်ဂိုဏ်းက ဒါကို ယုံချင်မှ ယုံလိမ့်မယ်လို့ ကျွန်မ စိုးရိမ်မိတယ်။
“မောင်လေး လုချန်းက ချီယန်ဂိုဏ်းက ရွှေနတ်တစ်ဦးကို သတ်ခဲ့တယ်။ အဲ့ဒီလူက အဲဒီမှာ ရာထူးကြီး တစ်ခုခု ရထားတဲ့သူ ဖြစ်နိုင်တယ်။”
“သူတို့ကို တိုက်ရိုက်ပြောပြရင် သူတို့လူ အသတ်ခံရတာကို ကျွန်မတို့က ဆင်ခြေပေးနေတယ်လို့ သူတို့ ထင်သွားနိုင်တယ်။”
နတ်ဘုရင်ခံ တစ်ဦးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“ချီယန်ဂိုဏ်းက ရွှေနတ်တစ်ဦးက ကျွန်မတို့ လျှို့ဝှက်လဝန်းနန်းတော် နယ်မြေထဲကို ခွင့်ပြုချက်မရှိပဲ လာခဲ့တာ။ ဒါ့ကြောင့်ကျွန်မတို့ သူ့ကို သတ်လိုက်တယ် ... ဒါပဲလေ။
“ချီယန်ဂိုဏ်းက တစ်ခုခု ပြောနိုင်လိမ့်မယ်လို့ ကျွန်မ မယုံဘူး။”
ထိုအချက်ကို ယဲ့ချူယောင် စဉ်းစားကြည့်ရာ အမှန်တရား အချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။
ချီယန်ဂိုဏ်းက အရင် ကျူးကျော်ခဲ့ခြင်း ဖြစ်ရာ ထိုရွှေနတ် ရာထူးကြီးနေလျှင်လည်း အမှားက ချီယန်ဂိုဏ်းဘက်တွင်သာ ရှိ၏။
သို့သော် ယဲ့ချူယောင်က
“နတ်ဘုရင်ခံ လင်ရင်။ ရှင် ကောင်းကင်ဝံပုလွေမြို့ကို သွားပြီးရင် အဲဒီက အခြေအနေကို အရင်ဆုံး လေ့လာပါ။အဲဒီနောက်မှ ချီယန်ဂိုဏ်းဆီကို သွားပါ”
ဟု သတိပေးလိုက်၏။
နတ်ဘုရင်ခံ လင်ရင်က
“ကောင်းပါပြီ နန်းတော်သခင်မလေး”
ယဲ့ချူယောင်က ဆက်လက်၍
“နောက်တစ်ချက်က သွေးလင်းယုန်ခန်းမရဲ့ ကျူးကျော်မှုကို ဘယ်လို ကာကွယ်မလဲဆိုတာ ဆွေးနွေးကြရအောင်။”
“သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို အရေးယူဖို့ ပြင်ဆင်ထားတာဆိုတော့ တစ်ခုထက်မက ပြင်ဆင်ထားမှာပဲ။
“သူတို့က ချီယန်ဂိုဏ်းထဲမှာ သူလျှိုတွေ ထားနိုင်တယ်ဆိုရင် လျှို့ဝှက်လဝန်းနန်းတော်ထဲမှာလည်း ထားနိုင်တာပဲ။”
ယဲ့ချူယောင်၏ စကားကို ကြားလျှင် ရှိနေကြသော အကြီးအကဲများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
သူတို့၏ အမူအရာများကလည်း အလွန်လေးနက်နေခဲ့၏။
ယဲ့ချူယောင် ပြောသကဲ့သို့ပင် အကယ်၍ သွေးလင်းယုန်ခန်းမက ပဋိပက္ခတစ်ခုကို သွေးထိုးလှုံ့ဆော်လိုပါက ချီယန်ဂိုဏ်းထဲတွင်သာ သူလျှိုများ ထားမည် မဟုတ်ချေ။
လျှို့ဝှက်လဝန်းနန်းတော်ထဲတွင်လည်း သူတို့၏ သူလျှိုများ ရှိနေနိုင်သည်။
သို့သော် လျှို့ဝှက်လဝန်းနန်းတော်အတွင်းရှိ သွေးလင်းယုန်ခန်းမ၏ သူလျှိုများကို ရှာဖွေရန်က လွယ်ကူသော ကိစ္စ မဟုတ်ပေ။
ထို့နောက် ယဲ့ချူယောင်နှင့် အကြီးအကဲများလည်း သွေးလင်းယုန်ခန်းမ၏ ကျူးကျော်မှုကို တားဆီးရန်အတွက် စည်းမျဉ်းများကို ဆွေးနွေးရေးဆွဲရာ နာရီဝက်ခန့် ကြာသွားခဲ့သည်။
အစည်းအဝေး ပြီးဆုံးသွားပြီးနောက်
နတ်ဘုရင်ခံ လင်ရင်က ကောက်ရှီယွမ်ထံ ချဉ်းကပ်သွားကာ
“ရှီယွမ်... သွေးလင်းယုန်ခန်းမရဲ့ သူလျှိုကို လုချန်းက ဘယ်လို သတ်လိုက်တာလဲဆိုတာ ကျွန်မကို ပြောပြပါဦး။”
