"အတော်ကို အတင့်ရဲတာပဲ"
ယန်ယန်သည် စားပွဲကို အားပြင်းစွာ ရိုက်လိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။ သို့သော် ယန်မေရှူးမှာ နောက်ဆုတ်သွားခြင်း မရှိဘဲ ခေါင်းကို မော့ကာ လေးနက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။
"အဖေ... သမီး ပြောတဲ့ စကားတွေဟာ စိတ်ရင်းနဲ့ ပြောတာပါ၊ သမီးတို့ ယန်မိသားစုရဲ့ အောင်မြင်မှု၊ ကျရှုံးမှုနဲ့ အသက်ရှင်ခြင်း၊ သေခြင်းဆိုတာ အဖေ အခု ချမှတ်မယ့် ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေတာပါ၊ အခုမြင်နေရတဲ့ အကျိုးအမြတ် သေးသေးလေးတွေကြောင့် မျက်စိမကွယ်သွားပါနဲ့ဦး၊ မဟုတ်ရင် အရင်က ကြိုးစားခဲ့သမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားရုံတင်မကဘဲ အရှင်ရွှယ်ကိုပါ စော်ကားမိသလို ဖြစ်သွားပါလိမ့်မယ်"
ယန်ယန်သည် ဒေါသကြောင့် ခါးသီးစွာ ရယ်မောလိုက်တော့သည်။ တစ်ခန်းလုံးမှာလည်း ဆူညံပွက်လောရိုက်သွားတော့သည်။
"မမလေး ဘာဖြစ်နေတာလဲ၊ ကျွန်တော်တို့ တစ်ခါမှ မမြင်ဖူးသေးပဲ တကယ်ရှိမရှိတောင် မသေချာတဲ့ လူတစ်ယောက်အတွက်နဲ့ မိသားစုအကြီးအကဲကို ဘာလို့ ဒီလောက်အထိ အံတုနေရတာလဲ"
တစ်စုံတစ်ယောက်က အံ့ဩတကြီး ပြောလိုက်သည်။
"ဟုတ်ပ၊ နယ်စပ်မြို့က ပြန်လာကတည်းက မမလေးယန်က ရူးနေသလိုပဲ၊ ပါးစပ်ဖွင့်လိုက်တိုင်း အရှင်ရွှယ်၊ အရှင်ရွှယ်နဲ့ပဲ"
အခြားတစ်ဦးကလည်း လှောင်ပြောင်လိုက်သည်။ ထိုဆူညံနေသော ဝေဖန်သံများကြားတွင် ယန်မေရှူမှာ တုန်လှုပ်ခြင်း မရှိပေ။ သူမသည် တိတ်ဆိတ်စွာ ရပ်နေရင်း ဖခင်ဖြစ်သူကိုသာ စိုက်ကြည့်နေခဲ့သည်။
ယခုအချိန်တွင် ယန်ယန်၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေသည်။ သူ၏အချစ်ဆုံး သမီးဖြစ်သူက လူအများရှေ့တွင် ပြန်လည်အာခံလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့သောကြောင့် ဖြစ်သည်။
သို့သော် သူ စကားမပြောရသေးမီ ယန်မုန့်ထောင်က လူအုပ်ကြားမှ ယဉ်ကျေးစွာ ထွက်လာပြီး ယန်ယန်ကို ဦးညွှတ်လိုက်သည်။
"အဖေ... စိတ်ကို လျှော့ပါဦး"
ထို့နောက် သူမက ယန်မေရှူဘက်သို့ လှည့်ကာ နောက်ပြောင်သည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။
"ကျစ်... ကျစ်... အစ်မကြီးရယ်၊ နင့်ကို ငါ တကယ်ပဲ အထင်ကြီးမိပါတယ်၊ အဖေ့ကို လူအများရှေ့မှာတောင် ပြန်ပြောရဲတယ်ဆိုတော့လေ၊ နင် ဒီလိုလုပ်တာက ဖေဖေ့ကို စိတ်နာအောင် လုပ်နေတာဆိုတာ နင် မသိဘူးလား"
