"မှန်တယ်၊ ကျုပ်တို့တွေ သူ့ကို သင်ခန်းစာမပေးရင် သူက ကျုပ်တို့မိသားစုက အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့လူတွေလို့ ထင်သွားလိမ့်မယ်"
"သူသေကို သေရမယ်။ ဒါက ဘယ်နေရာလို့များ ထင်နေတာလဲ။ ဒါ ပေါင်ထိုက်မြို့ပဲ။ ကြီးမြတ်တဲ့ တရှရဲ့ ဥပဒေတွေတောင် ဒီနေရာမှာ အကျုံးမဝင်ဘူး။ ကျုပ်တို့မိသားစုရဲ့ စကားက ဒီနေရာမှာ ဥပဒေပဲ" တင်းမိသားစု၏ အကြီးအကဲများသည် ဒေါသတကြီး ပြောနေကြသည်။
"အားလုံးပဲ စိတ်အေးအေးထားကြပါ။ သူက ရောက်လာတာနဲ့ လူအများကြီးကို သတ်ဖြတ်ခဲ့တာ။ နာမည်ကျော်ကြားချင်တာနဲ့ စစ်တပ်ကို ပြန်ဖွဲ့စည်းဖို့ လုပ်တဲ့အချိန်ကစပြီး လူအများကြီးကို ရန်စသလိုဖြစ်သွားပြီ၊ သူရန်စထားတဲ့သူတွေက ကျုပ်တို့မိသားစုချည်းပဲ မဟုတ်ဘူး" တင်းဖုန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ပြီးတော့ ဒီကိစ္စမတိုင်ခင်က ကျုပ် မြို့ဝန်တစ်ယောက်ဆီက ကတိစကားတစ်ခု ရထားတယ်။ သူ ရန်စခဲ့တဲ့သူတွေက ပေါင်ထိုက်မြို့က အင်အားစုတွေတင်မကဘဲ တော်ဝင်နန်းတော်က အင်အားစုတွေလည်း ပါတယ်။ ဟွန်ထျန်မြို့ဝန်အကြောင်း ကြားဖူးကြလား"
"ဟွန်ထျန်မြို့ဝန်လား။ သူက ဒီကိစ္စမှာ ဘယ်လိုလုပ် ပတ်သက်နေတာလဲ" တင်းချန်က အံ့အားသင့်စွာ မေးလိုက်သည်။
အခြားလူများသည် စစ်အရာရှိများ မဟုတ်သောကြောင့် သိထားမည်မဟုတ်သော်လည်း တင်းချန်သည် စစ်အရာရှိတစ်ဦးဖြစ်သဖြင့် လီချန်းယွမ်၏ စစ်မှုထမ်းဆောင်များဖြင့် အောင်မြင်လာမှုများကို သိရှိသည်။ လီချန်းယွမ်သည် ကြီးမြတ်သော တရှ၏ လူငယ်မျိုးဆက်တွင် အထူးချွန်ဆုံးသူ ကျင့်ကြံသူဖြစ်၍ ပထမဆုံး မြို့ဝန်ဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။ သူ၏ အနာဂတ်သည် အကန့်အသတ်မဲ့လှရာ ပေါင်ထိုက်မြို့မဆိုနှင့် ကြီးမြတ်သော တရှ၌ပင် ကျော်ကြားသူတစ်ဦးဖြစ်သည်။ လီချန်းယွမ်သာ ပေါင်ထိုက်မြို့ကို ဖိနှိပ်ရန် ဆန္ဒရှိလျှင် မည်သူမျှ ငြင်းဆန်ဝံ့မည် မဟုတ်ပေ။
"ဟုတ်တယ်။ ချူးယွင်ဖန်းက ဟွန်ထျန်မြို့ဝန်ကို ဘယ်လိုမျိုး ရန်စထားလဲတော့ ကျုပ် မသိဘူး။ ကျုပ် ဟွန်ထျန်မြို့ဝန်ဆီကနေ သတင်းစကားတစ်ခု ရရှိထားတယ်။ ချူးယွင်ဖန်းကို ရှင်းပစ်ဖို့နဲ့ နန်းတော်ကနေ အရေးယူမှာကို မပူဖို့ သူ ကျုပ်ကို အမှာပါးထားတယ်။ သူ့ ထောက်ပံ့မှုနဲ့ဆိုရင် ကြယ်ကြွေကောင်းကင်ဂိုဏ်းက ဘာလုပ်နိုင်မှာလဲ။ သူတို့တွေ မြို့ဝန်တစ်ဦးကို ထူးချွန်တပည့်တစ်ယောက်အတွက်နဲ့ ရန်ဖွဲ့ပါ့မလား" တင်းဖုန်က မောက်မာစွာ ပြောလိုက်သည်။
