ဝမ်ယိဖန်သည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသော်လည်း အတွင်းစည်းတပည့်များ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်လာခြင်းသည် ဆွဲဆောင်မှုရှိနေဆဲဖြစ်သည်။ ယူချူးယွင်ကဲ့သို့ ချူးယွင်ဖန်း၏ နောက်လိုက်ဖြစ်ရန် စိတ်ကူးထားသူ အများအပြားရှိနေကြသည်။ ချူးယွင်ဖန်း ပြသခဲ့သည့် အရည်အချင်းများအရ သူသည် နောင်တစ်ချိန်တွင် အစစ်အမှန်တပည့် ဖြစ်လာနိုင်ခြေရှိသည်။ အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့ပါက ၎င်းတို့သည်လည်း ကောင်းကင်ဘုံသို့ ရောက်ရှိသွားသကဲ့သို့ စံမြန်းရမည်ဖြစ်သည်။ ဤသို့ပြောခြင်းသည် မိမိကိုယ်ကို အထင်သေးရာရောက်သော်လည်း ၎င်းတို့အတွက် ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။ အကြောင်းမှာ လူတိုင်းတွင် ကိုယ်ပိုင်လမ်းကြောင်းကို ကိုယ်တိုင်ဦးဆောင်နိုင်မည့် အရည်အချင်း မရှိကြသောကြောင့်ဖြစ်သည်။
သို့သော် ၎င်းတို့အားလုံး ခြေတစ်လှမ်း နောက်ကျသွားသောကြောင့် ယူချူးယွင်၏ လက်အောက်တွင်သာ ခိုလှုံနိုင်ကြသည်။ စိစစ်ရမည့်သူ ရာနှင့်ချီရှိနေသဖြင့် ယူချူးယွင်သည် အလွန်အလုပ်ရှုပ်နေရသည်။ ယူချူးယွင်တွင် ရှိသမျှအရာအားလုံးကို ချူးယွင်ဖန်းက ပေးအပ်ထားခြင်းဖြစ်သဖြင့် သူသည် မည်သည့်ကိစ္စကိုမျှ ပေါ့ပေါ့ဆဆ မလုပ်ဆောင်ဝံ့ပေ။ သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်ဟောင်းတစ်ဦးဖြစ်သဖြင့် အများအားဖြင့် မိမိစွမ်းအင်ကို ထုတ်မပြသော်လည်း အရာရာကို သူ၏ လက်ဖမိုးသကဲ့သို့ သိရှိနားလည်ထားသူဖြစ်သည်။
သူသည် သုံးရက်ကြာ စိစစ်ပြီးနောက် လူဆယ်ဦးကို ရွေးချယ်လိုက်သည်။ ထိုဆယ်ဦးအနက် အားအနည်းဆုံးသူသည် အလယ်အလတ် ဒြပ်မဲ့လေ့လာသူအဆင့်ဖြစ်၍ အသန်မာဆုံးအနက် နှောင်းပိုင်း ဒြပ်မဲ့လေ့လာသူအဆင့်သုံးဦးတို့ ပါဝင်သည်။ ဤတပည့်များသည် အတွင်းစည်းတပည့်များအနက် အကောင်းဆုံးဟု သတ်မှတ်နိုင်သည်။ ၎င်းတို့၏ ကျင့်စဉ်အဆင့်သည် ချူးယွင်ဖန်းထက်ပင် မြင့်မားကြသည်။ သို့သော် တိုက်ခိုက်နိုင်စွမ်းကိုသာ တွက်ချက်မည်ဆိုလျှင် ၎င်းတို့သည် ချူးယွင်ဖန်းနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။
"အဆင်ပြေပါတယ်" ချူးယွင်ဖန်းက အချက်အလက်များကို ကြည့်ပြီးနောက် ဆိုလိုက်သည်။ ဤတပည့်များသည် အကောင်းဆုံးမဟုတ်သော်လည်း အကောင်းဆုံးတပည့်များသည် ချူးယွင်ဖန်းထံ လာရောက်ခိုလှုံရန် စဉ်းစားမည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းအတွက်မူ ဤမျှဖြင့် လုံလောက်သည်။
