ကောက်ရှီယွမ်၏ စူးစိုက်ကြည့်မှုကို တိုက်ရိုက် ခံလိုက်ရသဖြင့် ရှောင်ရွှီရင် ရုတ်တရက် စိတ်မလုံမလဲ ဖြစ်သွား၏။ အထူးသဖြင့် သူမ၏ မျက်နှာပေါ်တွင် နီမြန်းနေဆဲဖြစ်သော အငွေ့အသက်များကြောင့် ပို၍ပင် ရှက်ရွံ့နေပုံ ပေါ်နေသည်။
ကောက်ရှီယွမ်က ဇဝေဇဝါဖြစ်စွာဖြင့် ရှောင်ရွှီရင်ကို
“ညီမလေးရှောင်... ဘာဖြစ်လို့လဲ။ မျက်နှာက ဘာလို့ ဒီလောက်တောင် နီနေရတာလဲ။”
ရှောင်ရွှီရင်က
“ဒါ... ဘာမှမဟုတ်ပါဘူး... ခုနက ကျွန်မ ကျင့်ကြံနေရင်း နည်းနည်း လမ်းကြောင်းလွဲသွားလို့ပါ။”
ရှောင်ရွှီရင်၏ စကားကို ကြားလျှင် နတ်ဘုရင်ခံ လင်ရင်က ရှောင်ရွှီရင်၏ ခန္ဓာကိုယ်ကို စစ်ဆေးရန် နတ်အငွေ့အသက် တစ်စွန်းတစ်စကို ချက်ချင်း ထုတ်လွှတ်လိုက်၏။ နတ်အငွေ့အသက်ကို ခံစားမိလိုက်သောကြောင့် ရှောင်ရွှီရင် ခဏခန့် မှင်တက်သွားသည်။
နတ်ဘုရင်ခံ အဆင့်ရှိသော တည်ရှိမှုတစ်ခုသည် သူမ၏ ခန္ဓာကိုယ် အခြေအနေကို ချက်ချင်း စစ်ဆေးနိုင်သည် မဟုတ်ပါလား။
ရှောင်ရွှီရင် အမျိုးသမီးစစ်စစ် တစ်ဦး ဖြစ်သွားပြီဖြစ်ကြောင်း ခံစားမိလိုက်သဖြင့် နတ်ဘုရင်ခံ လင်ရင်က သူမ၏ လျှို့ဝှက်ချက်ကို မဖော်ထုတ်ပဲ ခပ်ဖျော့ဖျော့သာ ပြုံးလိုက်၏။
လုချန်းသည် နန်းတော်သခင်၏ တပည့်ရင်းဖြစ်သည့်အပြင် အလွန် ရုပ်ရည်ချောမောသဖြင့် ရှောင်ရွှီရင် စိတ်ညွှတ်သွားခြင်းက မဆန်းပေ။ ယခင်က ဤကဲ့သို့ အတွေ့အကြုံမျိုး ရှိခဲ့ဖူးသည့် နတ်ဘုရင်ခံ လင်ရင်အတွက်တော့ ၎င်းက ထူးဆန်းသည့် အရာတစ်ခု လုံးဝ မဟုတ်ပေ။
နတ်ဘုရင်ခံ လင်ရင်က ရှောင်ရွှီရင်ကို ကြည့်ကာ
“ရွှီရင်... နောက်ဆိုရင် ကျင့်ကြံနေတုန်း ရုတ်တရက်ကြီး မရပ်လိုက်နဲ့။ အဲဒါက မင်းရဲ့ ကျန်းမာရေးအတွက် မကောင်းဘူး။”
နတ်ဘုရင်ခံ လင်ရင်၏ စကားကို ကြားသောအခါ လုချန်းနှင့် သူမ၏ ကိစ္စကို ရိပ်မိသွားပြီဖြစ်ကြောင်း ရှောင်ရွှီရင် သိလိုက်၏။ သူမက မျက်နှာနီမြန်းစွာဖြင့်
“ကျွန်မ... နတ်ဘုရင်ခံ လင်ရင်ရဲ့ အကြံပေးချက်ကို မှတ်သားထားပါ့မယ်။”
နတ်ဘုရင်ခံ လင်ရင်က ထိုအကြောင်းအရာကို ဆက်မပြောတော့ပဲ လုချန်းကို ကြည့်ကာ
“လုချန်း... ရှင့်ဆီမှာ တခြားသူတွေရဲ့ သရုပ်မှန်ကို ခွဲခြားနိုင်တဲ့ ပစ္စည်းတစ်ခု ရှိတယ်လို့ ရှီယွမ်ဆီက ကြားတယ်။ ဟုတ်လား”
လုချန်းက
“ဟုတ်ပါတယ်။”
နတ်ဘုရင်ခံ လင်ရင်က
“ဒါဆိုရင် ကျွန်မ ဘယ်သူ ဆိုတာကိုရော ရှင် ပြောနိုင်မလား”
ဒါက...