"ဒီကိစ္စပြီးရင် မြို့ဝန်က မင်းကို ပေါင်ထိုက်မြို့ရဲ့ ဒုဗိုလ်မှူးကြီးအဖြစ် ထောက်ခံပေးလိမ့်မယ်"
"ဟား၊ သိပ်ကောင်းတာပဲ။ ချူးယွင်ဖန်း သေသွားတာကို ကျုပ် မြင်ချင်လှပြီ" တင်းချန်က အေးစက်စွာ ပြောလိုက်သည်။ ဗိုလ်မှူးကြီးအဆင့်သို့ ရာထူးတိုးမြှင့်ခံရမည့်အရေးကို တွေးမိလိုက်သောအခါ သူ၏မျက်ဝန်းအစုံတွင် ပြင်းပြသော လောဘဇောများဖြင့် တောက်ပလာသည်။
ဗိုလ်မှူးကြီးရာထူဟူသည် လူတိုင်း မရနိုင်သော ရာထူးဖြစ်သည်။ အထူးသဖြင့် ဤဒေသ၌ပင် မွေးဖွားကြီးပြင်းခဲ့သည့် တင်းချန်ကဲ့သို့ လူမျိုးအတွက် ပို၍ပင် ခက်ခဲလှသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းကဲ့သို့သော အင်အားကြီးအဖွဲ့အစည်းတစ်ခု၏ ကျောထောက်နောက်ခံမျိုး မရှိပါက ဒုဗိုလ်မှူးကြီးအဆင့်ပင် လူအများစုအတွက် ကျော်ဖြတ်ရန် ခက်ခဲသော အတားအဆီးတစ်ခုဖြစ်သည်။ ပေါင်ထိုက်မြို့တွင် လျှို့ဝှက်လှုပ်ရှားမှုများ အများအပြားရှိနေသော်လည်း အပြင်ပန်းတွင်မူ ထူးဆန်းသော ငြိမ်သက်မှုကို ထိန်းချုပ်ထားသည်။ တပ်စခန်းကို ရှင်းလင်းပြီးနောက် ချူးယွင်ဖန်းသည် သူ၏ရာထူးကို အသုံးချကာ တပ်စခန်း၌ တရားဝင် ဝင်ထွက်ခွင့်များ ပိတ်သိမ်း၍ သီးသန့်ကျင့်ကြံနေသည်။ အင်အားစုကြီးများ အထိအခိုက်များပြားခဲ့ကြသော်လည်း ပထမဆုံး အရေးယူရန် မလိုလားကြသဖြင့် ၎င်းတို့အားလုံး ငြိမ်သက်နေကြသည်။
ဤအချိန်တွင် ချူးယွင်ဖန်းသည် စစ်စခန်းကို ပိတ်ချပြီးနောက် ယုချူးယွမ်နှင့် အခြားသူများကို ပေါင်ထိုက်မြို့၏ အခြေအနေများကို စုံစမ်းခိုင်းလိုက်သည်။ သူသည် ပေါင်ထိုက်မြို့၏ အခြေအနေများကို တဖြည်းဖြည်း လေ့လာနေခဲ့သည်။ ပေါင်ထိုက်မြို့တွင် မိသားစုကြီး သုံးခုနှင့် ဂိုဏ်းကြီး နှစ်ဂိုဏ်းရှိကြသည်။ ၎င်းအင်အားစု ငါးခုသည် ပေါင်ထိုက်မြို့၏ကိစ္စကြီးငယ်များကို ထိန်းချုပ်ထားကြသည်။ မိသားစုကြီး သုံးခုသည် ဒုဗိုလ်မှူးကြီး တင်းချန် ဆင်းသက်လာသည့် တင်းမိသားစုအပြင် ချန်မိသားစုနှင့် ဝမ်မိသားစုတို့ဖြစ်ကြသည်။ ဂိုဏ်းကြီးနှစ်ဂိုဏ်းသည် ပေါင်းစပ်ဂိုဏ်းနှင့် မိုးမြင့်ဂိုဏ်းတို့ဖြစ်သည်။
"ဒီမြို့လေးက တော်တော်လေး ရှုပ်ထွေးတာပဲ”
