အကယ်၍သာ ဤသည်မှာ ပြည်ထောင်စုဖြစ်ခဲ့လျှင် ထိုသို့သောအခြေအနေမျိုး လုံးလုံးလျားလျား ဖြစ်ပေါ်လိမ့်မည် မဟုတ်ပေ။ ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစား တပ်ဖွဲ့များပင် ထိုကဲ့သို့သော အခြေအနေမျိုးတွင် တည်ရှိနေမည်မဟုတ်ပေ။ ချူးယွင်ဖန်း၏ အမြင်တွင် ကြီးမြတ်သောတရှ၏ စနစ်တွင် ကနဦးကတည်းက ပြဿနာရှိနေခြင်းဖြစ်သည်။ ထိုစဉ်အချိန်က ဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် ကြီးမြတ်သောတရှကို တည်ထောင်ရာတွင် ဘုရင်မင်းမြတ်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် ကြီးမြတ်သောတရှ၏ ကဏ္ဍတိုင်းကို စတင်၍ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
နေရာအများအပြားရှိ ဂိုဏ်းကြီး (၁၀) ဂိုဏ်း၏ အာဏာသည် ကြီးမြတ်သောတရှ၏ အာဏာထက်ပင် ပို၍ကြီးမားနေသည်။ အင်ပါယာသည် ပတ်ဝန်းကျင်တွင် အကြီးမားဆုံးသော အင်အားစုအဖြစ် ဆက်လက်တည်ရှိနေသော်လည်း ကမ္ဘာပေါ်တွင် ၎င်းတို့ မထိန်းချုပ်နိုင်သည့် နေရာများစွာ ရှိနေသည်။ လက်ရှိအချိန်တွင် ကြီးမြတ်သောတရှသည် တည်ငြိမ်နေပုံရသည်။ အဘယ်ကြောင့်ဆိုသော် ကြယ်ကြွေကောင်းကင်ဂိုဏ်း အပါအဝင် အဓိကအင်အားစုများသည် လူသားများ၏ အင်အားကို စုစည်းရန် လိုအပ်နေသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် မွန်းစတားများ၊ နတ်ဆိုးများနှင့် ဟူမျိုးနွယ်များကို အခွင့်ကောင်းယူခွင့်ပေးရန် မဖြစ်ပေ။
ထို့ကြောင့် ပေါင်ထိုက်မြို့ကဲ့သို့သော အင်အားစု (၃) ခုစလုံး၏ အုပ်ချုပ်မှုအောက်တွင် မရှိသလောက်ဖြစ်နေသည့် နယ်မြေမျိုး၌ ကြီးမြတ်သောတရှသည် ၎င်း၏ ဂုဏ်သိက္ခာများ ဆုံးရှုံးသွားခဲ့သည်။ မဟုတ်ပါက ၎င်းတို့သည် တပ်စခန်းမှ အရာရှိများစွာကို ထိုမျှတစ်ပြိုင်နက်တည်း ဆုံးရှုံးသွားမည် မဟုတ်ပေ။ ဒေသခံ သူဌေးများသည် စစ်သားများကို စစ်တပ်ထဲမှ ဆွဲထုတ်၍ အလုပ်သမားများအဖြစ် ခိုင်းစေရန်ပင် ဝံ့ရဲ့ကြသည်။ ၎င်းတို့အားလုံး မည်မျှမောက်မာကြသည်ကို ခန့်မှန်း၍ပင် သိနိုင်သည်။
"အတင်းအကျပ် ဖမ်းဆီးပြီး အလုပ်ခိုင်းခံထားရတဲ့ စစ်သားတွေကို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ" ယုချူးယွမ်က ချူးယွင်ဖန်းကို မေးလိုက်သည်။
"အေးဆေးပေါ့၊ အရင်ဆုံး ပေါင်ထိုက်မြို့မှာရှိတဲ့ အင်အားစုအသီးသီးအကြောင်း သတင်းအချက်အလက်တွေ စုဆောင်းထားပါ။ ကျုပ် အကုန်လုံးကို သိချင်တယ်။ တင်းမိသားစုကတော့ … ကျုပ် သူတို့ကို နောက်ကျမှပဲ ရှင်းပစ်လိုက်မယ်" ချူးယွင်ဖန်းက ဆိုသည်။