"ခင်ဗျား အလုပ်ရှုပ်သွားရပြီ။ သူတို့ကို ကြိုဆိုတဲ့လက်ဆောင်အဖြစ် ဒီဆေးလုံးတွေကို ကျုပ် ကိုယ်စား ပေးလိုက်ပါ။ ပြီးရင် ခင်ဗျားလည်း ပိုကြိုးစားရမယ်။ ကျုပ် မကြာခင် စစ်တပ်ထဲမှာ တာဝန်ပေးအပ်ခံရတော့မှာမို့လို့ အဲဒီအချိန်ကျရင် ခင်ဗျားရဲ့အကူအညီက မရှိမဖြစ် လိုအပ်လာလိမ့်မယ်။ ခင်ဗျားရဲ့လက်ရှိကျင့်စဉ်အဆင့်က မလုံလောက်သေးဘူး" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ၊ စီနီယာချူး" ယူချူးယွင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ချူးယွင်ဖန်း၏ စကားများအရ သူသည် ယူချူးယွင်ကို ထူးချွန်တပည့်အဖြစ် လေ့ကျင့်ပေးမည့်ဟန်ရှိသည်။ ယူချူးယွင်၏ အရည်အချင်းဖြင့်ဆိုလျှင် ဘဝတစ်သက်လုံး ထူးချွန်တပည့်ဖြစ်လာနိုင်မည် မဟုတ်ချေ။ အဆင့်တစ်ခုသာ ခြားနားသည်ဟု ထင်ရသော်လည်း ၎င်းသည် လူအများအတွက် ကျော်ဖြတ်ရန် အလွန်ခက်ခဲသည်။ သူသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်ခြင်းမဟုတ်ပေ။ သို့သော် သတ်မှတ်ထားသော အသက်အရွယ်ကျော်လွန်သွားပါက တပည့်စာရင်းမှ ပယ်ဖျက်ခံရကာ ဂိုဏ်း၏ မန်နေဂျာတစ်ဦးသာ ဖြစ်သွားပေလိမ့်မည်။ ထိုလူများသည် အသက်အရွယ်ကြီးရင့်၍ အလားအလာ သိပ်မရှိကြသဖြင့် ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် ၎င်းတို့၏အရင်းအမြစ်များကို အလဟဿ မဖြုန်းတီးလိုကြပေ။
ကနဦးတွင် ထိုအခြေအနေသည် သူ့အတွက် နောက်ဆုံးလမ်းကြောင်းဖြစ်လာနိုင်သော်လည်း ချူးယွင်ဖန်း၏ အကူအညီကြောင့် အရာအားလုံး ပြောင်းလဲသွားတော့မည်ဖြစ်သည်။ သူသည် အသက်အရွယ်ကန့်သတ်ချက် မပြည့်မီ အဆင့်ဖြတ်ကျော်နိုင်ကာ ထိတ်တန်းတပည့်တစ်ဦးဖြစ်လာနိင်သည်။ ထိုအခါ သူ၏ အဆင့်အတန်းသည် လုံးလုံးလျားလျား ပြောင်းလဲသွားပေလိမ့်မည်။
သို့သော် ယူချူးယွင်သည် ချူးယွင်ဖန်းကို အကဲမခတ်နိုင်ကြောင်း သတိပြုမိလိုက်သည်။ ယခင်က ချူးယွင်ဖန်း၏ စွမ်းရည်ကို အနည်းငယ် ခန့်မှန်းမိသယောင်ရှိခဲ့သော်လည်း ယခုအခါ ချူးယွင်ဖန်း၏ အကြည့်များသည် စကြဝဠာကဲ့သို့ နက်ရှိုင်းနေသည်။ ယူချူးယွင်သည် သူ၏ ခံစားချက်များ မမှားယွင်းကြောင်း သိနေသည်။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ချူးယွင်ဖန်း၏ ကျင့်စဉ်များ ထပ်မံတိုးတက်သွားခြင်းသာဖြစ်နိုင်သည်။ သို့သော် သူသည် မည်သည်ကိုမျှ မသံသယဖြစ်မိဘဲ ချူးယွင်ဖန်းအတွက် ဝမ်းသာနေမိသည်။ ယခုအခါ ချူးယွင်ဖန်းသည် သူ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင် သူ့နှင့် လှေတူစီးနေသူလည်းဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းက