လုချန်း ခဏခန့် ဇဝေဇဝါ ဖြစ်သွား၏။
သူမက လျှို့ဝှက်လဝန်းနန်းတော်မှ မဟုတ်လား။
သူ ထပ်ပြောပြရန် လိုအပ်ပါသလား။
စပ်စုချင်စိတ်ဖြင့် နတ်ဘုရင်ခံ လင်ရင်ကို လုချန်း စစ်ဆေးလိုက်၏။
[အမည် : လင်ရင်]
[အချက်အလက်: လျှို့ဝှက်လဝန်းနန်းတော်၏ အတွင်းစည်းအကြီးအကဲ။ ထျန်းရှနတ်ဘုရားနိုင်ငံတော်မှ ချန်ဘုရင်၏ လက်အောက်ခံဟောင်း။]
[စွမ်းအား : နတ်ဘုရင်ခံ]
[သစ္စာရှိမှု : ၁၀၀]
အာ...
နတ်ဘုရင်ခံ လင်ရင်ကို ဘာကြောင့် ရင်းနှီးနေသလဲဟု သူ တွေးနေခဲ့ခြင်း ဖြစ်သည်။ သူမက သူ၏ အိပ်ရာနွေး အစေခံ မဟုတ်ပါလား။
လုချန်းသည် ထျန်းရှနတ်ဘုရားနိုင်ငံတော်၏ တော်ဝင်မိသားစုတွင် မွေးဖွားလာခဲ့သူ ဖြစ်သည်။ သူ မွေးဖွားပြီးနောက်တွင် သူ့အား ပြုစုစောင့်ရှောက်ရန် ကောင်းကင်နတ်အဆင့်ရှိသော အစေခံ နှစ်ဦးကို သူ၏ မိခင်က ခန့်အပ်ပေးခဲ့သည်။
ထိုအစေခံ နှစ်ဦးသည် သူ၏ နေ့စဉ်လိုအပ်ချက်များကို ပြုစုရုံသာမက အမျိုးသားနှင့် အမျိုးသမီးကြားရှိ ကိစ္စရပ်များ အပါအဝင် အရာများစွာကို သင်ကြားပေးရသော ကိုယ်ရံတော် အစေခံများ ဖြစ်ကြ၏။ နတ်ဘုရင်ခံ လင်ရင်သည် လုချန်း၏ ဆရာမများထဲမှ တစ်ဦး ဖြစ်သည်။
သူ ရှုံးနိမ့်သွားပြီးနောက် သူမကို အမွေးဖြူမြို့တွင် ထားခဲ့ခြင်း ဖြစ်သည်။ ယခု ထိုနေရာတွင် သူမကို မတွေ့ရသဖြင့် သူမ သေဆုံးသွားပြီဟု လုချန်း ထင်မှတ်ထားခဲ့သည်။
စနစ် မျက်နှာပြင်ကို ကြည့်ကာ လုချန်း အနည်းငယ် နောင်တရမိသွား၏။ သူ၏ ယခင်ဘဝမှ ဆရာမက စနစ်၏ သတ်မှတ်ချက်များကို မမှီဟု သူ မထင်ထားခဲ့ပေ။
သို့သော်လည်း နားလည်နိုင်စရာတော့ ရှိ၏။ ထျန်းရန်နတ်ဘုရားနယ်မြေတွင် သူ၏ အမျိုးသမီးများစွာ ရှိခဲ့ရာ အားလုံးက စနစ် ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။
လုချန်း တွေဝေပြီး တိတ်ဆိတ်နေသည်ကို မြင်သောအခါ နတ်ဘုရင်ခံ လင်ရင်က
“ဘာဖြစ်လို့လဲ”
လုချန်း သတိပြန်ဝင်လာကာ
“နတ်ဘုရင်ခံ လင်ရင်... ခင်ဗျားက ထျန်းရှနတ်ဘုရားနိုင်ငံတော်က လာတာပါ။ ကျန်တဲ့ အကြောင်းအရာတွေကိုတော့ ပြောဖို့ မသင့်တော်ပါဘူး။”
လုချန်း၏ စကားကို ကြားသောအခါ နတ်ဘုရင်ခံ လင်ရင် အနည်းငယ် မှင်တက်သွား၏။
