နတ်ဘုရင်ခံ တိမ်နက်၏ စကားကို ကြားလျှင် ဝေဖူရှန်း အံ့အားသင့်သွား၏။
ချီယန်ဂိုဏ်းအတွင်း နှစ်ပေါင်းများစွာ ရှိနေခဲ့သူ တစ်ဦးက သူလျှိုဖြစ်နိုင်မည်ဟု သူ လုံးဝ မတွေးထားခဲ့ပေ။
သွေးလင်းယုန်ခန်းမမှ သူလျှိုတစ်ယောက်လား။
ဝေဖူရှန်း၏ မျက်နှာမှာ ချက်ချင်း တင်းမာသွားသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ချီယန်ဂိုဏ်းတွင် စီကုန်းယုဖုန်း ရှိနေခဲ့သည်မှာ နှစ်ပေါင်း သန်းထောင်ပေါင်းများစွာမက ကြာမြင့်နေပြီဖြစ်ပြီး သွေးလင်းယုန်ခန်းမကတော့ မကြာသေးမီကမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် စီကုန်းယုဖုန်းသည် ချီယန်ဂိုဏ်းအတွင်း ဝင်ရောက်လာပြီးမှ သွေးလင်းယုန်ခန်းမနှင့် လက်တွဲခဲ့ခြင်း ဖြစ်ရမည်။
သတိပြန်ဝင်လာပြီးနောက် ဝေဖူရှန်းက
“ဒါဆို သွေးလင်းယုန်ခန်းမက နတ်ဂိုဏ်းကြီးနှစ်ဂိုဏ်းကြား ရန်တိုက်ပေးပြီး ကျုပ် တို့နှင့် လျှို့ဝှက်လဝန်းနန်းတော်ကြား စစ်ဖြစ်အောင် ဖန်တီးချင်နေတယ်လို့ နန်းတော်ဘက်က ယုံကြည်နေတာပေါ့။”
နတ်ဘုရင်ခံ တိမ်နက်က
“ဟုတ်ပါတယ်။ ဒါက လျှို့ဝှက်လဝန်းနန်းတော်ဘက်က ယူဆထားတဲ့ အချက်ပါပဲ။”
ခဏခန့် အတွေးထဲနစ်မြောကာ တိတ်ဆိတ်သွားပြီးနောက် ဝေဖူရှန်းက
“စီကုန်းယုဖုန်း အခုတလော ဘာတွေလုပ်နေလဲဆိုတာ ချက်ချင်း လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်။”
လျှို့ဝှက်လဝန်းနတ်ဘုရင်၏ တပည့်ရင်းကို လုပ်ကြံရန် စီကုန်းယုဖုန်း ကိုယ်တိုင်ဦးဆောင်ခဲ့ခြင်းက ထူးဆန်းလွန်းလှသဖြင့် အစစအရာရာကို သတိထားရန် ဝေဖူရှန်း ဆုံးဖြတ်လိုက်၏။
လျှို့ဝှက်လဝန်းနတ်ဘုရင်၏ တပည့်ရင်းကို လုပ်ကြံခြင်းက ချီယန်ဂိုဏ်းအပေါ် မည်မျှအန္တရာယ်ကြီးမားသော ပြဿနာများ သယ်ဆောင်လာနိုင်သည်ကို အတွင်းဆောင်အကြီးအကဲ တစ်ယောက်အနေနှင့် စီကုန်းယုဖုန်း မသိတာ မဖြစ်နိုင်ပေ။
ထို့ကြောင့် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ရှင်းလင်းနေသည်။
သို့သော် သူက ထိုသို့ လုပ်ခဲ့ပြီဖြစ်သဖြင့် သူ့တွင် တစ်ခုခု မှားယွင်းနေတာက အသေအချာပင်။
သူသည် သွေးလင်းယုန်ခန်းမမှ သူလျှိုမဟုတ်ခဲ့လျှင်ပင် ပြောပြ၍မရသော ရည်ရွယ်ချက်အချို့ ရှိနေပေလိမ့်မည်။
