ထိုသို့ ပြောဆိုပြီးနောက် ယန်ယန်သည် ဒေါသတကြီးဖြင့် ထွက်ခွာသွားတော့သည်။ ယန်မုန့်ထောင်မှာလည်း ကျေနပ်အားရနေသည့် မျက်နှာထားဖြင့် ယန်မေရှူကို စောင်းကြည့်ကာ တစ်ချက်လှောင်ရယ်ပြီးနောက် ဖခင်ဖြစ်သူနောက်သို့ အပြေးလိုက်သွားလေသည်။ ဆူညံပွက်လောရိုက်မှုများ ပြီးဆုံးသွားချိန်တွင် ကျန်ရစ်ခဲ့သော ယန်မိသားစုဝင်များသည် မြေပြင်ပေါ်ရှိ ယန်မေရှူကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်ကာ တိတ်ဆိတ်စွာပင် ထွက်ခွာသွားကြပြန်သည်။
ခဏချင်းအတွင်းမှာပင် ခန်းမဆောင်ကြီးအတွင်း၌ ယန်မေရှူတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ သူမသည် အပယ်ခံအရုပ်ကလေးတစ်ရုပ်ပမာ မြေပြင်ပေါ်တွင် ထိုင်နေမိပြီး မျက်နှာတွင် ဇဝေဇဝါဖြစ်မှုများ ဖုံးလွှမ်းနေရှာသည်။ သို့သော် မကြာမီမှာပင် သူမ၏ မျက်နှာပေါ်မှ ဇဝေဇဝါဖြစ်မှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မကြုံစဖူးသော ပြတ်သားမှုများ အစားထိုးဝင်ရောက်လာသည်။ သူမ၏ဖခင်သည် ယန်မိသားစုကို အဆုံးအစမဲ့သော ချောက်ကမ်းပါးထဲသို့ ဦးဆောင်ခေါ်သွားနေပြီဖြစ်ကြောင်း သူမ ကောင်းကောင်းသိသည်။
အရှင်ရွှယ် ပြန်ရောက်လာသည့်တစ်နေ့တွင် လီဟန်ကောင်းကင်ဘုံရှိ နတ်ဘုရားအားလုံးမှာ ပျောက်ကွယ်သွားနိုင်သလို ထိုအချိန်တွင် သူမတို့ ယန်မိသားစုမှာလည်း ကိုယ်ပိုင်လောဘကြောင့် အမြစ်ပြတ်သုတ်သင်ခံရနိုင်ချေရှိသည်။ ဤအရာအားလုံးကို တားဆီးရန် သူမ ဆုံးဖြတ်လိုက်ပြီး မည်သည့်ပေးဆပ်မှုမျိုးကိုမဆို လုပ်ဆောင်ရန် အသင့်ရှိနေခဲ့သည်။ ယန်မေရှူသည် မနည်းရုန်းထ၍ ခိုင်မာသော ခြေလှမ်းများဖြင့် ထွက်ခွာသွားတော့သည်။
ဤအဆောက်အအုံမှာ လီဟန်မြို့တော်အတွင်း အလွန်ပင် ခမ်းနားထည်ဝါလှပြီး၊ လက်ရှိတွင် လီဟန်မြို့၌ ထိပ်တန်းအင်အားစုအဖြစ် ရှိနေသော သွေးကျားမျှော်စင် တည်ရှိရာနေရာ ဖြစ်သည်။ ယန်ယန်နှင့် သူ၏လူစု ရောက်ရှိလာချိန်တွင် အလွန်တရာ ခမ်းနားသော ကြိုဆိုမှုကို ရရှိခဲ့ကြသည်။ သွေးကျားမျှော်စင်၏ အရှင်သခင် ကွမ်ကျိဝမ့် ကိုယ်တိုင် အကြီးအကဲများကို ဦးဆောင်ကာ တံခါးဝအထိ လာရောက် ကြိုဆိုခဲ့ခြင်း ဖြစ်သည်။
"ယန်မိသားစု အကြီးအကဲ... ခင်ဗျားတို့ ကျွန်တော်တို့ သွေးကျားမျှော်စင်ကို ကြွလာပေးတာ တကယ်ကို ဂုဏ်ယူစရာပါပဲ"
ကွမ်ကျိဝမ့်ကိုယ်တိုင် ထွက်၍ ကြိုဆိုသည်ကို မြင်ရသောအခါ ယန်ယန်မှာ အလွန်ပင် ဘဝင်ခိုက်သွားမိသည်။ ကွမ်ကျိဝမ့်သည် နာမည်ကျော်ကြားလှသော ဝါရင့်အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း အင်အားနှင့် အဆင့်အတန်းအရဆိုလျှင် မိမိနှင့် များစွာ ကွာခြားလှသည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ရိုသေစွာ ဦးညွှတ်လိုက်သည်။