ဤအင်အားစု ငါးခုလုံးကို ရင်ဆိုင်ရသောအခါ ဘုရားကျောင်း သေးငယ်၍ ရေကန် တိမ်သော်လည်း လူယုတ်မာများစွာ ရှိနေသည်ဟူသော စကားပုံဖြင့်သာ ချူးယွင်ဖန်းဖော်ပြနိုင်သည်။ ဤအင်အားစု ငါးခုအပြင် လောလောဆယ် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည့် အခြားသော အင်အားစုတစ်ခုရှိနေသေးသည်။ ဤသည်မှာ နတ်မိစ္ဆာဂိုဏ်းဖြစ်သည်။ ဤဂိုဏ်းသည် ကြီးမြတ်သော တရှကို စတင်တည်ထောင်ချိန်ကတည်းက တည်ရှိခဲ့၍ ဂိုဏ်းသားများသည် မိစ္ဆာမျိုးနွယ်ကို ကိုးကွယ်ကြသည့် လူသားများဖြစ်ကြသည်။ ထိုလူများသည် ဤလောကကြီးကို နတ်မိစ္ဆာများက အုပ်စိုးခြင်းသည်သာ မှန်ကန်သော လမ်းစဉ်ဟု ယုံကြည်ထားသူများဖြစ်ကြသည်။
၎င်းတို့ ဂိုဏ်းအတွင်း၌ ကောင်းကင်ယံရှိ တိမ်တိုက်များပမာ ရေတွက်၍မကုန်နိုင်သော ထူးချွန်ထက်မြက်သည့် ကျင့်ကြံသူများစွာ စုဝေးနေကြသည်။ ထို့အပြင် ၎င်းတို့သည် အလွန်တရာ ကောက်ကျစ်စဉ်းလဲသူများဖြစ်ကြသည်။ ရှေးယခင်က ကြီးမြတ်သောတရှ၏ အထက်တန်းလွှာများအတွင်းသို့ သူလျှိုများအဖြစ် ထိုးဖောက်ဝင်ရောက်ကာ မိစ္ဆာများထံ သတင်းပေးပို့ခဲ့ကြသည့် သာဓကများပင် ရှိခဲ့ဖူးသည်။ ထို့ကြောင့်ပင် ၎င်းတို့သည် ကြီးမြတ်သော တရှ၏ အဓိကရန်သူတော်ကြီး ဖြစ်လာကြသည်။
ကြီးမြတ်သော တရှ၏ အင်အားစုများနှင့် ယှဉ်လိုက်ပါက နတ်မိစ္ဆာဂိုဏ်းသည် တစ်ချက်တည်းဖြင့် ချေမှုန်းနိုင်လောက်သည့် အင်အားစုမျိုးဖြစ်သော်လည်း၊ ၎င်းတို့သည် လူသားများအဖြစ် ဟန်ဆောင်ကာ လူထုအတွင်း ရောနှောနေထိုင်ကြသည်။ ၎င်းတို့သည် နေရာအနှံ့တွင် ဆူပူသောင်းကျန်းမှုများ ဖန်တီးနိုင်သကဲ့သို့၊ ကြီးမြတ်သော တရှ၏ ဗဟိုချက်မအထိ ထိုးဖောက်ဝင်ရောက်ကာ အဆင့်မြင့်အရာရှိကြီးများကို လုပ်ကြံသတ်ဖြတ်ဝံ့ကြသည်။
သာမန်လူသတ်ဂိုဏ်းများနှင့် မတူသည့်အချက်မှာ နတ်မိစ္ဆာဂိုဏ်း၏ လုပ်ရပ်များသည် ငွေကြေးအတွက်မဟုတ်ဘဲ ကြီးမြတ်သော၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားသွားစေရန်သာ ရည်ရွယ်ခြင်းဖြစ်သည်။ ဤအချက်ကြောင့် ကြီးမြတ်သောတရှ၏ အစိုးရအဖွဲ့အစည်းပင် ခေါင်းခဲနေသည်။ အပြင်ပန်းအရ ယခင်က တာဝန်ကျခဲ့သော ဗိုလ်မှူးကြီးများအားလုံးသည် ဤနတ်မိစ္ဆာဂိုဏ်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဟု ယူဆကြသည်။ ကွယ်ရာတွင် မည်သို့သော အမှန်တရားများရှိနေပါစေ၊ အများသိရှိထားသည့် အပေါ်ယံအခြေအနေအရ ၎င်းအချက်သည် ငြင်းမရသော အမှန်တရားတစ်ခုဖြစ်သည်။
"အခု လှုပ်ရှားရမယ့်အချိန်ရောက်ပြီ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