သူသာ သွေးလင်းယုန်ခန်းမမှ သူလျှိုအစစ်အမှန်ဖြစ်ခဲ့လျှင်တော့ သွေးလင်းယုန်ခန်းမသည် ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော် ဟူသော နတ်ဂိုဏ်းကြီးနှစ်ဂိုဏ်းလုံးကို ပစ်မှတ်ထားနေပြီဟု ဆိုလိုခြင်း ဖြစ်၏။
ထိုသို့ဆိုလျှင် သွေးလင်းယုန်ခန်းမသည် အင်အားကြီး နတ်ဂိုဏ်းနှစ်ဂိုဏ်းလုံးကို တစ်ပြိုင်နက် ဖျက်ဆီးရန် ကြံစည်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ဤကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးရပေမည်။
နောက်ရက်များတွင် စီကုန်းယုဖုန်း၏ လှုပ်ရှားမှုများနှင့် သူနှင့် ပတ်သက်ဆက်နွှယ်သူ အားလုံးကို လူလွှတ်ကာ စုံစမ်းစေ၏။ ထိုသို့ စုံစမ်းမှုကြောင့် ဝေဖူရှန်းအတွက် သဲလွန်စအချို့ ထွက်ပေါ်လာခဲ့သည်။
ထိုသဲလွန်စများသည် စီကုန်းယုဖုန်း၏ ကွဲလွဲနေသော အပြုအမူများကို ရှင်းပြပေးနိုင်ခဲ့သည်။
မကြာသေးမီကပင် စီကုန်းယုဖုန်းသည် ကိစ္စတစ်ခုအတွက် အတွင်းဆောင်အကြီးအကဲ တစ်ဦးနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး လက်ရည်စမ်း တိုက်ခိုက်ကြသည် အထိပင် ဖြစ်ခဲ့ကြသေး၏။ ထိုအတွင်းဆောင်အကြီးအကဲသည် နတ်ဘုရင်ခံ အဆင့်တစ်ဦး ဖြစ်သော်လည်း ရွှေနတ်အဆင့်သာရှိသော စီကုန်းယုဖုန်းကို အနိုင်မရခဲ့ပေ။
ဤအချက်က စီကုန်းယုဖုန်းတွင် ပုံမှန်မဟုတ်သော စွမ်းအားတစ်ခု ရှိနေကြောင်း ထင်ရှားစေသည်။
စီကုန်းယုဖုန်းနှင့် တိုက်ခိုက်နေစဉ်အတွင်း သူ ၏ နတ်အငွေ့အသက်များ တစ်ခုခုကြောင့် အဖိနှိပ်ခံနေရသည်ကို အသေအချာ ခံစားခဲ့ရကြောင်းနှင့် စီကုန်းယုဖုန်းက နည်းဗျူဟာပုံစံ တစ်မျိုးကို သုံးစွဲခဲ့သည်ဟုသာ ထင်မြင်ခဲ့ကြောင်း ထိုနတ်ဘုရင်ခံက ဆို၏။
စီကုန်းယုဖုန်းသည် ဂိုဏ်းအတွင်း သက်တမ်းရင့်သူ ဖြစ်သောကြောင့်သာ အတွင်းဆောင်အကြီးအကဲ ဖြစ်လာခြင်းဖြစ်၏။ ချီယန်ဂိုဏ်း၏ မူလစည်းမျဉ်းအရ နတ်ဘုရင်ခံ အဆင့်သို့ ရောက်ရှိမှသာ အတွင်းဆောင်အကြီးအကဲ ဖြစ်ခွင့်ရှိသည်။