"မျှော်စင်သခင်ကွမ်... တကယ်ကို အားနာစရာကောင်းလွန်းပါတယ်"
အတွင်းသို့ ဝင်သွားချိန်တွင် ခန်းမဆောင်ကြီးအတွင်း၌ သွေးကျားမျှော်စင်မှ တပည့်ပေါင်း သုံးထောင်ခန့် စုဝေးနေကြပြီး ဧည့်သည်များကို မြင်သည်နှင့် တညီတညွတ်တည်း ဦးညွှတ်ကာ ကြွေးကြော်လိုက်ကြသည်။
"သွေးကျားမျှော်စင်က ယန်မိသားစုကို ကြိုဆိုပါတယ်"
ထိုအသံမှာ အမိုးအကာများကိုပင် တုန်ခါသွားစေပြီး အလွန်ပင် ခန့်ညားလှသည်။ အကယ်၍ မိသားစုနှစ်ခု ပူးပေါင်းလိုက်လျှင် အနာဂတ်မှာ အမှန်တကယ်ပင် အကန့်အသတ်မရှိ တိုးတက်လာပေလိမ့်မည်။ လူအုပ်၏ နောက်ဆုံးမှ လျှောက်လာသော ယန်မေရှူး တစ်ဦးတည်းသာလျှင် အေးစက်သော အကြည့်ဖြင့် တိတ်ဆိတ်နေခဲ့သည်။ ယန်ယန်နှင့် ကွမ်ကျိဝမ့်တို့မှာလည်း အလွန်ပင် ရင်းရင်းနှီးနှီး စကားပြောနေကြသည်။
"ကျွန်တော့်ရဲ့ သွေးကျားမျှော်စင်အပေါ် အကြီးအကဲရဲ့ အမြင်က ဘယ်လိုရှိပါသလဲ"
ကွမ်ကျိဝမ့်က ယန်ယန်ကို ဝိုင်ခွက်ဖြင့် တိုက်ကာ ပြုံး၍ မေးလိုက်သည်။
ယန်ယန်က အံ့ဩတကြီး ပြောလိုက်သည်။
"မျှော်စင်သခင်ကွမ်က သူ့လူတွေကို တကယ်ပဲ ကောင်းကောင်း အုပ်ချုပ်နိုင်တာပဲ၊ နှစ်ပေါင်းများစွာ အခြေခိုင်လာခဲ့တဲ့ အင်အားစုကြီးတစ်ခုရဲ့ ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်ပါတယ်"
ကွမ်ကျိဝမ့်က အားရပါးရ ရယ်မောလိုက်သော်လည်း မကြာခင်မှာပင် သက်ပြင်းတစ်ချက် ချလိုက်သည်။
"အကြီးအကဲကလည်း မြှောက်ပင့်လွန်းလှပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ သွေးကျားမျှော်စင် အရင်က ဘယ်လို အခြေအနေမျိုး ကြုံခဲ့ရလဲဆိုတာ ခင်ဗျား သိလား"
"မျှော်စင်သခင် ဘာကို ဆိုလိုတာလဲ"
ကွမ်ကျိဝမ့်၏ မျက်နှာမှာ တည်ကြည်သွားပြီး မျက်ဝန်းများတွင် နာကျည်းရိပ်များ ဖြတ်ပြေးသွားသည်။
"အရင်တုန်းက လီဟန်အရှင် အာဏာရှိစဉ်က သူဟာ အရမ်းကို လွှမ်းမိုးချုပ်ကိုင်ခဲ့တာ၊ သူ အုပ်ချုပ်နေတုန်းက ကျွန်တော့်ရဲ့ သွေးကျားမျှော်စင်ဟာ သည်းမခံနိုင်လောက်အောင် အရှက်ရတဲ့ ဘဝမျိုးနဲ့ပဲ ရှင်သန်ခဲ့ရတာ"
ထိုသို့ပြောရင်းနှင့် ကွမ်ကျိဝမ့်က ရုတ်တရက် မော့ကြည့်လိုက်သည်။
"အခုလို ရှုပ်ထွေးနေတဲ့ အခြေအနေမှာ သွေးကျားမျှော်စင် တစ်ခုတည်းနဲ့တော့ လီဟန်မြို့ကို ထိန်းချုပ်ဖို့ မလုံလောက်ဘူး၊ အဲဒါကြောင့်ပဲ ခင်ဗျားတို့ကို မဟာမိတ်ဖွဲ့ဖို့ ကျွန်တော် ဖိတ်ခေါ်ရတာပါ၊ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ ပြောစရာလိုမယ် မထင်ပါဘူး"
