ဤသည်မှာ တိုက်ပွဲ အရိပ်အမြွက် အနည်းငယ် ကျန်ရှိနေသည့် နယ်စပ်မြို့ငယ်တစ်ခုဖြစ်သည်။ မည်သည့်ခေတ်အခါကမှန်း မသိရသော သွေးကွက်ဟောင်းအချို့ပင် ရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် ယခုအချိန်အထိ လုံးလုံးလျားလျား မခြောက်သွေ့သွားသည့်အပြင် ထိုသွေးများအတွင်းရှိ စွမ်းအင်များလည်း ကုန်ဆုံးသွားခြင်း မရှိပေ။ ၎င်းတို့သည် ကျွမ်းကျင်သူအများအပြား၏ သွေးများဖြစ်ကြောင်း သိသာထင်ရှားသည်။ ထိုနေ့တွင် မြင်းစီးလာသည့် အဖွဲ့တစ်ဖွဲ့သည် ဤနယ်စပ်မြို့ငယ်လေးသို့ ရောက်ရှိလာသည်။ ခေါင်းဆောင်ဖြစ်သူသည် လရောင်ကဲ့သို့ ဖြူစင်သော ဝတ်စုံကို ဝတ်ဆင်ထား၍ အလွန် သန့်ရှင်းသပ်ရပ်လှသည်။ ၎င်းတို့သည် ချူးယွင်ဖန်းနှင့် သူ၏အဖွဲ့ဝင်များဖြစ်ကြသည်။
‘ဒါဆို ဒါက ပေါင်ထိုက်မြို့ပေါ့။ ပေါင်ထိုက်မြို့က လူဦးရေ ၂ သိန်းလောက်ရှိပြီး လက်အောက်ခံ ကျေးရွာ၊ မြို့ငယ်လေးတွေကိုပါ ထည့်တွက်ရင် ၃ သိန်းလောက်ရှိတယ်’ ချူးယွင်ဖန်းက ပေါင်ထိုက်မြို့နှင့် ပတ်သက်သည့် အချက်အလက်အချို့ကို ပြန်တွေးလိုက်သည်။
နယ်စပ်မြို့များစွာတို့တွင် ပေါင်ထိုက်မြို့သည် အကြီးမားဆုံးမဟုတ်သော်လည်း အထူးခြားဆုံးဖြစ်သည်။ ၎င်း၏ ပထဝီဝင်အနေအထားအရ အစောပိုင်းနှစ်များတွင် မွန်းစတားများနှင့် ရှေ့တန်းက ရင်ဆိုင်ခဲ့ရသည်။ ၎င်း၏မြောက်ဘက်သည် ဟူမျိုးနွယ်စု၏ နယ်မြေဖြစ်၍ တောင်ဘက်တွင်မူ လူရိုင်းများရှိကြသည်။ ၎င်းမြို့ကို အင်အားစု လေးခု၏ လမ်းဆုံဟု ဆိုနိုင်ပေသည်။ ယခုအခါ ၎င်းတို့သည် ရှေ့တန်းတွင် မရှိတော့သော်လည်း အင်အားစုအမျိုးမျိုးတို့ကြောင့် ရှုပ်ထွေးနေဆဲဖြစ်သည်။
မြို့ရိုးကို ကြည့်လိုက်သည်နှင့် နှစ်ပေါင်းများစွာကြာ ပြုပြင်မွမ်းမံခြင်း မရှိခဲ့ကြောင်း သိသာလှသည်။ မြို့ရိုးပေါ်ရှိ မှော်အတတ်များနှင့် ဖွဲ့စည်းပုံများ၌ ပျက်စီးမှုများစွာ ရှိနေသည်။ ဤနှစ်များတစ်လျှောက် အထက်လူကြီးများ ပြုပြင်ရန် ရန်ပုံငွေ မချပေးခြင်းသော်လည်းကောင်း ချအပ်ထားသော ရန်ပုံငွေများကို မြို့၏ အရာရှိများ သိမ်းပိုက်လိုက်ခြင်းသော်လည်းကောင်း မည်သူမျှ မသိနိုင်ပေ။ အကြောင်းမှာ ယခင်က တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှူးကြီးများအားလုံး မရေရာသောအကြောင်းရင်းများဖြင့် သေဆုံးခဲ့ကြသောကြောင့်ဖြစ်သည်။ အကြောင်းကိစ္စရပ်များစွာသည် ဝေဝါးနေဆဲဖြစ်သည်။