ဤစကားမှာ ရန်ပွဲကို တားဆီးနေသကဲ့သို့ ရှိသော်လည်း အမှန်မှာတော့ မီးလောင်ရာ လေပင့်လိုက်ခြင်းပင် ဖြစ်သည်။ ယန်မုန့်ထောင်သည် ယန်မေရှူ၏ ဂုဏ်သိက္ခာကို လျှော့ချရန် အချိန်အခါကောင်းကို စောင့်နေခဲ့ခြင်း ဖြစ်သည်။ ယန်မေရှူ၏ မျက်နှာမှာ တည်ကြည်နေပြီး ညီမဖြစ်သူကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
"ယန်မိသားစုရဲ့ အောင်မြင်မှု၊ ကျရှုံးမှုနဲ့ အသက်ရှင်ခြင်း၊ သေခြင်းအတွက်ဆိုရင် အဖေ စိတ်အနှောင့်အယှက် ဖြစ်ရရင်တောင် ငါ ပြောရမှာပဲ"
ယန်ယန်၏ မျက်နှာမှာ ဒေါသကြောင့် မှောင်မည်းလာပြီး သူမဘက်မှ မျက်နှာလွှဲလိုက်တော့သည်။ ယန်မုန့်ထောင်က ပို၍ပင် ဘဝင်မြင့်သွားကာ လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
"ယန်မေရှူ... ငါ နင့်ကို မေးခွန်းတစ်ခုပဲ မေးမယ်၊ အဲဒီစီနီယာရွှယ်ဆိုတဲ့ လူက တကယ်ပဲ ပေါ်လာလိမ့်မယ်လို့ နင် ဒီလောက်တောင် ယုံကြည်နေတာလား"
ယန်မေရှူက ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေါ့... ငါ ယုံတယ်၊ အခု နင်တို့အားလုံး မြင်တဲ့အတိုင်း လီဟန်အရှင်က သေသွားပြီလေ၊ ဒါက အရှင်ရွှယ် အောင်မြင်သွားပြီဆိုတာကို သက်သေပြနေတာပဲ၊ အဲဒါကိုရော နင်တို့ သံသယ ရှိနေသေးတာလား"
ယန်မုန့်ထောင်ကမူ နှာခေါင်းရှုံ့လိုက်သည်။
"ကောင်းပြီလေ၊ အဲဒီအရှင်ရွှယ်ကပဲ လီဟန်အရှင်ကို သတ်ခဲ့တယ်လို့ ထားပါဦး၊ ဒါပေမဲ့ နင် မစဉ်းစားမိဘူးလာ၊ ဒီကိစ္စဖြစ်တာ ဆယ်ရက်ကျော်နေပြီလေ၊ ဒီလောက်အချိန်အကြာကြီးအထိ သူ ပေါ်မလာဘူးဆိုတာ... သူပါ လီဟန်အရှင်နဲ့အတူ သေသွားခဲ့လို့များလား"
ဤစကားက လူတိုင်း၏ စိတ်ထဲသို့ ဒိန်းခနဲ ရိုက်ခတ်သွားသည်။
"ဟုတ်တယ်၊ လီဟန်အရှင်က အင်မော်တယ်ဘုရင် အဆင့်တစ်ဝက် အဆင့်ရှိတဲ့ အလွန်အစွမ်းထက်တဲ့ ရန်သူပဲ၊ စီနီယာရွှယ်ကပဲ သတ်ခဲ့တယ်ဆိုရင်တောင် သူလည်း ကြီးမားတဲ့ ပေးဆပ်မှုမျိုး လုပ်ခဲ့ရမှာပဲ၊ ဖြစ်နိုင်တာကတော့ သူတို့နှစ်ယောက်လုံး အတူတူ သေသွားကြတာ ဖြစ်နိုင်တယ်"
တစ်စုံတစ်ယောက်က ထောက်ခံလိုက်သည်။ ယန်မေရှူ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး မျက်ဝန်းအစုံတွင် ထိတ်လန့်ရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
အဘယ်ကြောင့်ဆိုသော် ယန်မုန့်ထောင် ပြောသကဲ့သို့ မဖြစ်နိုင်ဟု မဆိုနိုင်သောကြောင့် ဖြစ်သည်။ သို့သော် သူမသည် ရွှယ်အန်း၏ စွမ်းအားကို ယုံကြည်ရန်သာ ရွေးချယ်ခဲ့သည်။ ယန်မုန့်ထောင်က အောင်နိုင်သူတစ်ဦးပမာ ရယ်မောလိုက်သည်။