တကယ်ပဲ သူမ၏ ဇစ်မြစ်ကို သိသွားခြင်းဖြစ်နိုင်သည်။
ဤချန်းလုက တကယ်ပဲ လုချန်း ဖြစ်နိုင်မလားဟု သူမ သံသယ ဝင်လာ၏။ ချန်းလုကို တွေ့ချင်သောကြောင့် ကောင်းကင်ဝံပုလွေမြို့သို့ လိုက်လာရန် သူမ စီစဉ်ခဲ့ခြင်းဖြစ်သည်။
လျှို့ဝှက်လဝန်းနန်းတော်သို့ ချန်းလု ရောက်လာစဉ်က သူမ သူ့ကို အဝေးမှ လှမ်းကြည့်ခဲ့ဖူးသည်။
ထိုစဉ်က နတ်ဘုရင်ခံ လင်ရင် အံ့အားသင့်ခဲ့ရ၏။ နှစ်သန်းပေါင်းများစွာအတွင်း ချန်ဘုရင်နှင့် ဤမျှတူသော အမျိုးသားတစ်ဦးကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ဤချန်းလုသည် ချန်ဘုရင် ဝင်စားသူ ဖြစ်နိုင်မလားဟုပင် သူမ သံသယ ဖြစ်ခဲ့သည်။
“နောက်ဆိုရင် ဒီပစ္စည်းကို လျှော့သုံးတာ ပိုကောင်းမယ်။ လူတွေရဲ့ သရုပ်မှန်ကို သိနိုင်တဲ့ စွမ်းရည်ဟာ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်တာမျိုး ဖြစ်တဲ့အတွက် တန်ပြန်သက်ရောက်မှုတွေ ရှိနိုင်တယ်။”
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်ဘုရင်ခံ လင်ရင်။ နောက်ဆိုရင် ကျုပ် လျှော့သုံးဖို့ ကြိုးစားပါ့မယ်။”
ထို့နောက် နတ်ဘုရင်ခံ လင်ရင်က လုချန်းကို ကြည့်ကာ
“ကောင်းကင်ဝံပုလွေမြို့က မြို့တော်ဝန်နဲ့ အဲ့ဒီ မိသားစုကြီးတွေကို ဘယ်လို ကိုင်တွယ်လိုက်လဲ။”
“ကျုပ် သူတို့ကို မသတ်ခဲ့ပါဘူး...အားလုံးကို ဖမ်းချုပ်ထားပါတယ်။”
“ရှင် ကောင်းကောင်း လုပ်ခဲ့တာပဲ”
“ကျွန်မကို အဲဒီလူတွေဆီ ခေါ်သွားပေးပါ”
“ကောင်းပါပြီ”
ထို့နောက် တိန့်ချင်းဖုန်းနှင့် မိသားစုကြီးများ အကျဉ်းချခံထားရသည့် နေရာသို့ နတ်ဘုရင်ခံ လင်ရင်ကို လုချန်း ခေါ်ဆောင်သွား၏။
တိန့်ချင်းဖုန်းကို မြင်လျှင် နတ်ဘုရင်ခံ လင်ရင်သည် ဝိညာဉ်ရှာဖွေခြင်း အတတ်ကို တွေဝေခြင်းမရှိပဲ အသုံးပြုလိုက်၏။ တိန့်ချင်းဖုန်းသည် လူနတ်အဆင့်တစ်ဦး ဖြစ်သဖြင့် ဝိညာဉ်ရှာဖွေခြင်း ခံရသော်လည်း သေဆုံးခြင်းမရှိပဲ အသက်ရှင်နေဆဲ ဖြစ်သော်လည်း ဇဝေဇဝါဖြစ်သည့် လက္ခဏာများ စတင်ပြသလာသည်။
ထို့နောက်တွင် နတ်ဘုရင်ခံ လင်ရင်က ကျန်ရှိနေသူများကိုလည်း ဝိညာဉ်ရှာဖွေခြင်း အတတ်ကို ဆက်လက် အသုံးပြုလိုက်၏။
နတ်ဘုရင်ခံ လင်ရင် ဝိညာဉ်ရှာဖွေပြီးသည်ကို မြင်သောအခါ ကောက်ရှီယွမ်က