‘ဘာပဲဖြစ်ဖြစ်၊ ဒါက ကြီးမြတ်တဲ့ တရှမှာ ငါ့အင်အားကို စတင်တည်ဆောက်ရမယ့် နေရာပဲ။ ပေါင်ထိုက်မြို့က ငါ့ပိုင်နက် ဖြစ်လာလိမ့်မယ်’ ချူးယွင်ဖန်းသည် ရှေ့ရှိ ကြီးမားလှသော မြို့ကို ငေးကြည့်လျက် သူ၏ရင်ထဲတွင် ဂုဏ်ယူဝံ့ကြွားမှုများ တိုးပွားလာသည်။
လီချန်းယွမ်ကြောင့် ပေါင်ထိုက်မြို့သို့ ပြောင်းရွှေ့ခဲ့ရသော်လည်း ချူးယွင်ဖန်းသည် အနည်းငယ်မျှ ကြောက်ရွံ့လိမ့်မည် မဟုတ်ဘူးဟု လီချန်းယွမ် ထင်မှတ်ထားမည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ချူးယွင်ဖန်းသည် ဤအခွင့်အရေးကို အသုံးချကာ ကြီးမားသောအရာတစ်ခုကို လုပ်ဆောင်လိုနေသည်။
"ဘယ်သူလဲ" ချူးယွင်ဖန်းနှင့် အဖွဲ့သားများကို မြို့တံခါးစောင့် စစ်သည်များက တားဆီးလိုက်သည်။
"အတင့်ရဲလို့။ မင်းတို့ မျက်စိကန်းနေကြတာလား။ ဒါက ဗိုလ်မှူးကြီးအသစ်ပဲ။ မင်းတို့ရဲ့ တပ်မှူး ဘယ်မှာလဲ။ ခေါင်းဆောင်အသစ်ကို လာကြိုဆိုဖို့ သွားခေါ်လာခဲ့"
ချူးယွင်ဖန်း စကားမပြောမီ ယုချူးယွမ်က အရှေ့တိုး၍ မြို့စောင့်စစ်သားကို အော်ငေါက်လိုက်သည်။ စစ်သည်များ ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။ ဗိုလ်မှူးကြီးဟူသည် ၎င်းတို့၏ တိုက်ရိုက်အထက်အရာရှိဖြစ်၍ တစ်မြို့လုံး၏ ပိုင်ရှင်အစစ်အမှန်ဖြစ်သည်။ အထူးသဖြင့် ဤကဲ့သို့သော နယ်စပ်မြို့တွင် ဗိုလ်မှူးကြီးဟူသည် များသောအားဖြင့် မြို့၏ အင်အားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည်။ မကြာမီတွင် ခပ်ဝဝ သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အလျင်အမြန် ပြေးလာသည်။ အမျိုးသားသည် ချူးယွင်ဖန်းကို မြင်သောအခါ အရိုအသေပေး၍ ပြောလိုက်သည်။
"ဗိုလ်မှူးကြီးကို ကြိုဆိုပါတယ်။ ကျွန်တော့်နာမည်က ချန်ထိုက်ပါ"
ချူးယွင်ဖန်းသည် ခပ်ဝဝ အမျိုးသားကို တစ်ချက်ကြည့်ပြီးနောက် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ဤနေရာရှိ အခြေအနေများသည် အလွန်ယောက်ယက်ခတ်နေသည်။ ပေါင်ထိုက်မြို့သည် ရှေ့တန်းတွင် မရှိသည့်အပြင် ထိုနေရာတွင် တပ်စွဲထားသည့် တပ်ဖွဲ့များသည် ဒုတိယတန်းစား တပ်ဖွဲ့များသာဖြစ်သော်လည်း ၎င်းတို့သည် စစ်သည်များနှင့် လုံးလုံးလျားလျား မတူညီပေ။