"အဖေ... သမီးရဲ့ အမြင်ကတော့ ယန်မေရှူနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ၊ အခုအချိန်က ငါတို့ ယန်မိသားစုအတွက် လီဟန်ကောင်းကင်ဘုံကို ခြေကုပ်ယူဖို့ အကောင်းဆုံး အခွင့်အရေးလို့ ထင်တယ်၊ အဲဒါကို အလဟဿ အဖြစ်မခံသင့်ပါဘူး"
ယန်ယန်သည် ထိုစကားကို ကြားသောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ အဲဒါ ငါတွေးနေတာနဲ့ အတူတယပဲ၊ ဒါဆို နောက်ထပ် ဘာဆက်လုပ်သင့်တယ်လို့ မင်း ထင်လဲ"
သူ၏ စကားမှာ ယန်မုန့်ထောင်၏ အကြံဉာဏ်ကို တောင်းခံနေခြင်းပင် ဖြစ်သည်။ ယန်ယန်၏ သဘောထား ပြောင်းလဲသွားပြီဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။ ယန်မုန့်ထောင်က ပြုံးရွှင်သော မျက်နှာဖြင့် ပြောလာသည်။
"ဖေဖေ... သမီးထင်တာတော့ အခု အရေးကြီးဆုံးက ဒီအင်အားစုတွေထဲက စိတ်ရင်းအမှန်ဆုံး အဖွဲ့ကို ရွေးချယ်ဖို့ပဲ"
"ဒါဆို ဘယ်သူက စိတ်အမှန်ဆုံးလို့ မင်း ထင်လဲ"
ယန်မုန့်ထောင် ခဏမျှ စဉ်းစားပြီးနောက် ပြောလာသည်။
"အခုနက ထွက်သွားတဲ့ ကိုယ်စားလှယ်က တော်တော်လေး စိတ်ရင်းမှန်တယ်လို့ သမီး ထင်ပါတယ်"
ယန်ယန်က အားရပါးရ ရယ်မောလိုက်သည်။
"ကောင်းတယ်၊ မင်းက တကယ်ကို ငါ့သမီးပဲ၊ ဒါဆိုရင် ဆုံးဖြတ်လိုက်ပြီ၊ သူတို့ကို အခုပဲ အကြောင်းပြန်လိုက်ပြီး မဟာမိတ်ဖွဲ့မယ့် ကိစ္စတွေကို ဆွေးနွေးလိုက်တော့မယ်"
ယန်မေရှူက ယခုအချိန်တွင် ရေခဲကဲ့သို့ အေးစက်နေပြီး ပြတ်သားသော လေသံဖြင့် ဟန့်တားလိုက်သည်။
"အဖေ... ဒါကို လုံးဝ မလုပ်သင့်ပါဘူး"
သူမသည် ယန်ယန်၏ လမ်းကို ပိတ်ဆို့ရန် ရှေ့သို့ တိုးလာခဲ့သည်။ ယန်ယန်၏ မျက်နှာမှာ ဒေါသကြောင့် မှောင်မည်းသွားသည်။
"ယန်မေရှူ... နင်က မိသားစု စည်းမျဉ်းတွေကိုတောင် ဂရုမစိုက်တော့ဘူးလား၊ ဖယ်စမ်း... မဟုတ်ရင် နင် နောင်တရလိမ့်မယ်"
ယန်မေရှူးက လုံးဝ နောက်မဆုတ်ဘဲ ထပ်မံ ပြောလိုက်ပြန်သည်။
"ထွက်သွားစမ်း"
ဖြောင်း!
ဒေါသ အထွတ်အထိပ် ရောက်နေသော ယန်ယန်သည် လက်ကို မြှောက်ကာ ပါးရိုက်လိုက်ရာ ယန်မေရှူမှာ လွင့်ထွက်သွားတော့သည်။ ထိုပါးရိုက်သံကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားတော့သည်။ ယန်မေရှူမှာ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျလာကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာ ပေါ်လာသည်။ ယန်ယန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"မင်း အိမ်ပြန်ရောက်ရင် နောက်တောင်က ကျောက်ဆောင်အောက်မှာ သုံးနှစ်ကြာတဲ့အထိ အမှားကို ပြန်သုံးသပ်ရမယ်၊ မိသားစုရဲ့ ကိစ္စတွေကိုလည်း မင်း ထပ်ပြီး စိတ်ပူနေစရာ မလိုတော့ဘူး”
***