"အခု အရေးအကြီးဆုံးက ခင်ဗျားတို့ရဲ့ ခွန်အားကို တိုးတက်အောင်လုပ်ဖို့ပဲ။ ကျုပ်ဆီမှာ သိုင်းစာအုပ်တချို့ရှိတယ်။ ခင်ဗျားတို့ ကြိုက်တာကို ရွေးချယ်ပြီး လေ့လာနိုင်တယ်။ နောက်ပြီး ယုံကြည်ရတဲ့လူတွေ ရွေးပြီး သူတို့ကိုပါ သိုင်းပညာတွေ သင်ပေးထားလိုက်။ အနာဂတ်မှာ ကျုပ်တို့ စစ်မြေပြင်ကို သွားကြရလိမ့်မယ်"
ချူးယွင်ဖန်း စကားပြောနေစဥ် လက်ကိုယမ်းလိုက်ရာ စားပွဲရှည်ပေါ်တွင် ကျောက်စိမ်းပြား ဒါဇင်ခန့် ပေါ်ပေါက်လာသည်။ ၎င်းတို့သည် လက်သီးသိုင်းပညာများ၊ ဓားသိုင်းပညာများ၊ လှံသိုင်းပညာများ၊ ကိုယ်ခန္ဓာ ကျင့်ကြံနည်းများနှင့် အခြားအမျိုးအစားစုံလင်သော သိုင်းပညာများဖြစ်ကြသည်။ ၎င်းတို့တွင် ပင်မသိုင်းပညာအမျိုးမျိုး၏ ကျင့်စဉ်များ ပါဝင်နေသည်။ ၎င်းတို့အားလုံးသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များမှ ချူးယွင်ဖန်း စုဆောင်းထားသည့် သာမန်သိုင်းပညာများဖြစ်ကြသည်။ သူ့အမြင်တွင် သာမန်သိုင်းပညာများသာဖြစ်သော်လည်း ယုချူးယွမ်တို့အတွက်မူ ငွေဖြင့်ပင် ဝယ်ယူ၍မရနိုင်သည့် အဖိုးတန်ပစ္စည်းများဖြစ်ကြသည်။ ၎င်းတို့သည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်များဖြစ်ကြသော်လည်း ဂိုဏ်းသည် ကြီးမားသော နေရာတစ်ခုဖြစ်သည့်အတွက် မည်သည့်အရာကိုမဆို အမှတ်များဖြင့် လဲလှယ်ယူရသည်။ ၎င်းတို့သည် ဂိုဏ်း၏ အထက်လူကြီးများ အလေးပေးနေသော ချူးယွင်ဖန်းနှင့် မတူဘဲ သာမန်တပည့်များဖြစ်သည့်အတွက် ယုံကြည်စိတ်ချရသည့် သိုင်းပညာတစ်ခုကို လဲလှယ်ရန် အချိန်အတော်ကြာ ကြိုးစားရပေလိမ့်မည်။
ချူးယွင်ဖန်းပေးခဲ့သည့် သိုင်းပညာများသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၌ပင် ပထမတန်းစား သိုင်းပညာများအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏ နဝမငရဲပြည် ခြေလှမ်းနှင့် အံ့ဖွဘ်လက်သီးရှစ်ချက်တို့ကို မယှဉ်နိုင်သော်လည်း ယုချူးယွမ်တို့ကို အံ့အားသင့်စေရန် လုံလောက်ပေသည်။ ယုချူးယွမ်နှင့် အခြားသူများသည် သိုင်းပညာများကို ၎င်းတို့၏ နတ်အာရုံဖြင့် စစ်ဆေးပြီးနောက် လျင်မြန်စွာ သဘောပေါက်သွားကြသည်။