ချူးယွင်ဖန်းသည် ကြီးမြတ်သောတရှတွင် စစ်တပ်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းဖြစ်သော်လည်း သူသည် တစ်ချိန်က ပြည်ထောင်စု၏ လူသားတပ်မတော်တွင် အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ခဲ့ဖူးသည်။ သူသည် အခြေအနေအမျိုးမျိုးကို မြင်တွေ့ခဲ့ရသောကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤတပ်ဖွဲ့တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိရှိသွားသည်။
သို့သော် ချူးယွင်ဖန်းသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်၍ ပြောလိုက်သည်။
"ပေါင်ထိုက်မြို့ရဲ့ တပ်စခန်းက ဘယ်မှာလဲ။ ကျုပ်ကို လမ်းပြပေး"
"ဟုတ်ကဲ့၊ အမိန့်အတိုင်းပါ" ချန်ထိုက်က ပြန်ဖြေလာသည်။
ချန်ထိုက်သည် ရိုသေနေသော်လည်း ချူးယွင်ဖန်းအပေါ် မျှော်လင့်ချက်အနည်းငယ်သာ ထားရှိသည်။ ဗိုလ်မှူးကြီးသည် ၎င်းတို့၏ အထက်အရာရှိဖြစ်သော်လည်း ယခင် ဗိုလ်မှူးကြီးများသည် အကြောင်းမဲ့ သေဆုံးခဲ့ရသည်။ ဤတစ်ကြိမ်တွင်လည်း ထိုအတိုင်းပင် ဖြစ်ပေလိမ့်မည်။ ၎င်းတို့သည် အမြဲတစေ စိတ်ကြိုက်သာ လုပ်ဆောင်လေ့ရှိသည်။ သူသည် ကောင်းစွာ ဖုံးကွယ်ထားသည်ဟု ထင်မှတ်နေသော်လည်း ချူးယွင်ဖန်း၏ အမြင်မှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။ ချူးယွင်ဖန်းသည် ယခုအချိန်တွင် စကားအပိုပြောရန် စိတ်မပါသေးသောကြောင့်သာ မည်သည့်စကားမျှ ပြန်မပြောခဲ့ပေ။
ချန်ထိုက်၏ လမ်းပြမှုဖြင့် ချူးယွင်ဖန်းတို့အဖွဲ့သည် မြို့၏အရှေ့ဘက်ရှိ ကြီးမားသော စစ်စခန်းတစ်ခုသို့ ရောက်ရှိလာသည်။ စခန်းသည် ပြုပြင်မွမ်းမံခြင်း မရှိသည်မှာ ကြာမြင့်ပြီဖြစ်သဖြင့် အတော်လေး ဟောင်းနွမ်းနေသည်။ ချူးယွင်ဖန်းတို့အဖွဲ့ စခန်းထဲသို့ ဝင်ရောက်လာစဉ် တားဆီးမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ စခန်းတွင် လူထောင်ပေါင်းများစွာ လက်ခံနိုင်သော်လည်း ယခုအချိန်တွင် အနည်းငယ် လစ်ဟင်းနေသည်။