ယန်ယန်မှာ လွန်စွာ စိတ်လှုပ်ရှားသွားပြီး လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
"မျှော်စင်သခင်... နောက်ထပ် စကားတွေ အများကြီး ပြောနေဖို့ မလိုပါဘူး၊ ကျွန်တော် လူစုကို ဦးဆောင်ပြီး ဒီကို ရောက်လာတာကပဲ ခင်ဗျားနဲ့ မဟာမိတ်ဖွဲ့ဖို့ အသင့်ရှိနေတယ်ဆိုတာကို ပြနေတာပဲ မဟုတ်လား"
"ကောင်းပြီ"
ကွမ်ကျိဝမ့်က ဝိုင်ခွက်ကို မြှောက်လိုက်သည်။
"လာ... ငါတို့နှစ်ယောက် မဟာမိတ်အဖြစ် ဒီဝိုင်တစ်ခွက်ကို အတူတူ သောက်ကြစို့"
ယန်မုန့်ထောင်က ရှေ့သို့ လှမ်းတက်လာကာ ဝိုင်ခွက်များကို ယဉ်ကျေးစွာ ဖြည့်ပေးလိုက်သည်။ ကွမ်ကျိဝမ့်က အနည်းငယ် အံ့ဩသွားသည်။
"ဒီမိန်းမငယ်လေးက..."
"ဪ... ဒါက ကျွန်တော့်ရဲ့ သမီးငယ်လေး မုန့်ထောင်ပါ၊ မုန့်ထောင်... နင့်ရဲ့ ဦးဦးကွမ်ကို နှုတ်ဆက်လိုက်ဦးလေ"
ယန်မုန့်ထောင်က ချိုသာစွာ ပြုံးလျက် ဦးညွှတ်လိုက်သည်။
"ဦးဦးကွမ်ကို ဂါရဝပြုပါတယ်"
"ကောင်းတယ်၊ ဟားဟားဟား"
ကွမ်ကျိဝမ့်က အားရပါးရ ရယ်မောလိုက်သည်။
"အကြီးအကဲရဲ့ သမီးက တကယ်ကို လှပတာပဲ၊ ဒါပေမဲ့ ကျွန်တော် ကြားဖူးတာကတော့... ခင်ဗျား အားအကိုးဆုံး သမီးက မေရှူဆိုတဲ့ တစ်ယောက်လို့ ကြားထားတယ်"
ထိုစကားကြောင့် ယန်ယန်၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။
"မျှော်စင်သခင် သတင်းက တကယ်ကို စုံတာပဲ၊ ဒါပေမဲ့ မကြာသေးခင်က မေရှူ နေမကောင်းဖြစ်နေလို့ မိသားစုရဲ့ အရေးကိစ္စတွေကို သူ ထပ်ပြီး မစီမံခန့်ခွဲတော့ဘူး"
ယန်မိသားစုဝင်အားလုံး ထောင့်တွင် ထိုင်နေသော ယန်မေရှူကို တိတ်တဆိတ် လှမ်းကြည့်လိုက်ကြသည်။ လူတိုင်း၏ အကြည့်အောက်တွင် ယန်မေရှူမှာ တိတ်ဆိတ်စွာပင် ရှိနေပြီး ပတ်ဝန်းကျင်မှ အရာအားလုံးကို သတိမမူမိသကဲ့သို့ ရှိနေလေသည်။
ယန်မုန့်ထောင်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
"ဦးဦးကွမ်... အခု လီဟန်အရှင်လည်း မရှိတော့ပြီဆိုတော့ ဦးဦးတို့ နောက်ထပ် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိလဲဟင်"
ကွမ်ကျိဝမ့်က ချီးကျူးသလို ပြောလိုက်သည်။
"အကြီးအကဲရဲ့ သမီးက အမျိုးသမီးတစ်ယောက် ဖြစ်ပေမဲ့ တကယ်ကို အမြော်အမြင် ရှိတာပဲ၊ အခု လီဟန်အရှင် မရှိတော့တဲ့အတွက် မြို့တော်ဟာ အုပ်ချုပ်သူမဲ့ ဖြစ်နေပြီ၊ အဓိက အကျဆုံးဖြစ်တဲ့ မြို့လယ်ခေါင်က လီဟန်နန်းတော်ကိုပဲ ငါတို့ ရအောင် တိုက်ရလိမ့်မယ်”
***