ဤသိုင်းပညာအားလုံးသည် အလွန်နက်နဲလှသောကြောင့် ၎င်းတို့အားလုံး ချက်ချင်းပင် အံ့အားသင့်ကာ ဝမ်းမြောက်သွားကြသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းတွင် ဤအဆင့်ရှိ သိုင်းပညာကို ရရှိရန် အနည်းဆုံးလျှင် ထူးချွန်တပည့်များဖြစ်လာရပေလိမ့်မည်။ ယခုမူ ချူးယွင်ဖန်းက ဤသိုင်းပညာများကို အလွယ်တကူ ထုတ်ပေးပြီးနောက် ၎င်းတို့ကို စိတ်တိုင်းကျ လေ့လာခွင့်ပေးခဲ့သည့်အတွက် ၎င်းတို့အားလုံး ကျေးဇူးတင်စွာ မျက်ရည်များကျလာသည်။ ၎င်းတို့သည် ခေါင်းဆောင် ရွေးချယ်ရာတွင် မှန်ကန်သွားသည့်အတွက် အလွန်ဝမ်းသာနေကြသည်။
ချူးယွင်ဖန်း၏ အမြင်တွင် ယုချူးယွမ်နှင့် အခြားသူများသည် အားနည်းလွန်းနေသေးသည်။ ချူးယွင်ဖန်းသည် ယခုအချိန် မှီခိုအားကိုးရန် ဤလူများသာရှိသော်လည်း လက်ရှိအချိန်တွင် ၎င်းတို့အားလုံး အသုံးမဝင်သေးပေ။ ၎င်းတို့သည် အနည်းဆုံး ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ ရောက်ရှိမှသာ သူ့ကို ကူညီနိုင်ပေလိမ့်မည်။ ဤသို့တွေးမိသောအခါ ချူးယွင်ဖန်း၏လက်ထဲတွင် ဆေးပုလင်းတစ်ခု ပေါ်လာသည်။ ပြီးနောက် နောက်တစ်ကြိမ် လက်ဝှေ့ယမ်း၍ သူ၏နောက်လိုက် ၁၁ ဦးကို ဆေးလုံး (၁၁) လုံး ပေးအပ်လိုက်သည်။
"ဒီဆေးလုံးတွေ ယူလိုက်။ ဒါနဲ့ဆို ခင်ဗျားတို့ခွန်အားကို မြှင့်တင်ဖို့ လုံလောက်ပါတယ်။ အခုလောလောဆယ်တော့ ခွန်အားကို တိုးတက်အောင်လုပ်ပြီး စစ်သားတွေကို လေ့ကျင့်ပေးဖို့ နည်းလမ်းရှာလိုက်။ ပေါင်ထိုက် တပ်စခန်းက ဒုတိယတန်းစား တပ်စခန်းတစ်ခုဆိုပေမယ့် နောက်ကျရင် ကျုပ် သူတို့ကို စစ်မြေပြင်ကို ခေါ်သွားမယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာချူး"
ချူးယွင်ဖန်း၏ ကူညီပံ့ပိုးမှုဖြင့် ၎င်းတို့၏ ကျင့်စဉ်များ မကြာမီတွင် အကြီးအကျယ် တိုးတက်လာမည်ဖြစ်သည်။ အနာဂတ်တွင် ထူးချွန်တပည့်ဖြစ်လာခြင်းဟူသည် လက်တစ်ကမ်းအလိုတွင် တည်ရှိနေသည်။ ဤအချက်ကြောင့် ၎င်းတို့အားလုံး အလွန်ပျော်ရွှင်သွားကြသည်။ ချူးယွင်ဖန်း၏ အမိန့်အောက်တွင် တပ်စခန်းတစ်ခုလုံးကို ပိတ်ချလိုက်သည်။ သူ့အမိန့်မပါဘဲ မည်သူမျှ အပြင်ထွက်ခွင့် မရှိပေ။ သူဖန်တီးလိုက်သည့် မုန်တိုင်းသည် ပေါင်ထိုက်မြို့တွင် ကြီးမားသော ဂယက်ရိုက်ခတ်မှုများ စတင်ဖြစ်ပေါ်လာစေသည်။
ချူးယွင်ဖန်းသည် ပေါင်ထိုက်မြို့သို့ ရောက်လာပြီးနောက် အရာရှိအားလုံးကို ရှင်းလင်းရန် မတွန့်ဆုတ်ခဲ့ပေ။ ထိုအရာရှိများသည် ဤနေရာတွင် မွေးဖွားကြီးပြင်းလာသူများဖြစ်၍ ဒေသခံ အင်အားစုများနှင့် အနည်းနှင့်အများ ဆက်သွယ်မှု ရှိနေသူများဖြစ်သည်။ စစ်စခန်းအပြင်ဘက်၌ အချိန်အတော်ကြာသည်အထိ ရန်လိုသော အကြည့်များစွာ ရှိနေသည်။
ထိုအချိန် တင်းမိသားစု၏ အိမ်တော်ကြီး၌ တင်းမိသားစု၏ အကြီးအကဲများ စုဝေးနေကြသည်။