ကျောက်နက်တောင်ကြားတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ကောက်ရှီယွမ် ပြန်လည်စဉ်းစားလိုက်ကာ စီကုန်းယုဖုန်းအား လုချန်း မည်သို့ သတ်ခဲ့ကြောင်းကို အသေးစိတ် ပြောပြလိုက်၏။
ကောက်ရှီယွမ်၏ စကားကို နားထောင်ပြီးနောက် နတ်ဘုရင်ခံ လင်ရင်လည်း အတွေးထဲသို့ နစ်မြောသွားခဲ့သည်။
ခဏအကြာတွင် သူမက
“မျက်စိတစ်မှိတ်အတွင်းမှာ နတ်ဘုရင်တစ်ဦးရဲ့ စွမ်းအားကို ရရှိသွားတာလား။ အဲဒါက ဘယ်လို မှော်ရတနာမျိုးလဲ။ ဒါမှမဟုတ် လုချန်းက နန်းတော်သခင်ရဲ့ နတ်ဝိညာဉ် အပိုင်းအစ တစ်ခုကို ဆောင်ထားတာလား။”
ထိုအရာကို ပြန်လည်စဉ်းစားကြည့်ရာတွင် ၎င်းသည် သာမန် မှော်ရတနာ တစ်ခု မဟုတ်နိုင်ပဲ နန်းတော်သခင်၏ နတ်ဝိညာဉ် အပိုင်းအစတစ်ခု လုချန်းနှင့်အတူ ရှိနေခြင်းဖြစ်မည်ဟု နတ်ဘုရင်ခံ လင်ရင် ယုံကြည်နေခဲ့သည်။
ဖြစ်နိုင်သည်က နန်းတော်သခင်သည် အစကတည်းက သွေးလင်းယုန်ခန်းမ၏ လှုပ်ရှားမှုများကို သိထားပြီး လျှို့ဝှက်လဝန်းနန်းတော်အတွင်း ပုန်းအောင်းနေသော သွေးလင်းယုန်ခန်းမ သူလျိုများကို ဖော်ထုတ်ရန်အတွက် ရည်ရွယ်ချက်ရှိရှိ တံခါးပိတ် ကျင့်ကြံနေခြင်း ဖြစ်ပေလိမ့်မည်။
ထိုသို့တွေးရင်း နတ်ဘုရင်ခံ လင်ရင်လည်း ထပ်မံ၍ တွေဝေမနေတော့ပဲ ကောက်ရှီယွမ်ကို ခေါ်ကာ ကောင်းကင်ဝံပုလွေမြို့သို့ တိုက်ရိုက် ထွက်ခွာခဲ့သည်။
နတ်ဘုရင်ခံအဆင့် ရှိသူတစ်ဦးဖြစ်သည့် လင်ရင်အတွက် ကောက်ရှီယွမ်ကို ကောင်းကင်ဝံပုလွေမြို့သို့ ပြန်လည်ခေါ်ဆောင်လာရန် နှစ်ရက်သာ ကြာမြင့်ခဲ့သည်။
ထိုအချိန်တွင် လုချန်းနှင့် ရှောင်ရွှီရင်တို့ကတော့ ကုတင်ပေါ်တွင် ဖန်တီးခြင်း လမ်းစဉ်ကို ရှာဖွေကျင့်ကြံနေကြဆဲ ဖြစ်သည်။
ကောင်းကင်ဝံပုလွေမြို့၏ အထက်တွင် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး၏ အငွေ့အသက်ကို ခံစားလိုက်ရလျှင် သူတို့နှစ်ဦးလုံး တောင့်တင်းသွားခဲ့ကြ၏။
လုချန်း အလျင်အမြန် ထလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် သူ၏ အဝတ်အစားများကို ချက်ချင်း ဝတ်ဆင်ပြီးသား ဖြစ်သွားခဲ့သည်။
ရှောင်ရွှီရင်လည်း ကုတင်ပေါ်မှ အလျင်အမြန် ထကာ အဝတ်အစားများကို လျင်မြန်စွာ ဝတ်လိုက်၏။ ထို့နောက် ကောင်းကင်ဝံပုလွေမြို့ အထက်ရှိ အစွမ်းထက်သော ပုဂ္ဂိုလ်များက ချီယန်ဂိုဏ်းမှလား သို့မဟုတ် လျှို့ဝှက်လဝန်းနန်းတော်မှလား ဆိုသည်ကို ကြည့်ရန် သူတို့နှစ်ဦးလုံး အပြင်သို့ လှမ်းထွက်လာခဲ့ကြသည်။
သူတို့ အခန်းထဲမှ ထွက်ထွက်ချင်းမှာပင် အလင်းတန်း နှစ်ခု လုချန်းနှင့် ရှောင်ရွှီရင်၏ ရှေ့သို့ ဆင်းသက်လာခဲ့၏။
ရှောင်ရွှီရင်ထံသို့ ချဉ်းကပ်လာရင်း တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ရှောင်ရွှီရင်သည် အခြားလူတစ်ယောက် ဖြစ်သွားသကဲ့သို့ ကောက်ရှီယွမ် စိတ်ထဲ ခံစားလိုက်ရသည်။
သူမသည် ပို၍ လှပလာသကဲ့သို့ ရှိပြီး ထူးခြားသော နတ်အငွေ့အသက် တစ်ခုကို ထုတ်လွှတ်နေပေသည်။
ကောက်ရှီယွမ်က ရှောင်ရွှီရင်ကို သံသယဖြင့် ကြည့်လိုက်၏။
***