လမ်းတစ်လျှောက်တွင် ချူးယွင်ဖန်းသည် ခါးကိုင်း၍ လေ့ကျင့်မှု ကင်းမဲ့နေဟန်ရှိသော စစ်သည်အချို့ကို တွေ့လိုက်ရသည်။ ချူးယွင်ဖန်းသာမကဘဲ ယုချူးယွမ်နှင့် အခြားသူများပင် မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤနေရာသည် ထိုမျှပျက်စီးယိုယွင်းနေလိမ့်မည်ဟု ၎င်းတို့ မထင်မှတ်ထားခဲ့ပေ။ ဒုတိယတန်းစား တပ်ဖွဲ့များဆိုလျှင် ဤမျှဆိုးရွားသော အခြေအနေမျိုး ရှိမနေသင့်ပေ။ ရုတ်တရက်ဆိုသလိုပင် ဆူညံသံများ ကြားလိုက်ရပြီးနောက် ၎င်းတို့ဘက်သို့ စစ်သည်အချို့ ယိမ်းယိုင်စွာ လျှောက်လာကြသည်။ ထိုလူများသည် အရက်သောက်ရာမှ ပြန်လာဟန်ဖြင့် လက်ထဲတွင် ဘီယာပုလင်းများ ကိုင်ဆောင်ထားကြောင်း ချူးယွင်ဖန်း သတိပြုမိသွားသည်။
"ဟားဟားဟား၊ အဲဒီပတ္တမြားနီဆောင်ကြာမြိုင်က မိန်းကလေးက အကောင်းဆုံးပဲကွာ" အုပ်စုခေါင်းဆောင်ဟု ထင်ရသည့် စစ်သည်တစ်ဦးက ရယ်မောကာ ဆိုလိုက်သည်။
"နောက်တစ်ခါ မင်းတို့ကိုပါ ခေါ်သွားပေးမယ်"
"တော်တော်ဆိုးရွားတဲ့ လေထုအခြေအနေပဲ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
ချူးယွင်ဖန်း ထုတ်လွှတ်လိုက်သော ပြင်းထန်သည့် အရှိန်အဝါကြောင့် ချန်ထိုက် အလွန်တုန်လှုပ်သွား၍ ခေါင်းကို အမြန်ငုံ့ချလိုက်သည်။ ချန်ထိုက်သည် ချူးယွင်ဖန်း၏ ရှေးရေးအတွက် အကောင်းမမြင်သော်လည်း ချူးယွင်ဖန်းကဲ့သို့သော လူမျိုးသည် နောက်ခံအင်အားကြီးမားမှု မရှိဘဲ ဗိုလ်မှူးကြီးအဖြစ် ပြောင်းရွှေ့လာနိုင်မည် မဟုတ်ပေ။ ချူးယွင်ဖန်းသည် မိမိကဲ့သို့သော လူမျိုး စော်ကားမှုပြုနိုင်သော ပုဂ္ဂိုလ်မဟုတ်ပေ။
"ငါ့ကောင်တို့၊ ဒီအရက်သမားတွေကို အမူးပြေသွားအောင် ကြိုးနဲ့ချည်ပြီး ချိတ်ဆွဲထားလိုက်" ချူးယွင်ဖန်းက အမိန့်ပေးလိုက်သည်။
ယုချူးယွမ်နှင့် အဖွဲ့သားများသည် အနည်းငယ်မျှ သည်းမခံနိုင်တော့ဘဲ ပျံသန်းသွားကြသည်။
"မင်းတို့ ဘာလုပ်တာလဲ။ ကျုပ် ဘယ်သူလဲဆိုတာ သိလား"