အင်အားကြီးမားလေ၊ ယူချူးယွင်အတွက် ပို၍ အကျိုးရှိလေဖြစ်သည်။ တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်း၏ တိုးတက်မှုနှုန်းကြောင့် သူ အံ့အားသင့်နေမိသည်။ ချူးယွင်ဖန်း၏ ကျင့်စဉ်များသည် ရက်အနည်းငယ်အတွင်း ဤမျှတိုးတက်သွားခဲ့သည်။
ချူးယွင်ဖန်းသည် ယူချူးယွင်ကို ယခင်ကပေးခဲ့သည့် ဆေးလုံးဆယ်လုံး ထပ်မံပေးအပ်ကာ သူ့ကို အားကိုးလိုသည့် အတွင်းစည်းတပည့်များထံ ပေးခိုင်းလိုက်သည်။ ချူးယွင်ဖန်းသည် သူ၏နောက်လိုက်များနှင့်ပတ်သက်၍ ဘယ်သောအခါမျှ ကပ်စေးမနည်းခဲ့ပေ။ ထို့အပြင် နောင်တစ်ချိန်တွင် စစ်တပ်ကို ထိန်းချုပ်နိုင်ရန် ဤလူများ လိုအပ်သည်။ မြင်းများကို ပြေးစေချင်လျှင် မြင်းစာကျွေးရမည်ဖြစ်သည်။
ယူချူးယွင် ထွက်ခွာသွားပြီးနောက် ချူးယွင်ဖန်းသည် စစ်တပ်သို့ ဝင်ရောက်လိုသည့် ဆန္ဒကို ဂိုဏ်းထံ တင်ပြလိုက်သည်။ ပြီးနောက် တော်ဝင်တရားရုံးမှ တာဝန်ပေးအပ်မှုကို စောင့်ဆိုင်းလျက် တောင်မြစ်ပန်းချီကားထဲသို့ ဝင်ရောက်ကာ လက်ရှိကျင့်စဉ်ကို ပြန်လည်စုစည်းနေသည်။ ကြီးမြတ်သော တရှ၏ တော်ဝင်မြို့တော်တွင် ဟွန်ထျန်မြို့ဝန်၏ အိမ်တော်ဧည့်ခန်း၌ ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် အဓိကထိုင်ခုံတွင် ထိုင်နေသည်။ သူ၏ မျက်နှာသည် ရေကဲ့သို့ အေးစက်နေသော်လည်း သာမန်လူများ မမီနိုင်သည့် ဂုဏ်ကျက်သရေများ ပိုင်ဆိုင်ထားသည်။
သူ့အရှေ့တွင် တော်ဝင် ရုံးတော်အဝတ်အစားများ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရှိနေသည်။ ထိုအမျိုးသားသည် လီချန်းယွမ် ခေါ် ဟွန်ထျန်မြို့ဝန်ကို လေးစားစွာ ကြည့်နေသည်။ အကြောင်းမှာ လီချန်းယွမ်သည် ခရမ်းရောင်မိုးကြိုးဓားပြည်နယ်ကို ပြန်လည်သိမ်းပိုက်ရန် တပ်မတော်ကို ဦးဆောင်ခဲ့သူဖြစ်သောကြောင့်ဖြစ်သည်။
လီချန်းယွမ်သည် လက်ရှိတွင် ကြီးမြတ်သော တရှရှိ တော်ဝင်တရားရုံး၏ အာရုံစိုက်အခံရဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ဘုရင်မင်းမြတ်၏ အထူးယုံကြည်မှု ရရှိထားသူဖြစ်၍ ခရမ်းရောင်မိုးကြိုးပြည်နယ်ကို သိမ်းပိုက်ရန် တပ်ဖွဲ့တစ်ခု ဦးဆောင်ခွင့်ရရှိခဲ့သည်။ ဤသည်မှာ အောင်မြင်မှုမှတ်တမ်းနှင့် ဂုဏ်ပုဒ်များ ရယူစေလိုခြင်းကြောင့်ဖြစ်သည်။ လူအများက ဤအခွင့်အရေးကို လုယူလိုကြသော်လည်း နောက်ဆုံးတွင် လီချန်းယွမ်ထံသို့သာ ကျရောက်သွားသည်။ သူသည် မည်မျှအထိ မျက်နှာသာပေးခံရသည်ကို လူတိုင်း ခန့်မှန်းနိုင်ကြသည်။