ရွှေနတ်အဆင့်သာရှိသော စီကုန်းယုဖုန်း အတွင်းဆောင်အကြီးအကဲ ဖြစ်လာခြင်းက အခြားအကြီးအကဲများအား မကျေမနပ် ဖြစ်စေသော်လည်း အရင်က သူသည် အေးအေးဆေးဆေး နေတတ်သူ ဖြစ်သဖြင့် ထိုနတ်ဘုရင်ခံများနှင့် ကြီးမားသော ပဋိပက္ခများကို ရှောင်လွှဲနိုင်ခဲ့၏။
သို့သော် မကြာသေးမီ နှစ်များအတွင်း စီကုန်းယုဖုန်းသည် အရင်ကကဲ့သို့ မဟုတ်တော့ပဲ ပို၍ ထင်ပေါ်လိုလာကာ ရဲတင်းလာခဲ့၏။
ဤပြောင်းလဲမှုသည် သူ၏ အတွင်းစိတ် သဘောထား ပြောင်းလဲသွားခြင်းကြောင့်သာမက သူ၏ စွမ်းအား တိုးပွားလာခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ရွှေနတ်အဆင့်သာရှိပြီး အတွင်းဆောင်အကြီးအကဲ ဖြစ်လာသူတစ်ဦးက ထင်ပေါ်ကျော်ကြားအောင် နေထိုင်လာသဖြင့် နတ်ဘုရင်ခံများနှင့် ပဋိပက္ခဖြစ်ပွားလာခြင်းက အံ့ဩစရာ မဟုတ်ပေ။
သို့သော် သူ၏ စွမ်းအား နတ်ဘုရင်ခံ တစ်ဦးနှင့် ယှဉ်နိုင်နေခြင်းကတော့ ထူးခြားလှသည်။
ဤအချက်တစ်ခုတည်းနှင့်ပင် စီကုန်းယုဖုန်းတွင် ကြီးမားသော ပြဿနာရှိနေတာ ထင်ရှားသည်။
စီကုန်းယုဖုန်းသည် ချီယန်ဂိုဏ်းကို သစ္စာဖောက်ကာ သွေးလင်းယုန်ခန်းမထဲသို့ လျှို့ဝှက်ဝင်ရောက်သွားပြီး ထိုခန်းမမှပေးသော မိစ္ဆာနတ်ကျမ်းကို ကျင့်ကြံခြင်းဖြင့် နတ်ဘုရင်ခံများကို ဖိနှိပ်နိုင်သည့် စွမ်းအားများ ရရှိနေခြင်းဖြစ်မည်ဟု ဝေဖူရှန်း သံယယဝင်လာ၏။
ထို့ပြင် စီကုန်းယုဖုန်းသည် မကြာသေးမီက ကောင်းကင်ဝံပုလွေမြို့မှ လူများနှင့် ပတ်သက်မှု ရှိနေခဲ့ပြီး ကောင်းကင်ဝံပုလွေမြို့မှ မိသားစုကြီး နှစ်ခုကိုပင် ချီယန်ဂိုဏ်း၏ နယ်မြေအတွင်း လာရောက်အခြေချခွင့်ပေးရန် စဉ်းစားခဲ့သေး၏။
စီကုန်းယုဖုန်းက ဤလုပ်ရပ်များအတွက် ဂိုဏ်း၏ ခွင့်ပြုချက်ကိုလည်း မတောင်းခံပဲ ကိုယ်ပိုင်သဘောဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းကြား ဆက်ဆံရေးကို ပျက်ပြားအောင် သူ ကြံစည်နေကြောင်း သိသာလှသည်။
စီကုန်းယုဖုန်းသည် သွေးလင်းယုန်ခန်းမမှ သူလျှိုဖြစ်ကြောင်း တိုက်ရိုက်သက်သေ မရှိသေးသော်လည်း ဝေဖူရှန်းကတော့ အတော်အတန် ယုံကြည်သွားပြီ ဖြစ်၏။
လျှို့ဝှက်လဝန်းနန်းတော်နှင့် နားလည်မှုမလွဲစေရန် ကောင်းကင်ဝံပုလွေမြို့သို့ သူကိုယ်တိုင်သွားရောက်ရန် ဝေဖူရှန်း ဆုံးဖြတ်လိုက်၏။
…….