ယစ်မူးနေသော စစ်သည်များက အော်ဟစ်လိုက်ကြသည်။ သို့သော် ၎င်းတို့သည် ရွှေအမတေပြီးပြည့်စုံအဆင့်သို့ပင် မရောက်သေးသူများဖြစ်ကြသည်။ ယုချူးယွမ်နှင့် အဖွဲ့သားများကဲ့သို့ ကျားသစ်၊ ဝံပုလွေများအလား သန်မာသူများကို ၎င်းတို့အားလုံး မည်သို့မျှ တားဆီးနိုင်မည်နည်း။ ယုချူးယွမ်နှင့် အဖွဲ့သားများသည် ကနဦးတွင် သူပုန်များ၏ ဖိနှိပ်မှုကြောင့် အလွန်ဒေါသထွက်ခဲ့ရသည်။ ၎င်းတို့သည် ထိုသူပုန်များကို မတိုက်ခိုက်နိုင်သော်လည်း ဤလူရမ်းကားများကိုမူ ကိုင်တွယ်နိုင်သေးသည်။ ၎င်းတို့သည် ခဏအတွင်း ထိုလူရမ်းကားများကို ကြိုးတုပ်ကာ တံခွန်တိုင်တွင် နှံကောင်များအလား ချိတ်ဆွဲလိုက်ကြသည်။
"ဗိုလ်မှူးကြီး၊ ဒီလိုလုပ်လို့ မရဘူးလေ။ အဲဒီလူက ဒု-ဗိုလ်မှူးကြီး တင်းချန်ရဲ့ ယောက်ဖပါ" ချန်ထိုက်၏ မျက်နှာအမူအရာ ဖြူဖျော့သွားသည်။ သူသည် ချူးယွင်ဖန်းထက်ပင် ထိုဒု-ဗိုလ်မှူးကြီးကို ပို၍ ကြောက်ရွံ့နေပုံပေါ်သည်။ တင်းချန်သည် ဩဇာအာဏာကြီးမားကြောင်း သိသာထင်ရှားသည်။
"ကျုပ်က ဒီစခန်းရဲ့ ဗိုလ်မှူးကြီးပဲ။ သာမန် ဒု-ဗိုလ်မှူးကြီးတစ်ယောက်က ဒီနေရာမှာ ကောင်းကင်ကို ပြောင်းပြန်လှန်လို့ မရဘူး" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ကောင်းသားပဲ။ သူ ကျုပ်ကို လာမကြိုဆိုရသေးဘူး မဟုတ်လား၊ ခဏနေရင်တော့ သူ ပေါ်လာလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်" ချူးယွင်ဖန်း ဤနေရာသို့ ရောက်ရှိနေသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း စခန်းရှိ အရာရှိတစ်ဦးမျှ လာရောက်အရိုအသေ မပေးကြသေးပေ။
"စစ်စည် တီးပြီး အားလုံးကို စုရုံးခိုင်းလိုက်။ တပ်မှူးအဆင့်အထက်ရှိတဲ့ လူတွေအားလုံး ကျုပ် ရုံးခန်းကို လာခိုင်းလိုက်။ အမွှေးတိုင် တစ်တိုင်စာ အချိန်အတွင်း မရောက်လာတဲ့လူတွေကို ရာထူးကနေ ထုတ်ပယ်မယ်"
ချူးယွင်ဖန်းသည် အမိန့်ပေးပြီးနောက် သူ၏ရုံးခန်းထဲသို့ ဝင်သွားလေသည်။ ဤစစ်စခန်းသည် အဆိုးရွားဆုံးနေရာတစ်ခုဖြစ်လာသည်မှာ ကြမြင့်ပြီဖြစ်သည်။ ရက်စက်ကြမ်းကြုတ်မှု မပြသဘဲ ၎င်းတို့ကို ကိုင်တွယ်ရန် မဖြစ်နိုင်ပေ။
ဘုံး ဘုံး ဘုံး
အရေးပေါ် စစ်စည်တီးသံများ စခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသောကြောင့် လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ မည်သူက စစ်စည်တီးကာ လူစုခိုင်းဝံ့သနည်းဟု တွေးတောလျက် ဗိုလ်မှူးကြီး ရုံးခန်းရှိရာသို့ လူတိုင်း အံ့ဩတကြီး ကြည့်နေကြသည်။
***