ပေါင်ထိုက်မြို့ရှိ အဓိကအင်အားစုကြီးများသည် ၎င်းတို့သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများဖြင့် ချူးယွင်ဖန်းကို ချုပ်ကိုင်ရန် ကြံစည်နေကြသည်။ ထိုကာလအတွင်း ၎င်းတို့ထံမှ တည်ခင်းဧည့်ခံပွဲ ဖိတ်ကြားစာများစွာ ရောက်ရှိလာကြသော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့၏ ထောင်ချောက်ထဲသို့ အလွယ်တကူ ဆင်းသက်မည့်သူ မဟုတ်ပေ။ ချူးယွင်ဖန်းအနေဖြင့် အချိန်မရှိသည့်ကြားမှ ထိုလူများနှင့် အချိန်ဖြုန်းရန် စိတ်ကူးမရှိသည့်အပြင် တင်းမိသားစုနှင့် အခြားသော အင်အားစုကြီးငါးခုကိုလည်း အကွက်ဆင်တိုက်ခိုက်ရန် စိတ်မဝင်စားပေ။
ခက်ထန်သော နဂါးတစ်ကောင် မဟုတ်လျှင် မြစ်ကို ဖြတ်ကူးနိုင်မည် မဟုတ်ဘူးဟူသော ဆိုရိုးစကားရှိပေသည်။ သူသည် အသစ်တက်လာသော ထူးချွန်တပည့်ဖြစ်သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သာမန်ထူးချွန်တပည့်များ နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။ မိမိကဲ့သို့သော နဂါးတစ်ကောင်ရှေ့မှောက်တွင် မည်သို့သော ဒေသခံမြွေမဆို ဒူးထောက်ရပေလိမ့်မည်။ သူသည် စစ်တပ်ကို ပြန်လည်ဖွဲ့စည်းရန်နှင့် ပေါင်ထိုက်မြို့၏ အခြေအနေအရပ်ရပ်ကို စုံစမ်းစစ်ဆေးရန်အတွက်သာ ခေတ္တငြိမ်သက်နေခြင်းဖြစ်သည်။
"ဘယ်မျိုးနွယ်စု၊ ဘယ်ဂိုဏ်းကပဲဖြစ်ဖြစ် ကျုပ် ရှေ့မှာ ခေါင်းငုံ့ပြီး နာခံရမယ်။ ကျုပ်ကို နာခံတဲ့သူက ထွန်းကားပြီး ဆန့်ကျင်တဲ့သူကတော့ ပျက်စီးရမယ်" ချူးယွင်ဖန်းသည် လက်ကို နောက်ပစ်၍ အဆုံးမဲ့ညကောင်းကင်ယံကို စူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။
ထိုစဉ် ကောင်းကင်ယံမှ လေပြင်းတစ်ချက် ဝှေ့ယမ်းလာ၍ သွေးရောင် လက်သည်းတစ်ခုအသွင် ပြောင်းလဲသွားကာ ချူးယွင်ဖန်းထံ ရုတ်တရက် ကျဆင်းလာသည်။
"ယုတ်မာတဲ့ အရာရှိ... မင်း အသက် ကျုပ်ကို ပေးစမ်း"
စူးရှသော အော်ဟစ်သံသည် ည၏တိတ်ဆိတ်မှုကို ဖြိုခွင်းကာ သွေးရောင်လက်သည်းကြီးသည် ချူးယွင်ဖန်း၏ ဦးခေါင်းထက်သို့ ရောက်ရှိလာသည်။
"ကိုယ့်သေတွင်းထဲ ခြေစုံပစ်ဝင်လာတာပဲ" ချူးယွင်ဖန်းသည် ထိုတိုက်ခိုက်မှုကို လှည့်ပင်မကြည့်ဘဲ ဆိုလိုက်သည်။
သူသည် လက်တစ်ဖက်ဖြင့် ထိုသွေးရောင်လက်သည်းကြီးကို ဖမ်းဆုပ်လိုက်ရာ သတ္တုချင်း ရိုက်ခတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုလက်သည်းသည် သူ၏ ခံစစ်ကိုပင် မဖောက်ထွင်းနိုင်ဘဲ စူးရှစွာ အော်ဟစ်မြည်တမ်းနေသည်။ ချူးယွင်ဖန်းသည် အင်အားသုံး၍ ၎င်းကို ဆွဲယူလိုက်သည့်အခါ သွေးနီရောင်ပုံရိပ်တစ်ခု ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာသည်။
***