အထူးသဖြင့် လီချန်းယွမ်သည် ဤမျှငယ်ရွယ်သည့် အရွယ်တွင် ကြောက်မက်ဖွယ်ကျင့်စဉ်ကို ပိုင်ဆိုင်ထားသည်။ သူသည် နောင်တစ်ချိန်တွင် မြို့စားအဆင့်သို့ပင် ရောက်ရှိနိုင်ခြေရှိသည်။ ယခုအခါ တော်ဝင်တရားရုံးရှိ အရာရှိအများစုသည် သူ၏ လက်အောက်သို့ ခိုလုံလိုကြသော်လည်း လမ်းကြောင်းရှာမတွေ့ကြပေ။
"မြို့ဝန် အထူးအာရုံစိုက်ခိုင်းထားတဲ့ ချူးယွင်ဖန်းနဲ့ပတ်သက်တဲ့ သတင်းရထားပါတယ်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းကနေ သူ အခု စစ်တပ်ထဲဝင်လိုကြောင်း တင်ပြလာပါတယ်။ ထုံးစံအတိုင်းဆိုရင် ဂိုဏ်းကြီးဆယ်ခုရဲ့ ထူးချွန်တပည့်တွေဟာ တပ်ရင်းမှူးအဖြစ် ထမ်းဆောင်ခွင့်ရပြီး လူငါးရာကို ဦးဆောင်ခွင့်ရှိပါတယ်" အရာရှိက တင်ပြလာသည်။
ယေဘုယျအားဖြင့် ထိုသို့သော ခန့်အပ်မှုများသည် စစ်ဝန်ကြီးဌာန၏ အာဏာအောက်တွင် တည်ရှိသောကြောင့် နာမည်ကြီး မြို့ဝန်များပင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပေ။ သို့သော် ဤကိစ္စသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ သာမန်ထူးချွန်တပည့်တစ်ဦးသာဖြစ်သဖြင့် ပြဿနာ မဟုတ်ပေ။ ထိုကဲ့သို့သော ထူးချွန်တပည့်များသည် နှစ်စဉ်နှစ်တိုင်း အများအပြား ထွက်ပေါ်လေ့ရှိသည်။ ၎င်းတို့ကို မည်သူမျှ မသိစေဘဲ စီမံခန့်ခွဲနိုင်သည်။
ချူးယွင်ဖန်း၏ အမည်ကို ကြားလိုက်ရသည်နှင့် လီချန်းယွမ်၏ မျက်နှာကြွက်သားများ အနည်းငယ် တုန်ယင်သွားသည်။ ချူးယွင်ဖန်းသည် သူ့ကို အကောက်ကြံစည်ပြီးနောက် နောက်ဆုံးတွင် ထွက်ပြေးလွတ်မြောက်သွားသည့် အဖြစ်အပျက်များကို ပြန်တွေးမိသွားသည်။ ဤသည်မှာ သူ့ဘဝတွင် တစ်ခါမှ မကြုံဖူးသည့် ကြီးမားသော အရှက်တကွဲအကျိုးနည်းဖြစ်မှုဖြစ်သည်။
သူသည် မွေးကတည်းက သိုင်းပညာဆိုင်ရာ ပါရမီရှင်တစ်ဦးဖြစ်ခဲ့သည်။ ငယ်စဉ်ကပင် ထူးခြားသည့် အခွင့်အရေးရရှိကာ ရှေးဟောင်းအမွေအနှစ်ကို ပိုင်ဆိုင်ပြီးနောက် ငယ်ရွယ်စဉ် စစ်တပ်ထဲသို့ ဝင်ရောက်ကာ ဆယ်နှစ်မပြည့်မီ ကြီးမြတ်သော တရှ၏ ဟွန်ထျန်မြို့ဝန်ဖြစ်လာခဲ့သည်။ သူ၏ ဘဝသည် အလွန်ချောမွေ့ခဲ့သော်လည်း ဤတစ်ကြိမ်တွင် ချူးယွင်ဖန်းလက်ချက်ကြောင့် ရှုံးနိမ့်ခဲ့ရသည်။ သူ့ကို အရှက်ရစေသည့်အပြင် တော်ဝင်မြို့တော်သို့ ပြန်လာကာ ခြောက်လကြာ ဆေးကုသရသည်အထိ ပြုလုပ်ခဲ့သည့် ချူးယွင်ဖန်းကို သူ မည်သို့မျှ မမုန်းဘဲ နေနည်း။
"သူ တော်တော် သတ္တိရှိနေတာပဲ။ သူ ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် နေရာမျိုးကို ကျုပ် စီစဉ်ပေးလိုက်မယ်"
***