ရှောင်ထျန်းသည် လီဟန်ကောင်းကင်ဘုံသို့ ပြန်မသွားဘဲ နတ်ဘုရားအကျဉ်းထောင်၏ ထူးခြားသော အာကာသတည်ဆောက်ပုံမှတစ်ဆင့် တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။
ရှောင်ထျန်း၏ စွမ်းအားမှာ အင်မော်တယ်သခက်အဆင့်သို့ မရောက်သေးသဖြင့် စကြဝဠာတိုင်းကို စိတ်တိုင်းကျ ဖြတ်သန်းနိုင်စွမ်း မရှိသင့်ပေ။ သို့သော် လူသားမျိုးနွယ်စု နတ်ဘုရားများ၏ ကျင့်စဉ်စနစ်မှာ သာမန်နှင့် ကွဲပြားကာ သူသည် အားလန်နတ်ဘုရား၏ ခွဲခွာ၍မရသော အဖော်ဖြစ်ခဲ့ခြင်းတို့ကြောင့် လျှို့ဝှက်ပညာရပ်ပေါင်းများစွာကို တတ်မြောက်ထားသူ ဖြစ်သည်။
သို့သော် ဤစွမ်းရည်မှာ သူကိုယ်တိုင်အတွက်သာ အသုံးပြုနိုင်ပြီး အခြားသူများကို ခေါ်ဆောင်သွား၍ မရပေ။ ထို့ကြောင့်လည်း ရှောင်ထျန်းသည် ထွက်ခွာသွားချိန်တွင် ကျန်းရွှင်းနန်ကို ခေါ်မသွားနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ကြည့်ကာ ရွှယ်အန်းမှာ သက်ပြင်းသာ ချနိုင်တော့ပြီးနောက် လူတိုင်းကို ဦးဆောင်ကာ နတ်ဘုရားအကျဉ်းထောင်မှ ထွက်၍ လီဟန်ကောင်းကင်ဘုံသို့ ဦးတည်လိုက်တော့သည်။
ဤအချိန်တွင် လီဟန်ကောင်းကင်ဘုံ တစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်နေချေသည်။ ထိုနေ့က ဖြစ်ပေါ်ခဲ့သော နေနှင့်လ ပြောင်းပြန်ဖြစ်မှုနှင့် ကမ္ဘာ တုန်ခါမှုတို့ကြောင့် အစွမ်းထက်သူ အားလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြရသည်။ ဤနယ်မြေကို အုပ်ချုပ်ခဲ့သော လီဟန်အရှင်၏ အရှိန်အဝါမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို အများစုက ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
ဤလက္ခဏာများ အားလုံးက နယ်မြေ၏ အုပ်ချုပ်သူ လီဟန်အရှင် ကျဆုံးသွားပြီဖြစ်ကြောင်း ညွှန်ပြနေပါသည်။ သို့မဟုတ်ပါက သူ၏ ကမ္ဘာအတွင်း ဤကဲ့သို့သော ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာရန် မည်သည့်အခါမျှ ခွင့်ပြုမည် မဟုတ်ပေ။ ဤအတွေးက လီဟန်ကောင်းကင်ဘုံအတွင်းရှိ အင်အားစုအားလုံးကို ကြောက်လန့်သွားစေသည်။ နှစ်ပေါင်းသောင်းချီ အသက်ရှင်လာသည့် လီဟန်အရှင်ကဲ့သို့ အနှိုင်းမဲ့ ပုဂ္ဂိုလ်ကြီးကို ကျရှုံးအောင် လုပ်နိုင်သူမှာ သူ့ထက် ပို၍ပင် သန်မာရပေလိမ့်မည်။
အစပိုင်းတွင် အင်အားစုအားလုံးမှာ အိမ်ထဲ၌သာ ငြိမ်သက်နေကြပြီး ဘာမှ မလုပ်ရဲဘဲ စီရင်ချက်ချမည့် အချိန်ကိုသာ စောင့်နေခဲ့ကြသည်။ သို့သော် ရက်အနည်းငယ် ကြာသည့်တိုင်အောင် ဘာမှ ပြောင်းလဲမသွားသည်ကို သူတို့ တွေ့လိုက်ရသည်။ ထိန်းချုပ်မှု ကင်းမဲ့နေသဖြင့် နေနှင့်လမှာ ပရမ်းပတာ သွားလာနေသည်မှလွဲ၍ လီဟန်ကောင်းကင်ဘုံ တစ်ခုလုံးမှာ အေးချမ်းနေဆဲ ဖြစ်သည်။