နှစ်ရက်အကြာတွင်။
ကောင်းကင်ဝံပုလွေမြို့ အထက်တွင် စွမ်းအားကြီးမားသော အငွေ့အသက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်ကို တရားထိုင်ကျင့်ကြံနေသော လုချန်း ခံစားလိုက်ရ၏။ ချက်ချင်းပင် မျက်လုံးဖွင့်လိုက်ကာ အခန်းအပြင်ဘက်သို့ လုချန်း ထွက်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် မြို့တော်ဝန်စံအိမ်၏ လေ့ကျင့်ရေးကွင်းအတွင်းသို့ ဝေဖူရှန်းနှင့် နတ်ဘုရင်ခံ တိမ်နက်တို့ ရောက်ရှိလာကြ၏။
မကြာမီမှာပင် လုချန်းနှင့် နတ်ဘုရင်ခံ လင်ရင်တို့လည်း လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာ၏။ နတ်ဘုရင်ခံ လင်ရင်ကို ကြည့်ကာ ဝေဖူရှန်းက
“နတ်ဘုရင်ခံ လင်ရင်... ကျုပ် တို့ စုံစမ်းကြည့်ရသလောက် စီကုန်းယုဖုန်းက အခုတလောမှာ ထူးထူးခြားခြားတွေ လုပ်နေတာကို တွေ့ရပါတယ်။”
“စီကုန်းယုဖုန်းရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ကျုပ် တို့ အစက မသိခဲ့ပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူက ချီယန်ဂိုဏ်းဝင် တစ်ယောက် ဖြစ်နေသေးတာမို့ မောင်ရင် ချန်းလုကို တောင်းပန်တဲ့ ဒီမြေအဆင့် နတ်ဓားလေးကို လက်ဆောင်အဖြစ် လက်ခံပေးပါ။”
စကားအဆုံးတွင် အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေသည့် နတ်ဓားတစ်လက် လေထုထဲတွင် ပေါ်လာပြီး လုချန်း၏ ရှေ့မှောက်သို့ ဖြည်းညှင်းစွာ လွင့်မြောလာ၏။
မြေအဆင့် နတ်ဓားတစ်လက်ကို လုချန်း အထင်မကြီးသော်လည်း နတ်ဘုရင်တစ်ပါးသာရှိသည့် ချီယန်ဂိုဏ်းကဲ့သို့ ဂိုဏ်းမျိုးအတွက်တော့ လျော်ကြေးအဖြစ် ဤဓားကို ပေးအပ်ခြင်းက မဆိုးလှပေ။
ထို့ကြောင့် လုချန်း ရွေးချယ်မနေတော့ပေ။
လုချန်းထံ နတ်ဓားကို ပေးအပ်ပြီးနောက် ဝေဖူရှန်း လက်ဝှေ့ယမ်းလိုက်၏။ ထိုအခါ ချီယန်ဂိုဏ်းနယ်မြေသို့ မကြာသေးမီက ပြောင်းရွှေ့လာခဲ့ကြသည့် လျှိုမျိုးနွယ်နှင့် ဝမ်မျိုးနွယ်ဝင်များ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာကြ၏။
ဆက်လက်၍ ဝေဖူရှန်းက
“သူတို့က လျှို့ဝှက်လဝန်းနန်းတော်က သစ္စာဖောက်တွေဖြစ်လို့ နန်းတော်ကပဲ ကြိုက်သလို စီရင်နိုင်ပါတယ်။”
ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံ လင်ရင်က
“ သွေးလင်းယုန်ခန်းမနဲ့ ပတ်သက်ပြီး တစ်ခုခုများ တွေ့ထားသေးလား ချီယန် နတ်ဘုရင်။”
ဝေဖူရှန်းက
“စီကုန်းယုဖုန်းရဲ့ လုပ်ရပ်တွေက ထူးဆန်းနေပေမဲ့ သွေးလင်းယုန်ခန်းမနဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ တိုက်ရိုက်သက်သေတော့ မတွေ့ရသေးဘူး။ ဒါပေမဲ့ ကျုပ်တို့ ဂိုဏ်းကို ပြန်ရောက်ရင်တော့ ဂရုတစိုက် စောင့်ကြည့်သွားမှာပါ။”
နတ်ဘုရင်ခံ လင်ရင်က
“သွေးလင်းယုန်ခန်းမရဲ့ အစီအစဉ် ပျက်သွားပြီဆိုတော့ သူတို့ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။ နတ်ဂိုဏ်းကြီးနှစ်ဂိုဏ်းကြား ရန်ဖြစ်အောင် တခြားနည်းလမ်းတွေ သုံးဦးမှာပဲ။”