"အားလုံးပဲ၊ ဒီဗိုလ်မှူးကြီးအသစ်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတာပဲ။ သူက ကျုပ်တို့မိသားစုကို နည်းနည်းလေးတောင် အလေးမထားဘူး။ ဒါကို ကျုပ်တို့ ဘာလုပ်ကြမလဲ"
စကားပြောသူသည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ဇိမ်ခံအဝတ်အစားများ ဝတ်ဆင်ထား၍ ဒေါသထွက်နေသည့် မျက်နှာအမူအရာမျိုး ဆင်မြန်းထားသည်။ ဤအမျိုးသားသည် တင်းမိသားစု၏ လက်ရှိခေါင်းဆောင် တင်းဖုန်ဖြစ်သည်။
သူ့နံဘေးတွင် စစ်ဝတ်တန်ဆာဖြင့် မတ်တတ်ရပ်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် နက်မှောင်သော မျက်နှာဖြင့် ပြောလိုက်သည်။
"ချူးယွင်ဖန်းက ကျုပ်ကို ပြဿနာရှာဖို့ ရောက်လာတာ သေချာတယ်။ ကျုပ်မရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ကျုပ် ယုံကြည်ရတဲ့ လက်ထောက်တွေကို သူ အကုန်သတ်ပစ်လိုက်တာ"
ဤစစ်ဝတ်တန်ဆာနှင် အမျိုးသားသည် ပေါင်ထိုက်မြို့၏ ဒုဗိုလ်မှူးကြီးဖြစ်သည်။ ဤအမျိုးသားသည်လည်း ကနဦးတွင် ထိုနေရာ၏ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သည်။ အထူးသဖြင့် ယခင်ဗိုလ်မှူးအချို့သည် ဤနေရာသို့ ရောက်ရှိပြီး မကြာမီတွင် အကြောင်းအရင်းမဲ့စွာ သေဆုံးသွားခဲ့သည့်အခါ ပို၍ပင် သိသာထင်ရှားသည်။ ထိုလူများသည် စစ်တပ်ကို မထိန်းချုပ်နိုင်ခဲ့သည့်အတွက် တင်းချန်သည် သူ၏အင်အားကို ပျိုးထောင်ရန် အခွင့်အရေးရရှိလာခဲ့သည်။
သို့သော် ယခုအချိန်တွင် သူသည် တစ်ညတည်းနှင့် မူလအခြေအနေသို့ ပြန်ရောက်သွားသည်ဟု ဆိုနိုင်သည်။ သူ၏လူယုံအားလုံး အသတ်ခံလိုက်ရသော်လည်း သူသည် အရှေ့သို့ မထွက်ရဲခဲ့ပေ။ ချူးယွင်ဖန်း၏ ရက်စက်သော နည်းလမ်းများကြောင့် သူ၏လက်အောက်ငယ်သားများအားလုံးကို သုတ်သင်ခံလိုက်ရသည်။ သို့သော် သူကိုယ်တိုင်သည်လည်း မသန်ရှင်းသောကြောင့် ချူးယွင်ဖန်းအရှေ့သို့ ထွက်ပေါ်လာခဲ့လျှင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
"ဒါဆိုရင် ဒီကောင် သေရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင် ဗိုလ်မှူးကြီးတွေ သေသွားပြီလေ"
"မှန်တယ်၊ သူက ဗိုလ်မှူးတစ်ယောက်ပဲလေ။ ကြီးမြတ်တဲ့တရှမှာ ဒီလိုလူပေါင်း ထောင်နဲ့ချီပြီးရှိတယ်။ ချူးယွင်ဖန်းတစ်ယောက် သေသွားတော့ရော ဘာဖြစ်တာမို့လို့လဲ"
"သူက ကျုပ်တို့ မိသားစုကို ဆန့်ကျင်နေမှတော့ သူ့ကို သတ်ပစ်ရတာပေါ့"
တင်းမိသားစု၏ အထက်လူကြီးများသည် သွေးကြွေးလိုလားနေသကဲ့သို့ တစ်ဦးပြီးတစ်ဦး ဟစ်အော်နေကြသည်။
***