ဤအခြေအနေက အစွမ်းထက်သူများ၏ စိတ်ထဲတွင် အတွေးသစ်များကို ဖြစ်ပေါ်စေခဲ့သည်။ လီဟန်ကောင်းကင်ဘုံသည် ယာယီအားဖြင့် ဘေးကင်းနေပြီဟု သူတို့ ယူဆလိုက်ကြသည်။ သူတို့၏ အသက်အန္တရာယ် မရှိတော့ဟု ထင်လိုက်သည်နှင့် တစ်ပြိုင်နက် အင်အားစုကြီးများ၏ ရည်မှန်းချက်များကို ဆက်လက် မထိန်းချုပ်နိုင်တော့ပေ။
လီဟန်ကောင်းကင်ဘုံသည် နတ်ဘုရားနယ်မြေတွင် အသာဆုံး နယ်မြေတစ်ခုအဖြစ် ကျော်ကြားပြီး ဝိညာဉ်စွမ်းအားနှင့် ကောင်းကင်ဘုံ ဥပဒေသများမှာလည်း အခြားမည်သည့် နေရာနှင့်မျှ မယှဉ်နိုင်အောင် ကောင်းမွန်လှသည်။ ယခုအခါ လီဟန်အရှင်မှာ ကျဆုံးသွားပြီ ဖြစ်နိုင်သဖြင့် လီဟန်ကောင်းကင်ဘုံ တစ်ခုလုံးမှာ အရှင်မဲ့ နယ်မြေ တစ်ခုကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။
ဤကဲ့သို့သော အခွင့်အရေးကြီးမှာ လူတိုင်း၏ ရှေ့မှောက်သို့ ရောက်နေသဖြင့် အင်အားစု အမျိုးမျိုးမှာ မျက်စိကျနေကြတော့သည်။ ထိန်းချုပ်မရသော ရည်မှန်းချက်များအောက်တွင် မဟာမိတ်ဖွဲ့ခြင်း၊ သစ္စာဖောက်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် လုပ်ကြံခြင်း ဇာတ်လမ်းပေါင်းစုံမှာ စင်မြင့်ထက်သို့ တစ်ခုပြီးတစ်ခု တက်လာကြတော့သည်။
ဤမျှ ရှုပ်ထွေးနေသော အခြေအနေကြားတွင် ယန်မိသားစုဝင်များကလည်း အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။ ယန်မိသားစုသည် ဤနယ်မြေမှ အင်အားစုတစ်ခု မဟုတ်သော်လည်း ၎င်းတို့၏ ကြီးမားသော ကြွယ်ဝမှုကြောင့် လီဟန်ကောင်းကင်ဘုံရှိ အစွမ်းထက်သူများကြားတွင် နာမည်ကျော်ကြားသူများ ဖြစ်သည်။
ယခုအခါ ပြိုင်ဘက်များကို အနိုင်ယူရန်အတွက် ပြင်ပအင်အားစုဖြစ်သည့် ယန်မိသားစုမှာ လူတိုင်း၏ အလိုရှိဆုံး အဖွဲ့အစည်း ဖြစ်လာတော့သည်။
ယန်မိသားစုသည် လီဟန်ကောင်းကင်ဘုံသို့ ခြေကုပ်ယူရန် အကြာကြီးကတည်းက ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ မမျှော်လင့်ဘဲ ယန်မေရှူ၏ စကားများကြောင့် သူတို့သည် လီဟန်ကောင်းကင်ဘုံသို့ ရောက်ရှိလာခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် နှစ်ပေါင်းတစ်ထောင်မှာ တစ်ခါသာ ကြုံရမည့် အခွင့်အရေးကြီးကို ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းက ယန်ယန်ကို မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