“ကျုပ် တို့ နတ်ဂိုဏ်းကြီးနှစ်ဂိုဏ်းဟာ စတင်တည်ထောင်ချိန်ကစလို့ ပဋိပက္ခဆိုတာ တစ်ခါမှ မရှိခဲ့ဘူးပါဘူး။ အတိတ်မှာလည်း မရှိခဲ့ဘူး။ အခုလည်း မရှိဘူး။ အနာဂတ်မှာလည်း ရှိမှာမဟုတ်ပါဘူးလို့ လျို့ဝှက်လဝန်းနတ်ဘုရင်ကို ပြန်ပြောပေးပါ။ “
“သွေးလင်းယုန်ခန်းမက ဘယ်လောက်ပဲ ရန်တိုက်ပေးပါစေ ကျုပ် တို့ ချီယန်ဂိုဏ်းကတော့ စစ်ကို အရင်စမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ကောင်းကင်ဘုံ လမ်းစဉ်တွေ တဖြည်းဖြည်း ကွယ်ပျောက်နေတဲ့ အခုလိုအချိန်မှာ နတ်ဂိုဏ်းတွေကြား စစ်ဖြစ်ရင် ကျုပ် တို့လို နတ်ဘုရင်အဆင့် ဂိုဏ်းတွေအတွက် မခံနိုင်တဲ့ အကျိုးဆက်တွေ ဖြစ်လာမှာပဲ။”
နတ်ဘုရင်ခံ လင်ရင်နှင့် ဝေဖူရှန်းတို့ စကားပြောနေစဉ်အတွင်း လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ခဲ့သည့် လျှိုမျိုးနွယ်နှင့် ဝမ်မျိုးနွယ်ဝင်များအပေါ်သို့ လုချန်း၏ အကြည့်က ရောက်ရှိသွား၏။ ထိုအခိုက်တွင် လူအုပ်ထဲမှ လူတစ်ယောက်ထံမှ ထွက်ပေါ်နေသည့် စိတ်မသက်မသာဖြစ်ဖွယ် အငွေ့အသက်တစ်ခုကို လုချန်း ရုတ်တရက် သတိပြုမိလိုက်၏။
ထို့နောက် ထိုသူ၏ အချက်အလက်ကို စနစ်အကူအညီဖြင့် လုချန်း ချက်ချင်း စစ်ဆေးလိုက်သည်။
[အမည် : လျှိုယဲ့]
[အဆင့်အတန်း : ချီယန်ဂိုဏ်း၏ အတွင်းဆောင်တပည့်၊ သွေးလင်းယုန်ခန်းမ၏ တပည့်]
[စွမ်းအား : မဟယာန အဆင့်]
[သစ္စာစောင့်သိမှု : ၀]
တွန့်ဆုတ်ခြင်း မရှိပဲ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လုချန်း ချက်ချင်း ထုတ်ဖော်လိုက်၏။
လုချန်း ရုတ်တရက် လှုပ်ရှားလိုက်သည်ကို မြင်လျှင် သွေးလင်းယုန်ခန်းမ၏ ကျူးကျော်မှုကို ကာကွယ်ရန် ဆွေးနွေးနေကြသည့် နတ်ဘုရင်ခံ လင်ရင်နှင့် အခြားသူများ ဇဝေဇဝါ ဖြစ်သွားကြသည်။
ကောင်းကင်ယံတွင် ပေါ်ပေါက်လာသည့် မီးအိမ်များကို ကြည့်ကာ ထိုသူများသည် လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်၍ ချီယန်ဂိုဏ်းနှင့် ပူးပေါင်းခဲ့သူများ ဖြစ်သောကြောင့် လုချန်းက ချီယန်ဂိုဏ်းအား ပညာပြနေခြင်းဖြစ်မည်ဟု ဝေဖူရှန်း ထင်မှတ်လိုက်၏။
သို့သော် လုချန်းက ထိုသစ္စာဖောက်များကို ချက်ချင်း သတ်ဖြတ်ခြင်းမပြုပဲ ကောင်းကင်ရှိ မီးအိမ်များမှ အနီရောင်အလင်းတန်းများသာ ထွက်ပေါ်လာစေ၏။
ထိုမီးအိမ်များမှ ထွက်ပေါ်နေသည့် နတ်အငွေ့အသက်များကို ခံစားကြည့်ပြီးနောက် ဤအရာက အနည်းဆုံး ကောင်းကင်အဆင့် နတ်ကျမ်း ဖြစ်ရမည်ဟုလည်းကောင်း၊ လျှို့ဝှက်လဝန်းနတ်ဘုရင်သည် သူမ၏ တပည့်ရင်းအပေါ် အတော်အတန် တန်ဖိုးထားပုံရသည်ဟုလည်းကောင်း ဝေဖူရှန်း တွေးတောနေမိ၏။
သို့သော် လျှို့ဝှက်လဝန်းနန်းတော်သည် အမျိုးသားတပည့်များကို လက်ခံလေ့မရှိဟု လူသိများသည်။ ယခုမှ အမျိုးသားတစ်ဦးကို တပည့်ရင်းအဖြစ် ယွမ်ယုတိက အဘယ်ကြောင့်လက်ခံခဲ့ရသနည်း။
***