“ဆရာ... ကျွန်မတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ။”
နတ်ဘုရင်ခံ လင်ရင်က တုံ့ပြန်မနေပဲ အင်းစာရွက်တစ်ရွက်ကို တိုက်ရိုက် ထုတ်ယူလိုက်ပြီးနောက် ရေရွတ်လိုက်သည်။
“လျှို့ဝှက်လဝန်းနန်းတော်က နတ်ဘုရင်ခံ လင်ရင်ဟာ ချီယန်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်ကို ကောင်းကင်ဝံပုလွေမြို့မှာ တွေ့ဆုံဖို့ ဖိတ်ကြားပါတယ်။”
သူမ၏ စကားအဆုံးတွင် အင်းစာရွက်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ချီယန်ဂိုဏ်းဆီသို့ ပျံသန်းသွားသည်။
ထို့နောက် နတ်ဘုရင်ခံ လင်ရင်က ကောက်ရှီယွမ်နှင့် ရှောင်ရွှီရင်ကို လှည့်ကြည့်ကာ
“မင်းတို့နှစ်ယောက် အရင်သွားပြီး ကျင့်ကြံကြတော့။ ငါ လုချန်းနဲ့ ဆွေးနွေးစရာ ကိစ္စတွေ ရှိသေးတယ်။”
အမျိုးသမီး နှစ်ဦးက
“ဟုတ်ကဲ့ပါ”
ဟု တစ်ပြိုင်နက်တည်း တုံ့ပြန်ကြ၏။
သူတို့၏ စကားအဆုံးတွင် ချင်ချင်းလှည့်ထွက်သွားကြသည်။
ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံ လင်ရင်က လက်ကို မြှောက်ကာ သူတို့နှစ်ဦး ပတ်ပတ်လည်၌ အသံလုံ အတားအဆီးတစ်ခုကို ဖန်တီးလိုက်၏။ နတ်ဘုရင်ခံ လင်ရင် ဘာမေးချင်သည်ကို လုချန်း ကြိုသိနေပြီးသား ဖြစ်သည်။
နတ်ဘုရင်ခံ လင်ရင်က လုချန်းကို ကြည့်ကာ
“လုချန်း... ရှင် ဘယ်ကနေ လာတာလဲ”
လုချန်းက ထိုမေးခွန်းကို မဖြေပဲ
“မတွေ့တာ ကြာပြီ လင်ရင် ။ အမွေးဖြူမြို့မှာ ခင်ဗျားကို မတွေ့ရတော့ ခင်ဗျားရဲ့ သက်တမ်း ကုန်ဆုံးသွားပြီလို့ ကျုပ် ထင်နေခဲ့တာ။”
လုချန်း၏ စကားကို ကြားသောအခါ အနည်းငယ် စမ်းသပ်ရန် ကြံရွယ်ထားသည့် နတ်ဘုရင်ခံ လင်ရင် ခဏခန့် မှင်တက်သွား၏။ နတ်ဘုရင်ခံ လင်ရင်က မယုံကြည်နိုင်စွာဖြင့်
“တကယ်ပဲ... ရှင်လား”
“ကျုပ်ပါပဲ။ ဒါပေမဲ့ ကျုပ်ဘယ်သူ ဆိုတာကို အခုလောလောဆယ် လျှို့ဝှက်ထားပေးပါ။ ကျုပ်ရဲ့ ဆရာနဲ့ စီနီယာအစ်မ နှစ်ယောက်လုံးက ကျုပ်အပေါ် အငြိုးရှိနေကြတယ်။ အကယ်၍ သူတို့သာ ကျုပ်ဘယ်သူလဲ သိသွားရင် ကျုပ် လျှို့ဝှက်လဝန်းနန်းတော်မှာ ဆက်နေနိုင်မှာ မဟုတ်ဘူး။”
“ဒါပေမဲ့ ရှင်က ကစဉ့်ကလျား ပင်လယ်ထဲကို ဝင်သွားတယ်လို့...”
ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်ရောက်ခြင်းသည် ခန္ဓာကိုယ်နှင့် နတ်အာရုံကို ပျက်စီးစေသည်ဟု ကောလာဟလများ ရှိခဲ့သည်။ လုချန်း ကစဉ့်ကလျား ပင်လယ်ထဲတွင် ကျဆုံးသွားပြီဟု သူမ ထင်မှတ်ခဲ့သဖြင့် သူမ၏ ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေရန် အမွေးဖြူမြို့မှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။
ယခု မျှော်လင့်မထားပဲ လုချန်း ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
“အဲဒီအကြောင်းတွေကို နောက်မှ ပြောကြတာပေါ့။ အခုတော့ ကျုပ် အသက်ရှင်နေသေးတယ်ဆိုတာ ခင်ဗျား သိထားရင် ရပြီ။”
နတ်ဘုရင်ခံ လင်ရင်က ချက်ချင်း ဂါရဝပြုကာ
“ဘုရင်ကြီးကို ဂါရဝပြုပါတယ်”
နတ်ဘုရင်ခံ လင်ရင် ဦးညွှတ်တော့မည့် အခိုက်တွင် သူမကို လုချန်းက နတ်စွမ်းအားဖြင့် ထိန်းမပေးလိုက်ကာ
“ကျုပ်ရဲ့ စွမ်းအားတွေ ပြန်မရမချင်း ကျုပ်ဟာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်တစ်ယောက်သာ ဖြစ်တယ်။ ခင်ဗျား အခုလို လုပ်ဖို့ မလိုပါဘူး။”
“ကျွန်မ နားလည်ပါပြီ”
“ရှင် နောက်ထပ် ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ”
“အရင်ဆုံး ကျုပ်ရဲ့ စွမ်းအားတွေကို ပြန်လည် တည်ဆောက်ရမယ်။ ကျန်တာတွေကိုတော့ နောက်မှပဲ စဉ်းစားတော့မယ်”
“ရှင် အမွေးဖြူမြို့ကို သွားခဲ့သေးလား။ အဲ့ဒီမြို့ရဲ့ အခြေအနေကိုရော ရှင် သိလား”
“လူသူ မကျန်သလောက် ဖြစ်နေပြီ”
လုချန်း၏ စကားကို ကြားသောအခါ နတ်ဘုရင်ခံ လင်ရင်လည်း အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရ၏။ သူမသာ အမွေးဖြူမြို့တွင် ရှိနေခဲ့ပါက ချန်ဘုရင် ပြန်လာချိန်၌ ခိုကိုးရာမဲ့ ဖြစ်နေမည် မဟုတ်ပေ။
ထို့နောက် လုချန်းက
“ကဲ... လောလောဆယ် ဒီမှာပဲ တော်ကြဦးစို့”
ထို့နောက် နတ်ဘုရင်ခံ လင်ရင်က အသံလုံ အတားအဆီးကို ဖယ်ရှားလိုက်၏။
ခဏအကြာတွင် ကောင်းကင်ဝံပုလွေမြို့ ပြင်ပမှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။
“နတ်ဘုရင်ခံ လင်ရင်က ဒီအဖိုးကြီးဆီက ဘာများ လိုချင်လို့ပါလိမ့်”
ထိုစဉ် နတ်ဘုရင်ခံ လင်ရင်က လက်ကို မြှောက်လိုက်ကာ တိန့်ချင်းဖုန်းနှင့် ဩဇာကြီး မိသားစုဝင်အားလုံးကို သူမ၏ နတ်ဝတ်ရုံအတွင်းရှိ အာကာသထဲသို့ ပြောင်းရွှေ့လိုက်၏။
မကြာမီတွင် ကောင်းကင်ဝံပုလွေမြို့ ပြင်ပသို့ နတ်ဘုရင်ခံ လင်ရင် ရောက်ရှိသွားသည်။
***