ယနေ့တွင်တော့ အခြား အဖွဲ့အစည်းတစ်ခုမှ ကိုယ်စားလှယ် ထွက်သွားပြီးနောက် ယန်ယန်က သူ၏ ဝမ်းသာမှုကို မဖုံးကွယ်နိုင်တော့ဘဲ နောက်ထပ် လုပ်ဆောင်ရမည့် အစီအစဉ်များကို ဆွေးနွေးရန် လူတိုင်းကို ခန်းမဆောင်ကြီးအတွင်း၌ စုဝေးစေခဲ့သည်။
စင်မြင့်ထက်တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် အနာဂတ် အစီအစဉ်များကို ရှင်းပြနေသော ယန်ယန်၏ စကားများကို နားထောင်ပြီးနောက် ယန်မေရှူမှာ ဆက်လက် သည်းမခံနိုင်တော့ဘဲ ရှေ့သို့ ထွက်လာကာ သူမ၏ ဖခင်ကို ဦးညွှတ်လိုက်သည်။
"အဖေ"
ယန်ယန်သည် ယန်မေရှူ၏ ကြားဖြတ်မှုကြောင့် အလွန် စိတ်ပျက်သွားကာ ပြတ်သားသော လေသံဖြင့် မေးလိုက်သည်။
"မေရှူ... ဘာကိစ္စရှိလို့လဲ"
ယန်မေရှူသည် ခဏမျှ စဉ်းစားပြီးနောက် လေးနက်စွာ ပြောလိုက်သည်။
"ဖေဖေ... အခုချိန်က အဲ့ဒီအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဖို့ အကောင်းဆုံးအချိန် မဟုတ်ဘူးလို့ သမီး ယုံကြည်ပါတယ်"
ယန်မေရှူ၏ စကားကြောင့် ယန်မိသားစုဝင်များကြားတွင် ဆူညံသွားတော့သည်။ ယန်ယန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ဟမ်... ဘာလို့ အဲလို ပြောတာလဲ"
ယန်မေရှူက အသက်ကို ပြင်းပြင်းရှူလိုက်သည်။
"ရှင်းပါတယ်၊ ဘာလို့လဲဆိုတော့ အရှင်ရွှယ် ပြန်မလာသေးလို့ပါ၊ သူ ပြန်မလာမချင်း အဲ့ဒီအဖွဲ့အစည်းတွေရဲ့ အစီအစဉ်တွေဆိုတာ ရေထဲက လရိပ်ကို ဖမ်းနေသလို၊ မှန်ထဲက ပန်းကို ကြည့်နေသလိုပဲ၊ အချည်းနှီး ဖြစ်နေမှာပါ၊ ဘာလို့လဲဆိုတော့..."
ယန်မေရှူ၏ မျက်နှာထားမှာ တည်ကြည်သွားပြီး လေးနက်သော လေသံဖြင့် ဆက်ပြောသည်။
"သူ ပြန်လာတဲ့ ခဏမှာပဲ... အဲ့ဒီအဖွဲ့အစည်းတွေနဲ့ အစွမ်းထက်သူဆိုတာတွေ အားလုံးဟာ ရယ်စရာ အဖြစ်အပျက်တွေပဲ ဖြစ်သွားကြမှာ မို့လို့ပါ"
ဝုန်း!
ယန်မေရှူး၏ စကားကြောင့် ပရိသတ်မှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆူညံပွက်လောရိုက်သွားတော့သည်။အဘယ်ကြောင့်ဆိုသော် သူမ ပြောလိုက်သည့် စကားမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းသောကြောင့် ဖြစ်သည်။
ယန်ယန်၏ မျက်နှာထားပင် ပြောင်းလဲသွားပြီး သူ၏ ထိုင်ခုံတွင် မကျေမနပ် မှီထိုင်ရင်း အေးစက်စွာ ပြောလိုက်သည်။
"မင်းပြောပုံအရဆိုရင်... အဲဒီ အရှင်ရွှယ်ဆိုတဲ့ လူ ပြန်မလာမချင်း ငါတို့က ဒီမှာပဲ ထိုင်စောင့်နေရမှာလား"
ယန်မေရှူက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ် အဖေ”
***